Skip to product information
1 of 4

Other Websites

ဖေမြင့် - စာဖတ်သမား၏မှတ်စုများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

"စာဖတ်သမား၏ မှတ်စုများ” နှင့်စပ်လျဉ်း၍ 

မည်သူမဆို စာဖတ်သည့်အခါ မိမိဖတ်ရှုမိသည်ထဲ၌ အနီးရှိလူတို့ အား လက်ဆင့်ကမ်း ပြန်ပြော ခြင်စရာ အကြောင်းအရာများ တွေ့ရတတ်မြဲဖြစ်ပါသည်။

တစ်ချို့စာက တစ်ပုဒ်လုံး အစအဆုံးပင် ပြန်ပြောချင်စရာ ဖြစ်သည်။

တစ်ချို့က ထုတ်နုတ်ကိုးကား ပြောဆိုစရာ အရေးအသား အချက်အလက်တွေ ပါသည်။

တစ်ချို့လည်း ဟိုတစ်ပုဒ်နှင့် သည်တစ်ပုဒ် ဆက်စပ် နှိုင်းယှဉ် ဝေဖန်ချင်စရာ ဖြစ်သည်။

တစ်ချို့ စာကမူ ၎င်းကိုဖတ်ပြီး မိမိ ဆက်လက် စဉ်းစားဆင်ခြင်မိသည်များကို ပြောပြချင်စရာ ဖြစ်သည်။

ယခု “စာဖတ်သမား၏ မှတ်စုများ” သည်လည်း စာအုပ်စာတမ်းများ ဖတ်ရှုရာမှ တွေ့လာ မြင်လာသည် များကို နဂိုမူလအတိုင်းသော်လည်းကောင်း၊ ထုတ်နုတ် ပေါင်းရုံး၍သော်လည်းကောင်း၊ ဆင့်ပွားခံစားခြင် ဆက်စပ်နှိုင်းယှဉ် ဆင်ခြင်ခြင်းများ ပြု၍သော်လည်း

ကောင်း ရေးသားခဲ့သည့် မှတ်စုများ၊ မှတ်ချက်များ ဖြစ်ပါသည်။

နောက်တစ်ခုပြောလိုသည်မှာ ဤစာစုကို မဂ္ဂဇင်းများ၊ ရသဂျာနယ်များတွင်စတင်ရေးသားစဉ်က အထွေထွေ စာဖတ်သူများ၊ အထူးသဖြင့် လူငယ်လူရွယ်များအတွက် ရည်ရွယ်ခဲ့သည်ဖြစ်ရာ အကြောင်းအရာရော တင်ပြပုံကို ပါ၎င်းတို့နှင့် ဆီလျော်လိုက်ဖက်အောင် ချိန်ဆရွေးချယ် ခဲ့သည့်အချက် ဖြစ်ပါသည်။

ဤစာစုကို ဖတ်ရှု၍ စာဖတ်သူ လူငယ်များ အနေဖြင့် စာပေဝါသနာနှင့်အတူ စိတ်ဓာတ်ခွန်အား၊ ဘဝအသိနှင့် စဉ်းစားဝေဖန်ဉာဏ်များ အတန်အသင့် တိုးပွားနိုင်ကြလိမ့်မည်ဟု မျှော်လင့် ယုံကြည်မိပါသည်။

ဖေမြင့်

(၁)

လူတွေရဲ့ ဘက်လိုက်တတ်တဲ့သဘာဝ

လူတွေမှာ အစွဲကလေးတွေ ရှိတတ်ကြသည်။ အယူအဆစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ စသဖြင့်။ အဲသည်အထဲမှာ အားအကြီးဆုံးက ငါစွဲ။

