Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - ဝထ္ထုပဒေသာအမှတ်(၉)

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out

                                                       ဘလချောင်

                 ကြီးကြီးအေးရယ်၊ ကြီးကြီးအေး တူမကလေး ကြင်ကြင်အေးရယ်၊ အတူ ညစာစားကြသော ထိုနေ့ညနေ၌၊ ထမင်းပွဲမှာ ကျွန်တော်ပြောချင်ချင် ဆိုချင်ချင်ဖြစ်၍နေသော အကြောင်းအရာတစ်ခုကို ပြောရမည်မှာ အတော် ပင် ခက်ခဲ၍နေပါသည်။ သို့အတွက် အိုးသူကြီးလုပ်ငန်းတာဝန်၌ စီအိုင်အီးအိုဘီအီးဘွဲ့များရလောက်အောင် တစ်ဖက်ကမ်းခတ်သော၊ ကြီးကြီးနှင့် ရွယ်တူမျှဖြစ်သဖြင့် ဘကြီးက ဒူလာလိပ်ခေါင်းရောဂါနှင့် အနိစ္စ မရောက်မီ သုံးလနဲ့ လေးရက်စွန်းလောက်ကတည်းကစပြီး ကြီးကြီးအေး ၏အိမ်မှာ ကပ္ပိယလုပ်လာခဲ့တဲ့ ကိုဘိုးအောင်ချက်တဲ့ဟင်းတောင် စားလို့

ကောင်းမှန်းဆိုးမှန်းမသိ။ ဖွဲကို ဝါးမျိုမိသလိုဖြစ်၍နေပါသည်။ ကြီးကြီး အေး ခေါ်ပေမယ့် အေးတတ်သော ကြီးကြီးအေး မဟုတ်။ မကောင်းဆိုးဝါးသတင်း များကို အခုလိုထမင်းစားခိုက်အခါမှာ ကြီးကြီးအေးကို ပြောရန်ရှိသည့်အခါ များ၌ ပြောရမည့်ပုဂ္ဂိုလ်မှာ ခံတွင်းရော၊ ပါးစပ်ရောပျက်ပြီး၊ ရသာကြောတွေ ထုံကျဉ်ကိုက်ခဲသွားသလို ဖြစ်တတ်သည်မှာ ကျွန်တော်အသိဖြစ်ပါသည်။

ပြောလျှင် ဧကန်ပင် ကြိုက်မှာမဟုတ်။ မကြိုက်လျှင်လည်း ငယ်စဉ် အခါက ပေါင်ကြားဘောက်ဖတ်တုပ်မိဖူးသောကြောင့်လားမသိရ။ ဖြူဆူး လို စူးစူးရှရှ ပြောတတ်ဆိုတတ်သော ကြီးကြီးပေတကားဟူ၍ တွေးဆဆင်ခြင်ကာ ကျွန်တော့်မှာ ဝန်တင်နွားတောင်တက်၏ အလားကဲ့သို့ ဖြစ်၍ နေပါသည်။

သို့သော်လည်း မပြောမပြီး၊ မတီးမမြည်ဆိုသည့် စကားပမာလို စွန့်စားကာ ပြောရတော့မှာပဲဟု အားယူကာ “ကြီးကြီး”ဟု ကျွန်တော်က စလိုက်ပါသည်။

“ဟင်” “ကြီးကြီး ဟိုနေ့ကပြောတဲ့ ဟိုဒင်းလေ၊ အဲ .. ဒါ... ကျွန်တော်...” “ဘာဒင်း၊ ဘယ်ဟာ” “ဟိုသာယာဝတီ သူပုန်တွေသွားကြည့်ဖို့ဆိုတာလေ” “အေး ဘာဖြစ်သလဲ”

“ကျွန်တော် လိုက်ရမယ်ဆိုတာလေ။ ကျွန်တော်လည်း ဒီနေ့ကို သိပ်မျှော်နေတာပဲ။ သွားရရင် အင်မတန်ပျော်စရာကောင်းမှာပဲ။ သေလိုက်ကြ တာ လင်းတတွေဝဲလို့ ကြားတာပဲ။ သူပုန်သမီးကလေးတွေလည်း အများ ကြီး ဆိုပါကလား” - “အေး ဒါဘာဖြစ်သလဲ”

