ပါရဂူ - ၀ေတာလဝထ္ထု
၁။ ပန်းပုဆရာ့သမီး
ဂေါဝေရီကမ်းပါး၌ ပတိဋ္ဌာနအမည်ရှိသည့် ဒေသတစ်ခု ရှိလေသည်။ ထိုဒေသ၌ တန်ခိုးသတ္တိအရာ၌ သိကြားမင်းနှင့် ယှဉ်ပြိုင်တုပနိုင်သည့် တရိဝိက္ကမသေနအမည်ရှိ ထင်ပေါ်ကျော်ကြားသော ဘုရင်တစ်ပါးသည် ထီးနန်းစိုးစံ၍နေလေသည်။ ထိုဘုရင်သည် နေ့စဉ်နေ့တိုင်း ညီလာခံခန်းမဆောင်၌ ညီလာခံသဘင် ဆင်ယင်ကျင်းပနေစဉ် ကာလဝယ် ခန္တီသီလ အမည်ရှိ ဇော်ဂျီတစ်ဦးသည် ဘုရင်မင်းကြီးထံ အခစားလာပြီးလျှင် သစ်သီး တစ်လုံးကျ တစ်လုံးကျ ပေးကမ်းဆက်သလေ၏။ ဘုရင်မင်းကြီးကလည်း နေ့စဉ်နေ့တိုင်း ထိုရသေ့ပေးသည့် သစ်သီးကို လက်ခံရရှိသည်နှင့်တစ်ပြိုင် နက် အပါးတွင်ခစားနေသော ဘဏ္ဍာတိုက်ဝန်၏ လက်ထဲကိုသာ ပေးအပ် ထားလေ့ရှိ၏။
ယင်းသို့လျှင် နှစ်ပရိစ္ဆေဒအားဖြင့် ဆယ်နှစ်ကာလ ကုန်ဆုံးကျော် လွန်လာခဲ့လေ၏။ သို့ရာတွင် တစ်နေ့သောအခါတွင်ကား ဘုရင်မင်းကြီးကို သစ်သီးဆက်သပြီး ညီလာခံခန်းမဆောင်က ဇော်ဂျီ ထွက်ခွာသွားသောအခါ ဘုရင်မင်းကြီးသည် အရှင်သခင်၏ လက်ထဲမှလွတ်ပြီး ထိုနေရာသို့ ရောက် လာသော မျောက်တစ်ကောင်အား ဇော်ဂျီပေးထားခဲ့သည့် သစ်သီးကို ပေးလိုက်လေသည်။ ထိုသစ်သီးကို မျောက်က ကိုက်လိုက်သောအခါ သစ်သီးသည် ကွဲသွားပြီးလျှင် သစ်သီးအထဲက အလွန်တောက်ပသော အဖိုးအန ထိုက်တန်သည့် ကျောက်မျက်ရတနာတစ်လုံး ထွက်ပေါ်လာလေ၏။
ဘုရင်မင်းကြီးသည် ထိုကျောက်မျက်ရတနာကို တွေ့မြင်သောအခါ ဘဏ္ဍာတိုက်ဝန်အား “ကျွန်ုပ် သင့်ကို ပေးအပ်ထားခဲ့သော ဇော်ဂျီပေးသည့် သစ်သီးများကို သင် ဘယ်မှာထားသနည်း” ဟု မေးလေ၏။ ဘဏ္ဍာတိုက်ဝန် သည် ဘုရင်မင်းကြီးစကားကို ကြားရသောအခါ ထိတ်လန့်ကြောက်ရွံ့စွာဖြင့် “အရှင်မင်းကြီး အကျွန်ုပ်သည် ထိုသစ်သီးများကို ဘဏ္ဍာတိုက်တွင်းသို့ တံခါးမဖွင့်ဘဲ အပြင်ကနေပြီး ပစ်သွင်းထားခဲ့ပါသည်။ အရှင်မင်းကြီး အမိန့်ရှိပါလျှင် အကျွန်ုပ် တံခါးဖွင့်ပြီး သစ်သီးများကို ကြည့်ပါဦးမည်” ဟု ပြောလေ၏။
ဘဏ္ဍာတိုက်ဝန်က ယင်းသို့ လျှောက်ထားပြောပြသောအခါ ဘုရင် မင်းကြီးသည် ဘဏ္ဍာတိုက်ဝန်အား သစ်သီးများကို သွားကြည့်ဖို့ အခွင့် ပေးလိုက်လေ၏။ ဘဏ္ဍာတိုက်ဝန်သည် ထွက်သွားပြီး မကြာခင် ပြန်ရောက် လာလေသည်။ ဘုရင်မင်းကြီးအား ဤသို့ လျှောက်တင်လေသည်။
