ဖြိုးသာရ - စကားပုံစာစီစာကုံးများ
လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ
လောကတွင် “လူ”ဟူ၍ ဖြစ်လာသည်နှင့် ပထမဦးဆုံး ခိုလှုံရသော ရင်ငွေ့မှာ မိခင်ဖြစ်ပြီး ပထမဦးဆုံး အားကိုးရသော အရိပ်မှာ ဖခင်ဖြစ်ပါ သည်။ လူတစ်ယောက် ချမ်းမြေ့သာယာမှုရရှိနိုင်ရန် နွေးထွေးသောရင်ခွင် လိုအပ်သကဲ့သို့ အရိပ်အာဝါသကောင်းရှိရန်လည်း လိုအပ်ပါသည်။ ထို အရာတို့ကို ပေးစွမ်းနိုင်သူများကား မာတာပိတု တည်းဟူသော မိဘနှစ်ပါး ပင် ဖြစ်ပေသည်။ မိဘတို့သည် သားသမီးတို့၏ လက်ဦးဆရာဖြစ်သည်။ ထို့ကြောင့် “လက်ဦးဆရာ၊ မည်ထိုက်စွာ ဗုဗ္ဗာစရိယ မိနှင့်ဖ ́ဟူ၍ ဆိုရိုး စကားရှိခြင်းဖြစ်သည်။
ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်အရွယ်မှစ၍ လူဖြစ်အောင် မွေးကျွေးသွန်သင်လာခဲ့ရသော မိဘ၏ ကျေးဇူးတရားကား နှိုင်းဆပြစရာ မရှိအောင် ကြီးမားလွန်းလှပေသောကြောင့် မိဘကျေးဇူး၊ မြင်းမိုရ်ဦး” ဟူ၍ မြင်းမိုရ်တောင်ကြီးနှင့် ပမာပြုကာ တင်စားကြခြင်းဖြစ်သည်။ ဂေါတမ မြတ်စွာဘုရားရှင်သည်ပင် တာဝတိံသာနတ်ပြည်ရှိ မိခင်နတ်သားကို တရား ဦး ဟောတော်မူကာ မိခင်နို့ဖိုး အကျေဆပ်တော်မူခဲ့၏။ လူသာမန်တို့အဖို့ကား ဆိုဖွယ်မရှိတော့။ နို့တစ်လုံးဖိုးကိုမျှပင် မကျေနိုင်ပါက လူဖြစ်သည် အထိ ပြုစုကျွေးမွေးစောင့်ရှောက် သွန်သင်ဆုံးမ ညွှန်ပြအားပေးခဲ့သော ကျေးဇူးကို မည်သို့ ကျေအောင် ဆပ်နိုင်ကြပါမည်နည်း။ “ကျေးဇူးကြီးလှ မိနှင့်ဖ ́ပါတကား။
ကလေးဘဝ စကားစတတ်ဖို့၊ အစားစစားဖို့၊ ပညာစသင်ဖို့ဟူသော အားလုံးသော အစများကို မိဘတို့ကသာ စတင်သင်ပြပေးခဲ့ခြင်း ဖြစ်သည်။ ချိုမိုင်မိုင်အက၊ တူတူရေဝါး ကစားနည်းမှသည် ဘာသာရေးဆိုင်ရာ ဝပ်တွားမှုမှအစ မိခင်က သင်ကြားပေးခဲ့သည်။ မိခင်ရင်ခွင်၌ ငုတ်တုတ်ထိုင်ရင်း ရွှေယုန်နှင့် ရွှေကျား သက်ငယ်ရိတ်သွား၊ ယုန်နှင့် လိပ်အပြေး ပြိုင်၊ မျောက်နှင့် အညာမိသော မိကျောင်း၊ နှာစေးနေသော ယုန်ကလေး နှင့် ခြင်္သေ့မင်း ပုံပြင်တို့ကို နားထောင်ကာ လောကနီတိပညာကို စတင် သင်ကြားခဲ့ကြရသည်။
ဖခင်ချမှတ်သော စည်းကမ်းတို့ကို လူမမည်ဘဝ၌ အကြောက် တရားဖြင့် လိုက်နာခဲ့ကြရာမှ အရွယ်ရောက်လာချိန်တွင် အသိတရားဖြင့် ကျင့်သုံးနိုင်စေသည်။ ဖခင်ကား တားမြစ်ခြင်း၊ ကန့်သတ်ခြင်း၊ ချမှတ် ခြင်း၊ ရွေးချယ်ပေးခြင်းဟူသော တာဝန်များကို ထမ်းဆောင်လျက် သား သမီးတို့၏ ဘဝကို မြေတောင်မြှောက်ပေးသူ ဥယျာဉ်မှူးပေတည်း။ မိခင် သည် ပျိုးပင်ငယ်တို့ ပေါက်ရောက်ရှင်သန်ရာ ဥယျာဉ်ခြံမြေတစ်ခုဖြစ်ပြီး ဖခင်သည် ပေါင်းသင်ရေလောင်း မြေသြဇာကောင်းတို့ ရှာဖွေပြုစုသူ ဖြစ်၏။