ကျွန်တော်၏လည်ချောင်းထဲ၌ ထမင်းလုတ်သည် ကျွန်တော် ဘာ စကားပြောမည်ကို ရပ်တန့်ကာ စောင့်၍ချောင်း၍ နားထောင်ချင်သလို တမင်သက်သက် ရပ်၍နေသောကြောင့် မနည်းကြီးမျိုး၍ ချနေရသဖြင့် စကားချက်ချင်းမဆက်နိုင်ဘဲတစ်အောင့်ကလေး ဆိုင်းရပ်နားနေအပန်းဖြေ ၍ နေလိုက်ရပါသည်။ ထိုနောက်မှ“အဲဒါ ကျွန်တော်မလိုက်နိုင်တာ သိပ်ဝမ်းနည်းတယ် ကြီးကြီးရယ်”

ကြီးကြီးအေးသည် ထမင်းလုတ်ကို ကိုင်မြှောက်ရာ ခံတွင်းသို့ မရောက်မီ လမ်းခုလတ်သာသာကလေးလံက်မှာ လက်ထဲ၌ ထမင်းလုတ် ကို ချိန်ဆသလိုလုပ်လျက်၊ ကျွန်တော်၏မျက်နှာကို ထိုထမင်းလုတ်နှင့် ပက်များပက်ချင်သလို အမူအရာတစ်မျိုးကြီးနှင့် ကျွန်တော့်အားဖြဲ၍ကြည့် နေပါသည်။

“ဘာဖြစ်လို့ မလိုက်နိုင်ရမှာလဲ”

“အင်မတန်အရေးကြီးတဲ့ ကိစ္စတစ်ခုရှိနေလို့ပါ။ ကျွန်တော် အခုလို အခါမှာ ဒီရန်ကုန်မြို့က အထင်အရှား လူသိနတ်ကြားသော်လည်းကောင်း ရုပ်ဖျက်မထင်မရှားသော်လည်းကောင်း ထွက်ခွာဖို့ရက်အခါ မဟုတ်သေး ဘူးလို့ ကျွန်တော်အောက်မေ့တယ် ကြီးကြီးအေးရဲ့”

“နို့ .. အရင်ကတော့ နင်လိုက်မယ်ဆို၊ အခု ဘာစကားပြောတာ လဲ.."

“ကျွန်တော်တော့ လိုက်နိုင်မယ်မထင်ဘူး။ လိုက်ကိုလိုက်နိုင်မှာ မဟုတ်ပါဘူး ကြီးကြီးရယ်”

“ဘာဖြစ်လို့လဲ။ ဘယ်ကောင်မ တင်ပါးနားမှာ လေညင်းခံရဦးမလို့ လဲ။ တစ်ယောက်ယောက် ရှိနေပေါ့လေ”

ကြီးကြီးအေးပြောပုံကို စိတ်ထဲ၌ နားကြားပြင်းကပ်သလို ကျွန်တော့် မှာ ဖြစ်၍သွားသော်လည်း တော်တော်ပါးတဲ့ဟာကြီး ပေကလားဟူ၍လည်း တွေးပြီး အတော်ကြီး အံ့သြခြင်းဖြစ်လျက်၊ စုံထောက်ဉာဏ်ပဲဟု တွေးလိုက် မိပါကြောင်း။

“ဟုတ်တယ် ကြီးကြီးအေးရဲ့၊ ကြီးကြီးတွေးတဲ့တိုင်းပဲ။ ကျွန်တော် တော့ တွေ့နေတာပဲ။ ဒါလည်း စိတ်ပါလှလို့မဟုတ်ပါဘူး။ သူများရသွားမှာ စိုးတာပါပဲ”

“ဘယ်သူတဲ့လဲ၊ ဘယ်ကလဲ” . “မအစေးလို့ ခေါ်ပါတယ်။ အစေးလို့ ကျွန်တော်က ခေါ်တာပဲ” “ဘာနာမည် အစေ့ ... ဘယ့်နှာ” ,

