Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - ပီမိုးနင်းစာပေါင်းချုပ်တတိယတွဲ

Regular price 7,500 MMK
Regular price Sale price 7,500 MMK
Sale Sold out

ထူးသောသတ္တိတစ်မျိုး

           ဓာတ်ပုံဖြင့် ရိုက်ကူး၍မရ၊ ပန်းချီစုတ်တံဖြင့် ခြယ်မှုန်း၍မဖြစ်၊ ပန်းပုဆရာ၏ဆောက်ချက်ဖြင့် ထွင်းထု၍ မရ၊ စာဟောင်းပေဟောင်းများနှင့် ထေရုပ္ပတ္တိစာတမ်းများ၌ သေချာစွာ မဖော်ပြ၊ မြင်လျှင် မည်သူမဆို သိနိုင် လျက် အဘယ်သို့သောအရာဟု ပြောမပြနိုင်သော သိမ်မွေ့သောအရာတစ်ခုသည် ထင်ရှားသောသူဟူသမျှ၌ ရှိ၏။ ထိုအရာကို တန်ခိုးသတ္တိတစ်မျိုးဟု ခေါ်အပ်ပေသည်။

               လောက၌ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ရှိ၏။ ၎င်းပုဂ္ဂိုလ်မျိုးသည် အခြားသောသူများ ထက် ထူးခြားသော သတ္တိစွမ်းရည်၊ ပညာဂုဏ်မရှိဘဲလျက် ရောက်ရာမှာ ထင်ရှားပြီး ၎င်းတို့၏ နာမည်ကို ကြားလိုက်ရရုံမျှနှင့် လူအများတို့သည် ၎င်းတို့ကို တွေ့ချင်မြင်ချင်သောစိတ် ရှိတတ် ကြလေသည်။

                ထိုသတ္တိထူးကို လောကဓာတ်ပညာအစွမ်းဖြင့် တိုင်းတာ၍ရမည်ဆိုလျှင် ကျောင်းသား သူငယ်များကိုပင် နောင်အဘယ်ကဲ့သို့သော အခြေအနေအထိကြီးပွားပေါက်ရောက်မည်ကို တင် ကြို ဟောပြောနိုင်ဖို့ ရှိလေသည်။

              ယခုမှာမူ ထိုသတ္တိထူးကို မတိုင်းမချိန်နိုင်ကြသဖြင့် ဉာဏ်ပညာနှင့် လူစွမ်းသတ္တိကို ကြည့် ကာလူကဲကို ခတ်ကြရလေသည်။ စင်စစ်အားဖြင့်သော်ကား ထိုမထင်ရှားသောသတ္တိ၊ မြင်လျက် မမြင် မသိရသကဲ့သို့နေသော သတ္တိသည် ဉာဏ်ပညာကြီးမားသောသူများကိုပင် စေခိုင်းနိုင်သော သတ္တိဖြစ်လေရာ လောက၌ အထွတ်အထိပ်သို့ရောက်၍နေသော သူတို့မှာ ဉာဏ်ပညာမထူးကဲ ခြင်းဖြင့် သိရလေသည်။

          ထိုထူးခြားသောသတ္တိသည် လူထဲ၌ ပေါက်ရောက်လွယ်ကူသောသူတို့မှာ ရှာလျှင်တွေ့နိုင် လေသည်။ သို့ဖြစ်၍ ဉာဏ်ပညာအရည်အချင်း သင့်လျော်ရုံမျှရှိ၍ ခံ့ညားသောကျက်သရေနှင့် ပြည့်စုံလျက် ယဉ်ကျေးသော အမူအရာ အသုံးအနှုန်းရှိသူတို့သည် မိမိတို့ထက် ပညာ အရည်အချင်းရှိသူတို့ကို ကျော်လွှမ်းပြီး မြင့်ရာသို့ ရောက်ကြသည်ကို အခါများစွာ တွေ့ရှိနိုင်လေသည်။ သို့ဖြစ်သောကြောင့် ဘယ်သူဘာတတ်လို့လဲ၊ လက်သင့်ရာ စားတော်ခေါ်တဲ့ ကိန်းမျိုးနဲ့ မြှောက် စားခြင်းကို ခံရတာပါ။ ဘယ်သူက ဘယ်သူ့ကို ဘာလုပ်တာကလား စသည်ဖြင့် ပညာအရည် အချင်း ပြည့်စုံသူတို့က မကျေမချမ်းဖြစ်ကာ ပြောတတ်ဆိုတတ်ကြလေသည်။ အဘယ်သို့ပင် ပြောကြစေကာမူ ပညာအကြီးဆုံးသောသူတို့သည် အမြင့်ဆုံးသောနေရာကို ရောက်ခဲ့၍ အဆိုပါ သတ္တိကောင်းသောသူတို့သာ အထွတ်အထိပ်သို့ အများအားဖြင့် ရောက်ကြသည့်ပြင် စီးပွားဥစ္စာ ရှာရာ၌လည်း သာမန်ဉာဏ်ရှိသူတို့သည် ဉာဏ်ကြီးသောသူတို့ထက် ကြီးပွားတတ်ကြသည်မှာ နေ့စဉ် တွေ့မြင်နိုင်သောအရာ ဖြစ်လေရာ ပညာထက် ဝီရိယနှင့် ပီယဝါစာမေတ္တာစကားက ပိုမို၍ တန်ခိုးကြီးကြောင်း သိသာလေသည်။

