Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - တစ်ကိုယ်တော်

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

                                                      အခန်း (၁)

                    စက်ရှင်၏ရှေ့တွင် ခံ့ညားတင့်တယ်စွာဝတ်ဆင်လျက် ရပ်၍ ရှိသော ယောက်ျားပျိုကလေးသည် လက်ပိုက်ကာ မည်သူ့ကိုမျှ မကြည့်ဘဲ ခေါင်းငုံ့၍နေလေ၏။ ၎င်းသည် အသက်အရွယ် အစိတ်ခန့် ရှိလေ၏။ ကျော်စောထင်ရှားသော လူသတ်မှုကြီးသည် တစ်နိုင်ငံလုံး ထင်ရှားကျော်စောခြင်းသို့ ရောက်သောကြောင့် စီရင်ချက်ချအံ့သော ထိုနေ့၌ ပရိသတ်တို့သည် ရုံးတော်တွင် ပြည့်နှက်၍နေကြလေ သတည်း။

                  ၎င်းတရားခံ၏ ခံ့ညားတည်ကြည် ယောက်ျားပီသသော မျက်နှာသည် ဤမျှလောက်ဆိုးယုတ်သောအမှုကို ပြုနိုင်ဖွယ်မရှိချေ။ သို့ပင် မှန်လင့်ကစား ပြစ်မှုမှာလွန်စွာထင်ရှား၍နေသောကြောင့် ကြည့်ရှုသမျှသော ပရိသတ်တို့၏ စိတ်၌ ကြီးစွာသောအံ့သြခြင်း ဖြစ်လေ၏။ တရားခံယောက်ျားပျိုသည်ကား ဤနေရာသို့ ငါ့ကို မတရားပို့ကြ၏ဟု တွေးတောကာ မျက်မာန်ရှ၍နေသော အခြင်းရှိ လေ၏။ သို့သော်လည်း ပရိသတ်တို့က ၎င်းအပေါ်၌ ပိုမို၍ မျက်မာန်ထားလေ၏။ အကြောင်းမူကား အသတ်ခံရသူသည် မျိုးချစ်ပုဂ္ဂိုလ် ခေါင်းဆောင်လူကြီး ဦးထွန်းသိန်းဖြစ်လေ၏။ ။

                  အစိုးရရှေ့နေသည် လွယ်ကူထင်ရှားသောအမှုကြီး၌ ဝမ်းနည်း သောအမူအရာဖြင့် မိမိ၏တာဝန်ကိုဆောင်ကာ တရားခံကို မလွတ်သာအောင် မိမိ၏လဲဆိုခြင်းဆင်ခြေပိုက်ကွန်တို့ဖြင့် အစွမ်းကုန် ရစ်ပတ် ဖမ်းအုပ်၍ ထားလေ၏။ တရားခံ၏ဝတ်လုံသည်ကား စိတ်အား ငယ်ငယ်နှင့် လဲလျှောက်ရရှာလေ၏။ ၎င်း၏ဆင်ခြေတို့မှာ အောက်ပါ အတိုင်း ဖြစ်လေသည်။

               ထိုယောက်ျားပျို မောင်သာဓုသည် ဘီ-အေ အောင်မြင်၍ ဘီအယ်လ်စာမေးပွဲကို နောက်ဆုံးတစ်နှစ်မျှသာ ဝင်ရောက်ဖြေဆိုဖို့ ရှိလေရာ အထက်ထက်ကအောင်မြင်ခဲ့သော စာမေးပွဲများ၌ အထွတ် အထိပ်သို့ ရောက်ခဲ့သည်ကို ထောက်လိုက်လျှင် များစွာထင်ရှားလျက် အထူးအချွန်ကြီးပွားဖို့ လမ်းရှိသူတစ်ယောက်ဖြစ်ကြောင်း။ ယခုမှာ ဤအမှု ဖြစ်ပွားခြင်းကြောင့် ငယ်ရွယ်စဉ်က အညွန့်ကျိုးပြီး အဖိုး လွန်စွာ ထိုက်တန်မည်ဖြစ်သောဘဝမှ ဆုံးပါးခြင်းသို့ ရောက်ရရှာ တော့မည် ဖြစ်ကြောင်း။

            သို့သော်လည်း ဥပဒေတို့မည်သည် မိမိ၏ လမ်းကို ဖြောင့်တန်းစွာသွားသဖြင့် မြွေပွေးပမာ မထိလျှင်မကိုက်၊ ထိမိလျှင် ဂတိမလိုက်ဘဲ ကိုက်ရမြဲဖြစ်လေရာ ယခုမျက်မှောက်မှာ ရှိသော လူပျိုမှာ မြွေပွေးဆိုတဲ့ဥပဒေကို ထိပါးမိတော့သည်ဖြစ်သောကြောင့် အဘယ်လောက်ပင် အဖိုးထိုက်တန်သော ယောက်ျားပင် ဖြစ်စေကာမူ ဥပဒေနည်းလမ်းအတိုင်းစီရင်ဖို့သာ ရှိတော့သည်ဖြစ်ကြောင်း။

