ဖိုးအောင်လေး - ရာဇဝင်ထဲကဖျာပုံ၊ဖျာပုံထဲကသမိုင်း
ဖျာပုံမြို့နယ်သည် မြန်မာနိုင်ငံ၏ တောင်ဘက်ကျသော ဧရာဝတီ တိုင်းဒေသကြီးအတွင်း တည်ရှိပြီး နယ်နိမိတ်အနေဖြင့် အရှေ့ဘက်တွင် ဖျာပုံမြစ်၊ အနောက်ဘက်တွင် ဘိုကလေးမြို့နယ်၊ တောင်ဘက်တွင်မုတ္တမ ပင်လယ်ကွေ့၊ မြောက်ဘက်တွင် ကျုံတာမြစ်တို့ဖြင့် သတ်မှတ်ထားကာ၊ အရှေ့ဘက်တွင် ဖျာပုံမြစ်ခြားနေသော ဒေးဒရဲမြို့နယ်၊ မြောက်ဘက်တွင် ကျုံတာမြစ်ခြားနေသော ကျိုက်လတ်မြို့နယ်နှင့် အနောက်ဘက်တွင် ဘိုကလေးမြို့နယ်တို့ဖြင့် ပါဝင်ဖွဲ့စည်းထားသော ခရိုင်မြို့တစ်မြို့ ဖြစ်ပါ သည်။
ဖျာပုံမြို့နယ်သည် မြန်မာပြည်မြေပုံအရ အရှေ့လောင်ဂျီတွဒ် (၉၅° ၃၀) မှ (၉၅° ၄၅) အကြားနှင့် မြောက်လတ္တီတွဒ် (၁၅° ၃၀) မှ (၁၆° ၃၅) အကြား။ ဖျာပုံမြစ်နှင့် အခြားချောင်းကြီးချောင်းငယ်များဆုံရာ အရပ်၌ အကျယ်အဝန်အားဖြင့် အရှေ့မှအနောက်သို့ (၁၃.၀၆၈) မိုင်၊တောင်မှမြောက်သို့ (၂၈၈၉၇၇) မိုင်၊ ဧရိယာစတုရန်းမိုင် (၅၈၇.၃၃) မိုင်၊ (၃၇၅၈၉၀) ဧက ကျယ်ဝန်းပါသည်။
ဖျာပုံမြို့သည် မြစ်ဝကျွန်းပေါ်ဒေသသို့ စီးဝင်လာသော ဧရာဝတီမြစ် ၏ မြစ်လက်တက်တစ်ခုဖြစ်သည့် ဖျာပုံမြစ်ကို မျက်နှာမူ၍ မြောက်ဘက်တွင် ချောင်းတွင်းကျေးရွာ၊ အနောက်ဘက်တွင် အပြောင်ကျေးရွာ၊ တောင်ဘက်တွင် အောက်ကွင်းကြီးကျေးရွာစသော နယ်နိမိတ်လေးရပ်အတွင်း၌ တည်ရှိ ပြီး အရှေ့မှအနောက်သို့ (၁၀) မိုင်၊ တောင်မှမြောက်သို့ (၃.၅) မိုင်၊ ဧရိယာစတုရန်းမိုင် (၄.၅) မိုင်ကျယ်ဝန်းပါသည်။
ဖျာပုံမြို့နယ်သည် ပူအိုက်စွတ်စိုသောရာသီဥတုရှိပြီး မိုးရေချိန် အနည်းဆုံး (၈၄) လက်မနှင့် အများဆုံး (၁၀၅) လက်မ။ အပူချိန်အနည်း ဆုံး (၁၈ C) နှင့် အများဆုံး (၃၉°C) ရှိပါသည်။ ပူအိုက်စွတ်စိုသော်လည်း ပင်လယ်နှင့် နီးကပ်စွာ တည်ရှိသောကြောင့် အပူအအေးမျှတပါသည်။ ပင်လယ်နှင့် (၁၂) မိုင်ကွာဝေးပါသည်။ မြေမျက်နှာပြင်မှာ ညီညွတ်ပြေပြစ်ပါ သည်။ ပင်လယ်ရေမျက်နှာပြင်အထက် (၉.၃၅) ပေ မြင့်ပါသည်။
မွန်အမည်ဝေါဟာရ ဖျာပုံ
ဖျာပုံမြို့သည် ရှေးမွန်လူမျိုးတို့နေထိုင်ရာ ဒေသဖြစ်ပါသည်။ “ဖျာပုံ” ဟူသော ဝေါဟာရသည် မြန်မာဝေါဟာရစကားမဟုတ်ဘဲ “ဖျာပုင်” ဟူသော မွန်ဘာသာစကားမှ ဆင်းသက်လာပြီး မြန်မာဝေါဟာရအားဖြင့် “ဖာ” ဆိုသည်မှာ “ဈေး”ဟု အဓိပ္ပာယ်ရကာ “ပင်” ဆိုသည်မှာ “ထမင်း” ဟု အဓိပ္ပာယ် ရပါသည်။ ထို့ကြောင့် ဖျာပုံဟူသည် “ထမင်းဈေး” ဟု အဓိပ္ပာယ်ရပါသည်။
