Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - မသိသူကျော်သွားသိသူဖေါ်စား

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

လက်တွေ့စီးပွားရေး

                မြန်မာလူမျိုးများသည် အလုပ်သစ်အလုပ်ဆန်းများကို ထွင်လေ့မရှိ၊ တစ်ယောက်ယောက် အသစ်ထွင်မှ လိုက်၍ လုပ်တတ်ကြ၏။ သို့လိုက် ၍ လုပ်ခြင်းမှာလည်း လူမျိုးကွဲများကို မကြည့်၊ မြန်မာအချင်းချင်းများကို သာ ကြည့်တတ်လေရာ လူမျိုးကွဲများလုပ်လျက် ကြွယ်ဝ၍နေသော အလုပ်တွေ များစွာရှိကြလေသည်။

              ထိုအလုပ်များကို မြန်မာလူမျိုးများ မလုပ်ကြသေးချေ။ တစ်ယောက် ယောက် လုပ်သောအခါကျမှ တုပရန် စောင့်နေကြဟန်တူ၏။ ဥပမာ နံပြားအလုပ်၊ ပေါင်မုန့်အလုပ်၊ ခေါက်ဆွဲအလုပ်၊ ကြာဆံအလုပ်များ ကဲ့သို့ အောက်ကျသည် မှတ်ထင်ရသော အလုပ်ငယ်တွေ ဖြစ်ကြလေ သည်။

              နံပြားအလုပ်ကို မြန်မာအနည်းငယ်လုပ်ကြ၏။ သို့သော် ဖြစ် မြောက်အောင်မလုပ်ကြပေ၊ ဘန်ဂါလီ အလုပ်မှာလည်း ထို့အတူပင်ဖြစ် လေသည်။

               အလုပ်မှန်သမျှမှာ ဉာဏ်လို၏။ ထိုဉာဏ်ကိုမသိဘဲ ကွန်တီနင် တယ်တို့ကဲ့သို့ မုန့်ဆိုင်ကြီးမျိုးကို ငွေရင်းများစွာ စိုက်ထုတ်၍လုပ်လျှင် ပျက်စီးကြရမည်မလွဲပေ။ သို့တည်းမဟုတ် “မြေစမ်းခရမ်းပျိုး” သည့် နည်းမျိုးအတိုင်း အဖိုးငယ်ငယ်ကလေးတစ်ခုနှင့် ပေါင်မုန့်တစ်ခုကို တွင်တွင်လုပ် မြန်မာအိမ်များ၊ အင်္ဂလိပ်အိမ်များကိုလိုက်၍ အကြောင်း ကြား ကြော်ငြာစာရွက်များကို ကမ်း၍ ငွေရင်း အတော်အတန်စိုက်ထုတ် ပြီး နည်းစနစ်ကျကျလုပ်လျှင် မြန်မာလုပ်သော ပေါင်မုန့်ကိုမသုံးဘဲနေ ကြမည် မဟုတ်ပေ။

                 ထိုအလုပ်မှာ လွန်စွာခက်ခဲသော အလုပ်မဟုတ်ပေ။ ဂျုံကိုနယ်ဖို့ လူတစ်ယောက် နှစ်ယောက်နှင့်စ၍ ငယ်ငယ်ကမှ ကြီးအောင်လုပ်နိုင် ကြ၏။ နေရာလည်း ကြီးကျယ်စွာ မလိုပေ၊ အင်ဂလို အင်ဒီးယန်းလူမျိုး များထဲ၌ မိမိတို့၏သုံးနေကျ မီးဖိုချောင်မှ မုန့်အမျိုးမျိုးကိုလုပ်၍ အသိ မိတ်ဆွေများကို ရောင်းချလျက် စိတ်ငြိမ်စွာ အကျိုးခံစားလျက်ရှိကြ သော မိန်းမများ ရှိကြလေသည်။

                 အလုပ်ကိုလုပ်ရာ၌ ရိုးသားလျက် ဖိဖိစီးစီးလုပ်ကိုင်အသက်မွေး လိုသော ဆင်းရဲသူ ဆင်းရဲသားကလေးများအား “ငါအလုပ်ပေးမည်။ ငါတို့နှင့်ဝေ၍ စားမည်လော၊ မင်းတို့ရောင်းကြ ငါကလုပ်ပေးမည်” ဟု တိုင်ပင်၍ လုပ်ကြမည်ဆိုလျှင် အမျိုးသားချင်းကို ကူညီကြပေမည်။

                “မဖြစ်နိုင်ပါဘူး၊ ပေါင်မုန့်လုပ်တဲ့ ကုလားတွေ အများကြီးပဲ” ဟု ပြောသူများ ရှိကြပေမည်။ အလုပ်တစ်ခုခုကို လုပ်လိုသည့်အခါ လုပ်သူ တွေ များသည်၊ မများသည်ကို ဂရုစိုက်ဖို့မလို၊ ၎င်းတို့ထက် ထူးအောင်၊ ကောင်းအောင်၊ တစ်ချက်ချက်မှာပိုမို၍ ဖောက်သည်များ စိတ်ကျေနပ် အောင် လုပ်တတ်သော ဉာဏ်နှင့် စိတ်နေသဘောထား ကောင်းမြတ် ခြင်းသာ လိုလေသည်။

