ဖြိုးသာရ - မြန်မာနိုင်ငံဆိုင်ရာအထိမ်းအမှတ်နေ့စာစီစာကုံးများ
ကမ္ဘာမြေပုံပေါ်တွင် ဥဒေါင်းပျိုသဏ္ဌာန် ကိုယ်ဟန်ကြော့ကြော့နှင့် ခပ်မော့မော့ ရပ်တည်နေနိုင်စွမ်းသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးတွင် နိုင်ငံသမီးကောင်းရတနာများ တစ်နေ့တခြား စွမ်းအားထက်မြက်စွာ နိုင်ငံတော်၏ အကျိုးကို သယ်ပိုးဆောင်ရွက်လျက် ရှိပါသည်။ မြန်မာအမျိုးသမီး များသည် မြင့်မြတ်သော မျိုးနွယ်မှ ပေါက်ဖွားလာကြသူများဖြစ်၏။ “မြန်” ဆိုသည့်အတိုင်း လျင်မြန်ဖျတ်လက်တက်ကြွပြီး “မာ”ဆိုသည့်အတိုင်း ခိုင်မာ တည်ကြည် ပြတ်သားသော စိတ်ဓာတ်ဖြင့် “မြန်မာ”မျိုးဆက်သစ် လူငယ် လူရွယ်များစွာကို မွေးဖွားသန့်စင်ပြုစုပျိုးထောင်ပေးနေကြသော မေတ္တာရှင် ဥယျာဉ်မှူးများပင်ဖြစ်သည်။
ဟု ဖွဲ့ဆိုဂုဏ်ပြုရမည်ဖြစ်သော မြန်မာ အမျိုးသမီးတို့၏ စေတနာလောင်းရိပ်အောက်တွင် ရှင်သန်ကြီးပြင်း လူလား မြောက်ခဲ့ကြသော သားကောင်းရတနာ၊ သမီးချစ်အလိမ္မာတို့ကား အမိနိုင်ငံ အား ကိုယ်စားပြုသော စွမ်းအားရှင်များအဖြစ် ကမ္ဘာ့အလယ်တွင် တင့်တယ် နိုင်ခဲ့ကြပြီဖြစ်သည်။
“ပုခက်လွှဲသောလက်သည် ကမ္ဘာကိုအုပ်စိုးနိုင်၏ ဟူသော မိခင်ဂုဏ် ရည်နှင့်အတူ “သားကောင်းသည် မိခင်မှ ဟူသော အစဉ်အလာတစ်ရပ်ကိုအထိမ်းအမှတ်စာစီစာကုံးများ မြန်မာအမျိုးသမီးတို့ အစွမ်းကုန် ထိန်းသိမ်းခဲ့ကြသည်။ မျိုးဆက်သစ်များစွာ ကို မွေးထုတ်ပေးလျက်ရှိသော မြန်မာအမျိုးသမီးမိခင်များသည် မျိုးဆက် ပြန့်ပွားရေး တာဝန်တစ်ခုတည်းသာမက စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှု စသော နိုင်ငံတော်၏ လိုအပ်ချက်များကိုပါ တစ်ဖက်တစ်လမ်း မှ စွမ်းအားဖြည့် တာဝန်ထမ်းဆောင်လျက်ရှိ ကြပေသည်။
မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာအရ မြန်မာအမျိုးသမီးတို့သည် ဣန္ဒြေ သိက္ခာရှိပြီး တည်ကြည်ဖြောင့်မတ်ကြသည်။ ဗီဇအားဖြင့် သံယောဇဉ်ကြီးမား တတ်ပြီး မိသားစုစိတ်ဓာတ်ဖြင့် ဆောင်ရွက်တတ်သော ဓလေ့ရှိ၏။ ယဉ်ကျေး သိမ်မွေ့ ရိုးသားဖြူစင်ပြီး အကြင်နာသဒ္ဓါတရားတို့ ထက်သန်သော သဘာဝ ရှိ၏။ ရိုသေကိုင်းရှိုင်း ကျိုးနွံတတ်ပြီး အမှန်ကိုမြတ်နိုး၍ ဘဝကိုတန်ဖိုးထား တတ်သူများဖြစ်၏။ ယဉ်ကျေးမှုမြင့်မားသော အမျိုးအနွယ်မှ ဆင်းသက်လာ ခဲ့သူများပီပီ မျိုးရိုးဂုဏ်ကျက်သရေကို ထိန်းသိမ်းစောင့်ရှောက်လေ့ရှိကြပြီး နိုင်ငံနှင့်လူမျိုးအတွက် ဘက်ပေါင်းစုံမှ ပါဝင်လှုပ်ရှားနိုင်စွမ်း ရှိကြသူများဖြစ် သည်။
