Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - ပီမိုးနင်းစာပေါင်းချုပ်ပထမတွဲ

Regular price 7,500 MMK
Regular price Sale price 7,500 MMK
Sale Sold out

အရင်းမစိုက် လှေထိုးလိုက်

                                                    ရောင်းချနည်း စိတ်ပညာ

                 လောကတွင် စိတ်နှင့်ကင်းသောအလုပ်မရှိ။ အလုပ်ဟူသမျှမှာ စိတ်ကို သုံးနိုင်သလောက် ပေါက်ရောက်တွင်ကျယ်နိုင်လေသည်။ အလုပ်၌ စိတ်ကိုသွင်းခြင်းသည် စူးစိုက်ခြင်းပင်ဖြစ်လေ ရာ စူးစိုက်ခြင်းသည် ပေါက်ရောက်အောင်မြင်ခြင်း ဖြစ်ကြောင်းကို အထူးပြောဖို့မလိုချေ။

              ရောင်းချခြင်းအလုပ်၌ စိတ်ကိုအသုံးပြုတတ်က ပိုမို၍ အရောင်းတွင်၏။ ဤကျမ်းတွင် ဖော် ပြသော အချက်ကလေးများကို သာမန်တွေးလျှင် သိပြီးသလို၊ အရေးမကြီးသလို မှတ်ထင်ကြပေ လိမ့်မည်။ သို့သော်လည်း ထိုအချက်ကလေးများကို စေ့စပ်သေချာစွာ လိုက်နာ၍ မျက်လုံး၌ လည်းကောင်း၊ နှုတ်လျှာ၌လည်းကောင်း၊ မျက်နှာအမူအရာ၊ ကိုယ်ဟန်အသံ၌လည်းကောင်း အမြဲဆောင်နိုင်သော ရောင်းချသူမှာ အလွန်စွမ်းသော ဈေးခေါ်လက်ဖွဲ့ကို ဆောင်၍ထားသလား ဟု မေးခြင်းကို ခံရပေလိမ့်မည်။ အကြောင်းမူကား ထိုအချက်ကလေးများသည် လွန်စွာသိမ်မွေ့ သဖြင့် ထိုအချက်ကလေးများကို အသုံးပြုသူမှတစ်ပါး တစ်ရံဆံလူသည် သုံးမှန်းကို သိမြင်နိုင်မည် မဟုတ်ချေ။

               ၎င်းအချက်တို့သည် စိတ်ပညာကို အထူးတတ်မြောက်၍ လူ၏စိတ်ကို အထူး နားလည် သော ပညာရှိကြီးများ၏ နည်းလမ်းတို့ကို အသုံးပြုခြင်းဖြင့် ရရှိသောနည်းလမ်းများဖြစ်လေရာဤ ကျမ်းသည် လူ၏စိတ်အကြောင်းကို သင်ပြသော စိတ်ပညာကျမ်းတစ်မျိုးပင်ဖြစ်ရကား ၎င်း စိတ် ပညာမှာ ရောင်းချခြင်းအလုပ်၌ သုံး၍ထားသော လက်တွေ့စိတ်ပညာဖြစ်သဖြင့် ဤ အရောင်း စိတ်ပညာကို တတ်မြောက်သော ရောင်းချသူသည် ယုန်သူငယ်ကို ခြင်္သေ့မင်း အုပ်ဖမ်းကစားနိုင် သလို ဖောက်သည်များကို မလွတ်ရအောင် အမိဖမ်းနိုင်ကြောင်း ကိုယ်တွေ့ဖြစ်ပါလိမ့်မည်။ သို့ ဖြစ်၍အထပ်ထပ် ဖတ်ရှုဆင်ခြင် လေ့ကျက်ခြင်းဖြင့် ရောင်းသူ၏ ကိုယ်နှင့်စိတ်မှာ ထိုအချက်တွေစွဲရောက်ဝင်စား ကိန်းအောင်းစေလျက် အံ့ဖွယ်သော သတ္တိအရည်အချင်းကို ရကြလေအောင် ဤစာအုပ်ကို အမြဲလက်ဝယ်ထားသင့်ကြလေသည်။

