ဖိုးကျော့ - ဆင်လုပ်သား
(၁) ကမ္ဘာ့ဆင်အမျိုးမျိုး
လူတို့သည်သမိုင်းမစတင်မီ ခေတ်အခါကပင် တောရိုင်းတိရစ္ဆာန် များအား နည်းအမျိုးမျိုးဖြင့်ဖမ်းဆီး၍ မိမိတို့အကျိုးစီးပွားအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေးတို့တွင် အသုံးပြုခဲ့ကြ သည်။
လူသားတို့၏သမိုင်းသည် တစ်ခေတ်မှတစ်ခေတ်သို့ ပြောင်းလဲ ရွေ့လျားလာခဲ့သော်လည်း တောရိုင်းတိရစ္ဆာန်များကိုဖမ်းဆီးပြီး စီးပွား ရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးတို့တွင် အသုံးချ နေခြင်းမှာ ယခုခေတ်အထိပင် ဖြစ်လေသည်။ ထိုအထဲတွင် “ဆင်”သည် အရေးပါအရာရောက်ဆုံး တိရစ္ဆာန်သတ္တဝါ ဖြစ်ကြောင်း မည်သူမျှ မငြင်း နိုင်ပေ။
ထို့ကြောင့် ဆင်ဆိုလျှင် ကမ္ဘာ့နိုင်ငံအားလုံးက သိရှိကြသည်။ ကုန်းတိရစ္ဆာန်များထဲတွင် ဆင်သည် ကိုယ်ခန္ဓာအကြီးမားဆုံးနှင့် သက်ဆိုး အရှည်ဆုံး၊ အယဉ်ပါးဆုံးတိရစ္ဆာန် ဖြစ်သည်ဆိုက မှားမည်မဟုတ်ပေ။ ရှေးပဝေသဏီခေတ်မှ ကျန်ရှိခဲ့သော အံ့သြဖွယ်ရာ သတ္တဝါကြီးများထဲ တွင် ဆင်သည် ထိပ်ဆုံးကပါဝင်သော တိရစ္ဆာန်တစ်မျိုးဖြစ်၏။ ရှေးခေတ်မှ ယနေ့အထိ မျိုးဆက်မပြတ်ဘဲ အံ့သြဖွယ်ရာကျန်ရှိနေသော သတ္တဝါ ကြီးများမှာ ဆင်၊ ကြံ၊ ရေမြင်းနှင့် ကုလားအုတ်များဖြစ်ပေရာ ယင်းတို့ တွင် ဆင်နှင့်ကုလားအုတ်တို့မှာ အသိဉာဏ်အရှိဆုံးနှင့် လူတို့အား အကျိုး အပြုဆုံး သတ္တဝါများ ဖြစ်ကြသည်။ ထိုသတ္တဝါတို့သည် သဘာဝ အလျောက် ပေါ်ပေါက်လာခဲ့သော သတ္တဝါများ ဖြစ်ကြပေရာ ယင်း သတ္တဝါကြီးများကို မလေ့လာလျှင် ဝေးလံမှုန့်မွှားလှသော ရှေးပဝေသဏီ က သတ္တဝါတို့အကြောင်းကို သဘောပေါက်နားလည်နိုင်ရန် ခဲယဉ်းပေ လိမ့်မည်။ ထို့ကြောင့် သက်ရှိသတ္တဝါကြီးများသည် လူသားတို့၏ သမိုင်း ကိုပြုစုလေ့လာရာ၌ အရေးပါအရာရောက်သော သတ္တဝါကြီးများအဖြစ် ဆက်လက်တည်တံ့လျက် ရှိကြလေသည်။
ဤတိရစ္ဆာန်ကြီးများကို ကြည့်ခြင်းအားဖြင့် လူဟူ၍ မပေါ်ပေါက်မီ ရှေးပဝေသဏီကပင် ဆင်သည် တိရစ္ဆာန်ထဲတွင်လည်း စိတ်ဝင်စားဖွယ် အကောင်းဆုံးသော တိရစ္ဆာန်တစ်မျိုးဖြစ်ကြောင်း တွေ့ရပေမည်။ ရှေး အခါက ဆင်များသည် ကမ္ဘာအနှံ့အပြားတွင် ရှိခဲ့ကြသည်ကိုထောက် ၍ ရှေးဆင်ကြီးများသည် ရာသီဥတုမျိုးစုံတွင် ထိုက်သင့်သလို လှည့် လည်နေထိုင်ခဲ့ကြကြောင်း ထင်ရှားပေသည်။
