Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - ဝထ္ထုပဒေသာအမှတ်(၁၆)

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

                                                    အံ့သေးတယ်

               ကာလကတ္တားသိပ္ပံ ကျောင်းတော်ကြီးမှ ပညာသင်ကြားလာသော ဘီအေဘီ အလ် မောင်မောင်ခသည် ဘီအလ်အတတ်ပညာကို တတ်မြောက်လာပြီး နောက် အမှုလိုက်ရဖို့အရေးက မိန်းမကိုလှည့်ရခြင်းထက်၊ တရားသူကြီးကို လှည့်ပတ်ကာ တရားဥပဒေနှင့်ပြောရသည်ထက် ခက်ခဲသောအရာ ဟု မိမိ စိတ်တွင် အမြဲအောက်မေ့လေ့ရှိသည့်ပြင် တွက်ချေကိုလိုက်၍ ကြည့်လိုက် မည်ဆိုပါက ရှေ့နေ၏အတတ်ပညာမှာ “တိုက်ပစ်”ခေါ် လက်နှိပ်စက်ရိုက် သူငှားရခြင်း၊ မြင်းရထားခပေးရခြင်း၊အလုပ်ခန်းငှားရခြင်း စာရေးထားရခြင်း တို့ကြောင့် ရသမျှသောငွေတို့မှာ စရိတ်ကိုနုတ်ရသည်အတွက် မိမိဖို့မှာဆိုခဲ့ ပါလျှင် ငွေကြေးရဖို့ရာ အမှုသည်များထံမှ ရှူးရနှပ်ရသော ဗာဟီရကိစ္စတို့မှာ ကြီးလေးသော ဝန်ကြီးတစ်ခုဖြစ်လေ၏။ ဘီအလ်အတတ်ပညာမှ တတိယ တန်း၊ ဒုတိယတန်းရှေ့နေဖို့လောက်မှ ဟန်မကျဲသောကြောင့် အရင်းမစိုက် လှေထိုးလိုက်ဆိုတဲ့စကားလို မိန်းမယူခြင်းသာလျှင် မျှော်လင့်အားထားဖွယ် ရာကြီးတစ်ခုဟု အောက်မေ့ကာနေလေ၏။

                 တစ်နေ့တွင် မောင်မောင်ခသည် ဒိစတြိတ်မြို့တစ်မြို့သို့ အမှုကိစ္စ - ရှိ၍သွားရန် မီးရထားဒုတိယတွဲကို တက်လိုက်လေရာ မူးမိုက်၍ရထားပေါ် မှ ချော်ကျတော့မလို ဖြစ်သွားလေ၏။ အကြောင်းမူကား အချိုရှာသကာနှင့်တွေ့၊ အပျိုရှာကညာနှင့်တွေ့ ဆိုသောစကားအရ ဒုတိယတွဲ၌ကြုံတွေ့

သောအရာသည်ကား မပုမမြင့်မကြုံလွန်း၊ မျက်ခုံးမျက်စ၊ မျက်လုံး လည်တိုင်မှစ၍ ကမ္ဘာပေါ်ရှိ အလှဓာတ်အပေါင်းတို့ စုပေါင်းကာဖြည့် လိုက်သော အသက် ၁၈ နှစ်အရွယ်ရှိ အင်္ဂလိပ်မဖြူဖြူကလေးဖြစ်လေ၏။

               မောင်မောင်ခသည် မီးရထားရှိသံတိုင်ကို မြဲမြံစွာကိုင်ကာ မိမိကိုယ် ကိုမှ မနိုင့်တနိုင်နှင့်ဆွဲတက်ကာ ၎င်းမိန်းကလေးနှင့် မျက်နှာချင်းဆိုင်ရှိ သောနေရာတွင် ခပ်မှိုင်မှိုင်ထိုင်နေလေ၏။

