စိတ်ကူးချိုချိုစာပေ
ပီမိုးနင်း - ဣစ္ဆာသယစိတ်ပညာ
Couldn't load pickup availability
လွတ်မြောက်ရေး
အမျိုးသားတို့ လွတ်မြောက်ရေး အလုပ်သည်လည်း စိတ်ပညာ နှင့် သက်ဆိုင်သော အလုပ်ဖြစ်လေသည်။ စိတ်ပညာသည် လောက ကြီး အဖြစ်အပျက် ဟူသမျှနှင့်လည်း သက်ဆိုင်လေသည်။ အကြောင်း မူကား လောကအဖြစ်အပျက် ဟူသမျှသည် လူတို့၏အလုပ်နှင့် ပတ် သက်လေရာ လူတို့၏ အလုပ်ကို သိခြင်းသည် လူတို့၏စိတ်ကိုသိခြင်း ပင် ဖြစ်လေသည်။
လောကအခြေအနေတို့ကို ထောက်သဖြင့် လူတို့၏စိတ်အဘယ် ကို ရောက်နေသည်ကို သိနိုင်၏။ အဘယ်ကို ရောက်၍ နေလျှင် အဘယ်လိုဖြစ်မည်ကို ရော်ရမ်းမှန်းဆနိုင်၏။ အဘယ်သို့ ဖြစ်ချေက အဘယ်သို့ ပျက်နိုင်သည်ကို သိနိုင်လေသည်။
အင်္ဂလိပ်လူမျိုးသည် ကမ္ဘာကို တစ်ဦးတည်းကဲ့သို့ အစိုးရခဲ့စဉ် က မိမိကိုယ်ကို အဘယ်သောအခါမျှ မကျနိုင်ဟု မှတ်ထင်ခဲ့၏။ ထိုကဲ့သို့ မှတ်ခဲ့ရင်းပင် ကျ၍လာခဲ့၏။ အမေရိကန်တိုင်း ကွဲကွာခြင်း သည်ကား အစ-ကနဦး ကျခြင်းဖြစ်လေသည်။ သို့သော်လည်း ရှိရင်းစွဲ မာန်ကား မကျခဲ့ပေ၊ ယခုကားအကျကြီး ကျ၍ နေတော့၏။ အင်္ဂလိပ်တို့၏ စကားသည် အဘယ်မှာမျှ သြဇာမရှိတော့ချေ။ နိုင်ငံခြားအရေး ကိစ္စများမှာ အဘယ်တိုင်းပြည်၏ ယုံကြည်ခြင်းကိုမျှ မခံရတော့ချေ။ စီးပွားရေးမှာလည်း ကျလျက်ပင်၊ မိမိအုပ်ချုပ်ခြင်းကို ဒီမိုကရေစီဟု ခေါ်ပါလျက် အာဏာပိုင်တို့ကို တိုးလျှိုး၍နေ၏။ မိမိတိုင်းပြည်၌ အာ ဏာရှင် ပေါ်မည်ကို ကြောက်၏။ အခြား အာဏာရှင်တို့ကို လိုလားကြောက်ရွံ့ ရိုသေ၍ နေရလေသည်။ အများ အာဏာရှင်တို့၏ စော်ကား ခြင်းကို သဘောကြီးစွာနှင့် ခံယူလျက်နေလေသည်။
ရှိရင်းမာန်သည်ကား မကျသေးပေ၊ ကျသော အရာသည် ကျ စရာရှိလျှင် ကျချင်ချင် ဆိုသည့်စကားလို အစဉ်တစိုက်ကျရတော့မည် သာတည်း။ ယခုအထိ အစဉ်တစိုက်ကျခဲ့၏။ နောက်ကိုလည်း ကျလိမ့် ဦးမည်။ ဗြိတိသျှ၏အလုပ်သည် နယ်ချဲ့သောအလုပ် မဟုတ်တော့ပေ။ မိမိ၏ အဆောက်အဦကြီးကို လုံခြုံအောင် ဆို့ပိတ်ခြင်းမျှသာ ဖြစ်လေ တော့၏။ အတွင်းရန်သူကိုလည်း ကြောက်ရ၏။ အပြင်ရန်သူကိုလည်းကြောက်ရလေသည်။ (အီတလီ-ဂျာမနီ) တို့သည် အပြင်ရန်သူကို မကြောက်ရ၊ အပြင်မှာလည်း ရန်သူမရှိ၊ မိမိတို့ရဖို့လမ်းကိုသာ ကြည့် ၍ နေကြလေသည်။ ဗြိတိသျှသည် ထိုကဲ့သို့ နေရဖူး၏။ ယခုကား စပါးကြီးမြွေကြီး အစာအခါ တုံးလုံးပက်လက်နေသကဲ့သို့ ဖြစ်လေ သည်။ စပါးကြီးမြွေများမှာကား အခါခါအင့်အောင့် မျိုနိုင်ကြ၏။ လူမျိုးတို့မှာကား တစ်ခါသာ အင့်စမြဲဖြစ်လေသည်။ တစ်ခါ အင့်ပြီး သည်နောက် ထပ်၍ မအင့်တတ်ပေ။
အင်္ဂလန်ပြည်သည် ကြောက်၍နေမှန်း သိကြသောအခါ မကြာမီ ဝိုင်း၍ ခြောက်ကြပေလိမ့်မည်။ ထိုအခါ အင်္ဂလန်ပြည်၌ ရောက်ရှိမည့် အခြေအနေသည် လွန်စွာဆိုးဝါး၍ လာလိမ့်မည်။ မဖြစ်ဘဲ မနေနိုင် ပေ။ ကျွန်ုပ်တို့ လွတ်မြောက်ခြင်းအရေးအတွက် ဤလမ်းတစ်ခုသာရှိလေသည်။ ထိုအခါ အသင့်ရှိရန်အတွက် ယခုက တင်ကြိုပြင်ဆင် အားမွေးရန် ရှိလေသည်။ အရပ်ဟူသမျှ အသင်းအဖွဲ့ ဟူသမျှမှာ ကာယ ဗလ အသင်းများရှိသင့်ကြလေပြီ။ ကာယဗလဆရာများကို ကျောင်း သမျှတွင် ထားသင့်ကြလေသည်။ ကာယဗလစွမ်းသူတို့သည် စိတ်အား သတ္တိမှာလည်း စွမ်းကြလေသည်။ ကာယဗလကောင်း၍ လျင်မြန် ထက်မြက်သူတို့မှာ အဘယ်အရာကိုမဆို ဖြစ်မြောက်အောင် ကြံစည် လုပ်ကိုင်နိုင်ကြလေသည်။
လက်နက်အင်အား အဘယ်မျှပင် ကောင်းစေကာမူ၊ ကာယဗလ အားနည်းချေက အပင်ပန်းခံနိုင်မည် မဟုတ်သဖြင့် အစွမ်းရှိမည် မဟုတ်ချေ။ စစ်တိုက်ရာ၌ ကာယဗလနှင့် ဉာဏ်စွမ်းသတ္တိရှိသူတို့သည် သူ့လက်နက်ကို ကိုယ့်လက်နက်ဖြစ်အောင် အလောင်းမင်းတရားကြီး ကဲ့သို့ တတ်နိုင်ကြလေမည်။ ကျွန်ုပ်တို့မှာ လက်နက်မရှိ၊ အဘယ် နည်းနှင့် လွတ်မြောက်အောင်မြင်နိုင်မည်နည်း ဟူသော စကားသည် မှား၏။ အကြောင်းအားလျော်စွာ နည်းလမ်းများသည် အကူအညီ ရောက်နိုင်ကြလေသည်။ ကာယဗလသည် လွယ်သောအရာဖြစ်၏။ အရလွယ်သော သတ္တိစွမ်းရည်ဟူသမျှကို ရအောင် ဆည်းပူး၍ ထားရာ၏။