လွန်လေပြီးသောအခါက “မမ္မတ်” ခေါ် ရှေးဆင်ကြီးမျိုးသည် အင်္ဂလန်မှ ဗယ်ရင်ရေလက်ကြားအထိ ကျက်စားရာမှ အမေရိကတိုက် သို့ ထိုးဖောက်ဝင်ရောက်ခဲ့ကြသည်။ ထိုရှေးဆင်များသည် အမွေးအမှင် ထူ၏။ ထို့ကြောင့် ထိုမမ္မတ်ဆင်များသည် အေးသောရာသီဥတုရှိ ဒေသ များ၌ နေထိုင်နိုင်ခဲ့ကြသည်။ မမ္မတ်ရှေးဆင်ကြီးများသည် ကမ္ဘာဦးသူ များနှင့် ခေတ်ပြိုင်ရှိခဲ့ကြရာ သူတို့၏အသားသည် လူများစားသောက် ရန် အစာဖြစ်ခဲ့ရသည်။ အရေသည် လူတို့၏ အသုံးအဆောင်ဖြစ်ခဲ့၍ မတ်ဆင်၏ အစွယ်ကို လူတို့ပုံကူးခဲ့ကြသည်။ ဆင်စွယ်ပေါ်၌ ကမ္ဘာဦးသူတို့ရေးဆွဲခဲ့သော ပုံကြမ်းတို့ကို လေ့လာကြည့်ရှု၍ လူနှင့် မမ္မတ်ဆင် ကြီးတို့သည် ကမ္ဘာကြီးကိုစိုးမိုးရန် အပြိုင်အဆိုင်ကြိုးစားခဲ့ကြသည်ဟု ပညာရှင်များ မှတ်တမ်းတင်ခဲ့ကြသည်။
ဘူမိဗေဒအရဆိုလျှင် မမ္မတ်ရှေးဆင်ကြီးများသည် နှစ်များမကြာ မီကမှ ကမ္ဘာပေါ်မှ ပျောက်ကွယ်ဆုံးပါးသွားခဲ့ကြသည်။ ယင်းတို့၏ အသေကောင်များကို အလွန်အေးလှသော ဆိုက်ဘေးရီးယားပြည်နှင့် ရုရှားနိုင်ငံတို့တွင် ရေခဲရွံ့နွံများအောက်၌ နှစ်ပေါင်းများစွာ နစ်မြုပ်ဖုံးကွယ် လျက်ရှိသည်ကို တွေ့ရသည်။
“ဒင်းဗတ်ကလန်” မည်သော ပုဂ္ဂိုလ်တစ်ဦးသည် နှစ်ပေါင်း ထောင်သောင်းများစွာက ညွန်ပျောင်းထဲ၌ နစ်မြုပ်နေခဲ့ပြီးမှ ပြန်လည် ဖော်ထုတ်ရရှိခဲ့သော မမ္မတ်ခေါ် ရှေးဆင်သားကို မိမိဧည့်သည်များအား ကျွေးမွေးခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာလောက်ကလည်း လယ်နမြစ်ဝအနီးတွင် မမ္မတ်ရှေးဆင်ကြီးတစ်ကောင်၏ အလောင်းကို တွေ့ခဲ့ရသေးသည်။ တွေ့စဉ်က ဆင်၏ဦးနှောက်သည် မပျက်စီးသေး ပေ။ မျက်စိတို့သည် ဦးခေါင်းမှ ပြူးထွက်လျက်ရှိသည်ကလွဲလျှင် အသား၊ အမွေး၊ အတွင်းပိုင်းကိုယ်အင်္ဂါတို့ကို မပျက်မယွင်းတွေ့ရသည်။ နောက်ဆုံးစား၍ အစာမကြေဘဲ ရှိနေသေးသည့် ထင်းရှူးပင်ပေါက် ကလေးများကိုပါ အစာအိမ်ထဲ၌တွေ့ခဲ့ရ၏။ ဆိုက်ဘေးရီးယားပြည် သည် မမ္မတ်ရှေးဆင်တို့၏ သင်္ချိုင်းဖြစ်ခဲ့ပေရာ ဆင်စွယ်များကို နိုင်ငံခြား သို့ပင် အမြောက်အမြား တင်ပို့ခဲ့ရသည်။ ဆိုက်ဘေးရီးယားပြည်၌ မမ္မတ်ဆင်များ မည်မျှပေါခဲ့သနည်းဟူမူ အချို့ ကျွန်းကလေးများသည် ထိုဆင်များ၏အရိုးပုံများပင် ဖြစ်ကြသည်ဟု ပညာရှင်များက ယုံကြည် ခဲ့ကြသည်။
ရှေးဆင်ကြီးများစာရင်းထဲတွင် မမ္မတ်ဆင်နှင့်အတူ မတ်စတိုဒန်နှင့် ဒိုင်နိုသာရိယမ်ဆင်တို့လည်း ပါဝင်သည်။ ယခုအခါ အာဖရိက ဆင်နှင့် အာရှဆင်တို့သာ ကမ္ဘာပေါ်၌ ကျန်ရှိတော့သည်။ ရှေးမမ္မတ် ဆင်ကြီးများသည် တစ်ဆယ့်သုံးပေထိ မြင့်သည်ဟု အဆိုရှိသည်။ သို့သော် ပျမ်းမျှအားဖြင့် ၁၀ ပေမျှဖြစ်၍ ယခုခေတ်ဆင်တို့ထက်ပင် နိမ့်သည်ဟုလည်း ဆိုကြပြန်သည်။ အိန္ဒိယပြည်မှ “နာဘ ́ ခေါ် ဆင် တစ်မျိုးမှာမူ ၁၆ ပေထိ မြင့်သည်ဟု သိရသည်။ ထိုသို့ဆိုလျှင် ယခု ခေတ်အကြီးဆုံးဆိုသောဆင်ထက်ပင် ထိုနာဘဒ္ဓဆင်များက လေးပေ လောက်ပိုပြီး မြင့်နေပြန်သည်။
ဆင်တို့၏ အကြီးအသေးမှာ အစားအသောက်နှင့် ရာသီဥတု ရေမြေပေါ်တွင် တည်သည်ဟု တိရစ္ဆာန် သုတေသနပုဂ္ဂိုလ်များက ဆိုကြသည်။ ပရိုဗိုဆစ်ဒီယမ် ဆင်မျိုးစဉ်တွင် အပါအဝင်ဖြစ်သော ဆင်တို့ ၏ အရွယ်မှာ နာဘဒ္ဓဆင်ကြီးများမှ ကျောက်ဆင်အထိ အစား စားရှိသည်။ ကျောက်ဆင်တို့သည် ရှတ်တလန်မြင်းပုလောက်သာကြီး ရာ ကမ္ဘာ့မြောက်လုံးခြမ်းကို ရေခဲလွှမ်းသည့်ခေတ်က ယင်းတို့သည် မော်လတာကျွန်းစု၊ ဆိုက်ပရပ်ကျွန်းနှင့် အနီးအနားမှကျွန်းအချို့သို့ အခါများစွာ သွားရောက်ကျက်စားခဲ့ကြ၏။ ထိုခေတ်ထိုအခါက မြောက်အမေရိက တိုက်တွင် မမ္မတ်ရှေးဆင်ကြီးများနှင့်အတူ မတ်စတို ဒန်ရှေးဆင်ကြီးများပါ ကျက်စားခဲ့ကြသည်။ ယင်းဆင်ကြီးတို့၏ အရိုးစုများကို အမေရိကန်ပြတိုက်တို့၌ ဆင်ယင်ပြသထားသည်။
ယခုအခါ ကမ္ဘာပေါ်၌ ဆင်ကို အာရှဆင်နှင့် အာဖရိကဆင်ဟု နှစ်မျိုးနှစ်စား ခွဲခြားထားသည်။ ဆပ်ကပ်ပွဲများနှင့် တိရစ္ဆာန်ရုံများတွင် တွေ့နေမြင်နေကြရသော ဆင်များမှာ များသောအားဖြင့် အာရှဆင်များ သာဖြစ်ကြသည်။ သစ်ဆွဲရာတွင် အသုံးပြုသောဆင်များမှာလည်း အာရှ ဆင်ပင်ဖြစ်၏။ များသောအားဖြင့် အာဖရိကဆင်များကိုမူ လူတို့ကဖမ်းဆီးပြီး ယဉ်ပါးအောင် သွန်သင်၍မရပေ။ ယင်းတို့မှာ လူတို့၏ စီးပွားရေး၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေးတို့တွင် အသုံးပြုနိုင် လောက်အောင် ယဉ်ကျေးလိမ္မာခြင်းမရှိပေ။