            သို့သော် စဉ်းစားရန်အချက်တစ်ခုရှိသည်မှာ ဤယောက်ျားမျိုး၏ အမှုလွန်စွာထင်ရှားခြင်းဟာ ဖြစ်များစွာ မသင်္ကာစရာဖြစ်ကြောင်း၊ ဥပဒေကိုနားလည်သည့် ယောက်ျားပျိုတစ်ယောက်သည် ပြစ်မှုကို ပြုနိုင်အောင် ဆိုးသွမ်းသူဖြစ်စေကာမူ၊ ဤပြစ်မှုကိုပင် ဤမျှလောက် ထင်ထင်ရှားရှား ပြုဖို့မရှိကြောင်း၊ ကျွန်ုပ်၏မိတ်ဆွေအစိုးရရှေ့နေ၏လျှောက်လဲချက်အရ ဤသူငယ်သည်

                “ဒါလဟိုဇီလမ်း ထမင်းဆိုင် အထက်ထပ်မှာ အသတ်ခံရသူဦးထွန်းသိန်းနှင့် အခန်းချင်း ယှဉ်၍နေရာ၊ သေသောညဉ့်မှာ ထမင်းဆိုင်ရှင်၏ သက်သေခံချက်အရ ဦးထွန်းသိန်း၏ အခန်းထဲမှာ တရားခံတစ်ယောက်တည်းသာ ဦးထွန်းသိန်းနှင့် ညဉ့်နက်စွာ စကားပြောနေသည်ဖြစ်ကြောင်း၊ သည့်အတွက် နံနက်မှာ ဓားချက်နှင့်သေနေသော ဦးထွန်းသိန်းမှာ တရားခံ၏လက်ချက်နှင့် မသေလျှင် မည်သူ၏လက်ချက်နှင့် သေရပါသနည်းဟု ပြောဆိုသည်မှာ မငြင်းနိုင်ဖွယ်ရာအချက်ကြီးဖြစ်၍ နေပေကြောင်း၊ ထိုမှတစ်ပါးလည်း ဤသူငယ်ဟာ ပညာသင်ရန် အထောက်အပံ့ပြုနေသူတစ်ယောက်၊ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ အနိစ္စရောက်သဖြင့် ထောက်ပံ့သူ မရှိဘဲ လက်မဲ့ဖြစ်၍ နေခဲ့ရာ ငွေကြေးတို့လွန် စွာမှလို၍နေခြင်း၊ ဦးထွန်းသိန်း၏ လက်ထဲမှာလည်း ငွေကြေးအမြောက် အမြားရှိခြင်း၊ ဦးထွန်းသိန်းထံမှ ငွေများကို တရားခံကချေးသောအခါ ဦးထွန်းသိန်းက ငွေထုတ်၍မပေးသဖြင့် ကတောက်ကဆ အချေအတင် စကားများခြင်း ဦးထွန်းသိန်း သေသောအခါ ဦးထွန်းသိန်း၏ သေတ္တာထဲမှာ ငွေကြေး တစ်ပြားမှ မကျန်ရှိခြင်း၊ ဦးထွန်းသိန်းသေပြီးနောက် မောင်သာဓုမှာ တင်ရှိသည့်အကြွေးများကို လျင်မြန်စွာပေးဆပ်နိုင်ခြင်း၊ မောင်သာဓု နှင့် ဦးထွန်းသိန်းမှာ လပေါင်းအတန်ကြာ အတူယှဉ်၍နေကြသဖြင့် တစ်ယောက်အခန်းကို တစ်ယောက် ဝင်နိုင်ထွက်နိုင်ခြင်း စသည့်အချက်များဟာ ပြစ်မှုကို ထင်ရှားစေသည့် အချက်ကြီးတွေဖြစ်ကြောင်းကို သံသယကင်းလောက်ပါတယ်။ သို့သော် အံ့ဖွယ်ကောင်းတဲ့ အချက် တစ်ခုမှာ ဤမျှလောက် အရည်အချင်းနှင့် ပြည့်စုံတဲ့ယောက်ျား ကလေးဟာ ပြစ်မှုကိုဤမျှလောက် ထင်ထင်ရှားရှားပြုတယ် ဆိုသည်မှာ လွန်စွာမှ အံ့သြဖွယ်ကောင်းတဲ့အချက်တစ်ခုဖြစ်ကြောင်း၊ အမျက် ဒေါသကို မချုပ်တည်းနိုင်သဖြင့် မတော်တဆ ရိုက်နှက်သတ်ပုတ် မိလျှင် ယခုလို ထင်ထင်ရှားရှားပြုနိုင်ဖွယ်ရာရှိကြောင်း၊ ယခုလို ဒေါသနှင့်မပတ်သက် ငွေကြေးကိုလိုချင်သည့်လောဘကြောင့် သတ် ရသည်ဆိုသည့် အမှုမှာ ယခုလိုထင်ထင်ရှားရှားပြုလိုက်ခြင်းသည် အမှုဖြစ်ပျက်ပုံအခြေအနေမှာ သံသယမကင်းဖွယ်ရာ အချက်ကြီး တစ်ခုဖြစ်ကြောင်း စသည်ဖြင့် လျှောက်လဲရှာလေ၏။ "