               လူမှန်က ရောင်းချခြင်းအလုပ်ကို လုပ်နိုင်၏။ ဆိုင်မှာထိုင်၍ ရောင်းခြင်း၊ တစ်နေရာမှ တစ် နေရာသို့ သွားလာလျက် ကုန်နမူနာများကိုပြ၍ စပ်ဟပ်ရောင်းချခြင်း၊ ကြော်ငြာ၍ ရောင်းခြင်း၊ ကိုယ်စားလှယ်ခံယူ၍ရောင်းခြင်း၊ ဖော်စပ်လုပ်ကိုင်၍ ရောင်းခြင်း၊ လက်ကားရောင်းခြင်း၊ လက် လီ ရောင်းခြင်း စသည့်အလုပ်တွေများစွာရှိရာ ဤအရောင်းစိတ်ပညာကို တတ်သူမှန်က ဘဝမှာ ဆင်းရဲအောက်ကျဖို့မရှိ။ အရင်းအနှီးမျှ မလို။ ဆိုင်ကြီးတစ်ခုကိုကြည့်ကာ ဤဆိုင်ကပစ္စည်းများ ကို ငါအဘယ်ပုံ တွင်အောင်ရောင်းပေးရပါ့မလဲဟု စိတ်ကူးလျက် တကယ်တွင်စေသည့် နည်း လမ်းကို အဟုတ်တကယ်တွေ့နိုင်၍ ငွေပေါက်ကို တိုးမိနိုင်လေသည်။

             ငွေတစ်ရာ လွယ်ကူစွာချေး၍မရ၊ ရလျှင်လည်း အတိုးပေးရ၏။ ကုန်ပစ္စည်း တစ်ရာဖိုးကို အကြွေးရနိုင်၏။ ရသောအခါ၌လည်း အမြတ်အစွန်းဖြစ်ထွန်းပြန်လေရာ ကမ္ဘာပေါ်၌ အရောင်း တတ်သူသည် ခေါင်းတုံးပေါ်တွင် ထိပ်ကွက်သော လူလိမ္မာဖြစ်သည့်ပြင် လောက၌ ငွေကို သုံးရ သည် မဟုတ်၊ ကုန်ပစ္စည်းကိုသာ သုံးရသည်ကို ထောက်လိုက်လျှင် အရောင်းတတ်သူမှာ ကုန် ပစ္စည်းတောထဲကို တိုး၍နေရသဖြင့် သုံးစရာမရှား၊ စားစရာ ဝတ်စရာ မရှား၊ ပဒေသာပင်ကြီးများ ကို ရသူများနှင့် တူကြလေသည်။

              ထို့အပြင် လူမှန်က ကုန်ပစ္စည်းသာမဟုတ်၊ ရောင်းစရာအမျိုးမျိုး ရှိ၏။ ပညာကိုရောင်းခြင်း၊ အကြံဉာဏ် ဝီရိယ အချိန်နာရီကို ရောင်းခြင်း၊ အလုပ်ကို ရောင်းခြင်း၊ အားအစွမ်းကိုရောင်းခြင်း စသည်များသည် လူမှန်သမျှမှာ တစ်မျိုးစီရှိသော အဖိုးတန်ကုန်ပစ္စည်းတွေ ဖြစ်ကြလေရာ ကူလီ၊ အစေခံ၊ စာရေးမှစ၍ ဝတ်လုံ၊ ဆေးဆရာဝန်အထိ ရောင်းကြရသဖြင့် ဤအရောင်းစိတ်ပညာ ကျမ်းသည် လောက၌ ကြီးပွားလိုသူဟူသမျှနှင့် သက်ဆိုင်သောကျမ်း ဖြစ်လေသည်။

             စိတ်ပညာကို စီးပွားရေးတစ်ခုခု၌ ထိထိရောက်ရောက် စ၍ အသုံးပြုသည်မှာ ရောင်းဝယ် ခြင်း အလုပ်၌ ဖြစ်လေရာ ဤပညာသည် လူ၏စိတ်ကို ဆွဲခြင်း၊ မဝယ်ချင်သူကို ဝယ်ချင်အောင် လုပ်ခြင်း၊ အသုံးမလိုသေးဟု မှတ်ထင်ရသော ပစ္စည်းကို အသုံးလိုကြောင်း ထင်ရှားစွာပြုခြင်း နည်းလမ်းများကို သင်ပြသောပညာ ဖြစ်လေသည်။ ရှေးအခါက အင်္ဂလန်ပြည်၌ လက်ဖက် ခြောက်၊ ကိုကိုးတို့ကို သုံးရမှန်းမသိကြဘဲ ယခုအခါ မသုံးဘဲ မနေနိုင်သော အခြေအနေသို့ ရောက်ခြင်းသည် ဤအရောင်းပညာ၏ အစွမ်းကြောင့် ဖြစ်လေသည်။