“မိခင်” ဟူသော စကားနှစ်လုံးသည် ကမ္ဘာကြီးကို အကျယ်ပြန့်ဆုံး စိုးမိုးချုပ်ကိုင်နိုင်စွမ်းရှိ၏။ နီစွေးသော နှလုံးသွေးကို ချိုမြဖြူစင်သော နို့ရည် ကြည်များအဖြစ် ပြောင်းလဲပစ်ရာတွင် မည်သည့်သိပ္ပံပညာရှင်ကမျှ ဖန်တီး နိုင်စွမ်းမရှိသော အတတ်ပညာကို တစ်ဦးတည်းသော တတ်ကျွမ်းခဲ့သူဖြစ်သော မိခင်။ ပုခက်တွင်းမှ နောက်ဆုံးသေနေ့မရောက်မီစပ်ကြား အရေးကြုံ လာတိုင်း တရှိုက်မက်မက် တတမ်းတတ မြည်ကြွေးနေရသော နာမပိုင်ရှင် မိခင်။ ဘဝတစ်ခုအနေဖြင့် သာမန်နေထိုင် သေဆုံးခဲ့သော်လည်း တန်ခိုးရှင် တစ်ဦး အဖြစ်မူကား စကြဝဠာတိုက်တစ်သောင်း ထိအောင်ပင် ကမ္ပည်းနာမ ရေးထိုးသွားသော မိခင်။ ဘုရင်မကြီးမှသည် သူဆင်းရဲမကြီးအထိ မာတာ ကျေးဇူးရှင်ဟူသော ဂုဏ်သိက္ခာပလ္လင်ထက်တွင် တင့်တယ်စွာ စံမြန်းနိုင်ခဲ့ သော မိခင်။ မိခင်သည်ကား မရိုးနိုင်သော ဂုဏ်ကျက်သရေဖြင့် အမြင့်မြတ် ဆုံး လူသားတစ်ဦးပင်ဖြစ်သည်။
မြင့်မြတ်သော မြန်မာအမျိုးအနွယ်မှ အမြင့်မြတ်ဆုံး စွမ်းအားရှင်ကားမြန်မာအမျိုးသမီးများပင် မဟုတ်ပါလော။ ပင်ကိုသဘာဝ စွမ်းရည်ပြည့်ဝ ကြသော မြန်မာအမျိုးသမီးများအား မွန်မြတ်သန့်စင်သော မိခင်စိတ်ဓာတ် တပ်ဆင်လိုက်သောအခါ ကြံ့ခိုင်ဖွံ့ဖြိုးသော သားကောင်း သမီးကောင်းရတနာ များ မွေးထုတ်ပေးရာ ခံ့ညားထည်ဝါသော လူသားလုပ်စက်များ ဖြစ်ပေါ်လာ ရတော့သည်။ မြန်မာအမျိုးသမီးများ ထုတ်လုပ်ပေးလိုက်သော မျိုးဆက်သစ် များကား အံ့မခန်းစွမ်းအားရှင်များ ဖြစ်လာပေတော့သည်။
ယနေ့ ပြည်ထောင်စု မြန်မာနိုင်ငံတွင် လူဦးရေသန်းငါးဆယ်ခန့်ရှိပြီး ထက်ဝက်နီးနီးသည် နိုင်ငံတော်၏ အမျိုးကောင်းသမီးများ ဖြစ်ကြ၏။ နိုင်ငံတော်အစိုးရသည် ကြီးမားသော စွမ်းအားစုကြီးတစ်ရပ်ဖြစ်သည့် မြန်မာ အမျိုးသမီးများ၏ ဘဝကို ဖွံ့ဖြိုးတိုးတက် ကောင်းမွန်ခိုင်မာ၊ လုံခြုံမှုပေးနိုင်ရန် အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များနှင့် ဟန်ချက်ညီညီ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက် ရှိနေပါတည်။ မြန်မာအမျိုးသမီးများကို အရေးထား အလေးအနက်ပြုကာ ၁၉၉၈ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် “မြန်မာအမျိုးသမီးများနေ့”ကို စတင်သတ်မှတ် မွေးဖွားပေးခဲ့ပါသည်။
