Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - ဝထ္ထုပဒေသာအမှတ်(၁၄)

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out

ရင်ငွေ့တော်

               “မေတ္တာခြုံမှလုံသည်၊ စောင်ဖြူခြုံ၍မလုံ” ဟူသော ဝေါဟာရ ကောလာဟလ ပြောကာကြားကြသော စကားကို ကြားဖူးကြပေလိမ့်မည်။ မေတ္တာ၏ အစွမ်းသတ္တိသည် လူ၏ကောင်းကျိုးချမ်းသာကို ပေးစေတတ် ၏။ ယခုအခါ ထူးဆန်းသော စိတ်နှင့် မြို့သည်၊ အိပ်မွေ့ချသည်ဟူသည် တို့သည်လည်း မေတ္တာစိတ်ကြီး၏ ကြီးမားသော တန်ခိုးဣဒ္ဓိပါတ်ကြီး ပင်ဖြစ်၏။ ထို့ကြောင့် အချစ် ရတနာနှစ်ဦးတို့၏ မေတ္တာထူးကို ကောင်းစွာ ရေးသားဖော်ပြပေလတ္တံ့။

               မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်တွင် ကျွန်ုပ်တို့၏အရှင်သခင် ရေမြေ့ရှင် သီပေါဘုရင်ကို အင်္ဂလိပ်မင်းများ ဖမ်းဆီးသွားသောအခါ မြို့ရွာမငြိမ် မသက် သူပုန်ရန်များပေါ်ထွက်ကြသည်အနက် အောက်မြန်မာပြည် မုတ္တမဘက် မရမ်းချောင်း ကျောက်ကလပ် ဟူသော အရပ်မှလည်း ဘုန်းကြီးဗိုလ်ဟူသော ဘွဲ့နာမကိုခံလျက် မငဲ့မကွက်၊ မညှာမတာ၊ အဟုတ် ရက်စက် လှစွာသော ဓားပြသူပုန် ဗိုလ်မှူးကြီးများတို့သည် လူလုံးလူရင်း အတင်း သွတ်ပြီးနောက် ရွာစဉ်တစ်လျှောက် ရွပ်ရွပ်ချွံချွံ လုယူတိုက်ဖျက် နှိပ်စက်ကလူ မြို့ကားရွာသူ ဆူပူကြောက်လန့် တုန်လှုပ်လှအောင် ပြုလုပ်ရုံမျှမက အလွန်ကြမ်းတမ်း ရုန့်ရင်းလှသောသဘောဖြင့် လင်ရှိလင်မဲ့ မရှောင် တိရစ္ဆာန်ဘောင်ကလာသည့်အလား လင်ရှိမယားကိုပင် ယူလိုယူ၊ လင်နှင့် ကလေးတို့ကို သတ်လိုသတ်၊ မအပ်မရာ ပြုကျင့်သွားလာကာ နေလေ့ရှိကြပေ၏။

                  တစ်နေ့သ၌ ထိုဘုန်းကြီးဗိုလ်သည် ကျိုက်ထိုနယ့် ဝမ်းပဒေါရွာကြီး သို့ ဝင်ရောက်စီးနင်းသောအခါ ဥစ္စာပစ္စည်းများစွာ ကြွယ်ဝချမ်းသာလှသော မောင်သာရ၊ မဖွားမြတို့အိမ်သို့ စီးမိလေရကား၊ ဥစ္စာပစ္စည်းများကို ယူငင်ပြီး လျှင် အိမ်ကို မီးတင်ရှို့ပြီး မဖွားမြကို မယားပြုလိုသောကြောင့် သူ့လင် မောင်သာရကိုသတ်၍ မဖွားမြနှင့် သားလှ မောင်တင့်ဖေ၊ သမီးကလေး မရင်မေတို့ကိုပါ တစ်ခါတည်းခေါ်သွားလေ၏။ ထိုအခါ ကလေး သူငယ်များ တို့သည် များစွာကြောက်ရွံ့တုန်လှုပ်လျက် ထိုသူများခေါ်သွားရာသို့ လိုက်ပါ သွားရသဖြင့် ကုလားချောင်းရွာသို့ ကျရောက်သောအခါ ကလေးများတို့ သည် မသွားနိုင်အောင်ပင် ခြေဖဝါးများ ကျိန်းစပ်လျက် မရပ်တည်နိုင်ဘဲ ရှိလေ၏။ သို့သော် မသနားမညှာမထောက်စာတတ်သော လူဆိုးလူဆိုး ဓားပြသူခိုးတို့သည် မြေတွင် တရွတ်ဆွဲ၍ သွားရာမှ ဝန်လေးလှသည် ထင်သောကြောင့် မောင်တင့်ဖေကို ထိုကုလားချောင်းရွာ၏ အနီးအပါးတွင် ပင်လျှင် ပစ်ထားခဲ့လေ၏ ။ ကောင်းစွာ မသွားနိုင်သော ၆ နှစ်သမီးကလေး မရင်မေကိုသာလျှင် ဗိုလ်မှူးကြီးအမိန့်နှင့် ဖေးဖေးမမ ခေါ်ဆောင်သွားကြ လေ၏။