                 လွန်ခဲ့သော လေးနှစ်လောက်က မုန့်ဖက်ထုပ် လည်၍ရောင်းသူ တစ်ဦးကို တွေ့ရသည်။ ၎င်း၏ မုန့်ဖက်ထုပ်မှာ အခြားမုန့်ဖက်ထုပ်များ ထက် အနည်းငယ်ပို၍ ကြီးမားပြီး ဌာပနာပါရှိသော အုန်းသီး၊ သကြား အပြင် အုန်းနို့ အလွတ် ဆမ်း၍ပေးလေသည်။

               ၎င်းအား “မြတ်ကဲ့လား” မေး၍ကြည့်ရာ “လောဘကြီးတိုင်း ရအောင်လုပ်လို့ ဘယ်ရမလဲ ခင်ဗျာ၊ အသင့် အတင့် ဝတ်ရ စားရသူ တစ်ပါးဆီ မမှီခိုရဘဲ နေရစားရအောင်တော့ ရတာပေါ့။ စိတ်စေတနာကောင်းကောင်းထားပြီး ရောင်းသည့်အတွက် ကျွန်တော့်မုန့်ဖက်ထုပ်ဟာ သူများထက်တစ်ဆပိုတွင်ပြီး သူများလောက်လည်း ကြာကြာမရောင်းရ ဘူး၊ များများတွင်သည့်အတွက် နည်းနည်းပိုလုပ်ရတဲ့ အလုပ်ကလေး တစ်ခုရှိတာပါပဲ” ဟု ပြောလေသည်။

                    အုန်းထမင်းရောင်းသူတစ်ယောက်အားမေး၍ကြည့်ရာ.. “ကျွန်တော် တစ်မနက်ကလေး ထီးနှင့်လျှောက်ရတာပဲ၊ ကျွန်တော့် ကုလားကလည်း တစ်မနက်နဲ့ ငါးမူးရသည့်အတွက် ကျေနပ်လို့ ခင်ဗျား”

                   “ကျွန်တော်တော့ တစ်လတစ်ရာစား စာရေးအလုပ်ကို မတတ်လို့ ပြောတာမဟုတ်ပါဘူး။ တတ်ရင်လည်း မလုပ်ပါဘူး။ စာရေးလိုဟန် စတိုင်နဲ့ နေဖို့မလိုသည့်အတွက် အညာကို တစ်လခြောက်ဆယ်လောက် ပို့ရပါတယ်။ ကျွန်တော့်မှာ ရောင်းတဲ့ထမင်းစားပြီး အသားတင် တစ်လ သုံးလေးဆယ် သုံးရပါတယ်...” ဟု ပြောလေသည်။

                    ခေါက်ဆွဲရောင်းသော တရုတ်တစ်ယောက်အား မေးကြည့်ရာ... “ပေါက်ဖော် တစ်နေ့လေ ငါးမူး ဘိန်းဆူလယ်၊ ငါးမူးထမင်းစားလယ်၊ ငါးမူးမိန်းမယူလယ်၊ တစ်ကျပ် တိုလီမိုလီစုံလယ် လောကောစောက် လယ်၊ အိမ်လခ တစ်မတ်ပေးလယ်၊ မြန်မာတိုင်းပြည်ပိုက်ဆံပေါလယ် ချမ်းစာလာပေါ့..” ဟု ပြောဖူးလေသည်။

                သရေစာသည်များမှာ- သန့်ရှင်းခြင်း၊ ကောင်းအောင် စေတနာထား ခြင်း၊ သူဌေးဖြစ်ဖို့စိတ် မမြန်လွန်ခြင်း ဤစိတ်မျိုးရှိလျှင် ဆင်းရဲသား အလုပ်များမှာ ကြီးပွားနိုင်၏။ တရုတ်ခေါက်ဆွဲဆိုင်များမှာ ကြီးပွား၍ မြန်မာဆိုင်များ ပျက်ကြသည်မှာ အဘယ်ကြောင့်ပါနည်း။ မြန်မာမှာ ဝီရိယ မရှိခြင်းကြောင့် များများကြီး ချက်ပြုတ်ခုတ်စဉ်း ပြင်ဆင်ခြင်း မလုပ်နိုင်ကြသဖြင့် အနည်းငယ်မျှနှင့် အမြတ်များ လိုချင်ကြသော ကြောင့် ဖြစ်လေသည်။

