Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ပါရဂူ - မဟာယောဂီ

Regular price 3,700 MMK
Regular price Sale price 3,700 MMK
Sale Sold out

                                           ကျွန်ဈေးပွဲတော်

               သရဒဥတု၏ လှပသာယာသောနံနက်ချိန်ရောက်လာခါစပင် ရှိသေးသည်။ ဝဿတိုင်း နေပြည်တော်၊ ကောသမ္ဘီမြို့၌မူ နံနက် အရုဏ်တက်စလောက်ကပင် လူအုပ်ကြီး လှုပ်လှုပ်ရွရွ ဖြစ်နေသည်။

             ကောသမ္ဘီဘုရင် သတာနိကသည် ယမန်နေ့ကပင် အင်္ဂတိုင်း နေပြည်တော် စမ္မာကို အနိုင်တိုက်ပြီးနောက် အောင်ပွဲခံ ပြန်လာသည်။ စမ္မာကို အနိုင်တိုက်ယူပြီးနောက် စမ္မာမှ သိမ်းယူရရှိလာသော ပစ္စည်းဥစ္စာများနှင့် ကျေးကျွန်များကို စစ်သည်များ၊ အရာရှိအရာခံများ၊ မြို့စား ရွာစားများအား ခွဲဝေပေးလိုက်သည်။ ထိုပစ္စည်းပစ္စယများ နှင့် ကျေးကျွန်များကို အရောင်းအဝယ်လုပ်ဖို့အတွက် ဈေးထဲတွင် လူတွေ ကြိတ်ကြိတ် တိုးနေကြသည်။

               ဈေးထဲတွင် တစ်နေရာ၌ ရတနာစီခြယ်ထားသော မကိုဋ်ကို ဈေးပေါပေါနှင့် ရောင်းနေပြီး အခြားတစ်နေရာ၌ စိန်လည်တုံနှင့် စိန်ဘီးကို နှစ်ပဲတစ်ပြားနှင့် ရောင်းနေသည်။ ဈေးထဲတွင် ကျွန်၊ ကျွန်မ အရောင်းအဝယ်လည်း ဖြစ်နေသည်။ တိုင်းပြည်အနှံ့အပြားမှ ဖောက်သည်များစွာ ကြိတ်ကြိတ်တိုးနေသည်။ ကျွန်ကုန်သည် ဝိလောစန၏ဆိုင်သည် ဖောက်သည် အာရုံစူးစိုက်ရာ ဖြစ်နေသည်။ ဝိလောစနက မြို့ဝန်မင်းခေါ်လာသော ကျွန်မအသစ်ကို ကြည့်ပြီး ချီးကျူးခန်း ဖွင့်နေသည်။

“သူ့မျက်လုံးမှာပေါ်နေတဲ့ ကောင်းကင်ပြာရောင်ဟာ မြင်ရသူမျက်နှာလွှဲလို့ မရအောင် ဖြစ်နေတယ်။ သူ့ဆံပင်ကို ကြည့်စမ်းပါ။ အခုကတည်းက နဂါးပတ်ကျော့ကွင်းအတိုင်းပဲ။ ကောသမ္ဘီမှာရှိတဲ့ အလှဂေဟာတစ်ခုခုမှာ သွားထားပြီး ဆံထုံးထုံးပေးရင် သူ့ရှေ့မှာ နတ်သမီးတစ်ပါးပါးတောင် ဖျားသွားနိုင်တယ်”

“တကယ့် ကဗျာဆရာကြီး ဖြစ်နေပါပကောလား ဝိလောစန...”