နိုင်ငံတော်အစိုးရသည် မြန်မာအမျိုးသမီးထု၏ စွမ်းရည်ကို အသိအမှတ်ပြုလျက် အမျိုးသမီးများနှင့် ပတ်သက်သည့် ကိစ္စအရပ်ရပ်ကို စနစ်တကျဆောင်ရွက် နိုင်ရန် “မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ရေးရာကော်မတီ အစည်းအဝေးများ ကျင်းပပေးခဲ့ရာမှ ၁၉၉၈ ခုနှစ် အစည်း အဝေးတွင် ကော်မတီ စတင်ဖွဲ့စည်းခဲ့သော ဇူလိုင်လ (၃) ရက်နေ့ကို မြန်မာ အမျိုးသမီးများနေ့” အဖြစ် သတ်မှတ်ပေးခဲ့ခြင်းဖြစ်၏။ ဤနေ့ကား မြန်မာ အမျိုးသမီးတို့၏ ဘဝတွင် ပထမဆုံး ပိုင်ဆိုင်ခဲ့ရသော မူပိုင် “နေ့ထူးနေ့မြတ်” ပင် ဖြစ်တော့၏။
ရာဇဝင်သမိုင်းကို ပြန်လှန်ကြည့်လျှင် မြန်မာအမျိုးသမီးတို့သည် ရှေး ပဝေသဏီကပင် အမျိုးသားများနှင့်တန်းတူ အုပ်ချုပ်ရေး၊ ယဉ်ကျေးမှု၊ စီးပွား ရေး၊ ဘာသာရေးတို့၌ စွမ်းစွမ်းတမံ ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပျူခေတ်မှ ဗိဿနိုးဘုရင်မ၏ စွမ်းရည်ကား အံ့မခန်းပါတည်း။ နိုင်ငံအုပ်ချုပ်ရေး၊ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးတွင် ထင် ရှားခဲ့သော စွမ်းအားရှင်ဘုရင်မကြီးကား ဟံသာဝတီပြည်ကို စိုးစံသော ရှင်စောပုပင်ဖြစ်ခဲ့၏။ တရားစီရင်ရေးဘက်၌ တိကျထက်မြက်သော စွမ်းအား ရှင် စံပြ မြန်မာအမျိုးသမီးမှာ သုဓမ္မစာရီ ဖြစ်ခဲ့၏။ စာပေပညာတွင်လည်း မြန်မာအမျိုးသမီးများ၏ စွမ်းရည်ကား ချန်လှပ်ထား၍မရနိုင်ပေ။ မမြလေး၊ လှိုင်ထိပ်ခေါင်တင်၊ ရဝေရှင်ထွေး၊ ရာဇဓာတုကလျာ၊ မယ်ခွေ၊ ရှင်မင်း၊ ခင်ဆုံ၊ ရှင်ငြိမ်းမယ် စသည့်များစွာသော မြန်မာအမျိုးသမီး စာဆိုရှင်တို့ကား သမိုင်း တွင်သည့် အနုပညာရှင်များပင်ဖြစ်သည်။
ပုဂံခေတ်တွင် “ရာဇကုမာရ်ကျောက်စာ ́ သည် မြန်မာစာပေ၏ အစကို ဖော်ကျူးခဲ့သော သက်သေတစ်ခု ဖြစ်၏။ ရာဇကုမာရ်ကား မိခင်၏ မေတ္တာဖြင့် ရာဇဝင်တွင်ခဲ့သူဖြစ်၏။ စံပြမိခင် “သမ္ဘူလ ́သည် သားတော် ရာဇကုမာရ် အား မေတ္တာ၊ ကရုဏာ၊ စေတနာတို့ဖြင့် သားကောင်းလိမ္မာရတနာတစ်ပါး ဖြစ်လာစေရန် သွန်သင်ဆုံးမခဲ့၏။ ထီးနန်းစည်းစိမ်နှင့် လွဲခဲ့ရသော သားတော် အား ဖခင်အပေါ် ဒေါသမပွား အမျက်မထားရလေအောင် တရားချကာ ဆုံးမခဲ့သည်။ သမ္ဘူလဒေဝီ မြန်မာအမျိုးသမီး မိခင်ကောင်းတစ်ယောက်၏ကျေးဇူးကြောင့် မြန်မာစာပေ အစကောင်းခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ပုဂံခေတ်တွင် ထင်ရှားသော သိင်္ဃသူ့သမီးကျောက်စာ၊ မိဖုရားဖွားစောကျောက်စာတို့မှာ မြန်မာအမျိုးသမီးများ၏ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း ခြင်းသရုပ်ကို ပုံဖော်ပြသနိုင်ခဲ့သည်။ ပုဂံခေတ်မှ ရွှေအိမ်စည်မင်းသမီးကလေး ၏ နှလုံးသားကလည်း မှတ်တမ်းတင်ဖွယ်ရာဖြစ်သည်။ အချစ်ရေးကို ရှေ့ တန်းမတင် သတိယှဉ်ပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ နိုင်ငံ့ဂုဏ်ကို ထိန်းသိမ်း စောင့်ရှောက်ခဲ့သူပေတည်း။ စည်းလုံးညီညွတ်သော မြန်မာနိုင်ငံတော်ကြီးကို ထိန်းသိမ်းအုပ်ချုပ်သွားနိုင်ခဲ့သည့် ကျန်စစ်သားမင်း၏ကြင်ယာတော် မိဖုရား ခေါင် “အပယ်ရတနာ”သည်လည်း မိခင်ကောင်းတစ်ဦးအဖြစ် ထင်ရှားခဲ့၏။
ထို့ကြောင့် ခေတ်အဆက်ဆက်မှ မြန်မာအမျိုးသမီးတို့သည် ယဉ် ကျေးမှု အဆင့်အတန်းကို မြင့်မားသည်ထက် မြင့်မားအောင် စွမ်းဆောင် နိုင်ခဲ့ကြသူများဟု ဆိုနိုင်ပါ၏။ ဟီရိဩတ္တပ္ပတရားကို လက်ကိုင်ထား၍ဂါရဝေါစ၊ နိဝါတောစ မင်္ဂလာတရားတို့နှင့် ပြည့်ဝကြပြီး ဗုဒ္ဓ၏ဆိုဆုံးမမှုအောက်တွင် အကျင့်သီလ ဆောက်တည်နေနိုင်ခဲ့ကြသူများလည်းဖြစ်၏။ သမိုင်းအဆက်ဆက် မြန်မာအမျိုးသမီးတို့၏ စွမ်းဆောင်ချက်များက ထက် မြက်လှပါဘိ။
မြန်မာအမျိုးသမီးများကား “ပျော့လျှင်ဖယောင်း၊ မာလျှင်သံချောင်း” ဖြစ်သည်။ နူးညံ့သိမ်မွေ့ ယဉ်ကျေးသလို သတ္တိ၊ ဇွဲ၊ လုံ့လ ရှိကြသည်။ ရဲရင့်ထက်မြက်ကြသည်။ မြန်မာ့သမိုင်းတွင် အဆိုးဝါးဆုံးကာလဖြစ်သော လူ့ကျွန်ဘဝ၌လည်း မြန်မာအမျိုးသမီးတို့၏ ကဏ္ဍမှာ မနိမ့်ကျခဲ့ပေ။ မောင် တစ်ထမ်း၊ မယ်တစ်ရွက်ဖြင့် အသက်စွန့်ခဲ့ကြသော မိန်းမအာဇာနည်တို့ကား ဒုနှင့်ဒေးဖြစ်၏။ ယွန်းခင်ခင်ကား ဗိုလ်မင်းခေါင်၏ တော်လှန်ရေးတပ်မှ သူရဲကောင်းအမျိုးသမီးဖြစ်ခဲ့ရ၏။ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ဖြင့် တိုက်ပွဲ ဝင်ခဲ့သော ရှမ်းတိုင်းရင်းသူသုံးဦး (ဝက်ထီးကန်တိုက်ပွဲ)၊ ချင်းတိုင်းရင်းသူ ရှစ်ဦး (စီယင်ချင်းတိုင်းရင်းသားများနှင့် မေဂျာရှက်ပတ်တိုက်ပွဲ)၊ ပုဂံဗိုလ်ချို ဇနီးနှင့် မြင်းစီးသူရဲကောင်း အမျိုးသမီးများ စသည့် မျိုးချစ်မြန်မာအမျိုးသမီး တို့၏ သတ္တိပြောင်မြောက်ပုံတို့မှာ သမိုင်းကြောင်းတွင် သက်သေထင်ရှားစွာ ကျန်ရစ်ခဲ့ပြီးဖြစ်သည်။
