Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ဖိုးကျော့ - အောင်ပွဲသို့ချီရာ၀ယ်

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out
အောင်ပွဲသို့ချီရာဝယ်
(၁)

                    လက်ဝှေ့ကျော်တစ်ယောက်၏ ဘယ်ဝိုက်၊ ညာဝိုက် လက်သီး ထက်ပင် လျင်မြန်ဖျတ်လတ်လွန်းလှသော “မိပို” ၏နှာမောင်းလွဲခတ်မှု အရှိန်ကိုကြည့်၍ ကျွန်တော် စိတ်မောနေမိ၏။ အလွန်လိမ္မာယဉ်ပါးလှ သည်ဟုဆိုသော ဆင်မယဉ်သာတစ်ကောင်၏ ကိုယ်ပေါ်သို့ ပုခက်တင် ရန်ပင် ဤမျှခက်နေပါက ယခုဆိုလျှင် ဘယ်တော၊ ဘယ်တောင်၊ ဘယ်နေရာဒေသ၌ပင် ရှိနေကြလိမ့်မည်ဟု အတိအကျမသိရသေးသောတောဆင်ရိုင်းများကို ကျုံးသွင်းထောင်ဖမ်းရန်ဆိုသောအလုပ်မှာ စိတ်ကူး ယဉ်အိပ်မက်မက်နေကြခြင်းနှင့်ပင် တူနေကြလေပြီလားဟုတွေး၍ ကျွန်တော် ပထမဦးဆုံးစိတ်ပျက်မိခြင်း ဖြစ်လေသည်။ ထို့ကြောင့်လည်း ဦးလေး တင်အောင်တို့နှင့် ရခိုင်ရိုးမထဲသို့ ဆင်ဖမ်းလိုက်သွားပါရစေဟု ကျွန်တော်က ပြောသောအခါ ... ။

           “မဖြစ်ပါဘူးတင်အောင်ရာ... ဒီခါးလက်မလောက်နဲ့ မိန်းမလျာ လိုကောင်ကို ဆင်ဖမ်းရာမှာ မင်းကဘယ်လိုအသုံးချမလဲကွ ဒီကောင်က ဘယ်လူပြောပြော ခဏတော့ဒီလိုပဲ၊ ဟိုစပ်စပ် ဒီစပ်စပ် လုပ်တတ် တယ်။ ငါ့သားအကြောင်း ငါသိတာပေါ့ ။ ရခိုင်ရိုးမထဲရောက်ပြီး တစ်ရက်ကြာရင် ဒီကောင်စိတ်ပျက်ပြီး ပြန်ပြေးလာလို့ ငါအစုထည့် ထားတဲ့ငွေပါ ဆုံးနေဦးမယ်ကွ”ဟု အဖေက ဦးလေးတင်အောင်ကို ပြောသည်။

              “ဟေ့ကောင် ... ဖြစ်ပါ့မလား၊ ရိုးမထဲရောက်ပြီးမှ မင်းစိတ် ပျက်လို့ ပြန်ပြေးလာရင်တော့ အစုထည့်ထားတဲ့ငွေတွေဟာ တစ်ပြားမှ ပြန်ရမှာမဟုတ်ဘူးနော်၊ မင်းစဉ်းစားပြီးမှပြော”

           ဦးလေးတင်အောင်က အဖေ့ရှေ့၌ပင် ကျွန်တော့်ကို သေချာအောင် စစ်မေး၏။ “စိတ်ချပါဦးလေးရာ... ကျွန်တော့်စိတ်ကို ကျွန်တော် နိုင်ပါတယ်”

           ကျွန်တော်က တည်တည်ကြည်ကြည် ပြောသောအခါ ဦးလေး တင်အောင်က ဘယ့်နှယ်လဲ” ဟူသောသဘောဖြင့် အဖေ့မျက်နှာကို လှမ်းကြည့်သည်။

