ဖေမြင့် - ချုံကြားမှဘုံဖျားသို့
အမှာစကား
လူ့ဘဝဟူသည် တိုတောင်းလှ၏ဟု ဆိုသူတွေ ဆိုကြ၏။
မတင်းတိမ်နိုင်သော သဘောဖြင့် ဆိုကြခြင်း ဖြစ်ပါသည်။ စင်စစ် နှစ်ပေါင်း ၇၀၊ ၈၀၊ ၁၀၀ နေရသော သက်တမ်းတစ်ခုသည် မတိုပါသည် ကာလကို ထိရောက်စွာ အသုံးချလျှင် ဘာမဆို ဖြစ်လာနိုင်ပါသည်။
ဘဝကို မည်မျှ နိမ့်ပါးနုံချာသောအခြေအနေမျိုးမှ စတင်ခဲ့ရသည် ဖြစ်ပါစေ၊ ရည်မှန်းချက်ရှိမည်၊ ဉာဏ်အမြော်အမြင် ရှိမည်။ မလျှော့သော ဇွဲလုံ့လ ရှိမည်ဆိုက တစ်သက်တာဘဝအပြီးသတ်ချိန်၌ အမြင့်မားဆုံး ထိပ်ဆုံးနေရာကို ရရှိနိုင်ပါသည်။
သည်လို ရရှိသွားခဲ့သူတွေလည်း သမိုင်းတစ်လျှောက် အမြောက် အမြား ရှိသည်။ အထွတ်အထိပ်သို့ ရောက်ရှိကြသူတွေ၏ အတ္ထုပ္ပတ္တိများ ကို လှန်လှောကြည့်လျှင် “ချုံကြားမှဘုံဖျားသို့”တက်လာနိုင်ခဲ့သူတွေ များ ပြားလှကြောင်း တွေ့ရှိရလိမ့်မည်။
သည်လိုတက်လာနိုင်ခွင့်သည် ပါရမီထူးသူ တချို့သာ ရရှိနိုင်သည့် မဟာအခွင့်အရေး မဟုတ်၊ ဘုံဖျားသို့ တက်လာသော လှေကားသည် အထူးပုဂ္ဂိုလ်များအတွက်သီးသန့် ကန့်သတ်ထားသည့်လှေကားမဟုတ်။ လူတိုင်း တက်နိုင်သည့် လှေကား၊လူတိုင်းအတွက် ဖွင့်ထားသည့် အခွင့်အရေးတံခါးသာဖြစ်သည်။
သင်သည် စီးပွားရေးနယ်ပယ်တွင် အောင်မြင်ကြီးပွားချင်သလား၊ အနုပညာသမားအဖြစ် ထင်ပေါ်ကျော်ကြားချင်သလား၊ လူမှုရေးနယ်ပယ် တွင် လွှမ်းမိုးတွင်ကျယ်ချင်သလား၊ ထူးခြားပြောင်မြောက်သော နိုင်ငံရေး သမားတစ်ယောက်အဖြစ် အထွတ်အထိပ်သို့ ရောက်ချင်ပါသလား။ဘယ်အရာမဆို ဖြစ်လာနိုင်ခွင့် သင့်မှာ ရှိနေသည်။
အရေးကြီးသည်က အထက်တွင်ဆိုခဲ့သည့် ရည်မှန်းချက်၊ ဉာဏ် အမြော်အမြင်နှင့် ဇွဲလုံ့လ ဖြစ်သည်။
ရှေးဦးစွာသင့်ကိုယ်သင်သာမန်အနုညာတဘဝမျှနှင့် မတင်းတိမ် လိုသော ဆန္ဒ ရှိရမည်၊(ဝါ) ပီပြင်ပြောင်မြောက်သော ဘဝတစ်ခု တည် ဆောက်မည် ဟူသော ရည်မှန်းချက် ရှိရမည်။
ဒုတိယ၊ ထိုသို့သောဘဝတစ်ခု အောင်မြင်စွာတည်ဆောက်နိုင်ရေး အတွက် အဆင့်ဆင့် ဆောင်ရွက်သွားစရာလုပ်ငန်းအစီအစဉ်များ စနစ် တကျ ချမှတ်တတ်ရမည်။
