ဖားအောက်တောရဆရာတော် - သံအိမ်စံမင်းသား
တစ်ချိန် ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည် များစွာသော ရဟန်းသံဃာတော်အပေါင်းနှင့်အတူ ကောသလတိုင်းတို့၌ ခရီးဒေသစာရီ ကြွချီတော်မူသည်ရှိသော် ကောသလမင်းသားတို့၏ ဣစ္ဆာနင်္ဂလအမည်ရသော ပုဏ္ဏားရွာသို့ ဆိုက်ရောက်တော်မူ၏။ ဘုရားရှင်နှင့် သံဃာတော် အရှင် မြတ်အပေါင်းသည် ထိုဣစ္ဆာနင်္ဂလရွာအနီး၌ တည်ရှိသော ဣစ္ဆာနင်္ဂလတောအုပ်အတွင်း၌ သီတင်းသုံး စံနေတော်မူ၏။
ထိုအခါ ဣစ္ဆာနင်္ဂလရွာသား ပုဏ္ဏားများနှင့် အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ဘုရှားရှင်၏ ထင်ရှားကျော်ကြားတော်မူသော ဂုဏ်တော်ကျေးဇူးတော်တို့အပေါ်၌ ကြည်ညိုမြတ်နိုးသော စိတ်ဓာတ်ဖြင့် ထိုည၌ လွန်မြောက် နောက်တစ်နေ့သို့ ရောက်သောအခါ၌ များစွာကုန်သော ခဲဖွယ် စားဖွယ် အသွယ်သွယ်တို့ကို ယူဆောင်ကာဣစ္ဆာနင်္ဂလတောအုပ်အတွင်းသို့ ချဉ်းကပ်ကုန်ပြီးလျှင် တံခါးမုခ်အပြင်ဘက်၌ ပြင်းပြကျယ်လောင်သောအသံ ရှိကုန်သည်ဖြစ်၍ တည်နေကြကုန်၏။
ထိုစဉ်အခါ၌ အရှင်နာဂိတသည် ဘုရားရှင်၏ အလုပ်အကျွေးရဟန်းတော် ဖြစ်နေ၏။ ထိုအခါ မြတ်စွာဘုရားသည် အရှင်နာဂိတကို -
“နာဂိတ ... ငါးတို့ကို လုယက်ရာ၌ တံငါသည်တို့ကဲ့သို့ ပြင်းပြကျယ်လောင်သော အသံရှိသူတို့ကား အဘယ်သူတို့နည်း?”ဟု မေးမြန်းတော်မူ၏။
မြတ်စွာဘုရား ... ဤသူတို့ကား ဣစ္ဆာနင်္ဂလရွာသား ပုဏ္ဏားများနှင့် အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ပါတည်း။ များစွာကုန်သော ခဲဖွယ် စားဖွယ် အသွယ်သွယ်ကို ယူဆောင်ကြကာ တံခါးမုခ်အပြင်ဘက်၌ မြတ်စွာဘုရားကိုလည်းကောင်း, ရဟန်းသံဃာတော်ကိုလည်းကောင်း ရည်မှန်းပြီးလျှင် ရပ်တည်နေကြပါကုန်သည် မြတ်စွာဘုရား”ဟု တင်ပြ လျှောက်ထားတော်မူ လေသည်။
ထိုအခါ ဘုရားရှင်က ဤသို့ မိန့်ကြားတော်မူ၏ -
“နာဂိတ ... ငါဘုရားရှင်သည် အခြံအရံ အကျော်အစောနှင့် မဆက်ဆံလိုပါ၊ အခြံအရံ အကျော်အစောသည်လည်း ငါဘုရားရှင်နှင့်အတူ မဆက်ဆံပါစေလင့်။
နာဂိတ ...