“ဟာ.. မဟုတ်တာ။ ကျုပ်လုပ်ငန်းမှာ ကဗျာဆန်လို့ ဘယ်ဖြစ်ပါ့မလဲ။ အရိုး၊ အသား၊ အသွေးတွေကို အရောင်းအဝယ်လုပ်နေရတဲ့ ဒီအလုပ် လုပ်ရင်းနဲ့ ကျုပ် တရားကျလာပြီ။ ကြည့်ပါမင်းကြီး၊ တစ်နေ့ကျရင် ကျုပ် ဘုန်းကြီးမလုပ်ရင် ပြောချင်သလိုပြော။ အခုလုပ်နေတာက သားတွေ သမီးတွေအတွက် နှစ်ပဲတစ်ပြား ရရင်ရပါစေတော့ဆိုတဲ့သဘောနဲ့ လုပ်နေတာပါ၊ အချိန်သိပ်မကြာတော့ပါဘူး”

“ကဲ.. အပိုတွေ ပြောမနေပါနဲ့တော့။ ဒီပစ္စည်းကို ရောင်းချင်တယ်၊ ဈေးတည့် အောင်လုပ်ပါ”

“ကျုပ် ထပ်ပြီး ပြောချင်ပါတယ် ဒီပစ္စည်းကို မင်းကြီးဆီမှာပဲ ထားပါလား။ ကျုပ်ကတော့ အသပြာတစ်ရာလောက်ပဲ တတ်နိုင်တယ်”

“ကျုပ် ဒုက္ခမခံပါရစေနဲ့။ အဖိုးစားနားပေးနိုင်တဲ့ စွမ်းရည်ရှိရင် လိုချင်တဲ့ အချိန် ပစ္စည်းကို ရနိုင်ပါတယ်။ နှစ်ပဲ တစ်ပြားများတာလောက်ပဲ ရှိမယ်။ ကောသမ္ဘီ ကျွန်ဈေးကြီးလည်း တိမ်ကောမသွားနိုင်သေးပါဘူး။ ဘုရင် သတာနိကာကလည်း လက်နက်မစွန့်သေးပါဘူး”

ဝိလောစနနှင့် မြို့ဝန်မင်းတို့သည် ကျွန်အရောင်းအဝယ်နှင့်ပတ်သက်ပြီး အဖိုးစားနား စကားပြောကြသည်။ မြို့ဝန်မင်းတောင်းသည့် ဈေးကို ဝိလောစနပေးဖို့ ဝန်လေးနေသည်။ သို့သော် နောက်ဆုံးပိတ် ဈေးတည့်သွားကြသည်။ မြို့ဝန်မင်းသည် သူငယ်မကို ဝိလောစန၏ အနီးသို့ ဆွဲခေါ်လိုက်ပြီးလျှင် ကြိုးဖြုတ်ပေးလိုက်သည်။

ဝိလောစနသည် အိမ်ခန်းထဲတွင်ရှိနေသော မိန်းမတစ်ယောက်ကို လှမ်းခေါ် လိုက်သည်။ ထိုမိန်းမအမည်မှာ ယက္ခိကာ ဖြစ်သည်။ ယက္ခိကာသည် ကျွန်မများကို ထိန်းသည့် ကျွန်ဇွန်းဖြစ်သည်။ ပုံသဏ္ဌာန်မှာ အလွန်တရာ ကြမ်းကြုတ်ပြီး အလွန် တရာ ကြောက်မက်ဖွယ်ကောင်းသည်။ သရဲသဘက်မ ပုံသဏ္ဌာန်ပေါက်နေသည်။ နက်ချိပ်မည်းမှောင်နေသည့် မျက်နှာထဲက နီရဲနေသော နှုတ်ခမ်းပေါ်နေသည်။ လျှာကလည်း ရဲတွတ်နေသည်။ လက်ထဲတွင် အသွားချွန်ထက်နေသည့် သုံးမြှောင့် လှံတံ ကိုင်ထားသည်။

သုံးမြှောင့်လှံတံ၏အသွားတွင် ကျွန်မများ၏သွေး ပေကျံနေသည်။ ဘယ်လောက်ခေါင်းမာသည့် မိန်းမဖြစ်ဖြစ် သူ့လက်ထဲရောက်သွားလျှင် ငြိမ်ကျသွားသည်။ ယက္ခိကာသည် ကျွန်မအသစ်ကို အတန်ကြာ စိုက်ကြည့်နေသည်။ ။