ထိုမျှမက ၁၉၁၉ မှ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရသည်အထိ မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲဝင် အဖွဲ့ အစည်းများဖြစ်သော ဝိုင်အမ်ဘီအေ၊ ဂျီစီဘီ အေ၊ တို့ဗမာအစည်းအရုံး၊ ဖဆပလတို့တွင်လည်းကောင်း၊ ကုမ္မာရီအသင်း၊ အာရှလူငယ်အစည်းအရုံး၊ ‘ဘူး အသင်း၊ လွတ်လပ်ရေး အမျိုးသမီး အစည်း အရုံး စသည်တို့ကိုဖွဲ့စည်း၍လည်းကောင်း မြန်မာအမျိုးသမီးတို့ စွမ်းရည်ပြ ခဲ့ကြသည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် မြန်မာအမျိုးသမီးတို့သည် နေရာအနှံ့၊ ကဏ္ဍအစုံ၌ နိုင်ငံတော်အကျိုးကို သယ်ပိုးခဲ့ကြသည်။ ၁၉၅၅ ခုနှစ်တွင် တပ်မတော် (ကြည်း)၌ အမျိုးသမီးများ စစ်မှုထမ်းခွင့်ရခဲ့သည်။ နိုင်ငံတော်တွင် သားကြီးလျှင် “အား၊ သမီးကြီးလျှင် “ထီး” ပမာဖြစ်ခဲ့၏။ အမိနိုင်ငံတော် ၏ သမီးကောင်း ဇာနည်များဖြစ်သော ဗိုလ်ကြီးဒေါ်ကြင်စီ၊ ဗိုလ်မှူးဒေါ်ခင်ထား၊ ဗိုလ်မှူးဒေါ်ရင်တို့ကား စွမ်းအားထက်မြက်သော မြန်မာအမျိုးသမီးများ၏ သတ္တိကို ပြသနိုင်ခဲ့ကြ၏။ ယနေ့ထက်တိုင် မြန်မာ့ တပ် မတော်တွင် တိုင်းပြည်ကာကွယ်ရေးတာဝန်ကို အမျိုးသားများနှင့် ရင်ပေါင် တန်း ထမ်းဆောင်လျက်ရှိသော မြန်မာအမျိုးသမီး စစ်သည်များ ရှိနေပါ၏။ ဝေဟင်မှ မြန်မာ့လေသူရဲစစ်သမီးတို့၏ စွမ်းရည်ကား အံ့မခန်းပေတည်း။
မြန်မာတို့၏ ဇာတိဂုဏ်ကို ဖော်ဆောင်ခဲ့ကြသူများကား များပြားလှ ပါ၏။ စာရိတ္တပိုင်းဆိုင်ရာတွင် အင်ဒီပင်းဒင့် ဒေါ်စန်း၊ ဒေါ်ဖွားရှင်၊ အမ်အေ ဒေါ်အုန်း၊ ဒေါ်ရီကြိန်၊ ဒေါ်ခင်မျိုးချစ်၊ ဂျာနယ်ကျော် မမလေး စသည့် မြန်မာ အမျိုးသမီးကြီးများက စာပေဖြင့် တွန်းအားပေးခဲ့ကြသည်။ ပညာရေးတိုးတက် မြင့်မားစေရန် မြန်မာစာပါမောက္ခ ဒေါ်သန်းဆွေ၊ ဒေါ်ခင်စော၊ ဒေါ်ပို၊ ဒေါ်ခင်မေနွဲ့ ၊ အင်္ဂလိပ်စာ ပါမောက္ခ ဒေါ်ခင်လေးမြင့်၊ ပထဝီပါမောက္ခ ဒေါ်မိမိ ကြည် စသည့် ပညာရှင် မြန်မာအမျိုးသမီးကြီးများက စွမ်းဆောင်ခဲ့ကြ၏။ အနုပညာယဉ်ကျေးမှုဘက်တွင်လည်း ဆီမီးခွက်မငွေမြိုင်၊ လေဘာတီ မမြရင်၊ ဒေါ်သြဘာသောင်း