၁။ ဤကာမဂုဏ်မှ ထွက်မြောက်မှု “နေက္ခမ္မချမ်းသာ၊
၂။ (ပထမဈာန်, ဒုတိယဈာန်တို့ကို အမှီပြု၍ ဖြစ်ပေါ်လာသော) နီဝရဏတို့မှ ကင်းဆိတ်မှု “ပဝိဝေက'ချမ်းသာ၊ (အံ၊ဋ္ဌ၊၃၊၆၂။)
၃။ ကိလေသာအပူမီးတို့မှ ငြိမ်းအေးမှု “ဥပသမချမ်းသာ၊ (အံ၊ဋ္ဌ၊၂၊၁၀၄။)
၄။ လေးပါးသော မဂ်ဉာဏ်ကို ထိုးထွင်းသိမှု “သမ္ဗောဓ'ချမ်းသာ။(အံ၊ဋ္ဌ၊၂၊၁၀၄။)
ဤချမ်းသာသုခ အဝဝကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲ မရရှိ နိုင်သူသည် ထိုမစင်ကြယ်မှုချမ်းသာ, ငိုက်မျဉ်းမှုချမ်းသာ, လာဘ်ပူဇော်သကာ အကျော်အစောချမ်းသာကို သာယာခံစားလေရာ၏။
“နာဂိတ ... ကာမဂုဏ်မှ ထွက်မြောက်မှု “နေက္ခမ္မချမ်းသာ, (ပထမဈာန်, ဒုတိယဈာန်တို့ကို အမှီပြု၍ ဖြစ်ပေါ်လာသော) နီဝရဏတို့မှ ကင်းဆိတ်မှု “ပဝိဝေက'ချမ်းသာ, ကိလေသာအပူမီးတို့မှ ငြိမ်းအေးမှု “ဥပသမချမ်းသာ, လေးပါးသော မဂ်ဉာဏ်ကို ထိုးထွင်းသိမှု “သမ္ဗောဓချမ်းသာ - ဤချမ်းသာ သုခ အဝဝကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲ ရရှိသော ငါဘုရားရှင်သည် ထိုမစင်ကြယ်မှုချမ်းသာ, ငိုက်မျဉ်းမှုချမ်းသာ, လာဘ်ပူဇော်သကာ အကျော်အစောချမ်းသာကို အဘယ်မှာလျှင် သာယာခံစားနိုင်ပါအံ့နည်း”ဟု မိန့်ကြားတော်မူ၏။ ။
ထိုအခါ အရှင်နာဂိတမထေရ်မြတ်ကဤသို့လျှောက်ထားတော်မူ၏
“ မြတ်စွာဘုရား ... ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရားသည် ယခုအခါ၌ သည်းခံတော်မူပါဘုရား၊ ကောင်းသောစကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရားသည် ယခုအခါ၌ သည်းခံတော်မူပါဘုရား။ မြတ်စွာဘုရား ... ယခုအခါ၌ မြတ်စွာဘုရား၏ သည်းခံတော်မူရန်အချိန် ဖြစ်ပါသည်။ မြတ်စွာဘုရား ... ယခုအခါ၌ နိဂုံးသူ နိဂုံးသား ဇနပုဒ်သူ ဇနပုဒ်သား ပုဏ္ဏားများနှင့် အမျိုးသား အမျိုးသမီးတို့သည် မြတ်စွာဘုရား ကြွတော်မူလေရာရာ အရပ်သို့ စိတ်ညွတ်ကြကုန်လျက်သာလျှင် လိုက်ပါကြပါ ကုန်လိမ့်မည်။ မြတ်စွာဘုရား ... မိုးကြီးသည်းထန်စွာ ရွာသွန်းလတ်သော် နိမ့်ရှိုင်းရာအရပ်သို့ ရေတို့သည် စီးဆင်းကျကုန်သကဲ့သို့ မြတ်စွာဘုရား ဤဥပမာအတူသာလျှင် နိဂုံးသူ နိဂုံးသား ဇနပုဒ်သူ ဇနပုဒ်သား ပုဏ္ဏားများနှင့် အမျိုးသား အမျိုးသမီးတို့သည် မြတ်စွာဘုရား ကြွရောက်တော်မူ လေရာရာ အရပ်သို့ စိတ်ညွတ်ကုန်လျက်သာလျှင် လိုက်ပါကြပါလိမ့်မည်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ -
မြတ်စွာဘုရား ... မြတ်စွာဘုရား၏ သီလတော် ပညာတော်သည် ထိုသို့ ကြီးမားတော်မူခြင်းကြောင့် ဖြစ်ပါသည် မြတ်စွာဘုရား”ဟု တင်ပြ လျှောက်ထားလေသည်။
ထိုအခါ ဘုရားရှင်က ဤသို့ မိန့်ကြားတော်မူပြန်၏ -