“အရှင်မင်းကြီး၊ ထိုသစ်သီးများ ဘဏ္ဍာတိုက်ထဲမှာပုပ်ပြီး ခြောက် နေသည်ကို မြင်ခဲ့ရပါသည်။ ထို့အပြင် ဘဏ္ဍာတိုက်ထဲမှာ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက်ထွက်နေသည့် ရတနာပုံကြီးတစ်ခုကိုလည်း အကျွန်ုပ် တွေ့ခဲ့ရပါသည်”
ဘုရင်မင်းကြီးသည် ထိုစကားကိုကြားသောအခါ ဝမ်းသာကျေနပ် သွားလေ၏။ ထိုရတနာများကိုလည်း ဘဏ္ဍာတိုက်ဝန်အားသာလျှင် ပေးအပ် ထားလေ၏။ နောက်တစ်နေ့တွင် ယခင်နည်းအတိုင်း ဇော်ဂျီရောက်လာသော အခါ ဘုရင်မင်းကြီးက ဇော်ဂျီအား ဤသို့မေးလေ၏။
“ဝိဇ္ဇာဓိုရ်ဇော်ဂျီ၊ အသင်သည် အဘယ်ကြောင့် ပစ္စည်းရတနာ မြောက်မြားစွာ အကုန်ခံပြီး ကျွန်ုပ်ကို နေ့စဉ်မပြတ် ချဉ်းကပ်ခစားနေဘိ သနည်း။ ယနေ့ ထိုအကြောင်းကို အသင်ဇော်ဂျီ ပြောမပြမချင်း ကျွန်ုပ်သည် သင် ဇော်ဂျီ၏သစ်သီးကို လက်ခံလိမ့်မည်မဟုတ်ပါ”
ဘုရင်မင်းကြီးက ထိုသို့ပြောသောအခါ ဇော်ဂျီသည် ဘုရင်မင်းကြီး အား နှစ်ကိုယ်ကြား ဤသို့ပြောလေ၏။
“အကျွန်ုပ်မှာ ဆေးစီရင်စရာ တစ်ခုရှိသည်။ ထိုကိစ္စအတွက် သူရဲ ကောင်းတစ်ဦး၏ အကူအညီလိုနေပါသည်။ အို-သူရဲကောင်းဘုရင်၊ ထိုကိစ္စ အတွက် အကျွန်ုပ်အား အကူအညီပေးပါဟု သင့်အား တောင်းပန်ပါ၏”
ဘုရင်ကြီးသည် ထိုစကားကို ကြားရသောအခါ ဦးခေါင်းညိတ်ပြီး လျှင် ဇော်ဂျီပြောသည့်အတိုင်း လုပ်ကိုင်ဆောင်ရွက်မည့်အကြောင်း ဝန်ခံ ကတိပေးလေ၏။ ထိုအခါ ဇော်ဂျီသည် အားရကျေနပ်သွားပြီးလျှင် ဘုရင် မင်းကြီးအား ဤသို့ ဆက်၍ပြောပြလေ၏။
“အရှင်မင်းကြီး၊ ထိုသို့ဖြစ်ပါမူ လကွယ်နေ့ည ညဉ့်ဦးယံအချိန် လောက်မှာ သုသာန်တစပြင်က ညောင်ပင်ရိပ်မှာ အကျွန်ုပ် သင်မင်းကြီးကို စောင့်နေပါမည်၊ ထိုနေရာကို မင်းကြီးဆက်ဆက်လာခဲ့ပါ””
“ကောင်းပြီး ကျွန်ုပ် ဆက်ဆက်လာခဲ့ပါမည်”
ဘုရင်မင်းကြီး၏ ကတိစကားကို ကြားရသောအခါ ခန္တီသီလဇော်ဂျီ သည် ကျေနပ်အားရစွာဖြင့် သူ၏နေရာသို့ ပြန်သွားလေ၏။
ထို့နောက် သူရဲကောင်းဘုရင်သည် လကွယ်နေ့သို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူဝန်ခံကတိပေးထားသည့် ဇော်ဂျီ၏တောင်းပန်ချက်ကို သတိရ လေ၏။ သို့ဖြစ်၍ ညဉ့်အချိန်သို့ ကျရောက်လျှင် ကျရောက်ချင်း ဦးခေါင်းကို အဝတ်နက်စည်းပြီးလျှင် လက်က ဓားကိုင်လျက် ကိုယ်ယောင်ဖျောက်ကာ သုသာန်တစပြင်ရှိရာသို့ ကြောက်ရွံ့ခြင်းကင်းမဲ့စွာဖြင့် ထွက်လာခဲ့လေ၏။ ပတ်ဝန်းကျင်၌ကား သိပ်သည်းထူထပ်သော ညဉ့်နက်ကမ္ဗလာကြီးက