           ဤပညာသည် မိမိတစ်ဦးတည်းသာကြီးပွားစေနိုင်သည်မဟုတ်၊ တိုင်းပြည်ကြီးပွားရေးနှင့် အမျိုးသား တိုးတက်ကြီးမြင့်ခြင်း၏ အကြောင်းရင်းကြီးဖြစ်ခြင်းကို မည်သူမျှ မငြင်းနိုင်ချေ။ ကမ္ဘာ စစ်ကြီး ဖြစ်ပြီးနောက် ၁၉၁၈ ခုနှစ်တွင် ဂျာမနီနှင့် စစ်ပြေငြိမ်းပြီးသောအခါစစ်တပ်များမှ ပထမဦးထွက်ခွင့်ပေးရသူတို့သည် အရောင်းတတ်သော “ဆေးလ်စ်မင်း” ခေါ် ဈေးသည်များ ဖြစ်ကြလေ သည်။ ဤယခုအခါသည် မြန်မာအမျိုးတို့အတွက် ရောင်းဝယ်ခြင်းအတတ် ပို၍အရေးကြီးသော အခါ ဖြစ်လေသည်။ “လယ်အလုပ်ကိုသာ အားကိုးခဲ့မိသဖြင့် အဘယ်မျှလောက် ဆင်းရဲဒုက္ခ ရောက်ကြရသည်ကို သိကြလေရာ ထိုဆင်းရဲအောက်ကျသော အခြေအနေမှ ပြန်၍တက်နိုင်ဖို့ ရန် အရေးကြီးသော နည်းလမ်းမှာ ရောင်းချခြင်းအတတ် ဖြစ်ပေသတည်း'

                                                  မည်သူရောင်းသနည်း

                    ဝတ္ထုပစ္စည်းအရိုင်းကို ဖြစ်အောင်လုပ်သူမှစ၍ နောက်ဆုံး ဝယ်ခြမ်းသုံးစွဲသူများသို့ တိုင် အောင် အရောင်းသမားသည် သံကြိုးတွင် အဆက်ပမာ အသုံးခံရလေသည်။ ဝတ္ထုအရိုင်းလုပ်သူ ထံမှ ပစ္စည်းအသုံးအဆောင် လုပ်သူထံသို့ ထိုဝတ္ထုအရိုင်းကို ရောင်းသူက သယ်ပို့ရ၏။ ပစ္စည်း အသုံးအဆောင်လုပ်သူထံမှ လက်ကားများထံသို့ ရောင်းသူသည် လုပ်ပြီးသော ပစ္စည်း အသုံး အဆောင်ကို ပို့ရ၏။ ၎င်းနောက် လက်ကားထံမှတစ်ဆင့် ရောင်းသူသည် လက်လီသမားထံသို့ ပို့ရ၏။ လက်လီသမားထံမှတစ်ဖန် ရောင်းသူပင်လျှင် သုံးစွဲသူထံသို့ ပို့ရလေသည်။ ၎င်း ရောင်း သူကို ပွဲစားဟူ၍လည်း ခေါ်၏။ ကော်မရှင်ကိုယ်စားလှယ်ဟူ၍လည်း ခေါ်၏။ ခရီးသွားကိုယ်စား လှယ်လည်း ဖြစ်လေသည်။