သူငယ်မသည် မတုန်မလှုပ် ရပ်နေသည်။ သူ၏ မျက်လုံးတွင် ဖြစ်ချင်ရာဖြစ်ပေ စေတော့ဟု စိတ်နှလုံး တုံးတုံးချထားသည့်အသွင် ပေါ်လွင်နေသည်။ သူမျက်နှာ ၌ ပိုက်ကွန်ထဲတွင် ဖမ်းမိနေသော သမင်မကဲ့သို့ ကံစီမံရာကိုသာ ခံတော့မည်ဟူသော အမူအရာကို တွေ့မြင်နေရသည်။

“သူကလေးက စန္ဒကူးအကိုင်းအခက်လို မိန်းကလေးပါလား”

ကျေးကျွန် အသိုက်အဝန်းထဲတွင် ရက်စက်လှသော မိန်းမကြမ်းကြီးအဖြစ် ထင်ပေါ်ကျော်ကြားနေသော ယက္ခိကာသည်ပင်လျှင် ထိုသူငယ်မအပေါ်၌ တစ်ခဏ အကြင်နာ အသနားပွားလာသည်။

“ယက္ခိကာ...” ။

အဖိုးစားနားအဖြစ် ရရှိသော ဒင်္ဂါးပြားများကို လက်ထဲတွင် ဆုပ်ကိုင်ပြီးလျှင် မြို့ဝန်မင်းသည် ယက္ခိကာအနီး ကပ်လာသည်။ အတန်ငယ် နူးညံ့ပျော့ပျောင်းသော လေသံဖြင့် ပြောလိုက်သည်။

“ယက္ခိကာ၊ ဒီကလေးမကို ဝယ်သူကောင်းကောင်းတွေ့မှ ရောင်းပါ။ ကလေးမ က အင်မတန် တော်ပါတယ်” ။

“ဘယ်လိုစကားပြောတာလဲ မင်းကြီး။ ဒီမှာ ဥပဒေထုံးတမ်းတစ်ခု ကျွန်မ ပြောပြမယ်။ မိန်းမရယ်၊ ကျွန်ရယ်၊ သုဒ္ဒလူမျိုးရယ် အဲဒီလူသုံးဦးအပေါ်ဘယ်တော့မှ သံယောဇဉ်တွယ်တာမှု မပြရဘူး။ အဲဒီလူသုံးဦးဟာ ကျာပွတ်အရိုက်ခံရမှ ဖြောင့်ဖြောင့် တန်းတန်းသွားချင်တဲ့လူတွေဖြစ်တယ်။ ပြီးတော့ ကျွန်မတို့အတွက်ဘယ်ဖောက်သည်။ ဘယ်ဝယ်သူက အကောင်း၊ ဘယ်ဖောက်သည် ဘယ်ဝယ်သူက အဆိုးဆိုတာ မရှိဘူး။ ကျွန်မတို့ကတော့ ရွှေဒင်္ဂါးပြားများသလား၊ နည်းသလားဆိုတာကိုပဲ ကြည့်တယ်။ ရွှေဒင်္ဂါးများများပေးတဲ့လူဟာ ကျွန်မတို့အတွက် ဖောက်သည်ကောင်း၊ ဝယ်သူကောင်း တွေပဲ”

“အဲဒီလိုမပြောပါနဲ့လေ၊ ကလေးမလေးရဲ့ မျက်လုံးကိုလည်း တစ်ဆိတ်လောက် အကဲခတ်ကြည့်စမ်းပါဦး...”

