Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - အောင်မြင်ခြင်း၏ဘုရင်

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out

အောင်မြင်ခြင်း၏ ဘုရင်

             အများအားဖြင့် စဉ်းစားဉာဏ်ကို မသုံးကြသည်မှာ အလွယ်လမ်းကိုလိုက် ခြင်းကြောင့် ဖြစ်လေသည်။ တစ်စုံတစ်ယောက် တစ်ခုခုကို စထွင်၍ လုပ်သည့်အခါ အလွယ်လမ်းလိုက်သူတွေ ဝိုင်း၍တုကြ၏။ ၎င်းတို့သည် စဉ်းစားခြင်းအလုပ်ကို ပင်ပန်းခံ၍မလုပ်။ လုပ်ရန်လည်းမလိုဟု သဘောထားကြလေသည်။ အကြောင်းမူ ကား ထွင်၍ထားသောလမ်းကို လိုက်ဖို့သာလိုသည်ဟု သဘောထားကြလေသည်။ သို့ဖြစ်လေရာ ထွင်သောသူတစ်ယောက် နောက်လိုက်သူ တစ်ရာ၊ တစ်ထောင်ဖြစ်လေ သည်။ ထွင်သူကား စဉ်းစားဉာဏ်သမားတစ်ယောက်သာ ဖြစ်၏။ တုပသော မစဉ်းစားသူတို့မှာကား ရာထောင်မက များကြလေသည်။

               ထိုကဲ့သို့သော အစုအဝေး၌ စဉ်းစားဉာဏ်ကို သုံးသူသည် စွဲမြဲခြင်း၊ ဇွဲသန် ခြင်း၊ လုံ့လဝီရိယနှင့် ဖြောင့်မှန်ခြင်း၊ ဤသတ္တိဂုဏ်များရှိဖို့သာ လိုလေသည်။ ထိုသူသည် လူတို့ထိပ်တင် အောင်မြင်ကြီးပွားခြင်း၏ ဘုရင်ဖြစ်ရမည်မလွဲတည်း။ လူအများတို့၏ ပူဇော်ခြင်းကို ခံရမည်မလွဲတည်း။ လူအများတို့၏ ချီးမြှောက်ခြင်း ကို ခံရမည်မလွဲတည်း။

 

လူမတန်ကံချ

             စီးပွားရေး၌လည်းကောင်း၊ ကျန်းမာရေး၌လည်းကောင်း၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရေး၌လည်းကောင်း၊ ပေါင်းသင်းဆက်ဆံရေး၌လည်းကောင်း အမှတ် သညာနှင့် စဉ်းစားဉာဏ်ကြီးသူသည် တောင်ထိပ်၌ မီးထွန်းသလို အဘယ်မှာမဆိုထင်ရှားရမည်။ ကံကြမ္မာနှင့် လုံးလုံးမဆိုင်ကြောင်း ပုံသေ စိတ်ချယုံကြည်ကြရ မည်။

              လောကကြီးပွားရေး၌ ကံကိုသာ မစွဲဖို့အကြောင်းကို ယခုအခါ မြန်မာလူမျိုး များ ယုံကြည်စပြုကြလေပြီ။ သို့သော်လည်း နှစ်နှစ်ကာကာယုံသည်ဟု မဆိုနိုင် သေးပေ။ အကြောင်းမူကား ပျက်စီးသူ၊ ဆင်းရဲသူ၊ ဒုက္ခတွေ့ သူတို့အနက် ငါမှားလို့ ငါမိုက်လို့ဟု ဝန်ချသူ လွန်စွာနည်းလိမ့်မည်။ ကံပဲလေဟူသောစိတ်နှင့် သူသာ များလေသည်။

                ဤနည်းသည် တစ်နည်းအားဖြင့် စိတ်ကိုဖြေရန်အတွက် နည်းကောင်း ဖြစ်သော်လည်း ပြန်၍ဖြစ်အောင်လုပ်လိုသော စိတ်အားထက်သန်တော့မည် မဟုတ် ပေ။ အကြောင်းမူကား ကံဆိုသည်မှာ စိတ်မချရသောအရာဖြစ်ရာ တစ်ဖန်ဖြစ်အောင် ကြိုးစားပေမယ့် ဖြစ်ချင်မှဖြစ်မှာ ကံအဘယ်ပုံလာမည်ကို မသိနိုင်ဟူသော စိတ်က အတွင်းစိတ်၌ပေါ်ပေါက်ကာ အကြံအစည် အလုပ်အကိုင်ကို အားမပေး ရုံမက အားယုတ်အောင်၊ အားပျက်အောင် ပြုနိုင်လေသည်။

