Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - မိသားစုလက်စွဲ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

                                                       သူ့အိမ်ရာကို ဖျက်ဆီးခြင်း

              ယခုခေတ်ကာလသည် လွတ်လပ်သောမိန်းမတွေ လွန်စွာများသော ခေတ် ဖြစ်ပါလျက် အချို့သော ယောက်ျားများသည် ကာမပိုင် မိန်းမများကိုမှ ကြံစည်တတ်ကြသည်မှာ အခြားကြောင့်မဟုတ်။ လွတ်လပ်သောမိန်းမတို့ကို စမိလျှင် မိမိအပေါ်၌ တာဝန်ကျတတ်ခြင်း၊ မိန်းမမှာလည်း လင်သားမရှိဘဲ လျက် အထည်ကိုယ်ပေါ်၍ လာချေက အဘယ်မျှလောက် လေးမည်ကို စဉ်းစား ကာ လွယ်ကူစွာ မလိုက်မပါဘဲ ငြင်းဆန်တတ်ခြင်းကြောင့် ဖြစ်လေသည်။

              ကာမပိုင်ရှိသူ မိန်းမမှာမူကား အဘယ်လိုပင်ဖြစ်စေကာမူ မိမိမှာလည်း ကောင်း၊ နောက်မှာလည်းကောင်း ဝန်လေးခြင်းမရှိ၊ လူမသိလျှင် ပြီးတာပဲ။ ငရဲဆိုတာတော့ နောင်ခါ ကျချင်မှကျမှာမို့ မရေမရာ။ မသေချာသော အနာဂတ် ဘေးမျှ ဖြစ်သည်ဟု စိတ်ချကာ နှစ်ဦးသဘောတူ လူမမြင် ဆိတ်ကွယ်ရာမှာ အကြိတ်အနယ် ကြံတတ်ကြလေသည်။ ။

              အချို့သော ယောက်ျားများမှာကား အဘယ်ဝန်ကိုမှ မကြောက်။ “ဥစ္စာ ကိုယူ လူကိုခိုး” ဟူသော ကြာပင်မျိုး စိုက်ခြင်းမျှသာ ဖြစ်လေသည်။

            ဤကြာအလုပ်သည် လောက၌ အလွယ်ဆုံးအလုပ်ဖြစ်၍ ရုပ်ကလေး အတော်အတန် သနားကမားရှိလျှင် မိန်းမများ သနားကြင်နာအောင် ပြောတတ်သော အမူအရာ အတတ်ကို တတ်သူတို့ထံမှ မှတ်သားလေ့ကျင့်ပြီး အဝတ် အစားကို အမြဲဂရုစိုက်ကာ မျက်နှာမှာ အဆီရောင်မထွက်ရအောင် တို့ပတ် ပေါင်ဒါ တသသနေပြီး လည်ပတ်ရှာကြံဖို့သာ လိုလေသည်။ ။

               သို့ဖြစ်၍ ဤကြာခိုသောအလုပ်သည် အပျိုကို လှည့်သောအလုပ်ထက် လွယ်ကူသောအလုပ်ဖြစ်ကြောင်း သိသာ၏။

                သို့သော်လည်း ကြာသမားများသည် လူလစ်သည့်အခါ တိတ်တဆိတ်ဆီအိုး၊ ငါးပိအိုး၊ ထမင်းအိုးကို ဝင်၍ နှိုက်သော ခွေးဝင်စားနှင့်တူလေရာနောင်သံသရာ၌ ခံရမည့်အရေးကို ထားလိုက်ဦးတော့၊ ဤလောက၌ပင် လွန်စွာ ရှက်ဖို့ကောင်း၏။

                    ထိုလူမျိုးသည် သူရဲဘော လွန်စွာနည်းပြီး လွန်စွာ ရက်စက်သောသူ များဖြစ်လေရာ သူတစ်ပါးပစ္စည်းကို ပိုင်သည့် အခါ သူ့လင်တော့ သိရင် တကယ်နာမှာပဲ၊ အဲဒါမှ ကောင်းတာ၊ ကြောရတဲ့ပဒုံမာဟု နှစ်နှစ်ကာကာ ပိုင် နိုင်စွာ ကြောတတ်ကြလေသည်။