“မင်းကြီးတို့ ယောက်ျားတွေဟာ သိပ်ဆန်းတာပဲ။ အခုရွှေ၊ အခုငွေ၊ အခု အရည်ပျော်ပြီး ဖယောင်းဖြစ်သွားတော့မတတ် ချစ်တာခင်တာတွေပြပြီး နောက်မကြာခင်ဘဲ ကိုယ်ခန္ဓာတစ်ခုလုံးကို အရိုးအသား ရှာမတွေ့အောင်၊ မှုန့်မှုန့်ညက်ညက် ချေပစ်ချင်လောက်အောင် ဒေါသအိုးပေါက်ကွဲချင် ပေါက်ကွဲလာတယ်။ စိတ်မပါရင် အခု အချိန်ရှိသေးတယ်။ ကိုယ့်ပစ္စည်း ကိုယ့်အိမ် ပြန်ယူသွားနိုင်သေးတယ်”

“အဲဒီလိုလုပ်ဖို့ပြောတာ မဟုတ်ပါဘူး။ ဆုံးဖြတ်ချက် ချထားပြီးတဲ့ဟာကို ပြန်ပြင်ရိုးထုံးစံ မရှိပါဘူး။ ခုတစ်မျိုး၊ ခုတစ်မျိုးလုပ်တဲ့ အလေ့အထ ကျုပ်တို့မှာ မရှိဘူး”

“အဲဒါတော့ ကျွန်မ သိပါတယ်။ အိမ်ရှင်မက လက်မခံလို့ လာရောင်းတာ မဟုတ်လား။ ကျွန်မ နားလည်ပါတယ်။ဘယ်အိမ်ရှင်မဖြစ်ဖြစ် ကျွန်မဆိုရင် အသား မည်းမည်း၊ ရုပ်ဆိုးဆိုးကိုပဲ ထားချင်ကြတယ် မဟုတ်လား”

ယက္ခိကာသည် အထေ့အငေါ့ တွေနှင့် မြို့ဝန်မင်းကို ထိုးနှက်နေသည်။ ထိုအခိုက် ဝိလောစနက ကြားဖြတ်ပြီး ပြောလိုက်သည်။

“အင်း တစ်ခု မေးစမ်းပါရစေဦး။ အခု ဘယ်စစ်ပွဲအသစ်ကို ထပ်နွှဲကြဦးမလဲ။ ကာမရူပတိုင်းပြည်က မိန်းမတွေကို လူတွေ သိပ်ကျွန်လုပ်ချင်ကြတယ်”

“ကောင်းပြီ၊ ကောင်းပြီ၊ စိတ်သာချ..”

မြို့ဝန်သည် ထိုသူငယ်မကို တစ်ချက်လှမ်းကြည့်ပြီး ထွက်သွားသည်။ ဝိလောစနက ယက္ခိကာကို လှမ်းကြည့်ပြီး ပြောလိုက်သည်။ ။

“ယက္ခိကာ။ ငါတို့ မျိုးကောင်းဆွေသန့် ကျွန်မတွေကိုထားတဲ့ မြောက်ဘက် အဆောင်မှာ သူ့ကိုထားလိုက်။ ကြားလား။ ဘယ်ကျွန်ယောက်ျားမှ သူ့ကို ယောင်လို့တောင် မကြည့်စေနဲ့။ ကျွန်ယောက်ျားတွေ ထိန်းထိန်းသိမ်းသိမ်းနေအောင် အထူးသတိ ထားရမယ်။ ကျွန်ဈေးမှာ ဒီလို “ကျွန်မ” မျိုးဆိုရင် ဈေးခေါ်သလောက် ရနိုင်တယ်”

                                “ကောင်းပါပြီ”

                ယင်းသို့ပြောလျက် သရဲသဘက်ရုပ်ပေါက်နေသည့် ယက္ခိကာသည် ကျွန်မ အသစ်ကို ဆွဲခေါ်သွားသည်။

                                             ***

           “မနက်အစောကြီး ဘယ်လိုအကျပ်အတည်းနဲ့ လာတွေ့နေရတယ် မသိဘူး။ ဒီကနေ့ အဖို့ရာကတော့ မျှော်လင့်ချက် မရှိတော့ဘူး”