              သို့အတွက် ပညာနှင့် ဥစ္စာ အဘယ်အရာက ပို၍မြတ်သနည်းဟု အမေးရှိက စိတ်ကောင်း နှင့် ဝီရိယကောင်းက အမြတ်ဆုံးဟု ပြောရပေလိမ့်မည်ဖြစ်ကြောင်း။

             အချို့သော အပြောကောင်းသူတို့သည် ပရိသတ်ကို မိမိဘက်သို့ပါအောင် ပြောနိုင်ကြ၏။ သို့သော်လည်း ၎င်းတို့ပြောသော စကားများကို စာအုပ်၌ ဖတ်ရသောအခါ ပြောဟောသည်ကို နားထောင်ရသလောက် စိတ်ကို မဆွဲတတ်ကြောင်း တွေ့ရှိရလေသည်။ ဤအရာ၌ ပြောသော စကားကို နားထောင်ရသည့်အခါ ရေးသားသောစာ၌ မပါရှိသော သတ္တိထူးတစ်ခုသည် ပြောသူ၏ သဏ္ဌာန်မှ ပျံ့နှံ့ထွက်ပေါ်နေသောကြောင့်ဟု သိသာလေသည်။

               ၎င်းတို့သည် မိမိတို့ပြောလိုသော စကားများကို မိမိတို့ကိုယ်တိုင် ပြောမှဖြစ်၏။ အခြားလူ တစ်ယောက်အား ကိုယ်စားလှယ်လွှဲ၍ စာရေးပြီး အပြောခိုင်းချေက ထိုစကားများသည် အဘယ် မျှလောက်ပင် ခိုင်းစေကာမူ ပရိသတ်ကို ညွတ်အောင်ပြုဖို့ရန် မတတ်နိုင်ဘဲ နေတတ်လေသည်။

            သို့ဖြစ်၍ မထင်ရှားသော Personality ခေါ်သော သတ္တိသည် လွန်စွာတန်ခိုးကြီးသဖြင့် အလွန်တရာ ကြမ်းကြုတ်ခက်မာသော စိတ်သဘောတို့ကိုပင် နိုင်နင်းလျက် တစ်ခါတစ်ရံ လူမျိုး တစ်မျိုးလုံး၏ ရာဇဝင်ကို ပြောင်းလဲအောင် စွမ်းနိုင်သောသတ္တိ ရှိလေသည်။

          ၎င်း ထူးခြားသောတန်ခိုးသတ္တိနှင့် ပြည့်စုံကြသောသူတို့နှင့် တွေ့ကြုံရသောသူတိမာ လက်ချမ်းမြေ့၍ အခက်အခဲတွေ့သည့်အခါများမှာပင် ခက်သည်ဟု မထင်ဘဲ အောင်မြင်ခြင်း လမ်းကို ရရှိတတ်ကြလေသည်။ ထိုလူမျိုးသည် စိတ်အားကို တိုးတက်စေသောလူမျိုး ဖြစ် သည်။

            အချို့သောလူများကား အထက်ဖော်ပြသော လူမျိုးနှင့်မတူ၊ ခြားနားကွဲပြား ဆရာ အများတို့၏စိတ်ငြိုငြင်အောင် ပြုတတ်ကြလေသည်။ ထိုကဲ့သို့သောလူများကို မည်သူမျှ မ မကြုံလိုကြချေ။