            မောင်တင့်ဖေမှာ ထိုသူတို့ပစ်ထားခဲ့သောအခါ ကိုးကွယ်ရာမဲ့ ဖြစ် သည်တစ်ကြောင်း၊ ၎င်းပြင် အသက်အရွယ် နုငယ်သေးသူဖြစ်လျက် အမိနှင့်တကွအဖအား များစွာလွမ်းအားပိုလှသောကြောင့် ဝမ်းနည်း ပက်လက် မသက်မသာငိုကြွေးကာလျှင် ဟိုပြေးသည်ပြေး သောင်ပြင်လွှတ် သည့်ခွေးလိုဖြစ်လျက်နေသည်ကို သူတစ်ထူးအား သနားကရုဏာ ကင်းမဲ့ စွာသောသူပင် ဖြစ်လင့်ကစား ဤသူငယ်ကလေး၏ အဖြစ်အပျက် ရတက် ပွေပွား၍ နေရငြားသည်ကို တွေ့မြင်ရပါမူ ထိုသူသည် အမှန်ပင် မျက်ရည်ကျ ၍ ရင်ထုမနာဖြစ်ရှာပေလိမ့်မည်။

              သို့ သော် ကုလားချောင်းရွာသူ ရွာသားတို့ သည် ဓားပြများ၏ဘေးရန်ကို ကြောက်ရွံ့ကြသည်နှင့် ရွာထဲသို့ မနေဝံ့ကြဘဲ အချို့လည်း တောထဲတွင် ပုန်းအောင်း၍၊ အချို့ကား မြို့ကြီးပြကြီးသို့ အသီးသီး သွားရောက်နေထိုင်ကြသောကြောင့် ထိုရွာသည် သုဿန်တစပြင်ကဲ့သို့ခြောက်သွေ့ငြီးငွေ့ဖွယ်ကောင်းပြီးလျှင် ကျီးနှင့်တဖုတ်ဖုတ်သာ ရှိလေ၏။ ကလေးသူငယ် မောင်တင့်ဖေသည် ထိုမှ ဤမှ ငိုယိုမြည်တမ်းလျက် အသည်းလောင်ကျွမ်းစွာဖြင့် သွားလာသောအခါ ထိုရွာသို့ညနေချမ်းမှ ဆိုက်ရောက် သဖြင့် ရွာတွင်းသို့ဝင်သွားရာ လူသူတစ်စုံတစ်ယောက်ကိုမျှ မတွေ့ရချေ။ သို့သော် အလွန်တရာ ဆာလောင်မွတ်သိပ်နေသည်ဖြစ်သောကြောင့် အိမ်ကြီးတစ်အိမ်ပေါ်သို့ တက်ရောက်သွားရာ လူလည်းတစ်ယောက် မျှ မရှိပါဘဲလျက် ရက်ရက်စက်စက် လှပစွာ မှည့်နေသော ငှက်ပျောခိုင်ကြီးကို တွေ့ရသဖြင့် အားရဝမ်းသာ စားတော့မည်ဟု ငှက်ပျောသီးတစ်လုံးကို ဖဲ့၍ အခွံနွှာနေစဉ် လူတစ်ယောက်သည် ကပျာကယာပြေးတက်လာပြီးနောက်

     “ဟဲ့ .. တဲ့ လူကလေး မစားနဲ့ မစားနဲ့ ”ဟု ပြောဆဲမှာပင် ဆာလောင် လှသော မောင်တင့်ဖေသည် ငှက်ပျောသီးကို ကိုက်လိုက်ရာ၊ ထိုပြေးတက် လာသောသူသည် မောင်တင့်ဖေ၏ လည်ပင်းကို အတင်းညှစ်၍ “ထွေးလိုက် လူကလေး ထွေးလိုက်၊ အမယ်လေးလေး မစားပါနဲ့ မောင်ရယ် ... အားလုံး အဆိပ်ထည့်ထားတယ်။ မောင်သေသွားလိမ့်မယ်”