မိဘတို့၏ မေတ္တာမှာ စုန်ရေ၏သဘောအတိုင်းဖြစ်သည်။ တစ်ဖက် သတ်စီးဆင်းနေသော မိဘမေတ္တာ စုန်ရေတွင် သားသမီးတို့ လိုက်ပါစီးမျောခဲ့ကြရသည်။ စုန်ရေစီးကြောင်းထဲတွင် အပူအပင်ကင်းစွာ ပျော်ပျော် ရွှင်ရွှင် ကူးခတ်ခဲ့ကြရသည်။ တစ်ချိန်တွင် ပြန်လည်ဆန်တက်မည်ဟု
တော်တန်ရုံ မတွေးမိခဲ့ကြပါ။ တဖြည်းဖြည်း လူလားမြောက်၍ မိမိကိုယ် တိုင် ရေစုန်အဖြစ် ပြောင်းလဲသွားကြသောအချိန်ကျမှပင် မိဘမေတ္တာကို ပိုမိုနားလည်ခံစားတတ်လာကြပြီး ကိုယ်ချင်းစာနာတတ်လာခဲ့ကြပါသည်။
ဖခင်ကို သတ်မိသော အဇာတသတ်မင်း၏အဖြစ်မျိုးကား အလွန် ဆိုးဝါးလှတော့သည်။ မိမိရင်သွေးရလာခါမှ အဖ၏ မေတ္တာကို စာနာတတ် လာသော်လည်း အချိန်နှောင်းသွားခဲ့သည့်အဖြစ် ဖြစ်သည်။ ထို့ကြောင့် လည်း ငရဲမှာ ခံစားရလေသည်။ မိဘမေတ္တာကို သိတတ်နားလည်စွာ အမိအဖကို လုပ်ကျွေးပြုစုခဲ့သော သုဝဏ္ဏသာမမူကား မြားဆိပ်သင့်ရာမှ အသက်ချမ်းသာရခဲ့ဖူးသည်။
ထို့ကြောင့် ကိုယ်တိုင် စုန်ရေဘဝသို့ မရောက်မီ စုန်ရေ၏သဘော ကို သိပြီး ဆန်တက်ခွင့်ရှိသလောက် ဆန်တက်ကြရမည်ဖြစ်သည်။ သို့သော် မည်သည့်မိဘမျိုးကမှ ကျေးဇူးစားရကောင်းနိုး မမျှော်ကိုးတတ်ကြပါ။
ကျေးဇူးကို ရည်မျှော်၍ မလှော်ခတ်ခဲ့ကြပါ။ သားသမီးတို့၏ ကျေးဇူး သိတတ်မှုကို ရရှိသည့်အခါမှာလည်း မျက်ရည်ဝေ့ဝဲ တုန်တုန်ယင်ယင်၊ ကြည်ကြည်နူးနူး၊ ဝမ်းပန်းတနည်း ခံစားတတ်ကြရှာပါသည်။ ထို့ကြောင့် မိဘကျေးဇူးကို ဆပ်နိုင်သမျှ ဆပ်ကြရန် လိုပါသည်။
မိဘဟူသည် ဘုရားနှင့် တစ်ဂိုဏ်းတည်းရှိသော ကျေးဇူးရှင်ဖြစ်ပါ သည်။ မိခင်က ကိုးလလွယ် ဆယ်လဖွားရသကဲ့သို့ ဖခင်သည်လည်း “လူ ဖြစ်လာရခြင်းအတွက် အဓိက ဖန်တီးသူ ဖြစ်ပါသည်။ လူသားတစ်ယောက်၏ အသွေးအသားထဲတွင် ဖခင်၏ ဗီဇများနှင့် ဖွဲ့စည်းထားသော ကလာပ်စည်းများ ရှိပါသည်။ ယင်းကလာပ်စည်းများထဲတွင် ဖခင်၏မေတ္တာ ဓာတ်များ စီးဝင်ပါရှိနေမည်မှာ မလွဲပါ။ ထိုမေတ္တာဓာတ်သည် သားသမီး တို့၏ ဘဝတစ်လျှောက်လုံးကို နွေးထွေးလုံခြုံစေနိုင်ပါသည်။ မိနှင့်ဖတို့ ၏ မျိုးစေ့များသည် သားသမီးတို့၏ အသွေးအသားတွင် ယှဉ်တွဲနေပါ သည်။ ခွဲခြားဖောက်ထုတ်ပစ်၍ မရနိုင်ပါ။ မိခင်ဟူသည့် ကောင်းကင် ကျယ်ကြီးတွင် ဖခင်သည် လမင်းတစ်ပါးဖြစ်၍ သားသမီးများကမူ တလက်လက်တောက်ပနေသော ကြယ်ပွင့်ကလေးများပင် ဖြစ်ပါသည်။