ထိုလူနှစ်မျိုးအနက် တစ်မျိုးသည် လူအချင်းချင်းအပေါ်၌ လေးစားချစ်ခင်လျက် သူတစ်ပါးကို အားပေးကူညီချင်သောစိတ်ရှိ၍ တစ်ပါးသူ၏ အကျိုးစီးပွားကို မိမိကိုယ်တိုင် အကျိုးစီးပွားနဲ့ သို့ သဘောထားလေ့ရှိ၍ အခြားမြို့ငြင်ဖွယ်လူတစ်မျိုးမှာမူကား အဆိုပါလူနှင့် ဆန့်ကျင်စွာ ကျော ချင်းကပ်၊ ဖီလာသဘောထားလေ့ရှိသူများ ဖြစ်တတ်ကြသဖြင့် ကိုယ်ကျိုး ကိုယ့်စီးပွားကိုရှာတတ် ကြသူများ ဖြစ်ကြလေသည်။ ထိုလူမျိုးတို့၏စိတ်၌ သူတစ်ပါး ကောင်းစားသည်ကိုလည်းကောင်း၊ သူတစ်ထူး ကျော်ကြားသည်ကိုလည်းကောင်း မနှစ်လိုခြင်းသည် လွှမ်းမိုး၍နေတတ်သည်မှာ မျက်နှာတွင် ထင်ရှားသိသာလေသည်။

             သို့ဖြစ်၍ မုန်းပင်စိုက်ပျိုး၊ မုန်းမျိုးတည်ထောင် မချစ်မခင်အောင် လုပ်တတ်သူတစ်မျိုး၊ ချစ် ပင် စိုက်ပျိုး၊ ချစ်မျိုးတည်ထောင် ချစ်ခင်အောင် လုပ်တတ်သူတစ်မျိုးဟု လူ့ပြည်၌ လူနှစ်မျိုး ရှိ တတ်လေရာ ကိုယ်စီကိုယ်ငှ မိမိတို့ စိုက်ပျိုးလေ့ရှိကြသော အပင်များ၏ အသီးအပွင့်ကို ရရှိခံစား ကြရတတ်သည်ကို နှလုံးသွင်းဖို့ ကောင်းကြလေသည်။

            တစ်ပါးသူတို့၏ခက်ခဲခြင်း၌ ကူညီလိုသောသူ၊ ကိုယ်ကျိုးကိုသာ အမြဲရှာ၍မနေသောသူတို့ မှာ အပြင်အပယဉ်ကျေးဖွယ်ရာများပင် မရှိစေကာမူ ရောက်ရာအရပ်၌ ၎င်း၏မွန်မြတ်သောဓာတ် ကို မည်သူမဆို သိလွယ်သဖြင့် လေးစားချစ်ခင်ခြင်းကို ခံကြရမြဲဖြစ်လေသည်။ ၎င်းလူမျိုးသည် ဝန်လေးသောသူကို ဝန်ပေါ့အောင် ပြုတတ်၏။ အားငယ်သူကို အားတက်အောင် လုပ်တတ်၏။ စိတ်ပျက်သူတို့၌ မျှော်လင့်အားကိုးခြင်းကို ဖြစ်စေသဖြင့် ယုံကြည်ကိုးစားသော အားထားခြင်းကို ခံကြရတတ်လေသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်သူမွန် ပွဲတိုင်းမှာချွန်သောသူ ဖြစ်လိုလျှင် ခက်ခဲခြင်း မရှိ၊ မည်သူမဆို ဖြစ်နိုင်လေသည်။ သို့ဖြစ်နိုင်ဖို့ရန်ဆေးနည်းမှာ ကြီးကျယ်စွာ ရှာရဖွေရ စုဆောင်း ရခြင်းမရှိ၊ မေတ္တာဟု ခေါ်ဆိုအပ်သော မြစ်ချင်းပြီး ပကတိမူလခဲနည်း ဖြစ်လေသည်။