အစိုးရ၏အလုပ်

              အင်္ဂလန်ပြည်၌ Department of Overseas Trade col Board of Trade အဖွဲ့ရှိ၏။ မည်သည့်တိုင်းပြည်၊ မည်သည့်ဒေသ၌ အဘယ်ပစ္စည်းမျိုး အရောင်းအဝယ်ရှိသည့်ပစ္စည်းများကို သိ လို၍ စုံစမ်းသူတို့အား ထိုအဖွဲ့က ဖြေကြားညွှန်ပြကူညီရ၏။ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အတိုင်ပင်ခံ အကြံဉာဏ်ပေးသူများ၊ ကော်မရှင်နာများ၊ ကိုယ်စားလှယ်များ၊ ကူးသန်းရောင်းဝယ် ရေးနှင့်ဆိုင်သော အကြောင်းအရာများနှင့် လမ်းစခန်းများအကြောင်းကို ထိုအဖွဲ့က စုဆောင်းပြီး လျှင် ၎င်းအဖွဲ့ကြီးက ရိုက်နှိပ်ထုတ်ဝေသော ပြန်ကြားစာများတွင် ၎င်းအကြောင်းအရာများကို ထည့်သွင်းဖော်ပြလေသည်။ ၎င်းဌာနမှ အကြံဉာဏ်တောင်းလျှင် လွယ်ကူစွာရနိုင်လေသည်။

                                                     အတားအဆီး မရှိ

              အခြားအလုပ်များမှာ လွယ်ကူစွာ လူတိုင်းမရ။ ရောင်းချခြင်းအလုပ်မှာ အတားအဆီး အပိတ်အပင်မရှိ။ မည်သူ၏ စည်းကမ်းအမိန့်ကို မနာခံရ။ ကြီးမြင့်ခြင်းမှာလည်း အဆုံးမရှိသဖြင့် ဆာဘွဲ့၊ လော့ဘွဲ့ကြီးများကိုပင် ရောက်ဖို့ရန် လမ်းပွင့်လေရာ မရှက်မကြောက် အဟုတ်တကယ် စိတ်ကိုသွင်းကာ ရုံးတစ်ခုမှာ ကူညီစာရေးလုပ်သောအရွယ်ကစ၍ ရောင်းချခြင်းအလုပ်ကို လေ့ ကျင့်ကြမည်ဆိုလျှင် သာမန်ဉာဏ်စွမ်းသတ္တိရှိသူသည် ဤကျမ်း၌ ဖော်ပြသော နည်းလမ်းများကိုလိုက်နာခြင်းဖြင့် သူဌေးကြီးဖြစ်နိုင်သည်ကား ကံရှိသူနှင့်မဆိုင်၊ လူတိုင်းနှအလုပ်ပေါများခြင်း င့်ဆိုင်ကြောင်း လက တွေ့ သိရှိနိုင်လေသည်။

                                                   အလုပ်ပေါများခြင်း                                

                  ယခုအခါ စက်ကိရိယာ၏ အစွမ်းကြောင့် ကုန်ပစ္စည်းအထွက်များ၏။ ဆိုင်များမှာလည်း ကုန်ပစ္စည်းကျပ်လျက် နေကြ၏။ အရောင်းတတ်သူသည် ထိုပစ္စည်းများကို ဖောက်သည်ဈေးနှင့် ရအောင် ပြောဆိုစီစဉ်ကာ ရှေးဦးပထမ အနည်းငယ်ဝယ်ယူ၍ ကိုယ်တိုင် စပ်ဟပ်ရောင်းချပြီး တွင်သလောက် ထပ်ကာထပ်ကာ အခေါက်ခေါက်ယူချေက နောင်တစ်စတစ်စ အစွမ်းသတ္တိနှင့် ရိုးမှန်ကြောင်း လက်ကားဆိုင်ကြီးများက သိသောအခါ မြောက်မြားစွာ လဆိုင်းနှင့် ရနိုင်သော အခြေအနေသို့ ရောက်နိုင်လေသည်။

               ယခုအခါ ရောင်းသူကို မည်သူမျှ မကဲ့ရဲ့ရုံမျှမက ချီးမွမ်းခြင်းကိုပင် ပြုကြလေရာ ရှက်၍ ဆင်းရဲလျှင် မည်သူမျှ သနားဖို့မရှိချေ။ အများရောင်း၍ မတွင်သောကုန်ကို ငါတွင်အောင်ရောင်း မည် ဟူသော ထူးချွန်သောသတ္တိကို ရအောင် ကြိုးစားသူမှာ တောတောင်ကို ထွက်၍ ရွှေငွေ