ယင်းသို့ပြောပြီးလျှင် ဝိလောစနသည် ခုံမြင့်မြင့်တစ်ခုပေါ် စိတ်ပျက်လက်ပျက်ထိုင်လိုက်သည်။ အရောင်းအဝယ်ကိစ္စ၌ ဝိလောစနသည် အတိတ်နိမိတ်နှင့် ပြဿဒါး၊ ရက်ရာဇာတို့ကို အလွန်ယုံကြည်သည်။ အတိတ်နိမိတ်သည် ဆီမီးတန်ဆောင်ဖြစ် သည်ဟူ၍ ပြောကြသည်။ ယနေ့ ဈေးဦးပေါက်ကစပြီး အဆင်မပြေဖြစ်ရသည်။ ယနေ့ကုန်ပစ္စည်းအသစ် ရောင်းခြင်း၊ ဝယ်ခြင်း လုံးဝမလုပ်တော့ဟူ၍ ဆုံးဖြတ်ချက် ချလိုက်သည်။

                  ဝိလောစန၏ ပူပန်ကြောင့်ကြမှုသည် အဆန်းမဟုတ်ပေ။ အကြောင်းမူကား သူ၏အိမ်အဆောင်များ၌ ကျွန်ယောက်ျား၊ ကျွန်မိန်းမများ အမြောက်အမြား သိုလှောင် ထားသောကြောင့် ဖြစ်သည်။ ထိုဘာရတနိုင်ငံရှိ ထိုခေတ်၊ ထိုအချိန်က ဘုရင်တို့သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်မက် တိုက်ခိုက်ပြီး အနိုင်ရရှိရေးအတွက် စိတ်အားထက်သန်နေကြသူများ ဖြစ် သည်။ နေ့စဉ်နှင့်အမျှ ဘာမဟုတ်သည့် အကြောင်းအရာကလေးနှင့်လည်း တစ်ပြည် နှင့် တစ်ပြည် စစ်ခင်းနေကြသည်။ စစ်ပွဲတွင် အနိုင်ရရှိသောဘုရင်က အရှုံးပေးလိုက်ရ သည့် တိုင်းပြည်နိုင်ငံမှ ပစ္စည်းရတနာများနှင့်တကွ လူငယ်၊ လူရွယ်၊ မိန်းမ၊ ယောက်ျား များကိုပါ သုံ့ပန်းအကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်လာတတ်သည်။ ယင်းကဲ့သို့ သော ယောက်ျား၊ မိန်းမများကို ကျေးကျွန်များအဖြစ် ထားကြသည်။

                 ဘုရင်အသိအမှတ်ပြုထားသော ကျေးကျွန်များကို ကျွန်ဈေး၌ အရောင်းအဝယ် ပြုလုပ်ကြသည်။

                 ထို့ပြင် စစ်ပွဲမှန်သမျှ၏ အကျိုးဆက်တစ်ခုမှာ ဆန်ရေစပါး ရှားပါးသွားခြင်း ဖြစ်သည်။ လယ်ယာများသည် စစ်တိုက်သူများ နင်းချေဖျက်ဆီးခြင်း ခံရသည်။ ထိုအခါ အငတ်ဘေးကြီးနှင့် ရင်ဆိုင်ကြရသည်။ စားရမဲ့၊ သောက်ရမဲ့ ဖြစ်ကြသောအခါ ဝမ်းမီးငြိမ်းအေးသွားစေရေးအတွက် နုနယ်ငယ်ရွယ်သည့် ကလေးသူငယ်များကို ရောင်းချကြသည်အထိ ဖြစ်လာကြသည်။