စသည့်သူတို့ကလည်း အားတက်သရော ဆောင်ရွက် ခဲ့ကြသည်။ ကမ္ဘာက အသိအမှတ်ပြုသည်အထိ စမ်းသပ်တီထွင်မှုများ ပြုလုပ် နိုင်ခဲ့သော ဒေါက်တာရင်မြင့်ထွေး (ဓာတုစမ်းသပ်ချက်)နှင့် ဒေါက်တာရီရီ (ရီရီဂျင်နင်ရှာဖွေမှု) တို့မှာလည်း ဂုဏ်ပြုမှတ်တမ်းတင်ထိုက်သူ မြန်မာ အမျိုးသမီးများဖြစ်၏။ စီးပွားရေးဘက်တွင်လည်း ပင်လုံဒေါ်နုယဉ်၊ ဥပဒေ ပညာဘက်တွင် ဒေါ်ဖွားမေ၊ ဒေါ်မေမေဝင်း၊ ဒေါ်ခင်စီ၊ လူမှုရေးကဏ္ဍဘက် တွင် လူအိုရုံအသင်း တည်ထောင်သူ ဒေါ်ဦးဇွန်း၊ အားကစားဘက်တွင် အပြည်ပြည်ဆိုင်ရာ အလေးမချန်ပီယံ မအေးအေးအောင်၊ ရေကူးချန်ပီယံ မမိုးသူအောင်၊ ဖလောရင့်နိုက်တင်ဂေးဆုရ သူနာပြုဆရာမ ဒေါ်ခင်အုန်းမြ၊ ဒေါ်အမ်ယာနမ် စသည့် မြန်မာ့ဂုဏ်ဆောင် အမျိုးသမီးများကား အတုယူ ဖွယ်ရာဖြစ်သည်။
ခေတ်အဆက်ဆက် မြန်မာအမျိုးသမီးများကား စွမ်းရည်ထက်မြက်ခဲ့ ကြသည်။ ယင်းမှာ မြန်မာ့လူနေမှုစနစ်၏ ခိုင်မာသော ထိန်းချုပ်မှုကြောင့်ဖြစ် သည်။ မြန်မာအမျိုးသမီးငယ်များသည် မည်မျှခေတ်မီသည်ဖြစ်စေ၊ မြန်မာ့ ယဉ်ကျေးမှု ဓလေ့ထုံးစံကို ဖောက်ဖျက်သော အပြုအမူတစ်စုံတစ်ရာအားမကျူးလွန်ကြပါ။ မိန်းမတို့ဣန္ဒြေ ရွှေပေးလို့မရ၊ “မိန်းမကောင်းပန်းပန် တစ်ပွင့်တန်” “ခြေတစ်လှမ်း ကုဋေတစ်သန်းဟန်တစ်ခါပြင် ရွှေစင်ဆယ် တင်း” ဟူသည့် မြန်မာစကားပုံများအတိုင်း ကျင့်သုံးနေထိုင်လျက်ရှိကြသည်။ စီးသည့်ရေ ဆည်သည့်ကန်သင်း” ဟူသည့် အတိုင်းလည်း မိသားစု၊ နိုင်ငံတော်၏ စည်းစိမ်ဥစ္စာများကို ထိန်းသိမ်းစောင့်ရှောက်လျက် ရှိကြသည်။ မြန်မာအမျိုးသမီး မိခင်တိုင်းသည် မိမိတို့၏ ရင်သွေးငယ်များကို လက်ဦး ဆရာပီသစွာ ပြုစုပျိုးထောင် မွမ်းမံပေးလျက် ရှိကြသည်။
ထိုသို့ မြန်မာအမျိုးသမီးတို့ စွမ်းရည်ထက်မြက်ကြခြင်းမှာ မြန်မာနိုင် ငံ သမိုင်းအဆက်ဆက်က အမျိုးသမီးများ၏ အခန်းကဏ္ဍ မနိမ့်ကျခဲ့သော `ကြောင့် ဖြစ်သည်။ မြန်မာအမျိုးသမီးတို့သည် အမျိုးသားများနှင့် အခွင့်အရေး ညီမျှစွာရရှိခဲ့ကြသည်။ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ၊ ဥပဒေ၊ ဓမ္မသတ် များတွင် မြန်မာအမျိုးသမီးတို့သည် တန်းတူညီမျှ ခံစားခွင့်ရှိကြသည်။ ထို့ကြောင့်လည်း ထူးချွန်ထက်မြက်သော မြန်မာအမျိုးသမီးကလေးများ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပေသည်။ မြန်မာအမျိုးသမီးတို့သည် ထူးကဲမွန်မြတ်သော ကျင့်ဝတ်များဖြစ်သည့် မိခင်ဝတ္တရား၊ မယားဝတ္တရားတို့ကို ကျေပွန် စွာ ထမ်းဆောင်ရင်း သာယာချမ်းမြေ့သော မိသားစုဘဝကို တည်ဆောက်နိုင် ခဲ့ကြသည်။