            ဤမေတ္တာတည်းဟူသော သတ္တိတန်ခိုးထက်အဖိုးတန်သော ကွာလီဖီကေးရှင်း ခေါ်အရည် အချင်း ဒီပလိုမာဘွဲ့တံဆိပ်သည် လောကမှာ မရှိချေ။ ထိုလူမျိုးသည် ပီယသိဒ္ဓိတစ်ခုသာ ပေါက် သည် မဟုတ်၊ ဓနသိဒ္ဓိ၊ ကာယသိဒ္ဓိများလည်း ပါဝင်ပေါက်ရောက်ပြီး ဖြစ်လေသည်။

             များစွာသော မိန်းမတို့မှာ ရုပ်ရည်ပင် မလှသော်လည်း မေတ္တာဆိုသည့် လိပ်ပြာအလှစိတ် ရှိသဖြင့် ချစ်တတ်ခင်တတ် ကြင်နာသနားတတ်သောကြောင့် ရုပ်လှသူတို့နှင့် မခြားမနား၊ ရောက် ရာမှာ ထင်ရှားကြလေသည်။ စင်စစ်အားဖြင့် ၎င်းမိန်းမပျိုမှာ ရုပ်လှသူတို့ထက်ပင် ပိုမို၍ထင်ရှား ချင်သောသတ္တိ ရှိလေသည်။ အကြောင်းမူကား ရုပ်သည် အရေပြားတစ်ထောက်သာရှိ၍ တစ်နေ့ ထက် တစ်နေ့ ပျက်ဖို့ဘက်ကိုသာ အားပြု၏။ မြတ်သောဓာတ်သည်ကား မြတ်စရှိလျှင် မြတ်ချင် ချင် ဆိုသည့်အလားလို အဘယ်အခါမှမပျက်နိုင်သည်သာမက ကြီးလေ သာ၍လှလေဟုဆိုအပ် သော အဆင်းကို ဆောင်နိုင်လေသည်။

               သို့ဖြစ်၍ ဘယ်သူ့ကို ဘယ်နေရာမှာ ငါကဘယ်လို ဆိုလိုက်တာပဲ၊ ငမဲဆိုတဲ့အကောင်ကို ငါက လူထဲမှာ ဘယ်လိုလုပ်လိုက်တာ မျက်နှာများ မည်းပြီး တစ်ခါတည်း အရှက်ကွဲသွားတာပဲ

စသည့်စကားမျိုးကို အသုံးပြုခြင်းသည် မေတ္တာတရားနှင့် လွန်စွာဆန့်ကျင်ခြင်း ဖြစ်လေရာ ထို စကားမျိုးကို ပြောရင်းပြောရင်းပင် မိမိ၏တန်ဖိုးကို ဆုတ်ယုတ်အောင်ပြုရာသို့ ရောက်တတ်လေ၏။

            အခါများစွာ လူအများတို့ ဝိုင်းဖွဲ့၍ စကားပြောဆိုနေကြရာ၌ ငြီးငွေ့ဖွယ်ရာဖြစ်သည့်အခါ အဆိုပါ လိပ်ပြာလှသော မိန်းမတစ်မျိုးသည် ပြုံးရွှင်သောမျက်နှာ၊ လတ်ဆတ်သော အမူအရာ၊ မေတ္တာဆိုသည့် ရောင်ခြည်ကိုဖြန့်ကာ ဝင်ရောက်၍လာသည့်အခါ ပူအိုက်သောအချိန်၌ ချမ်းမြေ့ အေးကြည်သော လေပြည် ဝှေ့လာ၍တိုက်သလို ဆိတ်ငြိမ်သောလူစုမှာ အသက်ဓာတ်ဝင်၍လာ သကဲ့သို့ဖြစ်ပြီး ရွှင်လန်း၍လာတတ်ကြလေသည်။ ထိုမိန်းမပျိုသည် မိုးခေါင်၍ သွေ့ခြောက်သည့် အခါ ရွာသွန်းလောင်းချသော မိုးရေနှင့်လည်း တူကြလေသည်။

