Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - အယ်ဒီတာ၊စာရေးသူနှင့်စာဖတ်သူ

Regular price 800 MMK
Regular price Sale price 800 MMK
Sale Sold out

အယ်ဒီတာ ဆိုသည်ကား

               အခြားသော တိုင်းကြီးပြည်ကြီးများ၌ အယ်ဒီတာ အလုပ်သည် အထမြောက်ဖို့ရန် လွန်စွာခက်ခဲသော အလုပ်ဖြစ်လေသည်။ စင်စစ်အားဖြင့် ထိုတိုင်းပြည်များ ၌ အယ်ဒီတာအဖြစ်သို့ မရောက်မီ ရီပိုတာအဖြစ်နှင့် လည်းကောင်း၊ လက်အောက်စာပြင်ဆရာ၊ စာရေးဆရာ အငယ်များအဖြစ်နှင့်လည်းကောင်း နှစ်ပေါင်းများစွာ အနွံအနာခံ၍ သင်ကြားရလေသည်။ သို့ပင် သင်ကြား လုပ်ကိုင်ကြရသော်လည်း အယ်ဒီတာတစ်ယောက် အဖြစ် အောင်မြင်ဖြစ်ထွန်းဖို့ရန် မျှော်လင့်ခြင်းမှာ များ စွာအားတက်လောက်သော မျှော်လင့်ခြင်းမျိုး မဟုတ် ပေ။

             ကျွန်ုပ်တို့ မြန်မာပြည်မှာမူကား အယ်ဒီတာဖြစ်ဖို့ ရန် များစွာလွယ်ကူလေသည်။ ထိုကဲ့သို့ လွယ်ကူခြင်း သည် မြန်မာလူမျိုးတို့မှာ မွေးကတည်းက အယ်ဒီတာ သွေး ပါ၍လာကြလို့ပေလား။ သို့မဟုတ် မြန်မာလူမျိုး များမှာ လူတတ်လူလိမ္မာဖြစ်ဖို့ရန် လွယ်ကူသောကြောင့်လား။ သို့တည်းမဟုတ် မြန်မာပြည် စာနယ်ဇင်း အလုပ်သည် ဖြစ်ကတတ်ဆန်းအလုပ် ဖြစ်သောကြောင့် မည်သူမဆို အယ်ဒီတာ ဖြစ်နိုင်လေသလား။ သို့တည်း မဟုတ် ရဟန်းလူထွက်များသော တိုင်းပြည်ဖြစ်သောကြောင့်လားဟု တွေးတောဖွယ်ရာအချက်တွေ များစွာ ရှိလေသည်ဖြစ်ကြောင်း။

               အချို့က ပထမကျော်အောင်လျှင် အယ်ဒီတာဖြစ် သည်။ အချို့က တေးထပ်၊ လေးချိုး ရေးတတ်လျှင် အယ်ဒီတာဖြစ်သည်။ အချို့က ပျို့ကဗျာရေးတတ်လျှင် အယ်ဒီတာဖြစ်သည်။ အချို့က သတ်ပုံတတ်လျှင် အယ်ဒီတာဖြစ်သည်။ အချို့က ဝတ္ထု၊ ဆောင်းပါး ရေး တတ်လျှင် အယ်ဒီတာဖြစ်သည်ဟု တွေးထင်တတ်ကြ လေသည်။ စင်စစ်သော်ကား ပထမကျော်၊ ဘီအေ အောင်၍ ဝတ္ထု၊ ဆောင်းပါး၊ ကဗျာလင်္ကာ ရေးတတ် လျှင် ထိုသို့ သောဆရာတို့မှာ အယ်ဒီတာမဖြစ်ဘဲ စာရေးဆရာမျှသာ ဖြစ်သည့်ပြင် သတ်ပုံသတ်ညွှန်း နားလည်၍ အပင့်၊ အရစ်၊ ညသတ်၊ လုံးကြီးတင် ပြင်ဆင်တတ်လျှင်လည်း သတ်ပုံပြင်ဆရာတို့မှာ အယ်ဒီတာမဖြစ်ဘဲ စာပြင်ဆရာမျှသာ ဖြစ်ရကား အယ်ဒီတာနှင့် စာရေးဆရာ၊ စာပြင်ဆရာများသရုပ်ကို အထူးကွဲဖို့ လိုပေသည်။