           တောဆင်ရိုင်းများကို ကျုံးသွင်း၍ဖမ်းယူရန်ဆိုသောအလုပ်မှာ စင်စစ်သော် အသက်ဘေးနှင့် အလွန်နီးကပ်သော အလုပ်ဖြစ်သည်။ ထို့ကြောင့် ဆင်ဖမ်းသမားတို့မည်သည် အားခွန်ဗလပြည့်စုံရ၏။ ရဲရင့် ဖျတ်လတ်ရ၏။ တောဆင်ရိုင်းများ၏အထာကို သိတတ်ရ၏။ ဆင်းရဲ ဒုက္ခခံနိုင်ရည်ရှိရ၏။ ဇွဲ လုံ့လ ဝီရိယရှိရ၏။ တောထဲတောင်ထဲတွင် အတွေ့အကြုံကလည်း ရင့်သန်ရ၏။ ပြီးတော့ များသောအားဖြင့် ဆင်ဖမ်းသမားများမှာ အသက်နှစ်ဆယ်ကျော်၊ သုံးဆယ်နှင့် လေးဆယ် နီးပါး အရွယ်ကောင်းများသာ ဖြစ်ကြလေသည်။

           ကျွန်တော့်မှာကား ယခုမှ အသက်ဆယ့်ရှစ်နှစ်ကျော်သာ ရှိသေး သဖြင့် အင်္ဂလိပ်ခေတ်တုန်းကဆိုလျှင် အသက်နှစ်ဆယ်မပြည့်သူကိုဆင်ဖမ်းသောအဖွဲ့တွင် ပါဝင်ခွင့်မရှိစေရဟုပင် ဆိုလေသည်။ ထို့ကြောင့် လည်း ဦးလေးတင်အောင်က အဖေ၏ ခွင့်ပြုချက်နှင့် ကျွန်တော်၏ စိတ် ခိုင်၊ မခိုင်ကို အဖေ့ရှေ့၌ မေးခြင်းဖြစ်လေသည်။

           ရိုးမထဲ၌ တောဆင်ရိုင်းများကိုကျုံးသွင်း၍ ဖမ်းရသောအလုပ်မှာ လူပင်ပန်းရုံတွင်မက ငွေကုန်ကြေးကျလည်း အလွန်များသော အလုပ် ဖြစ်၏။ ထို့ကြောင့် ငွေကြေးချမ်းသာသူများက ငွေစိုက်ထုတ်ပေး၍ ငွေရှင်ကြေးရှင်တို့နှင့်ပေါင်း၍ လုပ်ရသောအလုပ်ဖြစ်သည်။ ငွေစိုက် ထုတ်ပေးရသော ငွေရှင်ကြေးရှင်တို့မှာ ထိုနှစ်အတွင်း ဆင်ဖမ်း၍မမိလျှင် ငွေကြေးဆုံးရှုံးကြရမည်ဖြစ်သလို ဆင်ဖမ်းသမားများမှာလည်း ပင်ပန်း ဆင်းရဲခြင်းသာ အမြတ်ရကြပေမည်။

           ၎င်းပြင် ဆင်ဖမ်းသူများသည် ရိုးမထဲ၌ ဆင်နင်း၍သေလေမည် လား၊ ကျားကုတ်၍သေလေမည်လား၊ ငှက်ဖျားမိ၍သေလေမည်လား နှင့် အိမ်၌ကျန်ရှိရစ်ကြသော သားမယား မိဘဆွေမျိုးလုပ်သူတွေမှာ ဆင်ဖမ်းသမားများ ရိုးမထဲ၌ တောဆင်ရိုင်းများကို ဖမ်းမိထားပြီဆိုသော သတင်းကို မကြားရမချင်း စိတ်တထင့်ထင့်နှင့် သုံးလေးလ ရင်မောနေ ကြရသော အလုပ်ဖြစ်လေသည်။ ထို့ကြောင့်လည်း ယခုအခါတွင် ကချင် ပြည်နယ်၊ မြစ်ကြီးနား၊ နမ္မတီး စသည့်အရပ်တို့မှ ဆင်ဖမ်းသမားများ သည် ငွေကုန်ကြေးကျများသလို အသက်ဘေးနှင့်လည်းနီး၍ လူများများ နှင့်ဆင်ရိုင်းများကို ကျုံးသွင်းဖမ်းရသော ဆင်ဖမ်းအလုပ်ကို မလုပ်ကြတော့ဘဲ ငွေကုန်ကြေးကျနည်းသော၊ လူများများလည်းမလိုသော ဆင်မ ယဉ်သာတစ်ကောင်နှင့် တည်ဖူးသော ဆင်ဖမ်းအလုပ်ကို လုပ်နေကြ လေပြီဖြစ်သည်။