ကြယ်ပွင့်ကလေးများသည် လင်းလက်တောက်ပနိုင်စေရန် ကျယ် ပြန့်သော ကောင်းကင်ပြင်ကြီးလိုအပ်သကဲ့သို့ လမင်း၏ အရှိန်အဝါသည် လည်း အရေးပါလှပါသည်။ ထို့အတူ လူငယ်လူရွယ်ကလေးတို့ဘဝ ထက်မြက်ထူးချွန်အောင်မြင်လာရေးမှာလည်း မိခင်၏ အားပေးမှု၊ ဖခင်၏ ပံ့ပိုးမှုတို့ အရေးတကြီး လိုအပ်ပါသည်။ ရေမရှိဘဲနှင့် ကြာမပွင့်နိုင်ပါ။
လောကတွင် မိမိကို အကောင်းဆုံးလူသားအဖြစ် မြင်တွေ့လိုသူမှာ မိမိ ၏ မိဘနှစ်ပါးပင် ဖြစ်သည်။ မိဘ၏ မေတ္တာ၊ စေတနာကို သားသမီး တိုင်း ခံယူနားလည်တတ်ရန် အရေးကြီးလှသည်။
တချို့သောမိဘတို့ကား ကြွယ်ဝချမ်းသာကြ၏။ တချို့ သောမိဘ တို့က ဆင်းရဲချို့တဲ့ကြ၏။ တချို့သောမိဘတို့ကား ပညာတတ်ကြီး များ ဖြစ်၏။ တချို့သော မိဘတို့ကား အတန်းပညာမရှိရှာ။ မည်သို့ပင် ဘဝအခြေအနေ ကွဲပြားခြားနားသည်ဖြစ်စေ သားသမီးအပေါ် ထားရှိသော မေတ္တာကား အတူတူပင် ဖြစ်ပါသည်။ အခြေအနေမပေး၍ ပြည့်စုံသော၊ လုံလောက်သော ပံ့ပိုးထောက်ကူမှု မပြုနိုင်ငြား စေတနာကတော့ ရှိကြ သည်ချည်း ဖြစ်သည်။ မိဘက မပေးစွမ်းနိုင်သော၊ မတတ်နိုင်သာနိုင်သော
တောင်းဆိုမှုမျိုးဖြင့် မိဘကို မဖိစီးကြရန်မှာ သားသမီးတိုင်း၏ တာဝန် သိစိတ်ဖြစ်ပါသည်။ မိဘတို့သည် “မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ် သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင်၊ ဖခင်မယ်တို့ တာ”ဟု ဆိုသည့်အတိုင်း မိမိတို့၏ တာဝန်ကို အတတ်နိုင်ဆုံး ကျေပွန် အောင် ထမ်းဆောင်ခဲ့ကြသည်ချည်းပင်။ မိမိ၏ ကိုယ်ကျိုးထက် သားသမီးအကျိုးကို ဦးစားပေးခဲ့ကြသည်ချည်းပင်။ ဘဝပေးအခြေအနေအရ ချွတ်ချော် ခဲ့သည်ဆိုဦး၊ သားသမီးတို့က နားလည်စွာ စာနာသိတတ်ကြရမည် ဖြစ်သည်။ ထို့ကြောင့် “ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ” ဟူ ၍ သားသမီးတို့၏ ဝတ္တရားငါးမျိုးကို ညွှန်းဆိုထားခြင်း ဖြစ်ပါသည်။ မိဘဟူသည် “သားတို့ရုပ်ရည်၊ သီတာမည်သား၊ ရေကြည်ချမ်းမြ၊ တစ် ပေါက်ကျက၊ မိဘတို့ဝမ်း ငြိမ်းစတမ်း” ဟူသည့်အတိုင်း တောင်းဆိုးပလုံး ဆိုးကိုသာ ပစ်ရိုးရှိပြီး သားဆိုးသမီးဆိုးကိုမူ ပစ်ရိုးမရှိသူများ ဖြစ်ပါ သည်။ သို့ဖြစ်ပေရာ မိဘ၏ ချစ်ခြင်းမေတ္တာအပေါ် သားသမီးတို့က အခွင့်အရေးမယူကြရန် လိုပါသည်။