မောင်မောင်သည် မိမိရှေ့ထိုင်နေသည့်အထဲတွင် ရှေ့မှောက်၌ရှိ သော မိန်းမပျိုကလေးအပေါ်တွင် အကြိုက်သောအချစ်ရော ကရုဏာရော မုဒိတာရော ထွေးယှက်ကာ ပေါင်းဆုံရောပြွမ်းပြီးလာသောကြောင့် မကြာ ခဏမော်၍ကြည့်မိလေရာ၊ သူ့မျက်လုံးကိုယ့်မျက်လုံး လေးလုံးသော မျက်ဆန်လေးတန်သောမျက်စောင်း လေးချောင်းသော မျက်ကြောတို့သည် လက်ဝှေ့သမားများကဲ့သို့လည်းကောင်း၊ ခွပ်လှည့်ပေးသော ကြက်များကဲ့သို့ လည်းကောင်း ရင်ဆိုင်တီးလင်းကွင်းများကဲ့သို့ မရှောင်သာအောင် မျက်နှာချင်းဆိုင်မိကြလေရာ အင်္ဂလိပ်မကလေးမှာ ဣန္ဒြေနှင့်နေကာ မိမိ၏ ဂါဝန်များကို တင်းအောင်ဆွဲထိုင်ပြီး မိမိအနီးရှိလက်ဆွဲသားရေအိတ် ကလေးကို ဆွဲယူကာ ပေါင်ပေါ်တွင်တင်ပြီး မိမိ၏ရှေ့တူရူတွင်ထိုင်နေသောယောက်ျားပျို ကလေးက မိမိ၏သားရေအိတ်ကို လုယူမည်ကို စိုးရိမ်မကင်း သကဲ့သို့ဖြစ်နေလေ၏။

`            အတန်ငယ်ကြာသောအခါ ရန်ကုန်ဘူတာကြီးမှ မီးရထားကြီးသည် ဥဩမှုတ်၍ ဂျုတ်ဂျတ် ဂျုတ်ဂျတ်နှင့်မြည်ကာ ပြည်မြို့ဘက်သို့ထွက်ခွာ သွားလေ၏။ ထိုအချိန်အခါတွင် မောင်မောင်ခမှာမိမိ၏ လက်တွင်ကိုင် ထားသော ကဝိမျက်မှန်တိုက်မှ ကဝိမျက်မှန်မဂ္ဂဇင်းစာအုပ်ကြီးကို အားရ ပါးရဖတ်နေဘိသောအလား တစ်ရွက်ပြီးတစ်ရွက်လှန်ကာလှန်ကာ ခုတ်ရာ တခြား ထစ်ရာတခြားဖြစ်သကဲ့သို့ မဂ္ဂဇင်းကို တွင်တွင်ကြီးလှန်ရင်း အင်္ဂလိပ်မကလေးကိုသာ စိတ်တွင်အမြဲစွဲကာ မဂ္ဂဇင်းကိုကျော်၍ အင်္ဂလိပ်မလေးကိုသာ စိုက်၍စိုက်၍ကြည့်မိလေ၏။

         အင်္ဂလိပ်ကလေးမှာ မောင်မောင်ခကြည့်သည်ကိုသိ၍ မိမိလက် တွင် ကိုင်ထားသော ဇာကိုသာ အတွင်ဂရုစိုက်၍ထိုးလေ၏။ တစ်ခါတစ်ရံ ဇာများမှားမှားနေ၍ ပြင်ကာပြင်ကာထိုးရလေ၏။ မောင်မောင်ခ၏ မဂ္ဂဇင်း မှ လွတ်၍မကျလောက်ဖြစ်လေ၏။