“အစေး .. ကြီးကြီးရဲ့။ အစေးပါ။ ဘယ်ကအစေ့ရမလဲ။ ကြီးကြီး လည်း တော်တော်ခွကျတာပဲ”

“နင့်နာမည်က ခွတဲ့၊ ငါကခွမဟုတ်ဘူး၊ ဒီနာမည်မျိုးရှောင်၊ အို အောင်မဆင်းရဲဘူး။ ကြံကြံစည်စည်တော် အစေးဆိုတာမှရအောင်ရှာတတ် လွန်းတော်။ ဒီနာမည်မျိုးရှိတဲ့ မိန်းမမျိုးဟာ အိမ်ထောင်ဘက်မပြုကောင်းဘူး။ ဟောငါပြောမယ်၊ မွေးရှင်၊ မယ်စို၊ ဘုဒို၊ လုပ်ကလေး၊ အထူးသဖြင့် မယ်စေးဆိုတဲ့နာမည်မျိုးဟာ ဘယ်တော့မှ မကောင်းစားဘူး၊ ဒီနာမည် မျိုးနဲ့ တံဆိပ်ထိုးထားတဲ့ မိန်းမမှန်ရင်၊ ဘယ်တော့မှ မကောင်းစားဘူးဆို တာ မသေမချင်းမှတ်ထား၊ ဘယ်လိုသူငယ်မလဲ”

“တော်တော်ချောတယ် ကြီးကြီးရဲ့ ၊ ရန်ကုန်မှာမရှိသေးပါဘူး” “အခု ဘယ်ရွာမှာနေလို့လဲ၊ ရန်ကုန်မှာမရှိသေးရင် ...” “တူတာပြောပါတယ်ကြီးကြီးရယ်၊ သူတော့ ဒီမြို့မှာရှိတာပေါ့”

“ဪ ... ဟိုတစ်နေ့က ဗိုလ်စတိုင်ပါပါနဲ့ ၊ ဘတ်စ်ကားပေါ်မှာ နှုတ်ဆက်တဲ့ကောင်မ မဟုတ်လား”

“ဟုတ်တယ်၊ စပယ်ယာက ပိုက်ဆံယူရင်း လက်ကိုကိုင်မိလို့ ဆူတာ လေ ကြီးကြီးအမှတ်မိသားပဲ”

ကြီးကြီးအေးမှာ စိတ်အေးသလိုဖြစ်၍သွားပြီး ... ။

“ဪ ဒင်းဖြင့် အရေးမကြီးဘူး၊ အစေးလို့လည်းခေါ်တယ်၊ ဘတ်စ် ကားထဲမှာ စပယ်ယာကိုလည်းဆူတယ်။ ဒီမိန်းမမျိုးဟာ သင့်ကိုယူမယ်လို့ ငါမစင်ဘူး၊ စပယ်ယာတွေ၊ ဒရိုင်ဘာတွေနဲ့ ရန်ဖြစ်ပြီး နင်အပေါက် ကလေးနဲ့စောစောစီးစီးသွားရရင်လည်းနင်တို့ညားဖို့လိုတော့မှာမဟုတ်ဘူး။ ကလေး တစ်ချက် စိတ်ချဖို့ရှိပါသေးရဲ့ ။ ဘယ်တုန်းကတွေ့ပြီး ဘယ်မှာ သိတာလဲ”

“ပွဲကြည့်ရင်းသိတာပဲ။ သူ ကျောင်းဆရာမ ကြီးကြီးရဲ့ ။ ပါချီပါချက် မှတ်လို့လား၊ ပုံဆွဲအင်မတန်တော်တယ်။ ပြပွဲမှာသူ့ကားတွေ နှစ်စဉ်စွန် တာပဲ” .