မိဘတို့ သည် စကားကို သင်သည်။ အစားကို သင်သည် ။ ပညာကို သင်စေသည်။ ယဉ်ကျေးအောင် လမ်းညွှန်သည်။ ကျန်းမာအောင်စောင့်ရှောက်သည်။ “ပုခက်လွှဲသောမိခင်၏လက်သည် ကမ္ဘာကို စိုးမိုး နိုင်သည်ဟု ဆိုပါသည်။ မိခင်၏ သွန်သင်ပဲ့ပြင် စောင့်ရှောက်ထောက် ပံ့မှုကြောင့် ကမ္ဘာကျော်ခဲ့ရသည့် ပုဂ္ဂိုလ်များစွာ ရှိပါသည်။ မိခင်၏ ပုံရိပ် သည် သားသမီးတွင် ထင်စမြဲ ဖြစ်သည်။ ဖခင်၏ ခြေရာသည် သား သမီးတို့၏ လမ်းစများပင် ဖြစ်သည်။ မိခင်က အရိပ်ပြခဲ့လျှင် သားသမီး တို့က အကောင်မြင်တတ်ကြရမည်။ ဖခင်က လမ်းပြခဲ့လျှင် သားသမီး တို့က ဖောက်ထွက်သွားတတ်ကြရမည်။ အရာခပ်သိမ်းကိုမူကား နို့သက် ခံနေ၍မဖြစ်၊ လှေကြုံစီးနေ၍ မဖြစ်ပါ။ မိဘက မွေးပေးခဲ့သောဘဝကို မိမိကိုယ်တိုင် ဆက်၍ မွေးမြူတတ်ကြဖို့ လိုပါသည်။
မိဘတို့သည် သားသမီးများ မျက်နှာကို ကမ္ဘာတစ်ခုနှယ် မြတ်နိုး တွယ်တာခဲ့ကြသည်။ သားသမီးမျက်နှာကို စာကလေးဆန်စေ့ကောက် သကဲ့သို့ အမြဲမပြတ် စောင့်ကြပ်ကြည့်ရှုနေတတ်သည်။ သားသမီးမျက်နှာ မညှိုးစေရအောင် အစွမ်းကုန် ဖြည့်ဆည်းကြသည်။ သားသမီးတို့မျက်နှာ မငယ်ရအောင် ရုန်းကန်လှုပ်ရှား ကြိုးစားကြသည်။ ထိုသို့ မိမိတို့၏ မျက်နှာ ကို ပန်းကလေးတစ်ပွင့်ကဲ့သို့ လှပတင့်တယ်စေရန် မွမ်းမံပြင်ဆင်ခြယ် သပေးခဲ့သော မိဘနှစ်ပါး၏ မျက်နှာများကိုလည်း မိမိတို့က ပြန်၍ကြည့် ကြရမည် ဖြစ်သည်။ သားသမီးမကောင်း မိဘခေါင်းဟု ဆိုစကားရှိသည် ဖြစ်ရာ မိမိတို့ကြောင့် မိဘမျက်နှာမပျက်ရအောင်၊ မညှိုးရအောင်၊ မငယ် ရအောင် သားသမီးတို့က ဆင်ခြင်ကြရမည် ဖြစ်သည်။
ငယ်စဉ်ကာလတွင် လက်ဦးဆရာသခင် ဖြစ်ခဲ့ကြသော မိဘနှစ်ပါး ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းအရှက်ရစေရန် မပြုမူဘဲ သားသမီးတို့အတွက် ပီတိဖုံးသော အပျော်မျက်နှာများဖြင့် ဝင့်ကြွားနိုင်စေရန် ကြိုးစားရမည် ဖြစ်သည်။ “ကြွေးဟောင်းကို ဆပ်၍ ကြွေးသစ်ကို ချတတ်ရမည်” မိဘ နှစ်ပါးကို ကျေးဇူးဆပ်လုပ်ကျွေးရင်းဖြင့် ကြွေးဟောင်းကိုဆပ်။ မိမိ၏ သား သမီးကို ပြုစုစောင့်ရှောက်ကျွေးမွေးခြင်းဖြင့် ကြွေးသစ်ကိုချ။
ဤသည်မှာလောကကြီး၏ ဓမ္မတာပင် ဖြစ်သည်။ လူသားတစ်ယောက်၏ တာဝန်ပင် ဖြစ်သည်။ သားသမီးကောင်းဖြစ်ရန် ကြိုးစားရမည်။ သားသမီးကောင်း ရရန် ကြိုးစားရမည်။ ဘဝဟူသည် သံသရာစက်ဝိုင်းကြီးပင် ဖြစ်သည်။