          ယင်းကဲ့သို့သွားရင်း ကြည့်မြင်တိုင်ဘူတာသို့ မီးရထားဆိုက်သည့် တိုင်အောင် တစ်ယောက်ကိုတစ်ယောက် စကားမပြောဘဲသွားကြရာ အင်းစိန်ဘူတာသို့ ရောက်ကာ အင်္ဂလိပ်မကလေးမှာလက်ညောင်းသဖြင့် ဇာကို အနီးတွင်ချထားလေ၏။ မောင်မောင်ခမှာ မျက်လုံးညောင်းသဖြင့် မဂ္ဂဇင်းကို ပေါင်ပေါ်တွင်တင်ကာ ပြတင်းပေါက်မှ ကွင်းပြင်လယ်များကို ကြည့်၍နေလေ၏။ ၎င်းတို့နှစ်ဦး အဘယ်ကိုကြည့်ကြစေကာမူ စိတ်တွင် မည်သူမည်ဝါလဲ ဘယ်သူ့သားမြေးလဲဟု စိတ်ပုတီးစိပ်သကဲ့သို့ ဖြစ်၍ နေလေ၏။

          အင်းစိန်ဘူတာသို့ ရထားရောက်သောအခါ မောင်မောင်ခစိတ်တွင် တဒိန်းဒိန်းနှင့် တို့တွဲကို လူများတက်လာဦးမှာလားဟု စိုးရိမ်မကင်းဖြစ်ကာ ထင်မိထင်ယောင်ရှိအောင် အင်္ဂလိပ်မအနား သွားထိုင်ရရင်ကောင်းမလား စသည်ဖြင့် စိတ်ကူးဖဲရိုက်ကာ ငါအနီးသွားထိုင်ရင် အင်္ဂလိပ်မက ဒီအကောင်

နောက်ပိုးပဲဟု စိတ်တွင်အောက်မေ့မှာကိုလည်း စိုးရိမ်မကင်း ဖြစ်ပြီးထကာ ပြတင်းပေါက်မှ ဦးခေါင်းပြူကာကြည့်နေရင်း ဟောဟို အင်္ဂလိပ်မ ဗိုက်ပူမကြီး တို့တွဲများတက်လာမလားစသည်ဖြင့် စဉ်းစားရင်း ဟန်လုပ်ကာ အင်္ဂလိပ်မ ဘက်သို့ကြည့်လိုက် ဈေးသည်များကိုကြည့်လိုက်နှင့်နေရာ အင်္ဂလိပ်မဘက် သို့အကြည့်တွင် အင်္ဂလိပ်မသည် ဣန္ဒြေနှင့်နေလေ၏။ ဤကဲ့သို့ထင်ယောင် ထင်မှားနေစဉ်တွင် ရထားကြီးမှာ အင်းစိန်ဘူတာမှ ထွက်သွားလေ၏။ ထိုအခါမှ မောင်မောင်ခ၏စိတ်တွင် အေးသွားလေ၏။

           ယင်းကဲ့သို့ တဖြည်းဖြည်းသွားကြလေရာတွင် နှစ်ဦးစလုံးမှာ ဝမ်းနည်းလာကြလေ၏။ အကြောင်းမူကား လူသတ္တဝါတို့မှာ အစုအဝေးနှင့်နေကြသောကြောင့် စကားပြောဖော်မရှိခြင်းကြောင့်ဖြစ်လေ၏။ အတန် ကြာသောအခါ အင်္ဂလိပ်မကလေးက ကျေးဇူးပြု၍ ရှင်၏သတင်းစာကို မဖတ်ရဘူးလားဟု ချိုသာသောအသံနှင့်မေးလေရာ မောင်မောင်ခမှာ ထိုင် ရာမှထကာ သတင်းစာကိုပေါ့ပါးစွာယူပြီး အင်္ဂလိပ်မလက်သို့ ပေးရင်း ၎င်းပြင်မြန်မာလိုရေးထားသော ကဝိမျက်မှန်မဂ္ဂဇင်းလည်းရှိပါသေးသည် အရုပ်များက လှပါဘိနဲ့ကြည့်စမ်းပါဦးဟု လောကွတ်ပိုကာ ထပ်၍ပေးလေ ၏။ အင်္ဂလိပ်မက ကျေးဇူးတင်ကြောင်းပြောရာ မောင်မောင်ခစိတ်တွင် မိမိကိုသရော်သည် မှတ်ထင်မိလေ၏။ , . . အင်္ဂလိပ်မကလေးမှာ သတင်းစာကိုရသောကြောင့် ကျေးဇူးတင်၏။ မောင်မောင်ခမှာ သတင်းစာကိုပေးရသောကြောင့် ကျေးဇူးတင်၏။ မောင် မောင်ခမှာ အင်္ဂလိပ်မကလေးသတင်းစာ ဖတ်နေသည်ကိုကြည့်ရင်း ကမ္ဘာ ပေါ်တွင် အချောအလှမှာတော့ ပထမရထိုက်တဲ့ မိန်းကလေးပါပဲဟု စိတ် တွင် ချီးမွမ်းရင်း စကားကိုပြောလိုသော်လည်း အင်္ဂလိပ်မမှာ ဦးခေါင်းမှ မဖော်ဘဲ သတင်းစာကိုသာ တွင်တွင်ကြီးဖတ်၍နေလေ၏။