ယနေ့ အချိန်တွင်ကား မြန်မာအမျိုးသမီးများသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ကြက်ခြေနီအသင်း၊ မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ စသည့် အဖွဲ့ အစည်းအမျိုးမျိုးတွင် အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားဆောင်ရွက် လျက်ရှိနေကြပြီဖြစ်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ သည် ပညာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ အမျိုးသမီးများ အား အကြမ်းဖက်မှုမှကာကွယ်ရေးကဏ္ဍ၊ ငယ်ရွယ်သူအမျိုးသမီးများ စောင့် ရှောက်ရေးကဏ္ဍ၊ အမျိုးသမီးများဘဝ ပြန်လည်ထူထောင်ရေးကဏ္ဍ စသည် ဖြင့် ခွဲခြားထားပြီး မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အမျိုးသမီးဆရာဝန်များ အသင်း တို့ဖြင့်ပူးပေါင်းကာ မြန်မာအမျိုးသမီးတို့၏ အခက်အခဲပြဿနာ၊ တိုးတက် ထူးချွန်အောင်မြင်ရေး၊ ကျန်းမာရေး၊ ပညာရေးတို့ကို ကူညီဖြည့်ဆည်း ဆောင် ရွက်လျက်ရှိသည်။
ပညာရေးကဏ္ဍတွင် အိမ်ရှင်မများအား “ဘဝတွက်တာ”သင်တန်းများ ပေးခြင်း၊ ကျန်းမာရေးအသိပညာ သင်တန်းများပေးခြင်း၊ အသုံးလုံးသင်တန်း များ ဖွင့်လှစ်ခြင်း၊ အိမ်တွင်းမှု သက်မွေးပညာ သင်တန်းများဖွင့်လှစ်ခြင်း၊ စီးပွားရေးကဏ္ဍတွင် လုပ်ငန်းသစ် မတည်ငွေများထုတ်ပေးခြင်း၊ အတိုးမဲ့ ငွေချေးခြင်း၊ စိုက်ပျိုးငွေ ထုတ်ချေးခြင်း၊ အလုပ်ရှာဖွေပေးခြင်း၊ လူမှုရေးကဏ္ဍ တွင် သွေးလှူဒါန်းခြင်း၊ သံဃဆေးရုံ၊ သီလရှင်စာသင်တိုက်များအတွက် ဈေးပွဲတော်များ ကျင်းပလှူဒါန်းခြင်း၊ အမျိုးသမီးများ စောင့်ရှောက်ရေး အသင်းအဖွဲ့များသို့ ငွေကြေးလှူဒါန်းခြင်း၊ ဘုန်းတော်ကြီးကျောင်း၊ မူလတန်းကျောင်း၊ ကျေးရွာဆေးပေးခန်းတို့တွင် ရေတွင်း၊ ရေကန်၊ ရေစုပ်စက် လှူဒါန်းခြင်း စသည်ဖြင့် ထူးခြားသော စွမ်းဆောင်မှုများကို ပြုလုပ်ဆောင် ရွက်လျက်ရှိသည်။
