Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ဖြိုးသာရ - ပြိုင်ပွဲဝင်အထိမ်းအမှတ်နေ့စာစီစာကုံးများ

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out
ကမ္ဘာလူဦးရေနေ့ ဇူလိုင်လ ၁၁ ရက်
World Population Day 11 July
လူတိုင်း မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုရှိရမည်။

                       ကမ္ဘာနိုင်ငံအသီးသီးသည် ကမ္ဘာ့လူဦးရေအထိမ်းအမှတ် အခမ်းအနား များကို လူဦးရေ ဆိုင်ရာ ပြဿနာများနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆက်သွယ်မှုအပေါ် ပိုမိုသဘောပေါက်လာစေရန် ဟူသည့် ဦးတည်ချက်ဖြင့် နှစ်စဉ် ဇူလိုင် ၁၁ရက်နေ့ ရောက်တိုင်း ကျင်းပလာခဲ့ကြပါသည်။

                      ယနေ့ကမ္ဘာကြီး၏ လူဦးရေသည် တစ်ဟုန်ထိုး တိုးတက်များပြားလျက် ရှိနေပါသည်။ ၁၉၈၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် ကမ္ဘာ့လူဦးရေသည် ၅ဘီလီယံ ရှိခဲ့ပြီး ၁၉၉၉ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ၆ ဘီလီယံအထိ တစ်မုဟုတ် ချင်းတိုးပွားလာခဲ့သည်။ နေ့စဉ် ကမ္ဘာ့ လူဦးရေစစ်တမ်းများအရ ၂၀၀၉ ခုနှစ် ဇွန်လ၁ရက်နေ့တွင် ကမ္ဘာ့လူဦးရေသည် ၆ဒသမ ၇ ဘီလီယံကျော်ရှိနေပြီ ဖြစ် သည်။

                တိုးပွားလာသော လူဦးရေကို ထိန်းချုပ်ရန် အတွက် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ အစည်းတစ်ခုအဖြစ် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ UNFPA ကို ၁၉၆၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါ သည်။ ကုလသမဂ္ဂအဖွဲ့ကြီးမှ ကြီးမှူး၍ ၁၉၇၄ ခုနှစ်တွင် ပထမအကြိမ် လူဦးရေညီလာခံကို ကျင်းပခဲ့ပါ သည်။ ထောက်ခံအားပေးမှုများဖြင့် ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း ၅ဝဝဝ ပြည့်ခဲ့သောနေ့ ၁၉၈၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် သတ်မှတ်ကာ ကုလသမဂ္ဂ၏ လှုပ်ရှားမှုတစ်ရပ်အဖြစ် နှစ်စဉ် ကျင်းပလျက်ရှိပါသည်။ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ အနေဖြင့် နိုင်ငံတကာ အစိုးရအဖွဲ့များ ပြည်တွင်းပြည်ပ အလှူရှင်များနှင့် ပူးပေါင်း၍ လူဦးရေ ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးပညာပေး ခြင်း၊ တိုးပွားလာသည့် လူဦးရေအတွက် စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စရပ်များ အချိုးကျဖြစ်စေရန် ဆောင်ရွက်ပေးခြင်း တို့ကို ဖော်ဆောင်လျက်ရှိပါသည်။

              ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ မှ လူဦးရေဆိုင်ရာ ပညာရှင်များ၏ စစ်တမ်းအရ စက္ကန့်တိုင်း လူသုံးယောက် တိုးပွားနေပြီး တစ်နေ့လျှင် လူဦးရေ ၂၅၅ဝဝဝ နှုန်းဖြင့် တစ်နှစ်လျှင် လူဦးရေ ၉၄ သန်း တိုးပွားလျက်ရှိသည်ဟု ခန့်မှန်း . တွက်ချက်ထားပါသည်။ လက်ရှိ လူဦးရေတို့ နှုန်းအတိုင်းတိုးလာမည်ဆိုလျှင် သို့မဟုတ် အငတ်ဘေး၊ စစ်ဘေး၊ ရောဂါဘေးနှင့် သဘာဝ ဘေးအန္တရာယ်များ ဝင်ရောက်ဒုက္ခမပေးခဲ့ပါက ၂ဝ၃ဝ ပြည့်နှစ်သို့ရောက်ရှိချိန်တွင် ကမ္ဘာ့လူဦးရေမှာ ၈ ဒသမ ၃ ဘီလီယံအထိ ရှိလာနိုင်ပါသည်။