             သတင်းစာဖတ်ပြီး၍ မောင်မောင်ခကိုပြန်အပေးတွင် မောင်မောင်ခ က ဘယ်သွားမလို့လဲဟုမေးလေ၏။

အင်္ဂလိပ်မ။ - “ကျွန်မ ပြည်ကိုသွားမလို့”

မောင်မောင်ခ။ “ ပြည်မှာနေသလား”

အင်္ဂလိပ်မ။ “မနေပါ၊ ရန်ကုန်မှာနေပါသည်၊ ရှင်ကောဘယ်မှာနေသလဲ”

မောင်မောင်ခ။ “ရန်ကုန်မှာနေပါတယ်၊ အခုပုသိမ်သွားမလို့” -

 အင်္ဂလိပ်မ ။ “ဘယ်မှာ အလုပ်လုပ်သလဲ”

မောင်မောင်ခ။ “ဒါကျုပ်ကဒ်ပါပဲ”ဆိုကာ လှမ်း၍ပေးလိုက်လေ၏။

အင်္ဂလိပ်မ။ ကဒ်ကိုကြည့်ပြီးလျှင် “ကာလကတ္တားက ပြန်လာတာ ဘယ်လောက်ကြာပြီလဲ”

မောင်မောင်ခ။ “မကြာသေးပါ ၆လလောက်ရှိပါသေးတယ်။

မင်းနာမည် ဘယ်လိုခေါ်သလဲ”

အင်္ဂလိပ်မ။ “ကျွန်မနာမည် မေရီ”ဟု ရှက်ကြောက်ကာပြောလေ၏။

မောင်မောင်ခ။ “ဘာကိစ္စနဲ့ သွားမလို့လဲ”ဟု ဆက်၍မေးလေရာ “ကျောင်းပိတ်အလည်သွားမှာပါပဲ”ဟု ပြန်ပြောလေ၏။

မောင်မောင်ခ။ “ဘယ်ကျောင်းမှာနေသလဲ”

မေရီ။ “ကွန်တင့်မှာနေပါတယ်”

မောင်မောင်ခ။ “ဂါဝန်နဲ့နေသလား”

မေရီခေါ် မညွန့်သည် ခေါင်းညိတ်၏။

မောင်မောင်ခ။ “ဘယ်အတန်းရောက်ပလဲ”

မညွန့် ။ “ဆယ်တန်းမှာ”

         ထိုနောက် အခွင့်မရှိသဖြင့် ဆိတ်ငြိမ်စွာနေရင်းတွင် လက်ပံတန်းသို့ ရောက်ရာ မောင်မောင်ခမှာဝမ်းနည်းစွာ မညွန့် ကိုခွဲခွာပြီး ပုသိမ် မီးရထား ကိုစီးရလေ၏။ ညွန့်မှာတစ်ယောက်တည်း ပြည်မြို့သို့ပါသွားလေ၏။