ဟု ပြောဆိုသောအခါမောင်တင့်ဖေသည် ထွေးထုတ်လိုက်လေ၏။ ၎င်း နောက်များ မကြာမီ ဘုန်းတော်ကြီးတစ်ပါးလည်း နောက်ထပ်ရောက်လာ၍

“ဟေ့တကာ .. ဘယ့်နှယ်လဲ၊ ဒီငှက်ပျောသီးတွေကို ကလေးစား လိုက်ပလား၊ မင့်ကို ဒါကြောင့် အစကပြောတယ်၊ မလုပ်ပါနဲ့ မရဘူး၊ ကဲ တစ်ခါ ဘယ့်နှယ် လုပ်မလဲ”

တကာ ။ ။ “မစားရသေးပါဘူး ဘုရား ... ဒါလောက်ပူမနေပါနဲ့ တပည့်တော်က ဦးပါတယ်”

ဘုန်းတော်ကြီး ။ ။ “ဪ မစားရသေးဘူးလား၊ ငါ့ကွာ .. စားများ ပြီးပြီလားလို့ .... တကတဲ .. စိုးရိမ်လိုက်တာ၊ မင့်ငှက်ပျောခိုင်ကြီးကို လွှင့်ပစ်လိုက်ပါ။ မကောင်းပါဘူး၊ ကဲ ကဲ ... ကျောင်းကိုခေါ်ခဲ့ ဘယ်က ကလေး လည်း မေးကြည့်ရအောင်”ဟု ပြောဆိုပြီးလျှင် ဘုန်းတော်ကြီးကျောင်းသို့ ခေါ်သွားလေ၏။

               ကျောင်းသို့ ရောက်သောအခါ ဘုန်းတော်ကြီးသည် ကလေးကို သေချာစွာ စစ်ဆေးမေးမြန်းသောအခါ သူငယ်ကလေး၏ နေရပ်နှင့်တကွ အမိအဖများကိုပါ ကောင်းစွာသိရသဖြင့် ထိုသူ့ရပ်ထံသို့ လိုက်လံပို့သမည် ဟု ပြောဆိုပါသော်လည်း မောင်တင့်ဖေသည် မပြန်လိုတော့ကြောင်း၊ အရှင်ဘုရားထံမှာပင် နေထိုင်လိုတော့သည်ဖြစ်ကြောင်းကို အကြောင်း အကျိုးနှင့်တကွ လျောက်ထားပြောပြသောအခါ ဘုန်းတော်ကြီးသည် မောင်တင့်ဖေ ပြောဆိုသမျှနှင့်ပင် နားကျ၍ ကောင်းမွန်စွာလက်ခံထားပေ ၏။ ဤကဲ့သို့ လက်ခံထားရာမှ နေ့ရက်များစွာ ကြန့်ကြာသောအခါ ဘုန်းတော်ကြီးဘုရားသည် သံယောဇဉ်တွယ်ပြီးလျှင် အလွန်တရာပင် ချစ်ခင်ပေ၏။ သို့သော် ၄ - ၅ - ၆ လခန့်မျှ ကြာရှိပါသော်ငြားလည်း မြို့ရွာစသည်တို့ ကောင်းမွန်စွာ မငြိမ်သက်သေးသည်နှင့် ဘုန်းတော်ကြီး ဘုရားသည် ထို ကုလားချောင်းရွာတွင် မနေဝံ့သောကြောင့် မြို့ကြီးပြကြီးဖြစ် သော ကျိုက်ထိုမြို့သို့ မောင်တင့်ဖေကိုပါခေါ်၍ ပြောင်းသွားကြလေ၏။

             မဖွားမြနှင့် သမီးကလေး မရင်မေတို့မှာမူကား ဘုန်းကြီးဗိုလ်သွားရာ သို့ တကောက်ကောက် လိုက်ပါသွားရသဖြင့် အလွန်တရာ ပင်ပန်းနွမ်းရိ ခြင်းဖြစ်လျက် အသားအရေတို့သည် ပိန်ချုံးကြကုန်၏။ ဤကဲ့သို့ တစ်ရွာ ဝင်တစ်ရွာထွက်၊ တစ်တောဝင်တစ်တောင်တက်နှင့် မပျက်မကွက်သွားလာ နေထိုင်ကြရာ ပဲခူးမြို့ကြီးသို့ရောက်ကြလေ၏။ သို့သော်မြို့၏အခြေအနေ ကြီးကျယ်ခမ်းနားသည့်ပြင် လက်နက်အင်အား မြောက်များလှသောကြောင့် ဘုန်းကြီးဗိုလ်သည်မြို့ကို မစီးဝံ့သေးဘဲ ဇနပုဒ်ကျေးရွာစသည် ကလေးများ ကိုသာ စီးနင်းတိုက်ခိုက် လုယူဖျက်ဆီးရန်အကြံအစည်နှင့် ပဲခူးမြို့အနောက် ဘက်ရှိတောတစ်လျှောက်တွင် တည်းခိုချရပ်လျက် အရေးအခင်းစသည် များကို စောင့်ဆိုင်းမျှော်လင့်လျက်နေကြလေ၏။