           ယုံကြည်ခြင်းသည် စိတ်အားကို တိုးစေ၏ ။ အလုပ်တစ်ခုခုကို သေချာစွာ စဉ်းစားပြီး ငါဧကန်ဖြစ်မြောက်မှာပဲဟူသော အသိကို ပိုင်သောသူသည် လုပ်ရခြင်း ၌ အားတက်၏။ ဖြစ်မှဖြစ်မှာ “ကံမရှိ၊ ဉာဏ်ရှိတိုင်းမွဲ” ကြိုးစားတိုင်းလဲတာပဲ။ ဟန်မှ ဟန်ပါ့မလားဟူသော သွေးဆုတ်သော မီးယပ်စိတ်သည် စိတ်အားကိုယ် အားကို အမြဲဖျက်ဆီး၍နေရာ အောင်မြင်ခြင်းနှင့် ဖီလာဖြစ်၍ နေလေသည်။ ထိုအခါ သတိရော၊ စဉ်းစားဉာဏ်ရော ဆုတ်ယုတ်ရလေသည်။ စဉ်းစားကြံစည်သော်လည်း ဖြစ်ချင်မှ ဖြစ်မည်ဟူသောစိတ်က ကာဆီး၍နေလေသည်။

           ငါစာကျက်ရင် အောင်မှာပဲ၊ စာရလျှင် စာမေးပွဲအောင်မှာပဲဟု ယုံကြည်စွာ ကျက်မှတ်သင်ကြားကြသောကြောင့်သာ စာမေးပွဲအောင်သူတွေ များကြလေသည်။ ကံကိုသာ အားကိုးကြချေက ပင်ပန်းခံ၍ ကျက်ကြမည်မဟုတ်ပေ။

             လယ်ထွန်သူတို့သည်လည်း ကံကိုသာ အားကိုးကြချေက ပင်ပန်းစွာ ထွန် ကြမည်မဟုတ်ပေ။ သို့ဖြစ်လေရာ မြန်မာလူမျိုးတို့၏စိတ်၌ မလွှဲသာမကင်းသာမှ သာ ဉာဏ်ဝီရိယကို အားကိုး၏။ လွှဲကင်းသာက ကံကို လက်မလွှတ်ကြပေ။ လယ်သမားသည် အခြားအရာများ၌ ကံကိုယုံသော်လည်း စပါးကိုကား လယ်ထွန် ၍စိုက်မှရမည်။ မစိုက်လျှင် ကံလာ၍ပေးမည်မဟုတ်ဟူသော မလွှဲမရှောင်သာသော အရေး၌ ဉာဏ်ဝီရိယကို လုံးလုံးဖက်ပြီး နဖူးကချွေး ခြေဖျားကိုထိအောင် ကြိုးစား ကြလေသည်။ ကျန်းမာခြင်းနှင့် နာခြင်း၊ သေခြင်းမှာကား လက်ငင်းငတ်မည့်ဘေး။ကျွဲ၊ နွား၊ အိမ်ခြေ မောင်းထုခံရမည့်ဘေးလောက် အရေးမကြီး၊ ကျိန်းလည်း မသေ သဖြင့် နေသာထိုင်သာသောကြောင့် ကံပဲ၊ သေနေ့စေ့လျှင် သေမှာပဲဟူသော အနေ နှင့် အေးအေးပေါ့ပေါ့နေကြလေသည်။ သို့ဖြစ်လေရာ မကြာမကြာ သေနေ့ကြုံကြ ရလေသည်။

စဉ်းစားဉာဏ်၏ အကျိုး

              သို့ဖြစ်လေရာ လူ့ပြည်၌ ထင်ပေါ်ကျော်ကြား ဂုဏ်သတင်းကြီးမားခြင်းကို မည်သူမဆို လိုလားသော်လည်း အရေးအကြီးဆုံးဖြစ်သော သညာနှင့် စဉ်းစား ဉာဏ်ကို ထိထိရောက်ရောက် မသုံးကြချေက စွပ်မိမှ ကြီးပွားဖို့ရှိရာ ထိုသတ္တိများ ကို တကယ်အသုံးပြုသူမှန်က တကယ်အမှန် ထူးခြားသောအကျိုးကို ခံစားရမည်။ ဟု ပုံသေစွဲမှတ်ဖို့လိုလေသည်။