အာရှတွင် ဆင်လေးမျိုးရှိ၏။ အိန္ဒိယ (သို့မဟုတ်) မြန်မာဆင်၊ သီဟိုဠ်ဆင်၊ မလေးရှားဆင်နှင့် ဆုမတ္တရာဆင်တို့ ဖြစ်သည်။ ထိုလေးမျိုး စလုံးသည် နိုင်ငံ၏ အမည်ကိုလိုက်၍ ခွဲခြားခေါ်ကြသော်လည်း တစ်မျိုး နှင့်တစ်မျိုးမှာ အသွင်တူ၊ ရုပ်တူ၊ အလုံးအထည်၊ စရိုက်သဘာဝအတူ တူသာဖြစ်ကြသည်။
အာဖရိကဆင်နှင့် အာရှဆင်တို့၏ခြားနားချက်မှာ အာရှဆင် သည် အာဖရိကဆင်ထက် နားရွက်ငယ်သည်။ ကိုယ်ရေအသားချော မွတ်သည်။ နှာမောင်းများရှူး၍ သေးသေးသွယ်သွယ်ရှိသည်။ အာရှ ဆင်မမှာ အစွယ်မရှိပေ။ သီဟိုဠ်ကျွန်း၌မူ အထီးရော အမပါ အစွယ် မရှိဟု သိရသည်။ ဤသည်မှာ သီဟိုဠ်ကျွန်း၌ ဆင်များစားရသော အစားအစာကြောင့်ဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့်လည်း သီဟိုဠ် ဆင်များသည် မြန်မာ၊ အိန္ဒိယ၊ မလေးရှား၊ ဆုမတ္တရာဆင်များကဲ့သို့ အလုပ်ကြမ်းမလုပ်နိုင်ကြပေ။ အနည်းအကျဉ်းသော ဝန်စည်စလယ် လောက်ကိုသာ သယ်ပိုးရွက်ဆောင်နိုင်ကြသည်။
အာဖရိကဆင်မှာ အာရှဆင်ထက် အရပ်ပိုရှည်သည်။ နားရွက် ကြီးမားသည်။ နှာမောင်းတစ်လျှောက်လုံးတွင် ရစ်ဝိုင်းပတ်လည်လျက် ရှိသော အဖုအထစ်များ ကြီးသည်။ အစွယ်များ ပိုမိုကြီးမားရှည်လျား သည်။ အာဖရိကဆင်များကို ယဉ်ပါးလာအောင် သွန်သင်ခြင်းမရှိသည် မှာ အာဖရိကတိုင်းရင်းသားတို့သည် ဆင်မွေးမြူရေးလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ခြင်းမရှိသောကြောင့် ဖြစ်သည်။ သူတို့တွင် ဆင်များ နှင့် အလုပ်လုပ်သော မိရိုးဖလာအစဉ်အလာလည်း မရှိပေ။ အာဖရိကဆင်မှာ အာရှဆင်များကဲ့သို့ လေးလံသော ဝတ္ထုပစ္စည်းများကို ဆွဲငင်ရန် အတွက် ကိုယ်ခန္ဓာတည်ဆောက်ပုံ အချိုးအစားမကျသောကြောင့် ပင်ပင်ပန်းပန်း လုပ်ကိုင်နိုင်ခြင်းမရှိပေ။