              အယ်ဒီတာဆိုသည်မှာ ဘီအေအောင်ဖို့လည်း မလို၊ ပထမကျော်နှင့်လည်း မသက်ဆိုင်၊ သူတစ်ပါး ရေးသည့် များစွာသော အမှိုက်ပုံကြီးများထဲမှ မိမိ၏ ဉာဏ်ကို အသုံးပြုကာ ရှေ့အစွန်း၊ နောက်အစွန်းကို ဆင်ခြင်လျက် တော်၏၊ မတော်၏၊ သင့်၏၊ မသင့်၏ ချင့်ကာကြည့်ပြီး ဤစာကို ဤခြင်းထဲသို့ ဆုတ်၍ချ၊ ဟိုစာကို ဟိုဖိုင်မှာတွဲ၊ ထိုစာစုကို ထိုသူ့ထံပြန်ပို့၊ ရာဇဝတ်မှုအရေးတို့ကို ဖယ်ရှား၊ အဘယ်စာများက အဘယ်လူစုအတွက် ဘယ်လိုအကျိုးများပြီး အဘယ် လိုစာမျိုးတို့ကို စာနယ်ဖင်းဖတ်သူတို့ သဘောကျမည် ဟု ဆင်ခြင်ကာ နငယ်ကိုအမြီးတပ်၊ အသတ်ကို ထင် အောင်ရေး၊ သေးသေးတင်ပါ မကျန်ရစ်စေရအောင် လျော်သလိုပြုပြင်ပြီး ဖြတ်တန်ဖြတ်၊ ဖြည့်တန်ဖြည့်၊ ပြောင်းတန်ပြောင်းပြီး ကောင်းအောင် အကန့်အကန့်ခွဲ၊ အခန်းအခန်းတို့မှာ နေရာချထားပြီးလျှင် စာနယ်ဇင်း တည်းဟူသော စာအမျိုးမျိုး ပွဲရုံကြီးမှာ ဆော့ကလေး၊ချက်တနီးကလေးများနှင့် မွှေးမွှေးကြိုင်ကြိုင် မြိုင်မြိုင် ဆိုင်ဆိုင်ဖြစ်အောင်ပြင်ပြီး အငွေ့တထောင်းထောင်းနှင့် မြင်ရလျှင် သရေကျလောက်အောင် စီမံတတ်သော စာအိုးသူကြီးဉာဏ်မျိုး ရှိသူတို့ကို အယ်ဒီတာဟူ၍ ခေါ်ဝေါ်ပညတ် သမုတ်အပ်ပေကြောင်း။

              အယ်ဒီတာဆိုသည်မှာ 'Edere' “အပြင်သို့ ထုတ် ပေးသည်” ဟူသော လက်တင်စကားမှ ဆင်းသက်လာ လေသည်။ စင်စစ်အားဖြင့် အယ်ဒီတာသည် စာ, နယ်, ဇင်း, မှစ၍ စာအုပ်တို့ကိုထုတ်ခြင်း၌ ကြီးကြပ်ပြုပြင်သူ ဖြစ်လေရာ ပိဋကတ်သုံးပုံ၌ ကြီးကြပ်သော ဆရာကြီး များသည် အယ်ဒီတာအစစ်ကြီးများ ဖြစ်ကြလေသည်။ အယ်ဒီတာချုပ်ကြီးမှာ အဘယ်ပညာကိုမှ အခေါင် အဖျား တတ်ဖို့မလို။ လူကြိုက်အောင် စာတစ်ပုဒ်ကို ရေးတတ်ဖို့ ဝတ္တရားမရှိ။ ဤကမ္ဘာလောကကြီး၏ အခြေအနေကို ဉာဏ်မျက်လုံးဖြင့် ခြုံ၍ငုံ၍ကြည့်ပြီး ခေါင်းကြီးရေးသူ၏ အပြစ်၊ ဝတ္ထုရေးသူ၏ အပြစ်၊ သတင်းရေးသူ၏ အနာ၊ နိုင်ငံရေးဆရာ၏ အမှား၊ဆောင်းပါးရေးသူ၏ ချို့ယွင်းချက်၊ မသမာသူ၏ စိတ် သဘောထား ကောင်း မကောင်း၊ သင့် မသင့်၊ တော် မတော် အရာများ ဝေဖန်ခွဲခြားတတ်ပြီး ပြုတတ်၊ ပြင် တတ်၊ တန်ဆာဆင်တတ်သော အသိဉာဏ်ကြီးဖို့သာလိုပေသည်။ တိုတိုပြောရလျှင် အဆဲတတ်ရုံနှင့်လည်း အယ်ဒီတာမဖြစ်။ ထုတ်ဝေနိုင်ရုံမျှနှင့်လည်း အယ်ဒီတာ မဟုတ်။ စာနယ်ဇင်းတစ်စောင်ကို ဖြစ်မြောက်အောင် မောင်းနှင်နိုင်သောသူကို အယ်ဒီတာဟု ခေါ်ရလေ သည်။

                သို့ အတွက်ကြောင့် ဖြစ်ကတတ်ဆန်း အရမ်း အရမ်း ပေါ်လာကြသော ကမန်းကတန်း သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့မှာ စာနယ်ဇင်းမွေး မပေါက်မီ ပပျောက်၍ သွားတတ်ကြသည်မှာ အခြားကြောင့် မဟုတ်၊ အယ်ဒီတာအလုပ်ကို အိုးသူကြီးအလုပ်လောက် မခက်ဟု ထင်မှတ်ကာ ကလောင်ကိုင်ရုံမျှနှင့် အယ်ဒီ တာဖြစ်၊ ထုတ်ဝေနိုင်ရုံမျှနှင့် အယ်ဒီတာလုပ်၊ ဖြစ် ကတတ်ဆန်းနှင့် အဟုတ်ထင် လုပ်ကိုင်ကြပြီး၊ ပျက်စီး ၍သွားသည့်တိုင်အောင် ငါဘာပြုလို့ ပျက်ပါလိမ့်ဟု တွေးခေါ်စဉ်းစား သိရှိကြဟန်မတူသော ဆရာ့ဆရာ တို့၏ အထင်အမြင် လွန်စွာပင် မှားယွင်းကြခြင်းကြောင့် ဖြစ်ပေကြောင်း။

             ကျွန်ုပ်တို့ မြန်မာပြည်၌ စာနယ်ဇင်းအလုပ်သည် လှေကားအောက်ဆုံးအထစ်မှာ ရှိသေး၏။ ရှေ့၌ တိုး တက်ချဲ့ထွင် ပြုပြင်ရန် နည်းလမ်းတို့သည် အံ့မခန်း ကျန်သေး၏။