ကျောက်သံရှာသူ၊ ရွှေဖြစ် ငွေဖြစ် အဂ္ဂိရတ်ထိုးသူထက် ကြီးပွားချမ်းသာဖို့ သေချာလေသည်။ | အဘယ်မည်သော လက်ကားဆိုင်သည် အရောင်းတတ်သူကို ငြင်းပယ်၍ ပစ်နိုင်ပါမည် နည်း။ လက်ကားဆိုင်ကြီးများမှာ မိမိ၏ကိုယ်ပိုင်အစွမ်းအားကြောင့်ဖြစ်စေ၊ ပက်ထရိုဓာတ်ဆီကဲ့ သို့ မသုံးဘဲမနေနိုင်ကြသဖြင့်ဖြစ်စေ တွင်ကျယ်၍နေနှင့်သောပစ္စည်းများကို ရောင်းချရန်အတွက် သာ ငွေရင်းကြေးရင်းလို၍ အောက်ကျတိုးလျှိုးရလေရာ အစွမ်းကောင်းသော အရောင်းသမား သည် ထိုအလုပ်များကို ကြံဖို့မလို၊ နှံ့အောင် မကြော်ငြာနိုင်သည့်အတွက် ကုန်တွေ အိပ်၍နေသော ဆိုင်များ၊ ကုန်ပစ္စည်းအသစ် လုပ်ကိုင်တင်သွင်းရောင်းချသူများထံ၌ အရောင်းကောင်းသူ အတွက် ကြီးပွားခြင်း၏ တံခါးတွေ အလိုလိုပွင့်လျက် နေလေသည်။ ငါသည် ငွေနှင့်မရင်း၊ အစွမ်း သတ္တိနှင့် ရင်းရမည်ဟူသောစိတ်ကို တုံးတုံးချသူသည် မကြီးပွားဘဲ အဘယ်နည်းဖြင့် နေနိုင်ပါ မည်နည်း။ လက်ကားဆိုင်ကြီးများသည် ဤကဲ့သို့သောသူများကို ကြီးပွားအောင်မ,ဖို့ရန် အသင့် ရှိနေကြလေသည်။

 

                                                  ရောင်းသူ၏ပထမအရေး

                 လူတို့သည် အများအားဖြင့် မိမိတို့မှာ လို၍နေသော အရာကို ကိုယ်တိုင်မသိကြ၊ ပစ္စည်း တစ်ခုခု သုံးဖို့ အရေးကြီးကြောင်း ညွှန်ပြအားပေးမှ သိတတ်ကြ၏။

လက်နှိပ်စက်စာလုံးတွေ ပေါ်စက သုံးကောင်းသည်ဟု အယူမရှိကြချေ။ နောင် သုံးပြီး အချိန်၏ အဖိုးတန်ခြင်း၊ အချိန်ကုန်နည်းဖို့ဖြစ်ခြင်း၊ အသုံးလွယ်ကူ သန့်ရှင်းသပ်ရပ်သားနားခြင်းစသည်များကို လုပ်ကိုင်၍ ပြသနိုင်ကြသောကြောင့်သာ ယခုအခါ အသုံးပြုကြရုံမက အလုပ် သမှုမှာ အရေးကြီးဆုံး ပစ္စည်းတစ်ခုဖြစ်၍နေလေသည်။

                   ထိုစာလုံးစက်ကို စတင်ရောင်းချသူမှာ အဘယ်မျှလောက် ခက်ခဲသည်ကို ဆင်ခြင်ကြည့် လေ။ ဝယ်သူ၏စိတ်၌ “ဤစက်ကိုနှိပ်ဖို့ရန် အကြာကြီးလေ့ကျင့်ရဦးမည်၊ မြုပ်ရမည့်ငွေကလည်း တရင်းတနှီး၊ ပြီးတော့လည်း စာပုံနှိပ်သမား အပိုလည်း ငှားရဦးမည်၊ နှိပ်၍ဖြစ်အောင် မင်အဝတ် “ရစ်ဘွန်” ကိုလည်း ဝယ်ရမတဲ့။ တိုးပြီး မြန်မှာလည်း မဟုတ်၊ မတော်တဆပျက်ရင် အခပေးပြီး ပြင်ရဦးမှာ၊ မဖြစ်ပါဘူး မဖြစ်ပါဘူး၊ ကြံကြံစည်စည် လုပ်မှလုပ်တတ်ပလေ၊ လက်တွေအရှိသား နှင့် ဘယ်သူက ဝယ်မှာတုံး”စသည့်စကားမျိုး ပြောကြပေလိမ့်မည်။