ယနေ့ မြန်မာအမျိုးသမီးတို့သည် ကမ္ဘာ့အားကစားလောကသို့ပင် ခြေစွမ်းလက်စွမ်းပြ၍ ဝင်နိုင်ခဲ့ပြီဖြစ်ပါသည်။ ၂၀၀၂ ခုနှစ်တွင် ဗီယက်နမ် ဆီးဂိမ်း၌ ငွေတံဆိပ်ဆုရရှိခဲ့ကြသည်။ ၂၀၀၅ ခုနှစ်တွင် အာရှခြေစစ်ပွဲ အောင် မြင်ထားပြီး ၂၀၀၄ ခုနှစ်က ပထမအကြိမ် အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ကြသည်။ မြန်မာနိုင်ငံမှ လက်ရွေးစင်တင်းနစ်မယ် ချစ်စု ရည်သည် နိုင်ငံတကာပွဲ ၁၂ ပွဲကစားခဲ့ပြီး ရွှေတံဆိပ် ၆ ခု ဆွတ်ခူးခဲ့သူ ဖြစ်သည်။ ၂၀၀၆ ခုနှစ် အာရှယူ - ၁၄ အုပ်စုအဆင့် ချန်ပီယံရှစ်တင်းနစ် ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးတင်းနစ်မယ်များ ဗိုလ်စွဲခဲ့ကြသည်။ ၂၀၀၅ ခုနှစ်၊ ဖိလစ်ပိုင်ဆီးဂိမ်းတွင် မြန်မာအမျိုးသမီးလက်ဝှေ့အဖွဲ့ တို့ အောင်မြင်မှု ရရှိခဲ့ ကြသည်။
နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများ၊ နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက် ရေး လုပ်ငန်းများ၊ နိုင်ငံတော်စီးပွားရေး လုပ်ငန်းများ စသည့် အမျိုးမျိုးသောလုပ်ငန်းဆောင်တာများတွင် မြန်မာအမျိုးသမီးတို့ နောက်ချန်မနေရစ်ဘဲ အင်တိုက်အားတိုက် ပါဝင်လုပ်ဆောင်နေကြသည်ကို ထင်ရှားစွာတွေ့ရ သည်။ မြန်မာအမျိုးသမီးတို့၏ စွမ်းရည်ကား “လယ်ပြင်မှာ ဆင်သွား သကဲ့သို့” တည်း။ အနောက်တိုင်းယဉ်ကျေးမှုသည် ယနေ့ထက်တိုင် မြန်မာ အမျိုးသမီးများကို မဖုံးလွှမ်းနိုင်ပါ။ ယဉ်ကျေးသော မျိုးနွယ်မှ ဆင်းသက် လာသော မြန်မာအမျိုးသမီးတို့သည်ကား မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တည်းဟူသော ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ထား၍ မြင့်မြတ်သော နှလုံးသားဖြင့် သမိုင်းတင်ခံနိုင်သော စွမ်းအားရှင်တို့ပင်ဖြစ်သည်။
သို့ဖြစ်ပေရာ မြန်မာအမျိုးသမီးတို့၏ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနှင့် ဂုဏ်ကျက်သရေ အရပ်ရပ်ကို ဖော်ဆောင်ပေးသော “မြန်မာအမျိုးသမီးများနေ့” .. အား ကမ္ဘာတည်သရွေ့၊ မြန်မာတည်သရွေ့ တည်တံ့ခိုင်မာအောင် မြန်မာ အမျိုးသမီးများကိုယ်တိုင် ထူးချွန်ထက်မြက် မြင့်မားသော စွမ်းဆောင်ရည် - အားဖြင့် ကြိုးစားထိန်းသိမ်းစောင့်ရှောက်သွားကြရမည် ဖြစ်ပေသည်။ ဂုဏ်ယူ ဝင့်ကြွားဖွယ်ရာ အထိမ်းအမှတ် နေ့ထူးနေ့မြတ်အဖြစ်လည်း နှစ်စဉ် ဝမ်း မြောက်စွာ ကြိုဆိုလက်ခံ ဂုဏ်ပြုဆင်နွှဲကြရမည် ဖြစ်ပေတော့သည်။