နာဂိတ ... ငါဘုရားရှင်သည် အခြံအရံ အကျော်အစောနှင့်မဆက်ဆံလို၊ အခြံအရံ အကျော်အစောသည်လည်း ငါဘုရားရှင်နှင့်အတူ မဆက်ဆံပါစေလင့်၊ နာဂိတ ... ဤကာမဂုဏ်မှ ထွက်မြောက်မှု ‘နေက္ခမ္မ ချမ်းသာ, (ပထမဈာန်, ဒုတိယဈာန်တို့ကို အမှီပြု၍ ဖြစ်ပေါ်လာသော) နီဝရဏတို့မှ ကင်းဆိတ်မှု “ပဝိဝေက'ချမ်းသာ, ကိလေသာအပူမီးတို့မှ ငြိမ်းအေးမှု “ဥပသမချမ်းသာ, လေးပါးသော မဂ်ဉာဏ်ကို ထိုးထွင်းသိမှု “သမ္ဗောဓချမ်းသာ - ဤချမ်းသာသုခ အဝဝကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲ မရရှိနိုင်သူသည် ထိုမစင်ကြယ်မှုချမ်းသာ, ငိုက်မျဉ်းမှုချမ်းသာ, လာဘ်ပူဇော်သကာ အကျော်အစောချမ်းသာကို သာယာခံစားလေရာ၏။
ကာမဂုဏ်မှ ထွက်မြောက်မှု ‘နေက္ခမ္မချမ်းသာ, (ပထမဈာန်, ဒုတိယဈာန် တို့ကို အမှီပြု၍ ဖြစ်ပေါ်လာသော) နီဝရဏတို့မှ ကင်းဆိတ်မှု “ပဝိဝေက”ချမ်းသာ, ကိလေသာအပူမီးတို့မှ ငြိမ်းအေးမှု “ဥပသမချမ်းသာ, လေးပါးသော မဂ်ဉာဏ်ကို ထိုးထွင်းသိမှု “သမ္ဗောဓ ချမ်းသာ - ဤချမ်းသာသုခ အဝဝကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲ ရရှိနေသော ငါဘုရားရှင်သည် ထိုမစင် ကြယ်မှုချမ်းသာ, ငိုက်မျဉ်းမှုချမ်းသာ, လာဘ်ပူဇော်သကာ အကျော်အစော ချမ်းသာကို အဘယ်မှာလျှင် သာယာခံစားနိုင်ပါအံ့နည်း။
နာဂိတ ... ဤသာသနာတော်၌ ငါဘုရားရှင်သည် (ဥပစာရ-အပ္ပနာ နှစ်ဖြာသော သမာဓိဖြင့်) တည်ကြည်သော စိတ်ဓာတ်ရှိလျက် ထိုင်နေသော ရွာနီးကျောင်းနေရဟန်းကို တွေ့မြင်ရ၏၊ နာဂိတ ... ထိုငါဘုရားရှင်အား “ယခုအခါ၌ ဤရဟန်းကို အာရာမ်စောင့်ကဖြစ်စေ, သာမဏေကဖြစ်စေ, သီတင်းသုံးဖော် တစ်ဦးဦးကဖြစ်စေ ထိုသမာဓိမှ ရွေ့လျောစေလိမ့်မည်”ဟု ဤသို့သော စိတ်အကြံအစည်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏။ နာဂိတ ထိုကြောင့် ထိုရဟန်းအား ရွာနီးကျောင်းဝယ် နေထိုင်မှုဖြင့် ငါဘုရားရှင်သည် နှစ်သက်တော်မမူပါ။
နာဂိတ ... ဤသာသနာတော်၌ ငါဘုရားရှင်သည် တောထဲ၌ အိပ်ငိုက်လျက် ထိုင်နေသော တောကျောင်းနေရဟန်းကို တွေ့မြင်ရ၏။ နာဂိတ ထိုငါဘုရားရှင်အား “ယခုအခါ၌ ဤရဟန်းသည် ဤအိပ်ချင် ငိုက်မျဉ်းခြင်း ကြောင့် ဖြစ်ပေါ်လာသော ပင်ပန်းမှုကို ပယ်ဖျောက်၍ တစ်ခုတည်းသော သဘောဖြစ်သည့် တောဟူသော အမှတ်သညာကိုသာလျှင် နှလုံးသွင်းလိမ့်မည်”ဟု စိတ်အကြံအစည်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏။ နာဂိတ ထိုကြောင့် ထိုတောနေရဟန်းအား တောနေမှုဖြင့် ငါဘုရားရှင်သည် နှစ်သက် တော်မူ၏။