                  ထိုမျှလောက် ရောင်းဖို့ရန်ခက်ခဲသော ကိရိယာကိုပင် ယခုအခါ တစ်ကမ္ဘာလုံး ဝယ်၍သုံး ကြရသည်မှာ အရောင်းသမား၏ အစွမ်း အဘယ်မျှကြီးသည်ကို သိသင့်ပေသည်။ ထိုမျှလောက် ခက်ခဲစွာ မပြော မဟောဘဲ တွင်ကျယ်နိုင်သောပစ္စည်းတွေ များစွာရှိကြလေရာ ကုန်ပစ္စည်းကို တွင်အောင် ရောင်းခြင်းသည် သူဌေးများထံ မျက်နှာချကာ အလုပ်တောင်းရမှာလောက် ဝန် မလေးသည်ကို ထောက်လျှင် လွန်စွာကောင်းသောအလုပ်ဟု ဆိုရပေမည်။

                  ရောင်းသူ၏ ပထမအရေးကြီးသောအလုပ်မှာ ကုန်ပစ္စည်းတစ်ခုခုကို အသုံးမလိုသေးပါဘူး ဟု ငြင်းသူအား ယခု အသုံးလိုကြောင်း ပိုင်နိုင်စွာ ပြောဟောခြင်းဖြစ်သည်ဟု မှတ်ရမည်။ များ သောအားဖြင့် ရောင်းသူတို့၏စိတ်၌ ဈေးသည်ကို အိမ်များက ခေါ်၍ဝယ်သလို ဝယ်ချင်သူရှိမှ ရောင်းဖို့ကို သဘောထားတတ်ကြလေသည်။ ရောင်းခြင်းအလုပ်မှာ ဤကဲ့သို့မဟုတ်၊ မဝယ်ချင် သူ၊ မခေါ်ဘဲနေသူများထံသို့ သွားရောက်ကာ ဟောပြောရောင်းချတတ်သော အစွမ်းမှ အရောင်း တတ်သူ၏ အစွမ်းကောင်း သတ္တိကောင်းဟု ခေါ်ဆိုအပ်လေသည်။

                 ကုန်တိုက်တစ်ခုခုမှ ကုန်ကိုယူ၍ လှည့်ပတ်စပ်ဟပ် ရောင်းချသူမှာ ကုန်တိုက်ကြီး၏ကိုယ် စားလှယ်ဖြစ်သဖြင့် ဂုဏ်အသရေသေးသိမ်သည်မဟုတ်။ မိမိပိုင်ကုန်ပစ္စည်းကဲ့သို့ သဘောထား ကာ ကုန်တိုက်၏ အကျိုးစီးပွားကိုလည်း တိုးတက်လေအောင် ဝယ်သူမှာလည်း မနစ်နာရလေ အောင် သဘောထားတတ်ချေက ဂုဏ်ကျက်သရေ တစ်နေ့တခြား ကြီးပွားနိုင်လေသည်။

                  ရောင်းသူသည် မိမိကိုယ်ကို ဝယ်သူ၏နေရာမှာထား၍ ဝယ်သူဖြစ်က အဘယ်ပုံသဘော ရမည်ဟု သိအောင်ကြိုးစားရာ၏။ ထိုအခါ ဝယ်သူ၏ ခုခံငြင်းပယ်သော ဆင်ခြေတို့ကို ချေပ နိုင်နင်းဖို့ရန် အသင့်ပြင်ဆင်ပြီးဖြစ်လေသည်။ အကောင်းဆုံးသော ကုန်တိုက်ကြီးများနှင့် စာရင်း ဖွင့်ကာ ဆက်သွယ်၍ ကုန်တိုက်၏ ဂုဏ်ကျက်သရေကိုတိုးအောင် သတိပြုရလေသည်။ ရိုးဖြောင့် မှန်ကန်ခြင်းသည် ထိုဂုဏ်ကိုမြိစေနိုင်၏။