ကိုယ့်ဘာသာကိုယ်တော့ “မျှမျှတတ မှန်မှန် ကန်ကန် မြင်သည်”ဟု ထင်တတ်ကြသည်။ သို့သော် ပြောရာဆိုရာ လုပ်ကိုင်ရာများမှာ သတိထားပြီးကြည့်လျှင် တစ်ဖက်ဖက်က လိုက်နေမိတာတွေ၊ အစွဲကလေးနဲ့ ဆုံး ဖြတ်မိတာတွေရှိနေတာ တွေ့ရလိမ့်မည်။

လူတွေမှာ ရှိတတ်ကြသည့် အဲသည်သဘောကို Tom Knight ဆိုသောပုဂ္ဂိုလ်ကအခုလိုရေးသည်။

စဉ်းစားကြည့်ရင် ရယ်စရာဗျ။

ဟိုလူ အလုပ်တစ်ခုကို အကြာကြီး အချိန်ယူပြီး လုပ်နေရင် သိပ်နှေးကွေးတဲ့လူလို့ ပြောတယ်။ ကိုယ်ကြာနေရင်တော့ အဲဒါ စေ့စပ်သေချာတာတဲ့။

ကိစ္စတစ်ခု ဟိုလူမလုပ်ရင် ပျင်းတာ။ ကိုယ်မလုပ်တာက အလုပ်များလို့။ ကိစ္စတစ်ခုကိုလုပ်ပါ မပြော ဘဲနဲ့ ဟိုလူထလုပ်ရင် အဲဒီလူ ဘောင်ကျော်တာ။ ကိုယ် လုပ်တာဆိုရင်တော့ အလုပ်လိုမြင်တာ၊ လုပ်သင့်တဲ့ အလုပ်ကို ကိုယ့်ဉာဏ်နဲ့ကိုယ် တီထွင်ကြံဆပြီး လုပ်တတ်တာ။

ဟိုလူက သူ့အယူအဆကို အကြောက်အကန် ပြောနေရင် အဲဒါ တစ်စောက်ကန်း တစ်ယူသန်၊ ကိုယ် ဆိုရင်တော့ သဘောထားပြတ်သားခိုင်မာတာ။

အစဉ်အလာကျင့်ဝတ်စည်းကမ်း တစ်ခုတလေ ဟိုလူချိုးဖောက်ရင် အဲဒီလူယဉ်ကျေးမှု မရှိတာ။ ကိုယ် ဂရုမစိုက်ခဲ့ရင်တော့ ဟာ... မရဘူး၊ ကျွန်တော်က ကိုယ့်ပုံစံနဲ့ကိုယ်ပဲ။ ...တဲ့။

လူအတော်များများပင် အဲသည်အတိုင်းပဲဟု သင် မြင်မိလိမ့်မည်။ သင်ကိုယ်တိုင်ကော ဘယ်လိုရှိပါသလဲ။

[၂]

မတူညီသောရှုထောင့်များနှင့် အမှန်တရား

အရက်သမားတစ်စုအား ပုဂ္ဂိုလ်တစ်ဦးက အရက်ဖြတ်ရေး တရားဟောနေသည်။

သူက အရက်၏ ကြောက်မက်ဖွယ်ကောင်းပုံ ထင်ရှားစေရန်အတွက် လက်တွေ့သရုပ်ပြမှုတစ်ခု ပြု လုပ်သည်။

စားပွဲပေါ်တွင် ဖန်ခွက်နှစ်ခွက် တင်ထားသည်။ နှစ်ခွက်လုံးတွင် ကြည်လင်သော အရည်များ ပြည့်လုနီးပါး လောက်စီ ထည့်ထားသည်။

ဖန်ခွက်နှစ်ခွက်က တစ်ဆင်တည်း၊ တစ်ညီတည်း။

ဟောပြောသူက ဖန်ခွက်တစ်ခွက်ထဲမှာရှိသော အရည်သည် ရေသန့်စစ်စစ်ဖြစ်၍ ကျန်ခွက်တစ်ခွက်၌ လုံးဝရေမရောသည့် အရက်စစ်စစ်တွေ ထည့်ထားကြောင်း၊ ကြေညာသည်။