               သို့သော်လည်း လူသတ်မှုတို့မည်သည်မှာ လက်ဆုပ် လက်ကိုင် မိသောသက်သေနှင့် အပြစ်ပေးရခြင်းသည် နည်းပါး၏။ အကြောင်း နိမိတ်အခြေခံတို့၏ ဆက်သွယ်ထောက်ခံခြင်းဖြင့်သာ အပြစ်ပေးခြင်းက ပိုမိုများပြားခြင်းဖြစ်လေသည်။ ယင်းကဲ့သို့ ဖြစ်လေရာ ဤအမှု၌ ထင်ရှားသောအချက်တို့သည် အပြစ်ပေးရန်အထောက်အပံ့ပြုသော အချက်များသာ ဖြစ်လေရာ၊ ထိုအချက်တို့ကို ဖယ်ရှား၍ အခြား မပေါ်ပေါက်သောအချက်များကို လိုက်လံ၍ရှာရန် မလိုတော့ချေ။ သို့အတွက် ဖြောင့်မတ်သောစက်ရှင်တရားသူကြီးမှာ တစ်ခုတည်းသော စီရင်ချက်ကိုသာချရန် ရှိပေတော့သည်ဖြစ်လေရာ ဂျူးရီ လူကြီးမင်း တို့၏ ဆုံးဖြတ်ထင်မြင်ချက် တစ်ခုသာ ကျန်ရှိပေတော့သည်။

              ဂျူရီလူကြီးမင်းတို့မှာလည်း အစိုးရရှေ့နေစကားများဘက်သို့ လုံးလုံးလျားလျားလိုက်ပါ၍နေလေရာ ၎င်းယောက်ျားပျိုလမ်းသည် တစ်လမ်းသာ ကျန်ရှိပေတော့သည်ဖြစ်ရာကား ပရိသတ်တို့သည်စိတ်အားထက်သန်စွာနှင့် စီရင်ချက်ကိုနားထောင်ရန် စောင့်စား၍ နေကြလေ၏။ အကြောင်းမူကား မျိုးချစ်ဦးထွန်းသိန်းအတွက် မောင်သာဓု ကို ကလဲ့စားချေရန် ဒေါသမာန်ရှ၍ နေကြလေ၏။ ။

            ဂျူရီလူကြီးများသည် စဉ်းစားခန်းသို့ သွားကြရာ၌ ၎င်းတရားခံ အပေါ်တွင် အပြစ်ရှိသည်ဟူ၍ တညီတညွတ်တည်း မှတ်ယူ၍ သွားကြ လေ၏။ ဤအမှုသည်လွန်စွာထင်ရှားလှသဖြင့် အထူးစဉ်းစားရန် မလိုတော့ချေဟူ၍သာလျှင် တစ်သဘောတည်း အစွဲပြုလေ၏။

          ထို နောက်တစ်ဖန် ပြန်၍ထွက်လာကြလေရာ ၎င်းတို့အား တရားခွင်မှ အမေးရှိ သောအခါ တစ်ယောက်ပြီးတစ်ယောက် ၎င်းအပေါ်၌ အပြစ်မရှိဟူ၍ ပြောပြသောအခါ တရားသူကြီးကိုယ်တိုင်က ကလောင်ကိုကိုင်ကာ ငေးမှိုင်အံ့ဩ၍နေလေ၏။ အစိုးရရှေ့နေမှာ မျက်လုံးဝိုင်းလျက် လက်ဝှေ့ရေးပြရတော့မလို၊ ဂျူရီတွေနှင့် တွန်းထိုး ခိုက်ရန်ဖြစ်ရတော့မလို မငြိမ်မသက်နေလေ၏။ နားထောင်သော ပရိသတ်တို့သည်ကား တရုတ်ရုတ်ဖြစ်ကာ မာန်ဖီသော မြွေဆိုး မြွေဟောက်များ ဝိုင်းရံ၍ မြည်တွန်ကြသည့်အလား ဥက္ကုဋေယျ ဖြစ်ကြလေ၏။ တရားဥပဒေသည် ဤအမှု၌ အဘယ်ပုံဖောက်ပြန်၍ သွားပါသနည်း။ ဤအကောင်ကို အဘယ်ကြောင့် သူတို့ လွှတ်ချင်ကြ ပါသနည်း၊ စသည်ဖြင့် ဆူညံကြလေ၏။