               တရုတ်များမှာ ထိုကဲ့သို့မဟုတ်၊ အမြတ်နည်းနည်းနဲ့ များများကြီး တွင်အောင်လုပ်ခြင်းမှာ ချက်ပြုတ်၊ ခုတ်စဉ်း၊ ထုတ်ခြင်း၊ ပတ်ခြင်းအလုပ် များ၌ အပင်ပန်းခံဖို့ လိုလေရာ မြန်မာလူမျိုးများမှာ ထိုကဲ့သို့ အပင်ပန်း မခံနိုင်ကြသဖြင့် အဖိုးကြီးကြီးနှင့် ပထမတန်း အကောင်းဆုံးကို နည်း နည်းမျှရောင်းဖို့ စိတ်ကူးကြလေသည်။

             မြန်မာခေါက်ဆွဲဆိုင်များ ပေါ်စဉ်က တစ်မတ်တန် ခေါက်ဆွဲ အကောင်းကိုသာ စားရဖူး၍ သင့်လျော်စွာ ကောင်းသော တစ်မူးတန် ခေါက်ဆွဲကိုမူ မစားကြရပေ။

              ယခုညဉ့်အခါ၌ “ဆိပ်ကြီးပဲလှော်” “ပဲကျားလှော်” ဟုအော်၍ ရောင်းသူများရှိကြ၏။ သူငယ်တစ်ယောက်မှာ တစ်ညဉ့်လျှင် နှစ်ကျပ်ခွဲ ရသည်ဟု ပြော၏။ ဆယ်နာရီအထိ မရောင်းရပေ။ ၎င်းမှာ တစ်ပြားဖိုး ဝယ်လျှင် အများကြီးပေး၍ ရောင်းသူဖြစ်၏။

             အဘိုးကြီးတစ်ယောက်မှာ ညဉ့်နက်သန်းခေါင်အထိ ရောင်းရသော် လည်း ထို ယောက်ျားပျိုလောက်မတွင်ရှာပေ။ အကြောင်းမူကား

           ကောက်ပဲသီးနှံ လွန်စွာပေါသော ခေတ်မှာ တစ်ပြားဖိုးလျှင် အစေ့ တစ်ဒါဇင် သာသာမျှပေးကာ စေးစေးနှဲနှဲ ရောင်းသူဖြစ်ကြောင်း သိရ လေသည်။

                    စိတ်သဘောကြီးကြီးနှင့် ယောက်ျားပီသစွာ စေတနာသဒ္ဓါတရား နှင့် ရောင်းချတတ်ချေက မည်သူမျှ ငတ်ဖို့မရှိပေ၊ ထို့အပြင် ယခုခေတ် အခါ၌ ကျိုးနွံစွာ လုပ်ကိုင်ရှာဖွေသူတို့ကို မရှုတ်ချသည်သာမက အား ပေးချီးမွမ်းကြသည်သာ များသောခေတ် ဖြစ်လေသည်။

                                                                          ၂

                                     မြန်မာလူမျိုးတို့သည် အလုပ်ကိုရွေးချယ်သင့်သလော

                “ဟိုအလုပ်ကား သေးနုပ်သည်၊ သည်အလုပ်ကား ပင်ပန်းသည်” စသည်ဖြင့် အလုပ်ကို ရွေးချယ်တတ်သော သဘောကား မြန်မာလူမျိုး များ၌ အစဉ်အလာ ဖိစီးစွဲကပ်နေသော ရောဂါဆိုးကြီးတစ်ခုဟု ဆိုရပေ မည်။

                  အကြောင်းရင်းကို စိစစ်သော်... စိတ်နေသဘောထားအထက်တန်း ကျနေ၍ တော်တော်တန်တန် အလုပ်ကို သေးနုပ်သိမ်ဖျင်းသည်ဟု ထင် မှတ်နေခြင်း ဖြစ်လေသည်။

                  ဤသို့အထက်တန်းကို လုသောစိတ်တို့ရှိခြင်းကား... လွန်စွာမှ အဖိုးတန်သည်မှန်၏။ သို့သော်... စိတ်တစ်ခုတည်းသာ အထက်တန်း တွင်နေ၍ စိတ်သွားတိုင်း ကိုယ်မပါနိုင်ပါက လိုရာသို့ မရောက်နိုင်ကြောင်း ကို ကောင်းကောင်းကြီး သတိပြုအပ်လှပေ၏။

             အလုပ်တစ်ခုခုကို ရွေးချယ်အပ်သော သူတို့ကား.. ကာယဗလ၊ ဉာဏဗလ၊ ဘောဂဗလနှင့် ပြည့်စုံသော သူ များမှာ အနည်းငယ်တော် ၏။ ဤအထက်ပါ အရည်အချင်းတို့နှင့် မပြည့်စုံဘဲ အလုပ်ကို ရွေး ချယ်ပါမူ နိုင်ငံခြားသားများ၏ လက်ဝယ်သို့ ရောက်တတ်ကြသဖြင့် မြန်မာလူမျိုးတိုင်းရင်းသားတို့မှာ အလုပ်လက်မဲ့ဖြစ်ကာ “ဘုန်းကြီးပျံ လည်းမမီ ထီးတင်ပွဲလည်း မတွေ့” ဆိုသလို အလဟဿ ငွေကုန်အချိန်