           တစ်နေ့သောညနေတွင် မောင်မောင်ခမှာ နေ့အလုပ်များပြီးစီး၍ . ညနေအချိန် ဘုရားလမ်းတွင်လမ်းလျှောက်ရင်း မိမိမျက်လုံးများတွင် မထွက်သော မျက်နှာလေးမှာ ဘုရားလမ်းကိုဖြတ်ကာ လက်ဆွဲသားရေ အိတ်ကလေးကို ကိုင်ကာလာသော မေရီနှင့်ရင်ဆိုင်တွေ့ လေ၏။

          ထိုကဲ့သို့ တွေ့သောအခါ တူစ်ယောက်ကို တစ်ယောက်စကားမပြော ဘဲရပ်၍ကြည့်နေကြလေ၏။ အကြောင်းမူကား ပျိုရွယ်သူများမှာ အကျွမ်း အလွန်ဝင်မှသာ ပြောဆိုခြင်းရှိကြသောကြောင့်တည်း။ ထိုကဲ့သို့ကြည့်နေ ခြင်းများမှာ မျက်လုံးချင်း ဓားပြတိုက်နေခြင်းဖြစ်လေ၏။

           အတန်ငယ်ကြာသောအခါ မောင်မောင်ခသည် ဦးထုပ်ကိုချွတ်ကာအရိုအသေပေးလေ၏။ ထိုအခါ မိန်းကလေးသည် ထွက်၍သွားလေ၏။ မောင်မောင်ခမှာ သွားခွင့်မပြုဘဲသွားသော မိန်းကလေးကိုကြည့်ကာ ကျန်ရစ်ခဲ့လေ၏။

            မောင်မောင်ခသည် မျက်စိတစ်ဆုံး စိုက်ကြည့်နေရစ်ခဲ့လေ၏။ ၎င်း နောက် သူဘယ်မှာနေသည်ကို ငါသိအောင်ကြံမည်ဟု စိတ်ကူးကာ မိမိ တိုက်သို့ လှည့်ကာပြန်လေ၏။ ။

           နောက်ရက်ပေါင်း များမကြာမီကျောင်းဖွင့်သဖြင့် မောင်မောင်ခ သည် ကျောင်းရှေ့သွား၍ ကျောင်းဆင်းချိန်တို့တွင် စောင့်လေရာ တစ်နေ့ တွင် မေရီကိုတွေ့မြင်ရ၍ သူ့အဖော်များနှင့်ကွဲရင် ငါဝင်စကားပြောမည်။ ငါ့ကိုငြင်းပယ်က အခြားမြို့များတွင် လိုက်လံရှာဖွေရမှာပဲဟု စိတ်တွင်ပိုက်

ကာ နောက်မှလိုက်ရာ ဆေးရုံကြီးဘက်မှချိုးပြီး မဂိုလမ်းဘက်သို့သွား ' သည်ကို မြင်ရလေ၏။ မဂိုလမ်းရောက်ကာလ အဖော်များနှင့်ကွဲပြီးဖြစ်၍မောင်မောင်ခက ဦးထုပ်ကိုချွတ်ကာ နှုတ်ဆက်လေ၏။ မေရီလည်းပြီး ရယ်ကာပြန်၍ နှုတ်ဆက်လေ၏။

မေရီ။ “ရှင်ကျွန်မကို တမင်လိုက်နေတာလား”

မောင်မောင်ခ။ “မင်းရိပ်မိတဲ့အတိုင်းပါပဲ၊ မင်းငါ့ကိုရိုင်းတယ်ထင်ရင်လည်း ထင်တော့ မင်းကိုပဲ ငါ့မျက်စိထဲတရေးရေးမြင်နေလို့သာ လိုက်နေတာပေါ့” မင်းနောက်ကိုလိုက်လာတာ အသိသားနဲ့ မစောင့်တာ

မုန်းလို့လား”