           တရားခံကိုယ်တိုင် ဂျူရီလူကြီးမင်းတို့၏စကားကို မယုံကြည် သကဲ့သို့ ဖြစ်လေ၏။ မိမိသည်ဤကြောက်မက်ဖွယ်ရာအမှုကြီးမှ လွတ်လေပြီဟူသော အခြင်းအရာကို မယုံကြည်နိုင်အောင်ရှိလေ၏။ တရားသူ ကြီး အဘယ်ပုံသဘောရပါနည်းဟူ၍ တွေးတောကာ တရားသူကြီး၏မျက်နှာကို ကြည့်လေ၏။ တရားသူကြီးသည်ကား ၎င်းကိုကြည့်ကာ ခေါင်းညိတ်လျက် “မင်းမှာအပြစ်မရှိဘူး ရုံးတော်ကလွှတ်လိုက်ပြီ”ဟု စိတ်လျှော့သောအမူအရာဖြင့်ပြောကာ အမိန့်ချမှတ် လိုက်သောအခါ မောင်သာဓုသည် မူးမိုက်၍သွားသကဲ့သို့ ဖြစ်လေ၏။

          ထိုအခါ ပုလိပ်များသည် ၎င်းကိုဆွဲထုတ်၍ သွားကြလေရာ အပြင်၌ စောင့်လျက်ရှိသော လူထုအင်အား အလွန်တရာမှကြီးမားလျက် ဒေါသမာန်ပွား၍ နေကြသောကြောင့် မထင်ရှားသောနေရာမှ ၎င်းကို ယူဆောင်ကာ မြင်းရထားတစ်စင်းပေါ်တွင် တိတ်တဆိတ်တင်လျက် လျင်မြန်စွာမောင်းနှင်၍ လွတ်ရာသို့ပို့ရန် မှာကြားလိုက်ရလေသတည်း။ ဒေါသ မျက်မာန် လွန်စွာခက်ထန်၍နေကြကုန်သော လူစုကြီးသည်ကား ပဒူ အုံကြွ၍ထသကဲ့သို့ ရုံးတော်ကအပြစ်မပေးသော တရားခံကို မိမိတို့ ကိုယ်တိုင် ခဲ၊ အုတ်၊ တုတ်၊ ဓား၊ လက်သီး၊ လက်ဝါးတို့ဖြင့် အပြစ် ပေးရန် အနှံ့အပြားရှာဖွေလျက် နေရစ်ကြလေ၏။

          ဂျူရီလူကြီးမင်းများသည် စဉ်းစားရန် ဝင်၍သွားကြသောအခါ တရားခံအပေါ်၌ အပြစ်ရှိသည်ဟုအယူရှိကြပြီး နောက်တစ်ဖန်ထွက်၍ လာသောအခါ အဘယ်နည်းဖြင့် စိတ်အကြံပြောင်း၍ သွားပါသနည်း ဟုဆိုသော် စဉ်းစားခန်းသို့ရောက်သောအခါ ထူးခြားသောအကြောင်း အရာတစ်ခုဖြစ်ပွားလေ၏။ ထိုအကြောင်းမှာ အခြားမဟုတ် တစ်ရံ တစ်ခါမျှ မတွေ့ဖူးမကြုံဖူးသော ဂျူရီလူကြီးမင်းများအနက်၊ မည်သူ နှင့်မျှ အသိအကျွမ်းလည်းမဟုတ်သော ဂျူရီလူကြီးတစ်ယောက်သည် တရားခံ၏ရှေ့နေ ပြောသောစကားများကို အသစ်ထပ်မံချဲ့ထွင်ကာ ဤတရားခံအပေါ်၌ အပြစ်မရှိကြောင်း၊ လောကမှာလူတို့၏ ယုံကြည် ထင်မြင်ချက်နှင့် လုံးလုံးကြီးကွဲပြားသောအရာများသည် အခါခါ ဖြစ်ပွားနိုင်ကြောင်း၊ မြင်ရ ကြားရခြင်းကတစ်မျိုး၊ အဟုတ်အမှန် ဖြစ်ပွားခြင်းက တစ်မျိုးဖြစ်နိုင်ကြောင်း၊ ဤတရားခံအပေါ်၌ အပြစ် ပေးလျှင် ဥပဒေလမ်းစဉ်သည် တက်တက်စင် လွဲတော့မည်ဖြစ်ကြောင်း၊