           ထိုကဲ့သို့သော သတ္တိထူးမျိုး ရှိသူတို့သည် အခါများစွာ မိမိတို့၏သတ္တိ အဘယ်က ထွက်ပေါ် သည်၊ ငါ့ကို ဘယ်အတွက်ကြောင့် အများခင်မင်ကြသည်ဟု မသိတတ်ကြ။ မိမိတို့မှာ လူချစ် လူခင် များစေတတ်သော သတ္တိထူးတစ်ခုရှိသည်ကိုသာ သိတတ်ကြလေသည်။ သို့သော်လည်း ၎င်းသတ္တိကို အခြားအတတ်ပညာတစ်ခုခုထဲသို့ လေ့ကျင့်၍ယူလျှင် ရနိုင်လေသည်။ အကြောင်း မူကား ကနုကမာတိုင်းမှာပုလဲမရှိသော်လည်း လူတိုင်းမှာ ထိုသတ္တိရှိအောင်လုပ်လျှင် ရှိနိုင်သည် ဟု စိတ်ချလက်ချ အတည်တကျ ယုံကြည်အပ်ပေသည်။

            ၎င်းဆွဲငင်တတ်သော သံလိုက်ဓာတ်ကို ရရှိပြီးနောက် အခြားအရေးကြီးသောအရာသည် ကား အပြောအဆို အပြုအမူ အနေအထိုင်၌ သင့် မသင့်၊ လျော် မလျော်ကို ချင့်ချိန်တတ်သော ဉာဏ်နှင့် အသုံးအနှုန်းပြုရာ ယဉ်ကျေးခြင်း ဖြစ်လေသည်။

          ဤအခါ၌ ဤစကားကိုပြောမှတော်မည်၊ ဟိုအခါ၌ ဟိုလိုလုပ်မှ သင့်မည်ဟူသော သိတတ် သော အမြင်ရှိခြင်းသည် အဆိုပါသတ္တိထူးကို များစွာအထောက်အပံ့ပြုနိုင်လေသည်။ သို့ဖြစ်၍ မရှိ သည်ထက် မသိတာ ပို၍ခက်သည်ဟု ရှေးလူကြီးသူမများ ပြောကြလေသည်။

             အချုပ်မှာ လူလူချင်း ပေါင်းသင်းဆက်ဆံရာ၌ တစ်စုံတစ်ယောက်၏စိတ်ကို ထိပါးငြိုငြင် နာကျင်အောင်ပြုတတ်သော အသုံးအနှုန်း အပြောအဆို အပြုအမူတို့ကို အထူးသတိပြု၍ ရှောင် ကြဉ်အပ်လှပေသည်။

             အများအားဖြင့် မီးရထားစီးရာ၌ နေပုံထိုင်ပုံကို ကြည့်ခြင်းဖြင့် လူကဲကိုခတ်ဖို့ရာ များစွာ လွယ်ကူခဲ့သည်။ သူတစ်ပါး မထိုင်ရအောင် နေရာကို ထမင်ဟူ၍ထားခြင်း၊ ခြေလက်ကို တမင် ဆန့်နေခြင်း၊ မသန့်ရှင်းသောကိုယ်၊ မသန့်ရှင်းသော အဝတ်အစားနှင့် သန့်ရှင်းသော လူတို့၏ အကြားကို ဝင်၍တိုးခြင်း၊ ထိုင်ခြင်း စသည့် လူတစ်စုံတစ်ယောက်၏စိတ်၌ မချမ်းသာအောင် ပြု တတ်သော၊ အလိုက်မသိတတ်သော အလေ့အကျင့်တို့သည် မဆင်ခြင် မစဉ်းစား၊ အသိဉာဏ်ခေါင်းပါးသော လူများ၏ ထင်ရှားသောလက္ခဏာဖြစ်သည့်ပြင် စိတ်ရင်းသဘောထား မကောင်း ခြင်းကိုလည်း များစွာပင် သိသာလေသည်။

            အတိုချုပ်မှတ်ရန်မှာ မိမိအတွက် တစ်ပါးသူတစ်ယောက်မှာ ဝန်လေးဂြိုငြင်ခြင်း မဖြစ်စေရ အောင် အထူးသတိထားအပ်ခြင်းဖြစ်လေရာ မည်သူ့ကိုမှ ငြိုငြင်အောင် မပြုတတ်သော သူတစ် ယောက်အပေါ်၌ မည်သူကမှ မုန်းအောင်ငြိုငြင်လိမ့်မည်မဟုတ်ဟု ယုံကြည်အပ်ပေကြောင်း။