               ထိုကဲ့သို့ သူ့မယားကို ဖျက်ဆီးသူတို့သည် အများအားဖြင့် လင်ကြီး ဖြစ်သူကို မုန်းထားတတ်ကြလေသည်။ အကြောင်မူကား လောက၌ ကျူးလွန် သူက ကျူးလွန်ခြင်းကို ခံရသူအပေါ်၌ မုန်းထားခြင်းသည် ဓမ္မတာသဘော တစ်ခု ဖြစ်၏။

              အင်မတန်ချစ်ခင်သော သူငယ်ချင်းညီအစ်ကို၊ တူဝရီး စသည်တို့ပင် သော်မှ စိတ်မချရ။ ဤအရာမျိုး၌ ဝါသနာပါသူဖြစ်ချေက အစ်ကို၏မယား၊ ညီ၏မယား၊ ချစ်လှသော သူငယ်ချင်း၏ မယားကိုပင် မိန်းမက အလိုတူက ဖျက်ဖို့ရန် လွယ်ကူတတ်ကြလေသည်။ ။

               အချို့ယောက်ျားများသည် ပင်ပန်းစွာ မကြံစည်ကြသော်လည်း မိန်းမ က လာ၍ စသည့်အခါ၊ မိမိ၏ ဂုဏ်သိက္ခာလည်း မဖျက်လောက်ဟု ယုံကြည် သည့်အခါ၌ မငြင်းမဆန် လိုက်ပါတတ်ကြလေသည်။ ။

               ဤအကြောင်းနှင့် ပတ်သက်၍ အထူးသတိပေးလိုသည်မှာ မိန်းမများ အတွက်ဖြစ်၍ မိန်းမများသည် ထိုကဲ့သို့ ပြုကျင့်သည့်အခါ မိမိ၏ အပြစ်ကို မိမိနှင့် အပြစ်ပြုဖော်ဘက်မှ တစ်ပါး အခြားမည်သူမျှ သိမည်မဟုတ်ဟု တွေး ထင်တတ်ကြလေသည်။

              သို့တွေးထင်ခြင်းသည် လွန်စွာ မှားလေသည်။ အကြောင်းမူကား ဤလို အမှုမျိုးမှန်က လင်ကြီးပင် သိနေသော်လည်း ရပ်ရွာသူ၊ ရပ်ရွာသားတို့သည် အသိမနှေးတတ်ကြချေ။ အကြောင်းမူကား လူတို့၏မျက်စိသည် ဆီလိုအပေါက် ရှာတတ်ကြလေသည်။

                 ဥရောပတိုင်းသားများမှာ မယားတစ်ယောက်မှတစ်ပါး အခြား အတိ အလင်း၊ အငယ်အနှောင်းယူဖို့ အခွင့်မရှိသဖြင့် ထိုလူမျိုးများမှာ အခြားသူ၏ သားမယားကို တစ်ရံတစ်ခါ တပ်မက်မိကြပေလိမ့်မည်။ ကျွန်ုပ်တို့ မြန်မာလူ မျိုးများမူကား ထိုကဲ့သို့ မဟုတ်။ “ယောက်ျားကောင်း မောင်းမတစ်ထောင်” ဆိုသော စကားရှိလေသည်။ သို့ပါလျက် ယခုကဲ့သို့ သော အုတ်ရှစ်တစ်တင်း၊ နှမ်းတစ်တင်းခေတ်ကြီးမှာ သူတစ်ပါးကွမ်းဖတ်၊ သူတစ်ပါး စားဖတ်၊ ဝါးဖတ်၊ သွားလှေးကပ်ကိုမှ ရှာကြံလိုက်စားကာ အရသာခံချင်သောသူတို့သည် နောင် သံသရာသို့မရောက်မီ ဤဘဝမှာပင် ဘေးဒဏ်ခံရတတ်ကြလေသည်။ အများ အားဖြင့် မျက်စိဒိဋ္ဌ တွေ့ရှိရသည်များကိုထောက်လျှင် အရိပ်ပမာ လိုက်ပါလေ့ ရှိသော မကောင်းမှု၏ အပြစ်ဒဏ်သည် နောင်ဘဝအထိ ဆိုင်းငံ့လေ့မရှိ၊ ယခု ဘဝမှာပင် အမိအရ ခဲတတ်လေ၏။