တတိယ၊ အမြော်အမြင်ရှိစွာ ချမှတ်ထားသည့် ယင်းလုပ်ငန်း အစီအစဉ်များကို မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ရေရှည် စွဲမြဲစွာ အကောင် အထည် ဖော်ရဲရမည်။သည်အတိုင်းလုပ်နိုင်လျှင် သင်သည် “ပုဂ္ဂိုလ်ထူးတစ်ယောက်မုချ ဖြစ်လာရလိမ့်မည်။
ဤစာအုပ် မူရင်းကို ရေးသားသူ အော့တ် ဝီလျံ (စ) (Arthur Lynch Williams) သည် ကိုယ်တိုင်ပင် ချုံကြားမှ ဘုံဖျားသို့ တက်လာနိုင်ခဲ့သူ ပုဂ္ဂိုလ်ထူး တစ်ဦး ဖြစ်သည်။ သူ တစ်ဦးတည်းသာ တက်သွားသည် မဟုတ်၊ သူနှင့်အတူ စိတ်တူသဘောတူ လူအများကိုပါ ထိပ်ဆုံးတန်းသို့ ခေါ်ဆောင်သွားခဲ့သူ ဖြစ်သည်။
သူ့အကြောင်း အကျဉ်းကလေးပြောပါမည်။
အာတ်ဝီလျံ (စ) သည် မူလက အထက်တန်းကျောင်း ဘောလုံးနည်းပြတစ်ယောက်ဖြစ်သည်။ ထိုအလုပ်တွင် သူထူးချွန်ပါသည်။ သို့သော် ထိုအလုပ်မှ ရသည့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၁၀,၀၀၀ ခန့်သည် သူ့ အတွက်မာတုန်းသာတုန်းသာ လုံလောက်သည်။ မမာရေး မကျန်းရေး ကြုံလျှင် ဒုက္ခရောက်သည်။ သားသမီးများ ပညာရေး၊ မိအိုဖအိုများစောင့် ရှောက်ရေး စသည်တို့ကို တွေးကြည့်လျှင် သူ့ဘ၀သည် ရင်လေးစရာ။
သို့နှင့် ခရီး တစ်ဝက်တစ်ပျက်မှာပင် သူ့ဘဝ လမ်းကြောင်းကို ပြောင်းလဲပစ်ရန် ဝီလျံ(၈)ဆုံးဖြတ်သည်။သူ့မူလဆုံးဖြတ်ချက်က ရိုးစင်း သည်။ ရှင်းသည်။
ငွေကြေးအတွက် တွေးပူစရာမလိုသောဘဝတစ်ခု တည်ဆောက် မည်။ ဒါပဲ။
၁၉၇၇ ခုနှစ်တွင် ဝိလျံ(စ)သည်မိမိနည်းတူ ဘဝရှေ့ရေးစိတ်အေး လိုသူ ၈၅ဦးကို စည်းရုံးစုစည်းကာ အသက်အာမခံကုမ္ပဏီတစ်ခု စတင် ထူထောင်သည်။
၁၉၈၈ ခုနှစ်တွင် ဝီလျံ(၈)သည် ကုဋေကြွယ်သူဌေး ဖြစ်လာသည်။ သူ့လုပ်ဖော်ကိုင်ဘက်တွေ အားလုံးလိုပင် သန်းကြွယ်သူဌေးများ ဖြစ်လာ ကြသည်။ သူ့ကုမ္ပဏီသို့ ဝင်ရောက် ပူးပေါင်းလုပ်ကိုင်ကြသူများထဲတွင် နှစ်စဉ်ဝင်ငွေ ဒေါ်လာသိန်းဂဏန်းရှိသူ ဦးရေကငါးရာကျော်နေပြီ။
မျက်လှည့်ပြလိုက်သလို ပီလျံ(စ) အောင်မြင်ကြီးပွားသွားခြင်းသည် အဘယ်ကြောင့်နည်း။
အောင်မြင်ရေးဆိုင်ရာသဘောတရားများကိုသူ၏ကိုယ်ပိုင်အတွေ့ အကြုံနှင့် ယှဉ်ကာ ယှဉ်ကာ စိတ်ဝင်စား အားတက်ဖွယ် စီစဉ်ရေးသား ထားသည့် ဤစာအုပ်၌ အဖြေကို တွေ့နိုင်သည်။