              လူဦးရေသာ အဆမတန်တိုးပွားနေသော်လည်း အကန့်အသတ်ဖြင့် တည်ရှိသော ရေ၊ မြေ၊ တောတောင်စသည့် သဘာဝ သယံဇာတများကို ပြန်လည် ဖြည့်တင်းရန် နည်းပညာဖြင့် မစွမ်းဆောင်နိုင်သေးပါ။ လူတစ်ဦးစီအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် စားနပ်ရိက္ခာ မလုံလောက်ခြင်း၊ လေကောင်း လေသန့်ရှူရှိုက်ရန် ခက်ခဲခြင်း၊ ရေကောင်းရေသန့် သောက်သုံးရန် ခက်ခဲခြင်းစ သော စိန်ခေါ်မှုများ ရှိလာနိုင်ပါသည်။

            ယနေ့ကမ္ဘာကြီး၏ စီးပွားရေးကို လေ့လာကြည့်မည်ဆိုပါက ကမ္ဘာကြီး တစ်ခုလုံး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၂၀၀၇ ခုနှစ်တွင် ငါးရာခိုင်နှုန်းရှိ နေရာက ၂၀၀၈ တွင် ၂ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ကမ္ဘာ့ဘဏ်မှ စီးပွားရေး ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ ၂၀၀၉ခုနှစ်တွင် ၀ ဒသမ ၉ ရာခိုင်နှုန်း အထိ ကျဆင်းလာခဲ့သည်ဟု ဆိုပါသည်။ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း တစ်ရာခိုင်နှုန်းကျတိုင်း ဆင်းရဲနွမ်းပါးသူ အရေအတွက် သန်း၂ဝ တိုးနေပါသည်။ လက်ရှိ ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း ၁၀၀၀ ကျော်သည် ဆင်းရဲနွမ်းပါးမှု ဒဏ်ကို အလွန်အမင်း ခံစားနေကြရပေသည်။ ၁၉၉ဝ ပြည့်နှစ် ဝန်းကျင်မှစပြီး ဆင်းရဲသူ အချိုးအားဖြင့် အနည်းငယ်ကျဆင်းသွားသော်လည်း အရေအတွက် အနေဖြင့် တိုးတက်လျက်ရှိ နေပေသေးသည်။ ဤသို့စီးပွားရေးကျဆင်းနေမှုသည်ဖွံ့ဖြိုးဆဲနိုင်ငံများကို ဆင်းရဲမွဲတေမှု လျှော့ချရန် ကြိုးပမ်းနေသော ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက်များကို အဟန့်အတားဖြစ်စေပါသည်။

             ၂၀၀၈ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ ကျင့်သုံးသော စားသုံးသူ ယဉ်ကျေးမှု Culture of Consumerusm ၏ ဆိုးကျိုးအရ စတော့ရှယ်ယာ စျေးများ ထိုးကျ သွားပြီး ပြည်တွင်း စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရပါသည်။ စက်မှုဇုန် ထုတ်လုပ်မှု ကဏ္ဍအချို့ ရပ်ဆိုင်းလိုက်ရသည့်အတွက် အလုပ်အကိုင်အခွင့်အလမ်း များ ကျဆင်းကာ ပြည်သူများ၏ တစ်ဦးချင်းဝင်ငွေများလည်း ကျဆင်းခဲ့သည်။ တစ်ကမ္ဘာလုံး လွှမ်းခြုံဆက်စပ်နေမှုများအရ အမေရိကန်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့

သော ကမ္ဘာ့ငွေရေးကြေးရေး အကျပ်အတည်းကို ကမ္ဘာ့နိုင်ငံများတွင်လည်း အထိုက်အလျောက် သက်ရောက်ခံစားခဲ့ကြရပါသည်။ ထိုပြဿနာသည် ကမ္ဘာ့ မိသားစုဝင်များ၏ဘဝများကို အနည်းနှင့်အများ ယိုင်နဲ့သွားစေခဲ့ပါသည်။ စီးပွားရေးကျဆင်းမှု၏ နောက်ဆက်တွဲ ပြဿနာအဖြစ် အာဟာရချို့တဲ့ခြင်း၊ ကျန်းမာရေး အသုံးစရိတ်လျှော့ချခြင်းကြောင့် ရောဂါဘယ ထူပြောခြင်း၊ ပညာသင် အခွင့်အလမ်းများ လက်လွတ် ဆုံးရှုံးခံရခြင်း စသည်တို့ကို ရင်ဆိုင်နေရ ပါသည်။