မြို့၏တည်နေရာဒေသသည် ဖျာပုံမြစ်နှင့်အခြားချောင်းကြီးချောင်း ငယ်များဆုံရာ၌ တည်ရှိပါသည်။ ထို့ကြောင့် ရှေးအခါက ဖျာပုံမြို့ဖြစ်တည် လာမည့်နေရာ၌ မြစ်ရိုး၊ ချောင်းရိုး၏ အတွင်းပိုင်း အထက်ပိုင်းသို့ သွားရောက်လိုသဖြင့် လှေကြီးလှေငယ်တို့ဖြင့် လာရောက်ကြသော ခရီးသွား တို့သည် အနောက်ဘက်သို့စီးဝင်သောချောင်းဝတွင် ရေကျချိန်နှင့် ကြုံဆုံမိ သည့်အခါ ရေစောင့်ကြရပါသည်။ ထိုနေရာသည် ခရီးသွားများ ရေစောင့်ရင်း ထမင်းချက်ပြုတ်စားသောက်ကြရသော စခန်းဖြစ်၍ မွန်ဘာသာဖြင့် “ထမင်း ဈေး” ဟု ဥပစာတင်စားခေါ်ဝေါ်ကြခြင်း ဖြစ်ပါသည်။ ထမင်းရောင်းသော ဆိုင်လည်း မဟုတ်၊ ထမင်းဈေးလည်း မဟုတ်ပါ။ ရှေးမွန်လူမျိုးတို့သည် ထမင်းရောင်းသည့်ထုံးစံမရှိဟု သိရပါသည်။ ခရီးသွားများ၊ ဈေးသည်များ ခရီးတစ်ထောက်နားကြသည့် ချောင်းဝစခန်းမှ ဖျာပုံရွာ၊ ဖျာပုံမြို့ဟူ၍ တဖြည်းဖြည်းတိုးတက်လာခြင်း ဖြစ်ပါသည်။ ယင်းမူလခရီးတစ်ထောက်နားရာ ချောင်းဝစခန်းနေရာသည် ယခုကာလ “အပြောင်ကျေးရွာ” တည်နေသော နေရာဖြစ်ပါသည်။
၁၆ ရာစုခေတ်ဦး အကြိုသမိုင်းကာလ ဖျာပုံ ဖျာပုံဖြစ်လာမည့်ဒေသသည် မြန်မာဘုရင် တောင်ငူမင်းဆက် တပင် ရွှေထီးမင်းခေတ်အထိ မထင်ရှားလှသော ဒေသတစ်ခုမျှသာ ဖြစ်ပါသည်။ ထိုအချိန်က အောက်မြန်မာပြည် ရာမညတိုင်း၊ မွန်သုံးရပ်တွင်ပါဝင်သော ဒေသဖြစ်ခဲ့၍ ခရိုင်အတွင်း မြို့ရွာများစွာတို့၏အမည်များသည် မွန်အမည် များဖြစ်ကြပါသည်။ မွန်လူမျိုးတို့ အများဆုံးနေထိုင်ကြရာ ဒေသလည်း ဖြစ်ပါသည်။
မြန်မာသက္ကရာဇ် (၈၉၂) ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၆ ရာစု (၁၅၃၀) ပြည့်နှစ်၊ တောင်ငူမင်းဆက်၊ တပင်ရွှေထီးမင်းနန်းတက်ကာလတွင် မွန် လူမျိုးတို့၏ အောက်မြန်မာပြည် ရာမညတိုင်း ဟံသာဝတီကို မြန်မာနှစ် (၈၉၇) ခရစ်နှစ် (၁၅၃၅) ၌ ချီတက်တိုက်ခိုက်သိမ်းပိုက်သည့် အရေးတော်ပုံ အချိန်အခါလောက်မှစ၍ ဖျာပုံအမည်ခံမြစ်ကမ်းဆိပ်ချောင်းရှေ့၌ တစ်စ တစ်စ ကျွန်းနုမြေပေါ်လာခဲ့ပါသည်။ အနောက်ဘက်မှ အရှေ့ဘက်သို့ တဖြည်းဖြည်းပေါ်လာသည့် ကျွန်းနုမြေပေါ်တွင် လယ်လုပ်ယာခုတ်ကြသော မွန်လူမျိုးတို့အနည်းငယ် နေထိုင်လာသည်မှ ကျွန်းနုမြေကျယ်ဝန်းသလောက် အိမ်ခြေတိုးပွားလာခဲ့ပါသည်။