ထို့နောက် ပိုးကောင်လေးတစ်ကောင်ကို ဖန်ခွက်တစ်ခုထဲသို့ ထည့်လိုက်သည်။

ပိုးကောင်သည် ခွက်ထဲရှိ အရည်တွင် လှည့်လည် ကူးခတ်နေပြီးနောက် ခွက်နံရံမှနေ၍ နှုတ်ခမ်းပေါ် ချိတ်၊ တက်သွားသည်။

ဟောပြောသူက ပိုးကောင်လေးကို အသာအယာ ယူပြီး၊ နောက်ခွက်တစ်ခွက်ရှိ အရည်ထဲသို့ ထည့်လိုက် သည့်အခါ ပိုးကောင်သည် အများမျက်စိရှေ့မှောက်မှာပင် ချက်ချင်း ဇီဝိန်ချုပ်ကာ ရုပ်ဆင်းသဏ္ဌာန်မှာလည်း စောစောက ခွက်တွင် လွတ်လပ်စွာ ကူးခတ်သွားနေခဲ့သည့် အကောင်နှင့် လုံးဝတခြားစီဖြစ်အောင် ပျက်စီးသွားသည်။

သည်ဟာကိုပြသပြီးနောက် တရားဟောသူက “ကဲ... ဒါကိုကြည့်ပြီး ခင်ဗျားတို့ ဘာမြင်သလဲ၊ ဘာ သင်ခန်းစာတွေရသလဲ” ပရိသတ်အား မေးလိုက်သည်။

“ဒါကိုကြည့်ခြင်းအားဖြင့် အရက်မှန်မှန်သောက်ရင် ခန္ဓာကိုယ်မှာ ပိုးမွှားကင်းစင်မယ်လို့ ကျွန်တော်မြင်တယ်”

နောက်ဖက်နားတွင် ထိုင်နေသည့် ပုဂ္ဂိုလ်တစ်ဦးက ရှင်းလင်းပြတ်သားသော လေသံဖြင့် ဖြေသည်။

နောက်နေသည်ဟု ထင်ပါသလား။

တရားဟောသူအား လှမ်းနောက်တာဖြစ်နိုင်သလို၊ သူယုံကြည်တာကို သူပြောခြင်းလည်း ဖြစ်နိုင်သည်။

အနည်းဆုံးတော့၊ ဟာ...သည်လိုလည်း မြင်လို့ ရတာပေါ့ ဗျဟု စောဒကတက်ခြင်း ဖြစ်နိုင်သည်။

ဒါကို သွားငြင်းခုန်မည်ဆိုလျှင် သူ့ဘက်မှချေပ စကားတွေ အဆက်မပြတ် ထွက်လာလိမ့်မည်။ “ခင်ဗျား ပြတဲ့အရ ကျုပ်တို့မြင်ရတာက အရက်ခွက်ထဲကျတဲ့

ကောင်ဟာ သေသွားတယ်လေဗျာ၊ အဲဒီတော့ ဗိုက်ထဲမှာ အရက်ရှိနေရင် အစားအသောက်ထဲ ပိုးကောင်မွှားကောင်ပါသွားလည်း ကိုယ့်အတွက် အန္တရာယ်မရှိဘူးဆိုတဲ့ သဘောပေါ့။ ... ခင်ဗျားပြနိုင်တာက ပိုးကောင်ကို အရက်ထဲထည့်လိုက်ရင် ပိုးကောင်သေတယ်ဆိုတာပဲ ပြနိုင်တာ၊ လူကို အရက်ထဲထည့်လိုက်ရင် လူသေတယ်လို့ပြနိုင်တာမှ မဟုတ်ဘဲ၊ မကျေနပ်ရင် ဖန်ခွက်အကြီးကြီးလုပ် အရက်တွေအပြည့်ထည့်ပြီး ကျုပ်လိုကောင်ကို ချကြည့် ပါလား၊ မသေရုံမက ခွက်ထဲ လှည့်ပတ်ပြီးတောင် ကူးနေဦးမယ်၊ ကူးရင်းသောက်၊ သောက်ရင်းကူး ဟား .. ဟား ...”