           ဆင်မယဉ်သာတစ်ကောင်နှင့် တောဆင်ရိုင်းများကို တစ်ကောင်ချင်း တည်၍ဖမ်းသောနည်းမှာ ကျွမ်းကျင်လိမ္မာသော ဆင်ဦးစီးတစ်ယောက်၊ပဲ့ချိတ်တစ်ယောက်၊ ဆင်မယဉ်သာတစ်ကောင်၊ မတော်တဆအန္တရာယ် ဖြစ်လျှင်ကူရန် စွယ်ပြောင်တစ်ကောင်နှင့် ဦးစီးတစ်ယောက်၊ ပီလောလျှော်ကြိုး အပင် ၂ဝ လောက်ဆိုလျှင် ဆင်ဖမ်းဖြစ်သည်။ ထိုနည်းမှာ ဆင်များကို အုပ်လိုက်ကျုံးသွင်း၍ ဖမ်းသောနည်းမဟုတ်ဘဲ တစ်ကောင် ချင်း ကြိုးကွင်းထောင် တည်ဖမ်းသောနည်းဖြစ်သဖြင့် အန္တရာယ်သိပ် မများလှပေ။ ကျုံးသွင်း၍အုပ်လိုက်ဖမ်းသော ဆင်ဖမ်းနည်းလိုလည်း အကြီး အငယ်၊ အထီး အမတို့ကို မျိုးစုံအောင်မရဘဲ ဆင်ပေါက် တစ်ကောင်ကိုသာ ရလေသည်။ ထိုနည်းသည် ယခု ၁ဝ နှစ်အတွင်းမှာ သာ ပေါ်ပေါက်လာသောနည်းမို့ ရခိုင်ပြည်နယ်ရှိ ကျွန်တော်တို့ဆင်ဖမ်း သမားများသည် ထိုစဉ်က ငွေကုန်ကြေးကျအလွန်များသလို လူများများ နှင့် ပင်ပန်းဆင်းရဲခံရသော ရှေ့ပဝေသဏီက ဆင်ဖမ်းနည်းအတိုင်းသာ သမားရိုးကျ တောဆင်ရိုင်းများကို ကျုံးသွင်းဖမ်းထောင်ခဲ့ကြရလေသည်။

           အဖေက လူကောင်သေးသလို အသက်အရွယ်ကလည်း ငယ်သေး၍ တောတောင်သဘာဝနှင့် တောဆင်ရိုင်းများ၏ အထာကိုလည်း လုံးဝ မသိသေးသော ကျွန်တော့်အား ရခိုင်ရိုးမထဲသို့ ဝါရင့်ဆင်ဖမ်းသမား တွေနှင့်ဆင်ဖမ်းလိုက်မသွားပါရန် တားသေးသည်။ ကျွန်တော့်ကိုတား ၍မရသောအခါ ခွင့်ပြုလိုက်၏။ ညီအရင်းဖြစ်သူ ဦးလေးတင်အောင်ကို လည်း အစစအရာရာစောင့်ရှောက်ရန် မှာလိုက်သေး၏ ။ အဖေမှာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သဖြင့် ဆင်ဖမ်းသောအလုပ်ကို မလုပ် တော့ပေ။