ဤစာအုပ်တွင် အသားလွတ်မြှောက်ပေးသော စကားများကို ကြားရလိမ့်မည် မဟုတ်။ ကြီးမားသောအခက်အခဲ အဟန့်အတားများကြားမှ ထမြောက်အောင်မြင်အောင် ကြိုးပမ်းခဲ့ကြသည့် ကျားကုတ်ကျားခဲသမား တို့၏ ဇွဲနပ်နှင့် လုပ်ရည်ကိုင်ရည်များကိုသာအားကျအတုယူဖွယ်မြင်တွေ့ ရမည်ဖြစ်သည်။
သင်သည် မည်သည့်နယ်ပယ်၌ အောင်ပွဲခံရန် ရည်မှန်းထားပါသလဲ။
စီးပွားရေး လောကကိုသူ၏ ဘဝတိုက်ပွဲဆင်နွဲအောင်မြင်ရာ စစ်မြေပြင်အဖြစ် ထင်ဟပ်တင်ပြထားသည့် ဝီလျံ (စ)၏ မဟာဗျူဟာ နည်း ဗျူဟာများသည် သင့်အတွက် သင်ရွေးချယ်ထားသော နယ်ပယ်တွင်အောင်ပွဲခံရန် နည်းလမ်းကောင်း အကြံဉာဏ်ကောင်းများအဖြစ် ထိထိ ရောက်ရောက် အထောက်အကူ ပြုပါလိမ့်မည်။
သူ အလေးအနက် ပြောတာ တစ်ခုတော့ ရှိသည်။
ဇွဲနပဲ။
သူကတော့ “အစွမ်းကုန် ́ဆိုသောစကားကို သုံးသည်။
သူ့မူရင်းစာအုပ်အမည်ကပင်“သင့်အစွမ်းရှိသမျှသာသင်လုပ်နိုင်ပါမည်၊ သို့သော် ထိုအစွမ်းရှိသမျှသည်ပင်လုံလောက်ပါသည်'ဟူ၍ ဖြစ်သည်။ဘာလုံလောက်သနည်း။
အထွတ်အထိပ်သို့ ရောက်ရန် လုံလောက်သည်ဟုဆိုခြင်း ဖြစ်ပါသည်။
ဖတ်ကြည့်ပါ။
ပြီးလျှင် လုပ်ကြည့်ပါ။
တိုတောင်းသည်ဆိုသောဘဝကိုပင် ကြီးကျယ်ခမ်းနားအောင်သင် တည်ဆောက်နိုင်ပါလိမ့်မည်။
ဖေမြင့်
အခန်း (၁)
လူတိုင်းအောင်မြင်ကျော်ကြားချင်သည်
လူသည် သူ့ကိုယ်သူ ထင်မြင်ထားသည့်အတိုင်း တကယ်ဖြစ်၏။
(ဂျိမ်းစ်အယ်လင်)
လူတိုင်း အောင်မြင်ကျော်ကြားချင်သည်။ မိမိပတ်ဝန်းကျင်၌ အရေးပါချင်သည်။
ငါသည် “ဘာ'ဖြစ်၏ဟု မိမိဘာသာခံယူထားသည့် အချက်ကို အများ အသိအမှတ်ပြုစေချင်သည်။
ဤသည်မှာ လူ၏သဘာဝ ဖြစ်သည်။ လူတိုင်း လူတိုင်းမှာရှိသည့်စိတ်ဓာတ် ဖြစ်သည်။
ကျွန်တော်တို့သည် လောလောဆယ် မည်သည့်အနေအထား၌ ရှိနေပါစေ၊ မည်သည့်အရပ်မှ လာရောက်ရသူများပဲ ဖြစ်ပါစေ၊ ကျွန်တော်တို့ ရင်ထဲ နှလုံးသားထဲတွင်မူ ကျွန်တော်တို့၏ ထူးခြားမှု၊ သူတစ်ပါးနှင့် ကွဲပြားခြားနားမှု များကို ကျွန်တော်တို့ဘာသာသိနေ မြင်နေ ယုံကြည်နေပေသည်။