              မည်သူမဆို ထူးမြတ်၍ အဖိုးမဖြတ်နိုင်သော အမွေအနှစ်ကို ရနိုင်၏။ ထိုအမွေအနှစ်သည် ကား အခြားမဟုတ်၊ ယဉ်ကျေးဖွယ်ရာ ပြုလုပ်တတ်ခြင်း၊ စိတ်ပါကိုယ်ရောက် ပြုတတ် စုတတ် ဧည့်ခံတတ်ခြင်း၊ စိတ်သဘောကြီးခြင်း၊ သူတစ်ပါး၏ ကျူးလွန်ခြင်းကို အခွင့်လွှတ်တတ်ခြင်း၊ သည်းညည်းခံတတ်ခြင်းများ ဖြစ်လေသည်။

              သိန်းသန်းကုဋေ ရွှေငွေကျောက်သံအမွေတို့သည်ကား ပျက်စီးနိုင်၏။ ထိုအမွေတို့သည် ကား မပျက်စီးနိုင်ဘဲ အမြဲတည်တံ့လေသည်။

              ကျွန်ုပ်တို့ မြန်မာလူမျိုးများမှာ အလွန်အဖိုးထိုက်သော ယဉ်ကျေးခြင်း အမွေအနှစ်ကို ရရှိ သော်လည်း သူတစ်ပါး၏ ကျူးလွန်မှားယွင်းခြင်းကို အဟုတ်တကယ် အခွင့်လွှတ်တတ်သူ များ သင့်သလောက် မများကြသောကြောင့် ကြမ်းကြုတ်သော ရာဇဝတ်မှုတွေ များကြသည်ကို သိရ လေသည်။

             ၎င်းအဆွဲဓာတ်သည်စီးပွားရှာသောအလုပ်မှာသာ အဖိုးတန်သည်မဟုတ်၊ နိုင်ငံရေးအလုပ် များ၌လည်း အထွတ်အထိပ်သို့ ရောက်အောင်ပို့နိုင်လေသည်။ ရှေ့နေဖြစ်လျှင် အမှုသည်တွေကို များစွာ ရနိုင်၏။ ရောင်းဝယ်သူဖြစ်လျှင် ဖောက်သည်တွေ ပေါများနိုင်၏။ ဆေးဆရာဖြစ်လျှင် လူမမာတွေ များစွာရနိုင်ပေသည်။ ၎င်းသတ္တိသည် မည်သည့်အလုပ်အကိုင်မှာမဆို ကြီးပွားခြင်း အတွက် မလွှဲသာသောသတ္တိ ဖြစ်လေသည်။ ၎င်းလူမျိုးသည် အရောင်းအဝယ်၌ မိမိတို့ထက် ပိုမို ၍ အပင်ပန်းခံသူများထက်ပင် ပိုမိုတွင်ကျယ်နိုင်လေသည်။

             များစွာသောသူတို့မှာ မိမိတို့၏အလုပ်ကို ကောင်းစွာနားလည်၍ အရည်အချင်းနှင့် လွန်စွာ မှ ပြည့်စုံကြသော်လည်း ၎င်းအဆွဲဓာတ်သတ္တိ မရှိခြင်းကြောင့် တိုးတက်ကြီးပွားခြင်း မဖြစ်နိုင်ဘဲ နေကြလေသည်။

            ထိုသတ္တိကို အပေါင်းကောင်းခြင်း၊ အပေါင်းငုံ့ခြင်း၊ ပေါက်ရောက်တွင်ကျယ်ခြင်းဟု ခေါ်ရ လေသည်။ ထိုသတ္တိကို ရလိုလျှင် ကိုယ်ကောင်းကြံတတ်သောစိတ်၊ မိမိအလိုကိုသာ သိတတ်သော စိတ်မျိုး၊ အပါး အနပ် အလည် ဟူသောစိတ်မျိုးကို နည်းပါးအောင် သတိပြုကြရလေသည်။ အကြောင်းမူကား လိမ္မာခြင်းသည် မြတ်သော်လည်း ပါးနပ်ခြင်းသည် ယုတ်သောအကြောင်းဖြစ် သဖြင့် မနပ်ဘဲ လိမ္မာရမည်ဟု ပညာရှိများ ပြောဖူးလေသည်။ သို့ဖြစ်၍လူပါးလူနပ်တို့ကို အားကျ သည်ထက် လူလိမ္မာလူကောင်းတို့ကို အားကျတုပအပ်လှပေကြောင်း။