              ထိုအခြေအနေသည် မိသားစုဘဝများ၏ ကျန်းမာရေး တိုးတက်မြင့်မားရေး အပါအဝင် ဆင်းရဲမွဲတေမှု လျှော့ချရေး ဆောင်ရွက်ချက်များကို ခြိမ်းခြောက်ခဲ့ပါ သည်။ ထို့ကြောင့်ပင် UNFPA အမှုဆောင် ညွှန်ကြားရေးမှူးက ၂၀၀၉ မတ်လ ၃ဝ ရက်နေ့တွင် ကျင်းပသော ကုလသမဂ္ဂလူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှု ကော်မရှင် အခမ်းအနား မိန့်ခွန်းပြောကြားရာ၌ “ကမ္ဘာ့ဘဏ္ဍာရေး ပြဿနာ မပြီးသရွေ့ လူသန်းပေါင်း၂ဝဝကို ဆင်းရဲတွင်းသို့ ပြန်လည် တွန်းပို့လျက်ရှိပြီး လူမှုဘဝဖူလုံရေး နှင့် ထောင်စုနှစ် ရည်မှန်းချက်များ ပြည့်မီရေး ဆောင်ရွက်အား ထုတ်နေမှုများတွင် နောက်ပြန်ဆွဲခေါ်နေမည်ဖြစ်သည်။ သို့ဖြစ်၍ ၁၉၉၄ ခုနှစ် လူဦးရေနှင့် ဖွံ့ဖြိုးမှု ညီလာခံက ချမှတ်ခဲ့သောလုပ်ငန်းစဉ်များကို နှစ်ဆတိုးလုပ်ဆောင်ရမည်ဖြစ်သည်။ ကမ္ဘာ့ဆင်းရဲသူအများဆုံး ကြုံတွေ့ နေရသော အကျပ်အတည်းကာလတွင် အပြင်းထန်ဆုံး ထိခိုက်ခံရသည့် အမျိုးသမီးများနှင့် ပျိုရွယ်သူများအတွက် ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက်ရန် ပိုမို အရေးကြီးသည်ဟု ထည့်သွင်းမိန့်ကြားခဲ့ပါ သည်။

           ထို့ပြင် ယခုအချိန်အခါသည် ၂၀၁၅ ခုနှစ် လူတိုင်းမျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ စောင့်ရှောက်မှုရှိရမည်။ Universal reproductive health care for all by 2015 ဟူသော ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရမည့်အချိန်ကာလလည်း ဖြစ်ပါသည်။ သို့ဖြစ်၍ ၂၀၀၉ ဇူလိုင် ၁၁ရက်နေ့တွင် ကျရောက် သာ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ကို “ကမ္ဘာ့စီးပွားအခက် ကာလ မျိုးဆက်ပွားကျန်းမာရေး အလေးထားကြ” ဟု ချမှတ်ထားပါသည်။