လူတိုင်းပင်လျှင် ဤစိတ်ဓာတ် ဤခံစားမှုမျိုးဖြင့် ကြီးပြင်းလာကြသည် ချည်းဖြစ်သည်။ ကလေးဘဝက ကောင်းဘွိုင်လုပ်တမ်း ကစားကြသည့်အခါ ကျွန်တော်တို့ အားလုံးပင် သေနတ်ပစ် လက်အဖြောင့်ဆုံးကောင်းဘွိုင်များ ဖြစ် ခဲ့ကြသည်။
ရုပ်မြင်သံကြားကြည့်သည့် ကလေးတိုင်းပင် အာကာသယာဉ်မှူး ဖြစ်ချင်သည်။ မာရာဒိုနာလို ဘောလုံးသမားဖြစ်ချင်သည်။ ဆရာဝန် ဖြစ်ချင်သည်။ ဘဲလေးက ချေသည် ဖြစ်ချင်သည်။ ရေခဲပြင် စကိတ်အလှစီးပြိုင်ပွဲကို ကြည့်ကာ ရွှေတံဆိပ်ဆုရှင် ရေခဲပြင် စကိတ်စီးသမားဖြစ်ချင်သည်။
ကလေးတိုင်းပင် စိတ်ကူးယဉ်သမားများ ဖြစ်ကြသည်။ သူတို့အတွက်မူ ဖြစ်ချင်တာတွေကို စိတ်ကူးထဲမှာ ဖြစ်ကြည့်ရခြင်းသည် အသက်ရှုသည့်ကိစ္စလို အလိုအလျောက် ဖြစ်နေသည့် အရာတစ်ခု ဖြစ်သည်။
များမကြာမီက အတ္တလန်တာမြို့မှဆရာမတစ်ယောက်သည်ပဉ္စမတန်း မှ သူမ၏ တပည့်လေးများအား ၎င်းတို့၏ အနာဂတ်ရည်မှန်းချက်များကို စာတစ်ရွက်စီပေါ်၌ ရေးသားပေးရန် စေခိုင်း၏။
ကလေးများ ရေးသားဖော်ပြသည့်ရည်မှန်းချက်အချို့မှာဤသို့ဖြစ်သည်။
-အတန်းထဲရှိအငယ်ဆုံးကျောင်းသားလေးသည် အိုလံပစ်ရွှေတံဆိပ်ဆုရှင် ရေကူးချန်ပီယံဖြစ်ရန် ရည်မှန်းထား၏။
-မိန်းကလေးနှစ်ယောက်ကမူ အမေရိကန်ပြည်ထောင်စု၏ သမ္မတဖြစ်လိုသော ဆန္ဒရှိ၏၊ ယင်းအနက် တစ်ဦးမှာ ရှေ့နေ သို့မဟုတ် တရားသူကြီး လုပ်ရန်လည်း ရည်ရွယ်ထား၏။
-အနုပညာအစွမ်းအစ ပြသခဲ့ဖူးသည့် ယောက်ျားလေးတစ်ယောက် ကမူ ရုပ်ရှင်မင်းသားလုပ်ရမည်လား၊ ရော့ခ်တေးဂီတ အဆိုတော် အဖြစ်ကို ရွေးချယ်ရမည်လား ဝေခွဲမရသေးဘဲ ရှိနေ၏။
-ဂျေဆင်အမည်ရှိ လူငယ်လေး၏ ရည်မှန်းချက်များကိုတော့ ကျွန်တော် သဘောအကျဆုံး ဖြစ်၏။ သူက အက်ဖ်-၁၄ ဂျက်လေယာဉ် ပိုင်းလော့ ဖြစ်ချင် ဖြစ်၊ ဒါမှမဟုတ် အာကာသယာဉ်မှူး ဖြစ်ချင် သည်။ ထို့ပြင် အမေရိကန်တွင် လူကြိုက်များလှသည့် နာမည်ကြီး ရပ်ဂဘီ ဘောလုံးအသင်းတစ်ခုဖြစ်သည့် ဒါးလက်စ်ကောင်းဘွိုင် အသင်းတွင် အသင်းခေါင်းဆောင် ဖြစ်ချင်သည်။ ဆူပါဘေးလ် ပြိုင်ပွဲ ကြီးတွင် နှစ်စဉ် ပါဝင်ယှဉ်ပြိုင်ခွင့် ရပြီး နှစ်စဉ်ဗိုလ်စွဲချင်သည်။ ထို့ ပြင် အထူးချွန်ဆုံး အားကစားသမားဆုကိုလည်း သူက နှစ်တိုင်းရချင်သေးသည်။
