ပိုင်သစ်နွယ် - ခေတ်ကျန်ပန်းအိုးလက်ကျန်အသက်
အမေ
ဖြတ်တိုက်သွားတဲ့ လေယူလေသိမ်းတောင်
ချိုးကွေ့ပြီး ပြန်ရောက်လာတယ်။
ရောက်ရာအရပ်က နားစွင့်တယ်
သားတွေရှိရာ အပျော်တွေရောက်လာတယ်
အမေရှိရာ အမောတွေ ရောက်လာတယ်
မမှုဘူးမဖြူဘူး မတုန်လှုပ်ဘူး။
အမေဟာ ရှေ့တန်းမှာ လဲလဲကွဲကွဲ အရောင်ခပ်မွဲမွဲ
ငါတို့က အိမ်နောက်ဖေးမှာ ဝမ်းနဲ့လေနဲ့ မသဲကွဲ
အမေက “ငါမသေဘူး ရေကူးတတ်တယ်” တဲ့။
ဘဝရဲ့ ဥခွံအဟောင်းထဲမှာတောင် နုပျိုလို့
အမေ့အပြုံးဟာ ဆေးဖက်ဝင်ကြောင်း အသိဟာ
အိပ်ရာထ နောက်ကျတယ်။
အမြဲနောက်ကျတတ်တဲ့ ဘဝသံသရာရထားကြီးတောင်
အချိန်မှန်မှန်နဲ့ စောစီးစွာ
အမေ့အိမ်ရှေ့ ထိုးဆိုက်လာ။
ငါတို့မှာ တားဆီးခွင့် မရှိ
ငိုကြွေးခွင့် တမ်းတခွင့် အောက်မေ့ခွင့်သာ
မျက်ရည်အဖြစ် ကျင်းပ။
ငါတို့ကိုယ်ငါတို့လည်း
သစ်သားအဆွေးလို ဆွေးဆွေးမြည့်မြည့်
အချိန်မရွေးကျိုးကျလို့ တရေးရေးလိုက်ပါနေတဲ့
အရိပ်အရောင်ဟာ ရေးလို့လည်းမဆုံး။
ဖက်လို့လည်း မကုန်။ ဖွဲ့လို့လည်း မမီ။
ငေးလည်း ငေးရော့ရှိမယ် တွေးလည်းတွေးရော့ရှိမယ်။
အလွမ်းဟာ ဆေးမြီးတိုနဲ့လည်းမပြီး။
ရင်ဘတ်ဟောင်းလောင်းနဲ့အလောင်းလို
မေတ္တာတရားဟာ ဆိုင်းဘုတ်ထောင်တိုင်း
ရောက်လာတဲ့ ဘတ်စ်ကားမှ မဟုတ်တာ။
လူ့သွေးဖြူဥနဲ့ စီးကျလာတဲ့ ရေတံခွန်။
ယနေ့အပူချိန် ထိုင်းအာချက်
ကလေးငယ်များ
ဆော့ကစားရင်း လှမ်းပစ်ပေါက်လိုက်တဲ့
ပြောင်းဖူးစေ့တွေဟာ လေထဲမှာပင်
ပေါက်ပေါက်ပွင့်ပန်းတွေ ဖြစ်သွားကြ။
မဟေသီမဂ္ဂဇင်း၊ ဇူလိုင်၊ ၂၀၁၈