စစ်ပြီးစကမူ မြန်မာ၊ ကရင် ဆင်သမားအချို့ကို အာဖရိကအရှေ့ ပိုင်းသို့ ခေါ်ဆောင်ပြီး အာဖရိကဆင်များကို ဖမ်းဆီးလေ့ကျင့်ခိုင်းရန် ဗြိတိသျှအစိုးရက စီမံခဲ့ပေရာ ထိုစီမံကိန်းသည် မည်မျှအောင်မြင်မှုရှိခဲ့ သည်ကို နောက်ပိုင်းတွင် လုံးဝမသိခဲ့ရပေ။
ဘီစီ ၂၁၈ ခုနှစ်က အာဖရိကမြောက်ပိုင်းမှ အီတလီပြည်၊ ရောမ မြို့တော်သို့ ချီတက်တိုက်ခိုက်ခဲ့ဖူးသော ကာသေးလူမျိုး ဟန်နီဘယ် စစ်ဗိုလ်ကြီး၏ တပ်မကြီးတွင် ဆင် ၃၇ ကောင် ပါဝင်သည်ဟု အဆိုရှိ သည်။
ဟန်နီဘယ်သည် ထိုဆင်များကို မည်သည့်ကိစ္စအတွက် အသုံး ပြုခဲ့ကြောင်းကို မသိရပေ။ ဆင်အကြောင်းကို အတော်စေ့ငုသေချာစွာ လေ့လာခဲ့သော ပုဂ္ဂိုလ်တစ်ဦးကမူ “ထိုဆင်များသည် အာဖရိကဆင်များ မဟုတ်ဘဲ အာရှဆင်များသာ ဖြစ်ဟန်တူသည်။ အာဖရိကတိုက်၌ ဆင် များကို လေ့ကျင့်သင်ကြားပေးသော အစဉ်အလာမရှိ၍ အိန္ဒိယနိုင်ငံမှ လေ့ကျင့်ယဉ်ပါးပြီးဆင်များကို ဟန်နီဘယ်က အသုံးပြုခြင်းဖြစ်တန်ရာ သည်” ဟုဆိုသည်။
ရှေးအိန္ဒိယမင်းများသည် ရှေးမြန်မာမင်းများကဲ့သို့ စစ်တိုက်ရာ တွင် ဆင်များကို ထောင်နှင့်ချီ၍ သုံးလေ့ရှိကြ၏။ ရန်သူမြို့များကို ဝန်းရံလုပ်ကြံရာ၌ ဆင်များမှာ မြို့တံတိုင်း အရံအတားများကို ဖြိုဖျက် ရန်အတွက် အလွန်အသုံးဝင်၏။ သို့သော်လည်း စစ်ပွဲ၌ဒဏ်ရာရသော ဆင်များမှာမူ အုပ်မနိုင်၊ ထိန်းမရဖြစ်၍ ကိုယ့်တပ်ကိုယ်ပြန်နင်းကာ အန္တရာယ်ပြုတတ်သည်လည်း ရှိ၏။
တရုတ်-မြန်မာ ငဆောင်ချမ်းတိုက်ပွဲ၌ ရန်သူတို့က မြားမိုးရွာချ ၍ ဒဏ်ရာရသွားသော ဆင်တို့ကြောင့် မြန်မာများမှာ ဗရုန်းသုန်းကား ဖြစ်ပြီး အရေးရှုံးနိမ့်ခဲ့ရပုံကို မာကိုပိုလိုက သူ၏မှတ်တမ်း၌ ဖော်ပြခဲ့ သည်။
ရှေးပဝေသဏီက မမ္မတ်ဆင်များ ကျက်စားခဲ့ကြသည်ဆိုသော အိန္ဒိယနိုင်ငံ၌ ယခုအခါ ဆင်များ တစ်စတစ်စ ပျောက်ကွယ်နေကြလေ ပြီ။ ကမ္ဘာပေါ်၌ ဆင်ကို လူတိုင်းအကျိုးစီးပွားအတွက် အများဆုံးအသုံး ပြုကြသောနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်ဟု ဆိုရပေမည်။ ထို့ကြောင့် မြန်မာနိုင်ငံ၌ ဆင်များကို ယခင်ကသာမဟုတ် ယခုအထိ ရတနာ တစ်ပါးကဲ့သို့ မွေးမြူခြင်း၊ ရှာဖွေဖမ်းဆီးခြင်း၊ ယဉ်ပါးလာအောင် သွန်သင်ဆုံးမပြီး သစ်လုပ်ငန်းတွင် အဓိကထား၍ အသုံးချနေရခြင်း ဖြစ်လေသည်။