             စဉ်းစားဉာဏ်လေ့ကျင့်ခြင်းများသူသည် စဉ်းစားဉာဏ်အရာ၌ လျင်မြန်၏ ။ အဘယ်သို့သော အခြေအနေ၌ ဘာကိုလုပ်ရမည်၊ ဘယ်လိုပြောရမည်ဟူ၍ လျင်မြန်စွာ ဆုံးဖြတ်ချက်ချနိုင်လေသည်။

များစွာသောသူတို့သည် အဘယ်သောအခါ၌ အဘယ်သို့ ပြောရမည်။ အဘယ်ပုံလုပ်ရမည်ဟူ၍ပင် ဆုံးဖြတ်ခြင်းကို မပြုနိုင်ကြပေ။

              ထိုလူမျိုးသည် အမှတ်သညာနည်းပါး၊ စဉ်းစားဉာဏ်ကို များစွာမသုံးသူ များဖြစ်ကြသဖြင့် မသုံးသောဓားမှာ သံချေးတက်သည့်အလား စဉ်းစားဉာဏ် အသွားမသွက်၊ အခက်အခဲနှင့် မတွေ့ကြုံသင့်ဘဲလျက် တွေ့ကြုံကြရလေသည်။

တရားသဖြင့် ရဲရင့်ခြင်း

              စဉ်းစားဉာဏ်ကို လေ့ကျင့်ရာ၌ အဘယ်ကဲ့သို့သော အကြောင်းအရာများ ကို ရွေးချယ်ရမည်နည်းဟု မေးရန်မလို အဘယ်အလုပ်မှာမဆို စဉ်းစားဉာဏ်လို လေသည်။ စဉ်းစားဉာဏ်မလိုသော အဖိုးတန်အလုပ်ဟူ၍ မရှိပေ။ သို့သော်လည်း ဖြောင့် မဖြောင့် မှန်မမှန်ဟူသော တရားလမ်းနှင့်ဆိုင်သော အကြောင်းအရာများကို သာလွန်၍ စဉ်းစားရန်လိုပေသည်။ အကြောင်းမူကား လူအချင်းချင်း ဆက်ဆံခြင်း ၌ တရားလမ်းကျစွာ ပြုမူပြောဆိုဖို့၊ သူတစ်ပါး တရားလမ်းမကျလျှင် သိဖို့အရေး သည် ကမ္ဘာပေါ်၌ အကြီးဆုံးသောအရေး ဖြစ်လေသည်။ အကြောင်းမူကား အလုပ်ဟူသမျှမှာ လူလူချင်း ပေါင်းသင်းဆက်သွယ်ခြင်းအလုပ်သည် အကြီးဆုံး၊ အခက်ဆုံးသော အလုပ်ဖြစ်လေသည်။

              တရားလမ်းကျခြင်းကို မည်သူမဆို လိုလား၏။ မတရားမှုကို မည်သူမဆို မုန်းထားမြဲဖြစ်လေရာ မိမိအပေါ်၌ တစ်စုံတစ်ယောက် တရားကျစွာမပြုက ပြောရဲ ရမည်၊ အရေးယူရမည်၊ မိမိကိုယ်တိုင်ကလည်း တရားလမ်းကျဖို့လိုလေသည်။ တစ်စုံတစ်ယောက် မိမိအပေါ်၌ မတရားအနိုင်ပြုသည့်အခါ ငါခံနေရကောင်းမလား၊ ပြောလိုက်ရင် ငါလွန်မှာလားဟု ဝေဖန်၍နေဖို့မဟုတ်၊ မဟုတ်မခံဟူသော စိတ်ရှိသော တရားသောလူသည် ရဲရင့်စွာ ပြန်၍ပြော၏။ သို့ ပြောသည့်အတွက် လူကောင်းသူကောင်းမှန်က ကဲ့ရဲ့ မည်မဟုတ်။ ချီးမွမ်းသူက ပိုမို၍ များရမည်ကား ရဲရင့်သူကို မည်သူမဆို လေးစားရသော သဘောတရားအတိုင်းပင် ဖြစ်လေသည်။ ကြောက်သောသူကို မည်သူမျှ လေးစားမည်မဟုတ်။

(လူမှုရေးရာမှ)