              မျိုးဆက်ပွား ကျန်းမာရေးဆိုသည်မှာ အနာရောဂါ မသန်စွမ်းမှုများ ကင်းရှင်းပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းစွာ မျိုးဆက်ပွားမှု အပါအဝင် လူမှုဘဝဖြစ်စဉ်များတွင် အောင်မြင်မှု သုခအဝဝ ခံစားရခြင်းဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ က အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ အရည်အသွေး ပြည့်ဝသော မျိုးဆက်ပွား ကျန်မာရေးတွင် မိသားစုစီမံကိန်းခေါ် လူဦးရေကန့်သတ်မှု အစီအစဉ်များ၊ သားဆက်ခြား စီမံကိန်းများ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ပညာပေးခြင်း အစီအစဉ်များသည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ၁၉၆၈ခုနှစ် လူ့အခွင့်အရေး သတ်မှတ်ချက်များအရ မိသားစုဦးရေကို စိတ်ကြိုက်သတ်မှတ် ပိုင်ခွင့်ရှိကာ မွေးဖွားလာသော ကလေးများ၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စများကို စိတ်ကြိုက်ဆောင်ရွက်နိုင်သည် ဟု အသိအမှတ်ပြုထားပြီး ကမ္ဘာနှင့် အဝန်း လက်ခံကျင့်သုံးခဲ့ပါသည်။ သို့သော် နှစ်စဉ် အဆမတန် တိုးပွားလာသော လူဦးရေများကြောင့် ၁၉၈၄ ခုနှစ်တွင် မက္ကဆီကို နိုင်ငံ၌ ကျင်းပသည့် စတုတ္ထ အကြိမ် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့လူဦးရေ ကွန်ဖရင့်တွင် မိသားစု စီမံကိန်းများဖြင့် လူဦးရေ ကန့်သတ်မှု ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ယခု ၂၁ ရာစုတွင် နည်းပညာများ တိုးတက်လာကာ မိမိတို့၏ မိသားစုဘဝများကို လည်း လူမှုရေးနှင့်စီးပွားရေး သဟဇာတ ကျကျ ဟန်ချက်ညီညီ ထိန်းညှိထားနိုင်သော ကျစ်လျစ်အောင်မြင်သည့် မိသားစုများအဖြစ် “မိသားစု စီမံကိန်း” များ သတ်မှတ်လာကြသည်ကို တွေ့ရှိရပါသည်။

                 မိသားစု စီမံကိန်းများဖြင့် ဆောင်ရွက်ခြင်းသည် မလိုလားအပ်သော သန္ဓေဆောင်မှုကို ဟန့်တားပေးပြီး သားပျက်ကျခြင်းကြောင့် ဖြစ်ပေါ်စေသော မိခင်သေဆုံးမှုကိုလည်း လျှော့ချပေးသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး အတွက် သာမက မွေးကင်းစကလေး ကျန်းမာ ရေးအတွက်ပါ အကျိုးပြုလျက်ရှိ သည့်အပြင် မီးဖွားနေစဉ် မိခင်သေဆုံးခြင်း၊ ကလေးအသေမွေးဖွားခြင်း၊ မသန်မစွမ်း ကလေးမွေးဖွားခြင်းကို လျော့ချစေပြီး မိခင်နှင့်ကလေးအတွက်ပါ ကျန်းမာရေးကောင်းမွန်စေပါသည်။ မျိုးပွား အင်္ဂါလမ်းကြောင်း ရောဂါကူးစက်မှုများကိုလည်း ဟန့်တားပေးပါသည်။

                 မိသားစု စီမံကိန်း ချမှတ်ထားသော မျိုးဆက်ပွား ကျန်းမာရေးတွင်သားဆက်ခြားခြင်းသည် အရေးပါသော နည်းလမ်းတစ်ခုပင် ဖြစ်သည်။ လူသား တစ်ယောက်၏ စဉ်းစားဆင်ခြင်ဉာဏ်ရှိ ခြင်း၊ ကျန်းမာရေး အသိပညာရှိခြင်းနှင့် သားဆက်ခြား ဗဟုသုတရှိခြင်းတို့အပေါ် မူတည်သည်။ သားဆက်ခြားခြင်း ပညာပေးအစီအစဉ်တွင် အမျိုးသား၊ အမျိုးသမီး နှစ်ဦးစလုံးနှင့် သက်ဆိုင်ပါသည်။ သားဆက်ခြားခြင်းဖြင့် မိသားစုဦးရေ နည်းလာကာ ကလေးများ၏ ဘက်စုံမပြတ် ပညာသင်ကြားရေးတွင် အာရုံစိုက်ဆောင်ရွက်နိုင်ခြင်း၊ မိသားစုရေး ရာများကို ပိုမိုအလေးထား ဆောင်ရွက်နိုင်ခြင်း၊ ကောင်းမွန်အဆင့်မြင့်ဘဝ တိုးတက်မှုစီမံချက် များကို စနစ်တကျ သတ်မှတ် အကောင်အထည်ဖော်နိုင်ခြင်း၊ စီးပွားရေးရာများ၊ လူမှုရေးရာများ စွမ်းဆောင်နိုင်ခြင်းဖြင့် ဆင်းရဲမှုသံသရာမှ လွတ်ကင်းကာ ကျန်းမာရေးဖွံ့ဖြိုးသည့် ဉာဏ်ရည်မီကလေးများ မွေးဖွားခြင်းဖြင့် မိသားစုနှင့် နိုင်ငံအတွက် အကျိုးပြုမည့် အနာဂတ်မျိုးဆက်သစ်များကို မွေးထုတ်ပေးနိုင်မည် ဖြစ်ပါသည်။

              ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ကြီးမှ မိမိတို့နိုင်ငံ၏ ဒေသအလျောက် လူဦးရေ လွန်ကဲမှု မရှိစေရန် ကူညီဆောင်ရွက်လျက်ရှိရာ အောင်မြင်မှုအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ခေတ်မီ မိသားစု စီမံကိန်းစနစ်များကို လက်ခံကျင့်သုံးသည့် ဦးရေပမာဏသည် ၁၉၆၀ ပြည့်နှစ်တွင် လက်ထပ်ပြီး ဦးရေ ၁ဝ ရာခိုင်နှုန်းမှ ယနေ့ အချိန်တွင် ၅၅ ရာခိုင်နှုန်းအထိ တိုးတက်လာသည့်ကို တွေ့ရပါသည်။ ထို့ကြောင့် ကလေးမွေးဖွားမှုနှုန်း အမြင့်ဆုံးဟု သတ်မှတ်ထားသည့် အာဖရိကနိုင်ငံ များတွင် လူဦးရေတိုးနှုန်း၏ လေးပုံတစ်ပုံ၊ အာရှနှင့် လက်တင်အမေရိကတွင် သုံးပုံ တစ်ပုံကျ ဆင်းလာခဲ့ပါသည်။ မိသားစု စီမံကိန်းအောင်မြင်ရေးသည် ကုဋေပေါင်းများစွာသော အမျိုးသားများနှင့် အမျိုးသမီးများ၏ ဆုံးဖြတ်ချက်များ ပေါ်တွင် မူတည်နေပါသည်။

              မြန်မာနိုင်ငံသည် သဘာဝသယံဇာတ အရင်းအမြစ်များ ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ အကျယ်အဝန်း စတုရန်းမိုင်းပေါင်း ၂၆၁၂၇၇ ဒသမ ၈၄၈တွင် ၂၀၀၆ ခုနှစ်ခန့်မှန်း လူဦးရေ စာရင်းများအရ လူဦးရေ ၅၆ ဒသမ ၅သန်း မှီတင်းနေထိုင်ကြပါသည်။ လူဦးရေ၏ ၇၀ရာခိုင်နှုန်းမှာ ကျေးလက်နေပြည်သူ များဖြစ်၍ ၃၀ ရာခိုင်နှုန်းမှာ မြို့ပြနေပြည်သူများ ဖြစ်ကြသည်။ နှစ်စဉ်လူဦးရေ တိုးပွားနှုန်းမှာ ၂ဒသမ ၀၂ ရာခိုင်နှုန်းဖြစ်ပြီး လူဦးရေသိပ်သည်းမှုအရ ရန်ကုန်မြို့ နယ်နိမိတ်အတွင်း တစ်စတုရန်း ကီလိုမီတာတွင် လူ ၃၉၀ ခန့်ရှိ၍ နိုင်ငံ အနောက်ဘက်ပိုင်းကျသော ချင်းပြည်နယ်တွင်မူ တစ်စတုရန်းကီလိုမီတာတွင်လူ၁ဝ ဦးခန့်သာ နေထိုင်သောကြောင့် မြန်မာနိုင်ငံ၏ လူဦးရေနှင့် နယ်မြေကျယ်ပြန့်မှု အချိုးအစားမျှတကာ လူဦးရေကျပ်တည်းမှု မရှိသည်ကို တွေ့ရပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၌ စိုက်ပျိုးမြေဧက ၄၁ သန်း ရှိရာ ၂၆ သန်းသာ စိုက်ပျိုးရသေး၍ အနာဂတ်တွင် တိုးပွားလာမည့် လူဦးရေ၏ စားဝတ်နေရေးအတွက် လုံးဝပူပန်ရန် မလိုပါ။

              မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့ အရေးသည် မြန်မာ့အရေးဖြစ်သည်အားလျော်စွာ ကုလသမဂ္ဂကြီး၏ရည်မှန်းချက် များ၊ ဦးတည်ချက်များနှင့် လုပ်ငန်းစဉ်များကိုလည်း အလေးထားပါဝင် ဆောင်ရွက် နေပါသည်။ ထို့အတူ အပြည်ပြည်ဆိုင်ရာ လူဦးရေနှင့် ဖွံ့ဖြိုးမှုညီလာခံ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ထောင်စုနှစ်ရည်မှန်းချက်များ၏ ပန်းတိုင်တစ်ခု ဖြစ်သော လူတိုင်းမျိုးဆက်ပွား ကျန်းမာရေး ရရှိနိုင်ရေး ပန်းတိုင်ကို ရည်မှန်းပြီး မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ကမ္ဘာ့နိုင်ငံများနှင့် စိတ်အားထက်သန်စွာ ပူးပေါင်းဆောင် ရွက်လျှက်ရှိပါသည်။

             မြန်မာနိုင်ငံ၏အမျိုးသားကျန်းမာရေး မူဝါဒတွင် ကျန်းမာရေး အဆင့်မြင့်မား ရေးနှင့် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ မျိုးဆက်ပွား ကျန်းမာရေး တိုးတက်ကောင်းမွန်အောင် အထူး ဂရုစိုက်အားဖြည့် ဆောင်ရွက်မည့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ငါးနှစ်တာ မဟာဗျူဟာ စီမံကိန်း ၂၀၀၄- ၂၀၀၈ကို ရေးဆွဲချ qosmolou zen UNFPA, WHO, UNDP, UNICEF, WFP 69:08 လက်တွေ့ အကောင်အထည်ဖော် ပူးပေါင်ဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် ပျိုရွယ်သူ မျိုးဆက်များ ကျန်းမာရေးသည်လည်း အလေးထား ဖြေရှင်းရမည့် နယ်ပယ်သစ် တစ်ခု ဖြစ်လာရာ လူငယ်ထုအတွင်း မျိုးဆက်ပွား ကျန်းမာရေးပညာပေးခြင်း၊ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများနှင့် ပတ်သက်ပြီး အသိပညာ ပေးခြင်း၊ အကြံပေးခြင်း၊ ဘဝတွက်တာ ကျွမ်းကျင်စရာများကို ထည့်သွင်း သင်ကြားခြင်းများအား အစိုးရမဟုတ်သော အဖွဲ့ အစည်းများနှင့် သက်ဆိုင် ရာ အစိုးရဌာနများ ပူးပေါင်းဆောင်ရွက်လျက်လည်း ရှိပါသည်။

              မြန်မာနိုင်ငံသူ နိုင်ငံသားတို့သည်လည်း ကမ္ဘာသူ ကမ္ဘာသား ပီသစွာ ကုလသမဂ္ဂ အဖွဲ့ကြီးနှင့် လက်တွဲဆောင်ရွက်ရင်း ကမ္ဘာ့လူဦးရေနေ့၏ မွန်မြတ်သော ရည်မှန်းချက်များကို ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိပါသည်။ လူဦးရေတိုးပွားမှု အရေးသည် အမိနိုင်ငံအတွက် ပြဿနာမဟုတ်သော်လည်း သယံဇာတ အရင်းအမြစ်များ ရှားပါးသည့်နိုင်ငံများအတွက်မူ တိုးပွားလာမည့် အနာဂတ်လူသားများအတွက် ကမ္ဘာသူကမ္ဘာသားအားလုံး ပူးပေါင်းဖြေရှင်းမှသာ သက်သာ ဖေမည်။ အနာဂတ်လူဦးရေကို ထိန်းသိမ်းပေးခြင်းအားဖြင့် ကမ္ဘာမြေကြီး၏ တည်မြဲမှု သက်တမ်းကိုလည်း ထိန်းသိမ်းပေးရာရောက်ပါသည်။ လူဦးရေ ထိန်းညှိရေးတွင် အရေးပါနေသည့် မျိုးဆက်ပွား ကျန်းမာရေးကို အလေးထားကာ အနာဂတ်အတွက် အကျိုးပြုသည့် ကျန်းမာဖွံ့ဖြိုးဉာဏ်ရည်တိုးသော အနာဂတ် စွမ်းအားရှင်များ မွေးထုတ်ပြုစုပေးခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်ပြီး ဆင်းရဲမွဲတေမှုများ ကင်းဝေးသည့် သာယာလှပသော အနာဂတ် ကမ္ဘာကြီး ဖြစ်တည်ခိုင်မြဲလာလိမ့် မည်ဟု ယုံကြည်မိပါသည်။