နာဂိတ ... ဤသာသနာတော်၌ ငါဘုရားရှင်သည် တောထဲ၌ (ဥပစာရ-အပ္ပနာ နှစ်ဖြာသော သမာဓိမရှိသဖြင့်) မတည်ကြည်သော စိတ် ရှိသည်ဖြစ်၍ ထိုင်နေသော တောကျောင်းနေ ရဟန်းတစ်ပါးကို တွေ့မြင်ရ၏။ နာဂိတ ...ထိုငါဘုရားရှင်အား “ယခုအခါ၌ ဤရဟန်းတော်သည် (ဥပစာရအပ္ပနာ နှစ်ဖြာသော သမာဓိဖြင့်) မတည်ကြည်သော စိတ်ကိုလည်း (ဥပစာရအပ္ပနာ နှစ်ဖြာသော သမာဓိသို့ ဆိုက်အောင် ပွားများခြင်းဖြင့်) တည်ကြည်စေ လိမ့်မည်၊ တည်ကြည်ပြီးသော စိတ်ကိုလည်း အစဉ်စောင့်ရှောက်လိမ့်မည်”ဟု ဤသို့သော စိတ်အကြံအစည်သည် ဖြစ်ပေါ်တော်မူခဲ့၏။ နာဂိတ ... ထိုကြောင့် ထိုရဟန်းအား တောကျောင်းနေမှုဖြင့် ငါဘုရားရှင်သည် နှစ်သက် တော်မူ၏။
နာဂိတ ... ဤသာသနာတော်၌ ငါဘုရားရှင်သည် တော်ထဲ၌ (ဥပစာရ-အပ္ပနာ နှစ်ဖြာသော သမာဓိဖြင့်) တည်ကြည်သော စိတ်ဓာတ် ရှိသည်ဖြစ်၍ ထိုင်နေသော တောကျောင်းနေရဟန်းတော်ကို တွေ့မြင်ရ၏။ နာဂိတ ... ထိုငါဘုရားရှင်အား “ယခုအခါ၌ ဤရဟန်းတော်သည် ကိလေသာတို့မှ မလွတ်မြောက်သေးသော စိတ်ကိုလည်း လွတ်မြောက်စေလိမ့်မည်၊ ကိလေသာတို့မှ လွတ်မြောက်ပြီးသော စိတ်ကိုလည်း အစဉ်စောင့်ရှောက်လိမ့်မည်”ဟု ဤသို့သော စိတ်အကြံအစည်သည် ဖြစ်ပေါ်တော်မူခဲ့၏။ နာဂိတ ... ထိုကြောင့် ထိုရဟန်းတော်အား တောကျောင်းနေမှုဖြင့် ငါဘုရားရှင်သည် နှစ်သက်တော်မူ၏။
နာဂိတ ... ဤသာသနာတော်၌ ငါဘုရားရှင်သည် သင်္ကန်း-ဆွမ်းကျောင်း-သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးပစ္စည်း အသုံးအဆောင်တို့ကို ရလေ့ရှိသော ရွာနီးကျောင်းနေ ရဟန်းကို တွေ့မြင်ရ၏။ ထိုရဟန်းသည် ထိုလာဘ်ပူဇော်သကာ အကျော်အစောကို အလိုရှိသည်ဖြစ်၍ တစ်ပါးထီးတည်း ကိန်းအောင်းမှုကို စွန့်လွှတ်ထား၏၊ ရွာနိဂုံးနှင့် ဝေးကွာသည့် အစွန် အဖျားကျသော တောကျောင်း တောင်ကျောင်းတို့ကို စွန့်လွှတ်ထား၏၊ ရွာနိဂုံး မင်းနေပြည်တော်သို့ ဝင်ရောက်ကာ နေထိုင်သီတင်းသုံး၏။ နာဂိတ ... ထိုကြောင့် ထိုရဟန်းအား ရွာနီးကျောင်းနေမှုဖြင့် ငါဘုရားရှင်သည် နှစ်သက်တော်မမူ။
နာဂိတ ... ဤသာသနာတော်၌ ငါဘုရားရှင်သည် သင်္ကန်း-ဆွမ်းကျောင်း-သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးပစ္စည်း အသုံးအဆောင်တို့ကို ရလေ့ရှိသော တောကျောင်းနေ ရဟန်းကို တွေ့မြင်ရ၏။ ထိုရဟန်းသည် ထိုလာဘ်ပူဇော်သကာ အကျော်အစောကို စွန့်ပယ်ရှား၍ တစ်ပါးထီးတည်း ကိန်းအောင်းခြင်းကို မစွန့်လွှတ်၊ ရွာနိဂုံးနှင့် ဝေးကွာသည့် အစွန်အဖျားကျသော တောကျောင်း တောင်ကျောင်းတို့ကို မစွန့်လွှတ်၊ နာဂိတ ... ထိုကြောင့် ထိုရဟန်းအား တောကျောင်းနေမှုဖြင့် ငါဘုရားရှင်သည် နှစ်သက် တော်မူ၏။
“နာဂိတ ... ငါဘုရားရှင်သည် အဓွန့်ရှည်သော လမ်းခရီးကို သွားသည်ရှိသော် ရှေ့မှဖြစ်စေ နောက်မှဖြစ်စေ တစ်စုံတစ်ယောက်ကိုမျှ မတွေ့မြင်ရသောအခါ ငါဘုရားရှင်အား အယုတ်ဆုံးအားဖြင့် ကျင်ကြီး ကျင်ငယ် စွန့်ရန်ပင် ချမ်းသာလှပေ၏”ဟု မိန့်ကြားတော်မူ၏။