ထိုသို့ ကာလအတော်ကြာ နေထိုင်လာကြရာမှ “ရွာ” ဟူ၍ခေါ်ရ လောက်အောင် အိမ်ရာစည်ကားလာသော်လည်း “ရွာ” ဟူသော အမှတ်နှင့် အုပ်ချုပ်သောမင်း၊ အစိုးရတို့က အသိအမှတ် မပြုကြရသေးပါ။ အိမ်ခြေ စုမျှလောက်သာ ရှိပါသေးသည်။ မထင်ရှားသေးသော ဒေသတစ်ခုမျှသာ ဖြစ်ပါသည်။ ထိုကာလကို “ဖျာပုံရွာ” ဟူ၍ပင် စတင်တည်ထောင်နိုင်ခြင်းမရှိ သေးသည့် မှတ်တမ်းမရှိသော “အကြိုသမိုင်း” ကာလဟု ခေါ်ရပါမည်။
ရာဇဝင်ထဲက အစပထမ ဖျာပုံ
တွင်းသင်းတိုက်ဝန် မဟာစည်သူ ဦးထွန်းညိုရေးသားပြုစုသော “မဟာရာဇဝင်သစ် (တောင်ငူခေတ်)” ပေမူတွင် မွန်တို့ဌာနေ ပဲကူး (ပဲခူး) ကို တပင်ရွှေထီးမင်းနှင့် ဘုရင့်နောင်ကျော်ထင်နော်ရထာတို့ စစ်ချီတက် တိုက်ခိုက်သည့်နှစ်ကို မြန်မာနှစ် (၈၉၇)၊ ခရစ်နှစ် (၁၅၃၅) ဟု ဖော်ပြပါ သည်။ ထိုအချိန်လောက်တွင် စစ်ပြေးမွန်ဘုရင်တစ်ပါးဖြစ်သည့် ဟံသာဝတီ မွန်မင်းဆက် (၁၁) ဆက်မြောက်ဖြစ်သော သုရှင်တကာရွတ်ပိ၏ မိဖုရားကြီး တလဗရော်သမီး (တလ-ဗြဲဆွီ) သည် ဖျာပုံနယ်ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ပါသည်။
မိဖုရားကြီးသည် ဖျာပုံအရှေ့ဘက်ကမ်း (ယခု ဒေးဒရဲမြို့နယ်) မရမ်း ကုန်းနေရာတွင် စခန်းပြု၍ ပုန်းအောင်းနေစဉ် မြန်မာနှစ် (၈၉၉) ခရစ်နှစ် (၁၅၃၇) ၌ မရမ်းကုန်းတွင် “ကျိုက်ဟန်ပရော်” (အသက်ကယ်ဘုရား) ဟု အမည်ရသော “မရမ်းဘုရား” ကို တည်ထားကိုးကွယ်ခဲ့ပါသည်။
သက်လွတ်ချမ်းသာ စေတီတော်တည်ရာ ဖျာပုံ “မရမ်းဘုရား” (ကျိုက်ဟန်ပရော်) တည်ထားကိုးကွယ်သောခုနှစ်တွင် ပဲခူးကို တပင်ရွှေထီးမင်းသိမ်းပိုက်မိသဖြင့် ဖျာပုံအရှေ့ဘက်ကမ်း မရမ်းကုန်း နေရာတွင် စခန်းပြု၍ ပုန်းအောင်းနေသော မွန်မိဖုရားကြီးသည် ဖျာပုံမြစ်ကို ဖြတ်ကူးခဲ့ပြီး နေရာသစ်ပြောင်းယူခဲ့ပါသည်။
ဖျာပုံဘက်ကမ်းအရောက်တွင် မိဖုရားကြီးသည် ဖျာပုံမြစ်ကမ်းထိပ် အငူတွင် “ကျိုက်ဂချွမ် (ကျိုက္ကမွမ်)”(သက်လွတ်ချမ်းသာ) အမည်ရှိ စေတီတော်ကို တည်ထားကိုးကွယ်ခဲ့သည်ဟု ပုံနှိပ်ထုတ်ဝေခြင်းမပြုရသေးသော ဖျာပုံရာဇဝင်မှတ်တမ်း လက်ရေးစာမူတွင် မှတ်တမ်းတင်ထားပါသည်။
ယခုအခါ ဖျာပုံမြို့၏ အထင်ကရ သမိုင်းဝင်စေတီတစ်ဆူဖြစ်သော လိပ်ဥကုန်း ကျိုက္ကမွမ်သက်လွတ်ချမ်းသာစေတီတော်မြတ်သည် ဖော်ပြပါ သမိုင်းအထောက်အထားများအရ မြန်မာနှစ် (၉ဝဝ)၊ ခရစ်နှစ် (၁၅၃၈) ဝန်းကျင်တွင် ဖျာပုံ၌ ပထမဆုံး တည်ထားကိုးကွယ်ခဲ့သော စေတီတော်ဖြစ် သည်ဟု ဆိုရပါမည်။