သူတို့လေးတွေသည် သိပ်ထူးခြားနေသူလေးများ မဟုတ်ကြပါ။ ကလေးပီပီသသ မူမှန်စိတ်သဘာဝ ရှိကြသူများသာ ဖြစ်ပါသည်။ ကလေးတိုင်း၏ စိတ်ထဲတွင် ငါကြီးလာတဲ့အခါ ဟူ၍ စိတ်ကူးရည်မှန်းထားတာလေးတွေ ကိုယ်စီကိုယ်မှ ရှိကြသည်။ ငယ်ရွယ်သေးသည့်ကာလ သူတို့၏ စိတ်ထဲတွင် သူတို့နှင့် သူတို့စိတ်ကူးယဉ်အိပ်မက်များအကြား အခက်အခဲ အတားအဆီးတွေ ရှိလာ လိမ့်မည်ဟူသော အတွေးမျိုး ပေါ်လာလေ့ မရှိခဲ့။
သူတို့စိတ်ကူးထဲတွင် ဖြစ်နိုင်သည့်အရာများနှင့် ရှေ့အလားအလာများ သာ ပြည့်နှက်လျက်ရှိသည်။ သူတို့သည် တာဝန်ဆိုတာ ဘာမှန်းမသိကြသေး။ လူ့ဘဝဆိုတာကိုလည်းကောင်း၊ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းဆိုတာကိုလည်းကောင်း ဘာမှန်း မသိကြသေး။ သူတို့ခေါင်းထဲတွင် ဘယ်သူတွေက ဘာပြော ကြမလဲ၊ဘယ်လိုတွေ ထင်မြင်ကြမလဲဆိုတာတွေ မတွေးတတ်ကြသေး။
သူတို့၏ စိတ်များသည် သူတို့ရင်ထဲက ထွက်ပေါ်လာသည့် အကြီးမား ဆုံး အိပ်မက်များကို အနှောင့်အယှက် အဟန့်အတားမရှိ မက်နိုင်လောက်အောင် လွတ်လပ်နေကြဆဲ ဖြစ်သည်။ အခက်အခဲဆိုတာ သူတို့နားမလည်၊ သူတို့အလို ဆန္ဒကိုသာ သူတို့ သိကြသည်။ အနာဂတ်ကို လှမ်းမျှော်ကြည့်လိုက်သည့်အခါ ၌ သူတို့အတွက် တံခါးပေါက်ကြီး ဟင်းလင်းပွင့်လျက်ရှိသည်ဟု မြင်ကြသည်။
သည်လိုမြင်ခြင်းကလည်း အံ့သြစရာတော့ မရှိ။ သူတို့နံဘေးတွင်သူတို့ ကို ကန့်ကွက်မည့်သူ မရှိ၊ အားပေးသူ ထောက်ခံသူ အပြုသဘော ပြောဆိုသူများ သာ ဝန်းရံလျက် ရှိ၏။ သားလေးက သိပ်တော်တာ၊ သမီးက သိပ်လိမ္မာတာ၊ သားက ကြီးလာရင် ဆရာဝန်ကြီးဖြစ်မှာ၊ သမီးကြီးလာရင်ဘာလုပ်မလဲ၊ ဆရာ ဝန်မကြီးလား၊ ရှေ့နေမကြီးလား၊ ဒါမှမဟုတ် အဆိုတော်လား၊ ရုပ်ရှင်မင်းသမီး လား စသည်ဖြင့် ချီးမွမ်းစကားဆိုကြ ထောက်ခံအားပေးကြမည့် မိဘများ ဦး လေးများ အဒေါ်များ စသည်တို့သာ ဝန်းရံလျက် ရှိကြသည်။
သည်အခါကမူ သူတို့အဖို့ မိမိတို့ကိုယ်ကို တစ်လောကလုံး၏ အထွတ် အထိပ်သဖွယ် ယုံကြည်ခံစားခဲ့ကြရမည် ဖြစ်ပေသည်။