              ထိုအခါ ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်တွင် နေထိုင်လျက်ရှိသော မောင်ညွန့် နှင့်မောင်တင်တို့သည် ဆရာကြီး၏ ရိုက်နှက်ခြင်းကိုခံကြရသောကြောင့် ကျောင်းမတက်ကြဘဲ၊ တစ်ယောက်လျှင် လေးကလေး တစ်ချောင်းစီနှင့် တောထဲသို့ ငှက်ပစ်ထွက်ကြရာမှာ တဖြည်းတဖြည်း တောနက်ကြီးထဲသို့ ရောက်သွားကြလေ၏။ ၎င်းနောက် မောင်ညွန့်သည် ရေကြက် တစ်ကောင်ကို လေးနှင့်ပစ်၍ ထိမှန်လေသဖြင့် ထိုရေကြက်နောက်ကိုသာ ဇွဲကြီးစွာနှင့်လိုက်သွားရာ မောင်တင်နှင့်ကွဲကွာ၍ မဇင်းချောင်းသို့ ရောက် သွားသောအခါ ရေကြက်လည်းမျက်ခြည်ပြတ်၍ ပျောက်သွားလေ၏။ ထိုအခါ မောင်ညွန့်သည် ချောင်းအတက်ကိုဆန်၍ ရေကြက်များတွေ့နိုးနိုး နှင့် လိုက်လံသွားရာ ရေကြက်များကို မတွေ့ ရသည်နှင့် တောထဲတွင် အလေ့ကျပေါက်လျက် သီးမှည့်၍နေသော ကနစိုးသီများကို ဆွတ်ခူးနေစဉ် အလွန်ချိုသာလှသော ကလေးမကလေး၏ သီဆိုသော သီချင်းသံကို ကြားရလေ၏။ ထိုကဲ့သို့ ကြာရသည်နှင့် တစ်ပြိုင်နက် သူငယ်ကလေး မောင်ညွန့်သည် ခူးမည်ဆဲဆဲဆွဲနှိမ်ထားသော ကနစိုကိုင်းကလေးကိုကိုင်ကာ ကနစိုသီးကိုမျှ မခူးနိုင်ဘဲ ငေး၍နားထောင် နေစဉ်တွင် သီချင်းသံကလေး သည် ပျောက်သွားပြန်လေ၏ ။ နောက်တစ်ဖန်သေးတာတာနှင့် သနားစရာကောင်းလှသော မိုးဘွဲ့တေးထပ်ကို သီဆိုနေသည်ကို ကြားရပြန်သည်မှာ

 “ပြုချင်တိုင်းပြုမတတ် ၊ ခရုပတ်လိုလို နှစ်ခုစပ်အညိုမှာ ဗိုလ်ပေထင့်ရွှေမိုး၊ ရင်စလို စိုမှောင်တယ်၊ ပြိုမယောင် ဟန်ဝိချက်ဆိုး၊ မကြည့်သည့်လွမ်းပုံကို အစွမ်းကုန်သူနှိုးနွမ်းစေရုံသူပျိုးလို့၊ ဆိုးပါနှင့် နတ်မောင်၊ မစုံသူအခံကပ်အောင် ပြန်ဂဟပ် မိုးဆင်သင့်ပါ။ ဘုံသင်မြင့်စံစက်ညောင်မှာ၊ ခံခက်အောင် ဆင်သိုင်းလို့၊သင်တိုင်းဝတ် မှုံရီရီ၊ မှိုင်းဆင်ခဲ့ပြီ၊ ဖော်ဝေးသူညှိုးမကြည်အောင်၊ မိုးပလီ မူလွန်းလို့ လေး... "

ဟူသော မိုးဘွဲ့ တေးထပ်ကလေးကို သီဆိုပြီးနောက် ကလေးတို့ဘာဝ လျှောက်ကာ လျှောက်ကာ ကင်ပလင်းသီး ကလေးများကို ဆွတ်ခူး၍ နေလေ၏။ ။

မောင်ညွန့်သည် ကြိုးကြာ၊ ကရဝိက်သံများကဲ့သို့ သာယာလှသော