(အံ၊၂၊ ၂၉၉-၃၀၂။)
ဤကား အင်္ဂုတ္တရနိကာယ် ဆက္ကနိပါတ်၌ လာရှိသော နာဝိတသုတ္တန် ကောက်နုတ်ချက် ဖြစ်ပါသည်။ ဤသုတ္တန်ကို ကြည့်ခြင်းအားဖြင့် တောကျောင်း တောင်ကျောင်း၌ နေထိုင်သီတင်းသုံးကြကုန်သော တစ်ပါးထီးတည်း ကိန်းအောင်းတော်မူလေ့ရှိကုန်သော ရဟန်းတော်များကို ဘုရားရှင်သည် အလွန်နှစ်ခြိုက်တော်မူကြောင်းကို တွေ့ရှိရ၏။ အလားတူပင် အလောင်းတော်ဘဝကလည်း တောထွက်တော်မူကာ ရသေ့-ရဟန်းပြုပြီးလျှင် ဈာန်အဘိညာဏ် အစရှိသည့် ပါရမီမျိုးစေ့တို့ကို ဘဝပေါင်းများစွာ ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့လေသည်။ နောက်ဆုံးဘဝ၌လည်း ဥရုဝေလတောသို့ တောထွက်တော်မူကာ ဒုက္ကရစရိယကျင့်စဉ်ကို ခြောက်နှစ်ကြာအောင်ပင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူခဲ့လေသည်။ နောက်ဆုံး ဒုက္ကရစရိယကျင့်စဉ်ကို စွန့်လွှတ်တော်မူပြီးနောက် မဇ္ဈိမပဋိပဒါအကျင့်လမ်းကိုပြောင်းရွှေ့ အားထုတ်တော်မူသည့်အခါ၌လည်း ထိုဥရုဝေလတောအုပ် အတွင်းမှာပင် ဆက်လက်ကာ သီတင်းသုံးတော်မူလျက် ကြိုးစားအားထုတ် တော်မူခဲ့လေသည်။
ထိုကဲ့သို့ အလောင်းတော်ဘဝကလည်း ဘဝပေါင်းများစွာ သက်ရှိ သက်မဲ့ ကာမဝတ္ထု အစုစုတို့ကို စွန့်လွှတ်ကာ တောထွက်တော်မူပြီးလျှင် သဗ္ဗညုတဉာဏ်တော်မြတ်ကြီးကို ရရာရကြောင်း ပါရမီတရားအပေါင်းတို့ကို ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့၏၊ ဘုရားဖြစ်တော်မူမည့် နောက်ဆုံးဘဝ၌လည်း တောထွက်တော်မူကာ သဗ္ဗညုတဉာဏ်တော်မြတ်ကြီးကို အရယူတော်မူခဲ့ လေသည်။ ထိုကဲ့သို့ မိမိကိုယ်တော်တိုင် ဖြတ်သန်းခဲ့ရသည့် ဘဝတို့ကို ရဟန်းတော်များကိုလည်း အတုယူကာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် စေလိုတော်မူသော ဆန္ဒတော်ဖြင့် ဤအယောဃရဇာတ်ဒေသနာတော်ကို ဟောကြားတော်မူခြင်း ဖြစ်ပေသည်။
ဤဇာတ်တော်၌ အယောဃရကုမာရ - သံအိမ်စံမင်းသားက သေခြင်းတရား မဆိုက်ရောက်လာမီ အို-နာ-သေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူလို သည့်အတွက် ရသေ့-ရဟန်းပြုကာ တောထွက်လိုကြောင်းကို မယ်တော် ခမည်းတော်တို့အား တင်ပြထား၏။ ထိုတင်ပြချက်တို့ကား ယနေ့ တရားနာ ပရိသတ်တို့အတွက် ယနေ့ စာဖတ်ပရိသတ်တို့အတွက် အတုယူကာ လိုက်နာ ပြုကျင့်ရမည့် ဆိုဆုံးမစကားရပ်တို့ပင် ဖြစ်ကြပေသည်။ အယောဃရမင်းသား သတိသံဝေဂ ကြီးစွာ ရသကဲ့သို့ စာဖတ်ပရိသတ်တို့လည်း သတိသံဝေဂ ရကြကာ နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားတို့ကို ကျင့်ကြံကြိုးကုတ်