           အဖေ၏ခွင့်ပြုချက်နှင့် ဝါသနာအလျောက် ကျွန်တော်သည် ဦးလေးတင်အောင်တို့နှင့် ရခိုင်ရိုးမထဲသို့ တောဆင်ရိုင်းများကို ကျုံးသွင်း ထောင်ဖမ်းရန် လိုက်လာခဲ့လေသည်။ ဆင်မ “မိ” ကို ပုခက်တင်နိုင်ရန် လူသုံးလေးယောက်က ဝိုင်းဝန်း၍ ကြိုးစားနေကြသည်။ ဤဆင်မမှာ မဲ့ရွာက ကိုအတော်၏ဆင်မ ဖြစ်သည်။ ကိုအထော်နှင့် ကျွန်တော်တို့ဆင်ဖမ်းအဖွဲ့တွင် ဦးစီးခေါင်း ဆောင်ဖြစ်သူ ဦးဘခင်၊ လက်ထောက်များဖြစ်ကြသော ဦးလေးတင် အောင်၊ ချင်းအမျိုးသားကြီး နီကို၊ ရွှေကျော် စသည့် လူသုံးလေးယောက် က မိပိုကို ပုခက်တင်ရန် ကြိုးစားနေကြသည်။ နံသိုင်းကြိုး၊ ရင်တား ကြိုး၊ ကျော်ထူပြား စသည်တို့ကို ရစ်သိုင်းခင်းကျင်းထားနိုင်ပြီး ဖြစ်သော် လည်း ပုခက်စင်သစ် ဒေါက်တင်ရန်လုပ်တိုင်း မိပိုသည် သူမ၏သွယ်ပြောင်းသောနှာမောင်းနှင့် တဖြောင်းဖြောင်းပုတ်ခတ်ချ၍ လူအကပ်မခံ ဖြစ်နေသည်။ ( မိပို၏နှာမောင်းလှုပ်ခတ်မှုအရှိန်သည် လက်ဝှေ့ကျော်တစ်ယောက် ၏ ဘယ်ဝိုက် ညာဝိုက် လက်သီးချက်ထက်ပင် လျင်မြန်ဖျတ်လတ် လွန်းလှသည်ဟု ကျွန်တော့်စိတ်ထဲက ထင်နေမိသည်။ ထို့ကြောင့်လည်း ဤဆင်မနှင့် ဤလူတွေကိုကြည့်၍ ကျွန်တော်က စိတ်မောနေမိခြင်း ဖြစ်သည်။ ပို၍အကျပ်အတည်းတွေ့ရသည်မှာ ပုခက်တင်ရန် ပုခက်စင် မရှိသဖြင့်ဖြစ်သည်။ အမှန်မှာ ဆင်တစ်ကောင်ကို ပုခက်တင်ရန်ဆို သည်မှာ ပုခက်စင်အသင့်ရှိရမည်။ ယခုဤနေရာမှာ ယာယီစခန်းဖြစ် သဖြင့် ပုခက်စင်မရှိပေ။ ထို့ကြောင့်လည်း မိပိုကို ပုခက်တင်ရန်အတွက် ဤမျှအခက်အခဲတွေ့ နေကြခြင်းဖြစ်သည်။

           “ဒီကောင်မ ဒီနေ့ ဘယ်ဂြိုဟ်ထောင်နေလဲမသိဘူး။ ခါတိုင်း လည်း သူနဲ့ပဲလုပ်နေကျဥစ္စာ၊ ဦးဘခင်လည်း မြင်သားပဲ”

           မိပို၏ အရှင်သခင်ဖြစ်သူ ကိုအထော်က ဦးဘခင်ကိုပြောသည်။ ကိုအတော်ပြောသည်မှာ အမှန်ပင်ဖြစ်၏။