အငတ်ဘေး ဆိုက်ရောက်လာပြီးနောက် နောက်ထပ် မလွဲမသွေ ဖြစ်ပေါ်လာ သည့် အကျိုးဆက်မှာ ကူးစက်ရောဂါဘေးကြီး ကျရောက်လာခြင်းဖြစ်သည်။ ကလေး သူငယ်ပေါင်း မြောက်မြားစွာ ခိုကိုးရာမဲ့ ဒုက္ခသည်များဖြစ်ကြပြီး မိန်းမပေါင်းများစွာ မုဆိုးမဘဝ ရောက်ကုန်ကြသည်။ ယင်းအကြောင်းတရားများကြောင့် မကြာခင်ကစ၍ ဝိလောစန၏ ကုန်လှောင်ရုံများ၌ ကုန်ပစ္စည်းအပြည့် ဖြစ်လာသည်။ ကျွန်ကုန်သည် ကြီး ဝိလောစနသည် သူ့ထံတွင် အပြည့်ဖြစ်နေသော ကုန်ပစ္စည်းများကို အထိုက်အလျောက် လျှော့ပစ်လိုသည့်ဆန္ဒ ရှိနေသည်။ အကြောင်းမူကား ဤရွေ့ ဤမျှ များပြားသော ကျေးကျွန်များကို ထိန်းသိမ်းမှု၊ စောင့်ရှောက်မှု၊ ဝတ်စားတန်ဆာ ဆင်ယင်မှုပြုလုပ်ရာတွင် စရိတ်စက အကုန်အကျများစွာ ရှိနေသောကြောင့် ဖြစ်သည်။

ဘုရင်အသိအမှတ်ပြု ကျွန်ဈေးမှ ဝယ်ယူရရှိသည့် ကျွန်၊ ကျွန်မများကို မိမိ အပိုင်ဝယ်ယူထားသည့် ပစ္စည်းပစ္စယအဖြစ် သတ်မှတ်ယူဆထားနိုင်သည်။ ကျွန်၊ ကျွန်မများသည် မည်သည့်နိုင်ငံရေး၊ လူမှုရေး၊ အခွင့်အရေးမျှ မရရှိပေ။

             သူတို့ကို ဝယ်ယူထားသည့် သူတို့၏ သခင်များသာလျှင် သူတို့နှင့်ပတ်သက်၍ တစ်ဦးတည်းသော အာဏာပိုင်ဖြစ်သည်။ ကျွန်၊ ကျွန်မများအပေါ် သူတို့ ဘာမဆို လုပ်ပိုင်ခွင့်ရှိကြသည်။ ကျွန်၊ ကျွန်မများကို သဘောရှိ ရိုက်နိုင်သည်။ ချုပ်နှောင်ထား နိုင်သည်။ ထိုမျှသာမက သတ်ပစ်သည်အထိ လုပ်ပိုင်ခွင့်ရှိသည်။

               ဝိလောစနသည် ယင်းကဲ့သို့သော ဘုရင်အသိအမှတ်ပြု အထက်တန်းလွှာ ကုန်သည်ကြီးတစ်ဦး ဖြစ်သည်။

               ဝိလောစနသည် တစ်ဖက်က လိမ္မာပါးနပ်သူတစ်ယောက်ဖြစ်သလို အခြား တစ်ဖက်ကလည်း မယုံသင်္ကာစိတ်ဝင်နေသူတစ်ဦးလည်း ဖြစ်သည်။ စန္ဒကူးနံ့သာပမာ စွဲမက်စရာ နူးညံ့ပျော့ပျောင်းပြီး ရိုးသားအပြစ်ကင်းစင်သော မိန်းကလေးကို သူ၏ ကုန်ပစ္စည်းအဖြစ် ဝယ်ပြီးနောက် ဝိလောစနသည် အပြောင်းလဲကြီး ပြောင်းလဲသွား သည်။ပင်လယ်သမုဒ္ဒရာကဲ့သို့ ထောက်မှီ၍မရလောက်အောင် နက်ရှိုင်းသည့်မိန်းကလေး ၏မျက်လုံးကြောင့် ဝိလောစန၏ အမှတ်သညာပိတ်ကားပေါ်တွင် အနက်အဓိပ္ပာယ် အမျိုးမျိုး ထင်ဟပ်ပေါ်လွင်နေသည်။