“ဟင် ပန်းချီဆရာမပေါ့လေ”ဟု ပြောကာ ကြီးကြီး နှာခေါင်းကိုရွံ့ ပြီး၊ နွားမှုတ်သလို နှာခေါင်းမှ မှုတ်လိုက်ပါသည်။

“သူရေးတဲ့ ကျွန်တော့်ပုံတူကားတစ်ခုတောင် ကျွန်တော့်အိမ်မှာ ချိတ် ထားသေးတယ်။ သာဂိတော့ တယ်ကြီးကြိုက်ဟန်မတူဘူး ဒီပုံကို”

“နင်နဲ့တူရင် မကြိုက်မှာတော့ မပူရပါဘူး။ အင်း တွေ့ရချေသေးရဲ့။

ဆရာမတဲ့။ ပန်းချီရေးသတဲ့လား။ အင်း ဘတ်စ်ကားပေါ်မှာ စပယ်ယာနဲ့ လည်း ခွန်းကြီးခွန်းငယ် ပြောတဲ့မိန်းမ။ ဘာများမက်စရာရှိသလဲဟယ်။ ဒင်းထက်ချောတာတွေ သာယာတီမှာ သူပုန်ကတော်မုဆိုးမကလေးတွေ တစ်ခုလပ် အပျိုကလေးတွေ အများကြီးရှိပါသတဲ့။ ဒါလောက်နဲ့ အလည် အပတ် မသွားနိုင်အောင် ဖြစ်ရတာများ”

ထိုအခါ ကျွန်တော်က အဖြစ်အပျက်အခြေအနေကို သေချာစွာပြော ၍ ပြရသည်မှာ။

“အခုအတောအတွင်းမှာ ကျွန်တော် ရန်ကုန်ကထွက်ခွာရင်၊ အမှား ကြီးမှားမှာပဲ။ ဒါထက်ကြီးတဲ့ အမှားလောကမှာ ရှိမှာမဟုတ်ဘူး။ မိန်းက လေးများဆိုတာ အတော်ခက်တယ်။ မီးဝေးရင် ချိတ်အေးဆိုတဲ့စကားလိုပဲ။ တစ်နေ့မမြင်ရင် တစ်နှစ်မေ့တတ်တာမျိုး၊ ယောက်ျားကလေးများနဲ့ တူတာ မျိုးမဟုတ်ဘူး။ မျက်နှာအများလွယ်သား။ သူတို့မှာတော့ လှေကားသုံး ထစ်ဆင်း အပျိုပြန်ဖြစ်တာပဲ။ ဘာကြောင့် လုံးလုံးကြီး စိတ်မချရသလဲဆို တော့ကာ။ ရုပ်ကလေးချော၊ ဆရာမကလေးလည်းဖြစ်၊ ပန်းချီမှာလည်း ပြပွဲမှာစွန်၊ ကြိုက်သူတွေသိပ်များမှာ။ သည်တော့ငါ ပညာအတတ်သားပဲ။ ကိုသာဒွန်းအောင်ကိုမှ မရရင် ငါ့ပရိယေသန ဝမ်းစာ ငါရှာစားမှာပေါ့ ။ ဘယ်လင် ဘယ်သား ယူနေရဦးမှာလဲလို့ သူ့စိတ်မှာတွေးချင်မှ တွေးမှာ ကြီးကြီးရဲ့ ။ ပြီးတော့လည်း သာဆွဲဆိုတဲ့ ပန်းချီဆရာကလည်း ရှိသေး တယ်။ သူတို့ပညာသည်ချင်းဆိုတော့ အတော်ရင်းနှီးပြီး လက်ဆုံကျပြီး ပလဲနံပ သင့်ပြီး တိုင်ပင်ဖော် တိုင်ပင်ဖက် နှီးနှောဖော် နှီးနှောဖက်ဆိုတော့ အခက်သားလား ကြီးကြီးရဲ့ ။ ဘယ်သူ စိတ်ချပြီး ထားခဲ့နိုင်မှာလဲ။ ဒီသာဆွဲ ဆိုတဲ့ စုတ်တံသမားကူလည်း ဆံပင်ခပ်လိမ်လိမ်နဲ့၊ တနင်္ဂနွေသားနဲ့တူတယ်။ ဆံပင်လိမ်နဲ့ တနင်္ဂနွေ သားများဟာ ပေါ့ပေါ့ မှတ်သလား ကြီးကြီးရဲ့ ။ အကြောက်ရသား၊ အကောက်တဲ့၊ အချိတ်တဲ့၊ မိအောင်ချိတ်မှာ။ ကျွန်တော် မရှိရင် လက်ကြဲထဲကျနေမှာ စိုးလွန်းလို့ပါ ကြီးကြီး။ သည့်ပြင်လည်း ဒီအကောင်ဟာ ကျွန်တော့်အစေးကို၊ သူမော်တော်ကားတိုင်ယာ အောက်ကမြေမှုန့်လောက် သဘောထားတာ။ ပြောပုံဆိုပုံ ထောက်ကြည့်လို့ သိရတာ ပဲ။ အစေးကိုတွေ့မှဖြင့်၊ အစေးဆံထုံးက ဘယ်လိုနေသလေး၊ ထဘီပန်းနား က “ကာလာကွန်ထရပ်”အရောင်စပ်ဘာဖြစ်သလေး၊ ဘာသုလေး ညာ လေးနဲ့ တေ့တေ့တေ့ အပြောတတ်သားကလား။ ကျွန်တော် တွေ့ခဲ့ကြုံခဲ့ရ သလောက်ဖြင့်၊ ဒီလိုပြောတတ်တဲ့ အကောင်မျိုးဘက်ကို မိန်းကလေးများ ပါတတ်တာပဲ။ ဘယ်အတွက်ကြောင့်လဲတော့ မသိရဘူး။ အဲသည် အကြောင်းတွေကို ရှေ့အစွန်းရောက်အစွန်း ပုဗ္ဗန္တ အပရန္တ ဉာဏ်ဆပြီး ဆင်ခြင်လိုက်တဲ့အခါကျတော့၊ ကျွန်တော့်မှာ အတော်ပင်စိတ်မချစရာ အရေးကြီး ကြုံတွေ့နေရတဲ့အခါ ဖြစ်နေတယ် ကြီးကြီး။ အဲဒါကြောင့် သာယာဝတီ သူပုန်သားမယား၊ တစ်ခုလပ်မုဆိုးမ အပျိုပေါက်စကလေး များကပင် ကျွန်တော့်အား အင်မတိအင်မတန် တွေ့ချင်လှပါသမှုနှင့် ဖိတ်မန္တကပင်ပြုစေကာမူ၊ အခုနေအခါမှာ ကျွန်တော် ရန်ကုန်မြို့က တစ်ဖဝါး ထွက်ရင် အမှားဘက်ကို အကြီးအကျယ်ရောက်မယ့်အရေးတွေကို ဇီးဖြူ ဖန်ခါး ရှစ်ကြားသီးများကို လက်ဝါးပြင်ပေါ်မှာ တင်ကြည့်သည့်အလား မျက်ဝါးထင်ထင် တရေးရေးမြင်လွန်းလို့၊ မလိုက်ခွင့်ကို တောင်းတာပါ ကြီးကြီးရယ်။ ကြီးကြီးစိတ်ဆိုးရင်လည်း ခံရမှာပါပဲ”

ကြီးကြီးအေးသည် ကျွန်တော် မခံချင့်ခံချင်ဖြစ်အောင် ရယ်လိုက်ပါ သည်။

“စိတ်မဆိုးပါဘူး။ နင့်ကို သာဂိက ဒီကောင်မနဲ့ယူစေမှာ မဟုတ် ဘူး။ ငါသိတယ်”

“အမယ်မင်း .. ကြီးကြီးရယ်၊ သာဂိက ကျွန်တော့်အစေခံ၊ ကျွန်တော့်ငယ်ကျွန်ပါ။ ကျွန်တော်လိုချင်တဲ့မိန်းမကို မယူရအောင်၊ သူက ဘာတတ်နိုင်မှာလဲ ကြီးကြီးရဲ့”

ကျွန်တော့်မှာ ဒေါသထွက်ပြီး၊ စားပွဲကို လက်ဝါးနဲ့ချမိသလား၊ လက်သီးပဲဆုပ်ပြီး ထုလိုက်မိသလား၊ သေသေချာချာတောင်မှ မမှတ်မိ။ တစ်ခုခုတော့ စားပွဲကိုလုပ်လိုက်မိသည်ဟု ယခုပင် မှတ်ထင်လျက် ရှိသေး