                    “ဥစ္စာယူ၊ လူခိုး” ဟူသော ကိန်းမျိုးကို ဆင်ကာ “ကြာ ... ကြာဦးစကြာ” လုပ်သူတို့မှာမူကား သာ၍ပင် ဘေးဖြစ်လွယ်လေသည်။ အကြောင်းမူကား ၎င်း တို့မှာ ပါးရေ ကလေးတင်းခိုက်၊ ခါးကလေး တင်းခိုက်မှာသာ ပြောင်ပြောင် လက်လက် နေရတတ်ကြသဖြင့် စီးပွားဥစ္စာကို ရိုးသားစွာ ရှာကြံခြင်းအလေ့ မရှိကြသောကြောင့် ရုပ်ရည်ကျလျှင် လာဘ်လာဘ တိတ်ပြီးလျှင် အိုနာကျိုး ကန်းသည့်အခါ ဟိုအရသာကို မဆိုထားဘိ စားချင်သော အစာကလေးများကို မှ မစားရတတ်ဘဲ အငတ်ငတ်အမွတ်မွတ်ဖြစ်ကာ ဆင်းရဲဒုက္ခနှင့် သေရတတ် သည့်ပြင် ငယ်ငယ်က ကလေးခဲ့သောစိတ်သည် ကြီးလာသောအခါ ဆက်လက် ၍ ကလေးတတ်သောကြောင့် လူရေးမပေါက်၊ လူရာမရောက်ဘဲ လူကြီးကလေး ဖြစ်ကာ အောက်ကျနောက်ကျ စုတ်စုတ်နုပ်နုပ် နေရတတ်လေသည်။

                      အချို့သောလူများသည် တမင်သက်သက် တစ်ဖက်သားလင်ကြီးကို မုန်းထားပြီး နာကြည်းအောင် တမင်ကြံလျက် သူ့မယားကို ခိုးပြီးနောက် အရှက်အကြောက်မရှိဘဲ ဘယ်သူ့မယားကို ငါဘယ်တုန်းက ဘယ်လိုသား စသည်ဖြင့် လင်ကြီးမခံချင်အောင် ပြောဆိုတတ်ကြလေသည်။ ။

                     မြို့တစ်မြို့၌ ထိုကဲ့သို့သော လူငယ်တစ်ယောက်ရှိကြောင်း ကြားသိရ လေသည်။ ထိုလူသည် မိမိ၏တပည့်တစ်ယောက်အား ညတစ်ည၌ မိန်းမ တစ်ယောက်ကို အခေါ်ခိုင်းရာ တပည့်က လွတ်လပ်သော အပျိုကို ရှာခဲ့သဖြင့် စိတ်ဆိုးလျက် အပျိုကို ငါ ဘာလုပ်ရမလဲ၊ ဘယ်သူ့မယားကို သွား၍ခေါ်ချေ။ လင်ရှိတဲ့ကောင်မကိုမှ ငါအလိုရှိတာကို နင်မသိဘူးလား ဟု ဆဲဆိုကြိမ်းမောင်း ကြောင်း ကြားဖူးလေသည်။ ထိုလူမျိုးသည် အလွန်တစ်ရာ အသက်တိုလွယ် သော လူမျိုးဖြစ်လေ၏။

                        ဗန္ဓုလ၊ ၁၁ ရက်၊ မေလ၊ ၁၉၂၇ ခုနှစ်။