ကိုင်း၊ သည်ကိစ္စမှာ သင်ဘယ်နားက ရပ်မည်လဲ။

အရက်ဆန့်ကျင်ရေးသမား၏ သရုပ်ပြဟောပြော ချက်ကတော့ အရက်သမား၏ ချေပချက်ကြောင့် မှန်းချက် နှင့် နှမ်းထွက်မကိုက် ဖြစ်သွားတာ အမှန်ပဲဖြစ်သည်။ သို့သော် သည်အတွက်ကြောင့်ပဲ သူမှားပြီဟု ဆိုနိုင်ပါ မည်လား။

တစ်ဖက်မှာ အရက်သမား၏ အယူအဆကိုကော သင်ဘယ်လောက် ထောက်ခံနိုင်မည်လဲ။

သူ့စကားက ရယ်ရတာ၊ သူ့ဆင်ခြေနှင့်သူဟုတ် သလိုရှိနေတာမှန်သည်။ သို့သော်ဒါနှင့်ပဲ သူ့အယူအဆ ကိုဟုတ်လှပြီဟု သင်ခံယူနိုင်ပါမည်လား။

လူတွေဆိုတာက ကိုယ့်အယူအဆ ကိုယ့်အမြင် ဆိုလျှင် မှန်သည်၊ မျှတသည်၊ အစွဲအလမ်းကင်းသည်။ ကျိုးကြောင်းသင့်မြတ်သည်၊ ဓမ္မဓိဌာန်ကျသည်၊ objective ဖြစ်သည်ဟူ၍ ထင်မှတ်တတ်ကြသည်။ သို့သော်လက်တွေ့တွင် လူတိုင်းလိုပင် အစွဲအနည်းနှင့် အများပါတတ်ကြသည်။ ကိစ္စတစ်ခုကို ကိုယ်သန်ရာ သန်ရာ ရှုထောင့်မှ အကဲဖြတ် သတ်မှတ်တတ်ကြသည်။ တစ်နည်း ဆိုရသော် subjective (ပုဂ္ဂလဓိဋ္ဌာန်)။

လူတွေ၏ သဘောထားအမြင်များ၊ ရှုမြင်သုံးသပ်ချက် ရပ်တည်ချက်များဟူသည် ၎င်းတို့ ဘယ်အရာ တွေကို ဘယ်လောက်တန်ဖိုးထားသည် မထားသည်။ ဘာတွေကို ကောင်းသည် မှန်သည်ဟု မှတ်သားခံယူခဲ့၍ ဘယ်ဟာတွေသည် မကောင်းမမှန်ဟု စွဲလန်းယုံကြည် ထားခဲ့သည်။ သူ့အား ဘယ်ကာလ ဘယ်ဒေသမျိုးမှာ မွေး၍ ဘယ်ပတ်ဝန်းကျင်မျိုးမှာ သူ ဘယ်လိုကြီးပြင်းလာခဲ့သည်ဟူသော အချက်များပေါ်တွင် များစွာ မူတည်

နေတတ်သည်။ စင်စစ် နေရာတကာ ဓမ္မဓိဌာန်ကျကျ(ယထာဘူတ ကျကျ)စဉ်းစားဖြစ်ဖို့သည် လူတစ်ယောက်အတွက် မလွယ်ကူပါ။

သင်ကော အကြောင်းကိစ္စတွေအပေါ် မည်မျှ ဆန္ဒစွဲ အမြင်(ပုဂ္ဂလဓိဌာန်)ကင်းစွာ ရှုမြင်သုံးသပ်လေ့ ရှိပါသလဲ။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)