မေရီ။ “ရှင့်ကိုဘာဖြစ်လို့ မုန်းရမှာလဲ၊ သို့သော်လည်း ရှင်တို့ ယောက်ျားများအလိုကိုလိုက်ပြီးရှင်တို့အပျော်လိုက်ဖို့ရန်အတွေ့ခံရမှာလား”

မောင်မောင်ခ။ “မင်းငါ့စိတ်ကိုမသိလို့ ဒီစကားမျိုးပြောတာပါ၊ ငါဒီလိုလူမျိုး မဟုတ်ပါဘူး”

ထိုအခါမိန်းမပျိုကလေးသည် စကားမပြောဘဲ မောင်မောင်ခနှင့် အတူယှဉ်၍ လမ်းလျှောက်သွားလေ၏။

မေရီ။ “ရှင့်စိတ်ကသဘောရိုးအတိုင်းဖြစ်ရင် ကျွန်မငြင်းစရာမရှိ ပါဘူး၊ ရှင်ဝတ်လုံလုပ်နေတယ်ဆိုတာသိပါရဲ့ ၊ ရှင့်နာမည်တော့မှတ်မိပါရဲ့

ရှင်ဂျော့မဟုတ်လား”

`မောင်မောင်းမှာ မြန်မာလိုဆိုရင်မောင်မောင်ခ၊ အင်္ဂလိပ်လိုဆိုရင် ဂျော့ ဖြစ်လေ၏။ မီးရထားပေါ်တွင်ပေးခဲ့သောကဒ်မှာ ဂျော့ဟုရေးထား၏။

           ထိုနောက်ဆက်လက်၍ စကားပြောသွားကြရာတွင် မေရီခေါ်မညွန့် နှင့် မောင်မောင်ခတို့သည် ချစ်ကြောင်းကြိုက်ကြောင်း အတိအလင်းပြော ခွင့်ရကြသဖြင့် သမီးရည်းစားဖြစ်ကာ သွားကြလေ၏။

`          မောင်မောင်ခသည် ညနေတိုင်းသွား၍ တွေ့ကြလေ၏။ ၎င်းတို့ တစ်ယောက်တစ်ယောက် မြန်မာနာမည်ထုတ်ဖော်မပြောဘဲ၊ အင်္ဂလိပ်ထီး အင်္ဂလိပ်မတို့ကဲ့သို့ သွားလာနေထိုင်ကြလေ၏။ . ။

           အင်္ဂလိပ်မကလေး မညွန့်မှာ လက်ပံတန်းမြို့တွင် ဆွေမျိုးညာတိ များရှိသည့်အပြင် မိမိကိုယ်တိုင်လက်ပံတန်းသူဖြစ်လေ၏။

           အင်္ဂလိပ်ကလေးမှာ ပုသိမ်မြို့တွင်နေထိုင်သော သူဌေးမင်း၏ တစ်ဦး တည်းသော သားဖြစ်လေရာ မိမိ မိဘများက သား၏ချစ်ခြင်းဖြင့် ကာလကတ္တားမြို့သို့ ပညာသင်လွှတ်ရာ ဘီအေဘီအလ်အောင်လာသော ဂျော့ခေါ် မောင်မောင်ခဖြစ်လေ၏။

                                                                [၃ ]

သူဌေးမင်း ဦးသန့်သည် မီးရထားတွဲတွင် ကျောင်းဒကာဦးခန့်နှင့် တွေ့ကြရာ

“မာရဲ့ နော် ကျောင်းဒကာဦးခန့်”

ခန့်။ “မာပါရဲ့ သူဌေးမင်း၊ ယခုဘယ်ကလာကြသလဲ”

သန့်။ “ဟော သားကလေး ရန်ကုန်မှာ အလုပ်လုပ်နေလို့ အခြေအနေ သွားကြည့်ရတယ် ကျောင်းဒကာရဲ့”

ခန့်။ “ဘယ်သူတုန်း”

သန့်။ “မောင်မောင်ခဆိုတာကျုပ်သားလေ...ဘီအေဘီအလ်”