ကြောက်ရွံ့ဖွယ် ဖုံးအုပ်ထားသဖြင့် မည်းမှောင်နက်ချိပ်၍ နေလေသည်။ သုသာန်တစပြင်၏ အခြေအနေသည် လူသေကောင်ကို မီးသင်္ဂြိုဟ်သည့် မီးပုံများမှ တစ္ဆေသရဲသဏ္ဌာန် ထိုးထွက်နေသော မီးညွန့် မီးလျှံများကြောင့်
ကြောက်ရွံ့ထိတ်လန့်ဖွယ် အသွင်ပေါ်၍ နေပေသည်။ ထို့ပြင် သုသာန်တစပြင် ၌ရှိသော လူသေကောင်များ၏ အရိုးများ၊ နံရိုးများ၊ ဦးခေါင်းခွံများကလည်း ကြက်သီးတဖြန်းဖြန်းထအောင် ဖန်တီးနေကြသည်။ ထိုသုသာန်၌ရှိနေကြသောကြောက်မက်ဖွယ်ကောင်းသည့် တစ္ဆေသရဲများ၊ အစိမ်းသဘက်များကလည်း ပြူးတူးပြဲတဲနှင့် ခြောက်လှန့်နေကြသည်။ ခွေးအ များ၏ ကျယ်လောင်စွာ အော်သံများမှာ သုသာန်တစပြင်ကို အသက်သွင်းပေးလျက် ရှိလေ၏။
ဘုရင်သည် သုသာန်၌ ဟိုဟိုသည်သည် လှည့်ပတ်ရှာဖွေပြီးသော အခါ ညောင်ပင်ကြီးတစ်ပင်အောက်၌ ပတ်ပတ်လည် လှည့်ပတ်နေသော ဇော်ဂျီကို သွားတွေ့လေ၏။ သို့ဖြစ်၍ ဇော်ဂျီအနီးသို့ ချဉ်းကပ်သွားလျက် “အို ဇော်ဂျီ၊ ကျွန်ုပ် ရောက်ရှိလာပါပြီ၊ ကျွန်ုပ် သင် ဇော်ဂျီအတွက် ဘာလုပ် ပေးရမည်နည်း” ဟု မေးလေ၏။ ။
ဇော်ဂျီသည် ထိုစကားကိုကြားရသောအခါ ဘုရင်မင်းကြီးကို ကြည့်ပြီး လျှင် ဝမ်းသာအားရ ဤသို့ပြောပြလေ၏။
“အရှင်မင်းကြီး၊ သင်မင်းကြီးသည် ကျွန်ုပ်ကို ကူညီလိုသည့်စိတ် ဆန္ဒရှိပါလျှင် ဒီကနေပြီး မြောက်ဘက်တည့်တည့်သို့ တစ်ယောက်တည်း သွားပါ၊ လက်ပံပင်တစ်ပင်ကို တွေ့ရလိမ့်မည်။ ထိုလက်ပံပင်၌ အလောင်း
ကောင်တစ်ခု တွဲရရွဲဆွဲထားသည်ကို တွေ့ရပေလိမ့်မည်။ ထိုအလောင်းကောင် ကိုယူပြီး ကျွန်ုပ်ဆီကို ပြန်ခဲ့ပါ။ ဤနည်းအားဖြင့် ကျွန်ုပ်ကို ကူညီစေချင်ပါ သည်”
မိမိ၏ ကတိသစ္စာကို စောင့်သိရိုသေသော သူရဲကောင်းဘုရင်သည် ဇော်ဂျီ၏စကားကို ကြားရလျှင် ကြားရချင်း “ကျွန်ုပ်ဆောင်ရွက်ပါမည်” ဟုပြောပြီး မြောက်ဘက်သို့ ထွက်သွားလေ၏။ လူသေကောင် မီးရှို့သည့် မီးရောင်များဖြင့် မှုန်တိမှုန်မွှားသာမြင်ရသော လမ်းကြောင်းအတိုင်း မြောက် ဘက်သို့ လျှောက်သွားလေရာ ခရီးအတန်ငယ်သွားမိသောအခါ အမှောင်ထဲ တွင် ခဲခဲယဉ်းယဉ်းနှင့် ထိုလက်ပံပင်ရှိရာသို့ ရောက်သွားလေ၏။ ထို လက်ပံပင်မှာ လူသေကောင်မီးရှို့သည့် မီးခိုးမှိုင်းများ လောင်မြိုက်ခြင်း ခံရသောကြောင့် ကျိုးတိုးကျဲတဲနှင့် နွမ်းခြောက်၍နေလေရာ သရဲတစ်ကောင် နှင့် ပမာတူ၍ နေသည်။ လူသေကောင်များ၏ အသားများမှာလည်း အနံ့ အသက်များ ထွက်နေကြသည်။ ဘုရင်မင်းကြီးသည် အစိမ်းသရဲတစ်ကောင် ၏ ပခုံးပေါ်၌ တင်ထားသကဲ့သို့ ထိုသစ်ပင် ပင်စည်၌ တွဲရရွဲဆွဲထားသော လူသေကောင်ကို မြင်လေ၏။ ထို့ကြောင့် သစ်ပင်ပေါ်တက်သွားပြီးလျှင် လူသေကောင်၌ချည်ထားသော ကြိုးကို ဖြတ်ချလိုက်လေ၏။ မြေကြီးပေါ် သို့ကျသွားသောအခါ လူသေကောင်သည် နာကျင်သွားသကဲ့သို့ “အမလေးဗျ” ဟု ဟစ်အော်လိုက်လေ၏။
ထိုအခါ ဘုရင်မင်းကြီးသည် အသက်ရှင်နေသေးသည် ထင်သဖြင့် သစ်ပင်ပေါ်က ဆင်းလာပြီး လူသေကောင်ကို ကရုဏာစိတ်ဖြင့် ပွတ်သပ် ပေးလေ၏။ ထိုအခိုက် လူသေကောင်က “ဟား.. ဟား” ဟု သရဲသဘက် ရယ်သကဲ့သို့ ကျယ်လောင်စွာ ရယ်လိုက်လေသည်။ ဘုရင်မင်းကြီးသည် လူသေကောင်ကို အစိမ်းစီးနေပြီဟု သိသွားပြီးလျှင် တွန့်ဆုတ်ခြင်း အလျှင်း မရှိဘဲ “အသင် အဘယ်ကြောင့် ရယ်ရသနည်း၊ လာ ငါတို့ သွားကြစို့” ဟု ပြောလိုက်လေ၏။ ထိုအခိုက် ဘုရင်မင်းကြီးသည် မြေကြီးပေါ်မှ အစိမ်းစီးနေသော လူသေကောင်ပျောက်သွားပြီး ထိုသစ်ပင်ပေါ်၌ တစ်ဖန် ပြန်၍ တွဲရရွဲဆွဲနေသည်ကို တွေ့မြင်ရလေ၏။ ထိုအခါ ဘုရင်မင်းကြီးသည် သစ်ပင်ပေါ် တစ်ဖန်ပြန်တက်ပြီးလျှင် ထိုလူသေကောင်ကို အောက်သို့ ယူချပြန်လေသည်။ အကြောင်းမူကား သူရဲကောင်းတို့၏ နှလုံးသည် စိန်
ကျောက်ထက်ပင် ထွင်းဖောက်ဖို့ရန် ခဲယဉ်းသည့် အမျက်ရတနာ ဖြစ်လေ သည်။ ထို့နောက် တရိဝိက္ကမသေန ဘုရင်သည် အစိမ်းစီးနေသော လူသေကောင်ကို သူ၏ပခုံးပေါ်တင်လိုက်ပြီးလျှင် ထိုလူသေကောင်နှင့်အတူ ဘာမပြော ညာမပြော ထိုနေရာမှ ထွက်လာခဲ့လေ၏။ ယင်းသို့ထွက်လာခဲ့သောအခါ သူ၏ပခုံးပေါ်က လူသေကောင်၌ရှိနေသော အစိမ်းက ဤသို့ ဘုရင်မင်းကြီး အား ပြောလေ၏။ ။
“အို... ဘုရင်၊ လမ်းမှာ ပျင်းမနေအောင် ကျွန်ုပ် သင့်ကို ပုံဝတ္ထုတစ်ခု ပြောပြပါမည်၊ နားထောင်ပါ” ဟု နိဒါန်းပျိုးကာ ပြောလေတော့သတည်း။
သိဝ၏ နေထိုင်ရာ အရပ်ဖြစ်သော ဗာရာဏသီအမည်ရှိသည့် မြို့ တစ်မြို့ ရှိလေ၏။ ထိုမြို့မှာ သူတော်သူမြတ်များသာလျှင် နေထိုင်ရာမြို့ ဖြစ်သဖြင့် ကေလာသတောင်ကလပ်နှင့် ပမာတူလှပေ၏။ ထာဝစဉ် ရေပြည့် ၍နေသော ဂင်္ဂါမြစ်သည် ထိုမြို့၏အနီး၌ စီးဆင်းနေသည်မှာ လည်ပင်းတွင် အစဉ်မပြတ်ဆွဲထားသော လည်ဆွဲရတနာနှင့် ပုံသဏ္ဌာန်တူလေသည်။ ထိုမြို့ တွင် ရှေးအထက်ကျော်ကာလက ဝတာပမကုဋအမည်ရှိသည့် ဘုရင်တစ်ပါး ရှိလေ၏။ ထိုဘုရင်သည် တောမီးသည် တောကို ဖြုန်းတီးဖျက်ဆီးပစ်သကဲ့သို့