ပါရဂူ - ဗုဒ္ဓမြတ်စွာ
ဗျာဒိတ်စကား
ဂေါတမဘုရားအလောင်းသည် တုသိတာနတ်ပြည်၌ ကိုယ်ရောင် ကိုယ်ဝါ ဝင်းလက်တောက်ပစွာဖြင့် စံနေတော်မူလေ၏။ နတ်ဒေဝါအပေါင်း တို့က ဘုရားအလောင်းကို ဝိုင်းရံပြီးလျှင် တိတ်ဆိတ်ငြိမ်သက်စွာ ရိုသေ ဦးညွတ်နေကြသည်။
လွန်လေပြီးသော ကပ်ကမ္ဘာပေါင်းများစွာက ဒီပင်္ကရာဘုရားပွင့်တော် မူစဉ်ကာလဝယ် သီလသမာဓိနှင့် ပြည့်စုံသည့် သုမေဓာအမည်ရှိ ရသေ့ တစ်ဦးရှိလေသည်။
တစ်နေ့သ၌ ဒီပင်္ကရာမြတ်စွာဘုရား ကြွတော်မူမည်ဆိုသည့် သတင်းကို ကြားသိရသဖြင့် လူအပေါင်းသည် တစ်ဦးနှင့်တစ်ဦး အပြိုင် အဆိုင်လမ်းကို ပြင်ဆင်မွမ်းမံနေကြလေသည်။ ထိုအခါ သုမေဓာရသေ့က လည်း လမ်းတစ်နေရာစာကို ခင်းကျင်းပြင်ဆင်ရန် တာဝန်ယူလိုက်လေ သည်။ သုမေဓာရသေ့သည် နောက်လိုက်တပည့်သံဃာများ ခြံရံလျက် ဘုရားရှင်ကိုယ်တော်မြတ် ကြွလာသည်ကို တွေ့မြင်ရသောအခါ ဒီပင်္ကရာ ဘုရားကဲ့သို့ပင် ဘုရားရှင်တစ်ဆူဖြစ်လိုသည့် စိတ်ဆန္ဒပြင်းပြစွာ ပေါ်ပေါက် လေ၏။
အနီးသို့ ဒီပင်္ကရာဘုရားရောက်သည့်အခါ သုမေဓာရသေ့တာဝန်ယူ ထားသည့် လမ်းနေရာကွက်မှာ ပြင်ဆင်ခင်းကျင်း၍ မပြီးသေးပေ။ တစ်ပိုင်း တစ်စပင်ရှိသေးသည်။ လမ်းအကြားတစ်နေရာသည် မဖို့ရသေးဘဲ လပ်ကျန် နေလေသည်။ ထိုကျန်နေသည့် နေရာကို ဖို့ရန်အတွက်လည်း အချိန်မရှိတော့ ပေ။ ထိုအခါ သုမေဓာရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား အခက်အခဲမရှိ စေဘဲ လျှောက်သွားနိုင်စေရန်အလို့ငှာ ရုတ်တရက် ဝမ်းလျားမှောက်ပြီးလျှင် ရှည်လျားလှသော ဆံပင်ကို ဖျာအသွင်ကဲ့သို့ ဖြန့်ခင်းပေးလိုက်လေ၏။ ထိုခဏ၌ သုမေဓာရသေ့သည် ဘုရားဆုကို တောင်းလိုက်လေသည်။
ဒီပင်္ကရာ မြတ်စွာဘုရားသည် သုမေဓာကိုကြည့်ပြီးလျှင် “ဤယခု ငါ၏ရှေ့၌ အလျားမှောက်၍နေသော ရသေ့သည် နောင်တစ်ခေတ်တွင် ဘုရားတစ်ဆူဖြစ်တော်မူလိမ့်မည်” ဟူ၍ အနာဂတံသဉာဏ် (အနာဂတ်ကို မြော်မြင်သိရှိသည့်ဉာဏ်) တော်ဖြင့် သိမြင်တော်မူသောကြောင့် ထိုအကြောင်း ကိုလူအပေါင်းအား ဗျာဒိတ်စကား မိန့်ကြားတော်မူလိုက်လေ၏။
ထို သုမေဓာရသေ့သည်ကား ပါရမီရှင် ဂေါတမဘုရားအလောင်း ဖြစ်၍ သူတောင်းခဲ့သည့် ဘုရားဆုမှာ ပြည့်ဖို့ရန် အချိန်ကျရောက်လာခဲ့ လေ၏။
ထို့ကြောင့် နတ်ဒေဝါအပေါင်းသည် ဘုရားအလောင်းကို ဝိုင်းရံပြီး လျှင် တိတ်ဆိတ်ငြိမ်သက်စွာ ရိုသေဦးညွတ်နေကြခြင်း ဖြစ်သည်။ အကြောင်းမူကား နတ်ဒေဝါအပေါင်းသည် ဘုရားအလောင်း လူ့လောက သို့ဆင်း၍ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးလျှင် သတ္တဝါ များအား အမြိုက်တရားကိုဟောကြားတော်မူမည့် အချိန်တန်ပြီဖြစ်ကြောင်းကို သိရှိနေကြသောကြောင့်ဖြစ်လေ၏။
[၂]
မီးရှူးသန့်စင် ဖွားမြင်ခြင်း
အိန္ဒိယပြည်မြောက်ပိုင်း ဟိမဝန္တာတောင်ခြေ၌ သကျနွယ်ဝင်တို့၏ ကပိလဝတ်အမည်ရှိသည့် တိုင်းပြည်တစ်ပြည်ရှိလေသည်။ ထိုတိုင်းပြည်၌ သုဒ္ဓေါဒနအမည်ရှိ ဘုန်းသမ္ဘာကြီးမားသည့် ဘုရင်တစ်ပါးသည် စိုးမိုးအုပ် ချုပ်၍နေလေ၏။ သုဒ္ဓေါဒနမင်းကြီး၏ ကြင်ရာမိဖုရားကား ကျင့်ဝတ်သီလ နှင့်ပြည့်စုံသူ မဟာမာယာဖြစ်လေသည်။
တစ်ညသောအခါ သလွန်ညောင်စောင်းထက်၌ ငြိမ်သက်စွာ အိပ် စက်နေစဉ် မဟာမာယာမိဖုရားသည် “ဆင်ဖြူရတနာတစ်စီးက သာယာသောအသံကိုမြည်လျက် သူ၏ လက်ယာနံပါးကိုဖောက်ပြီး ဝမ်းတိုက်တွင်း သို့ ဝင်ရောက်လာသည်”ဟူသော ထူးခြားဆန်းကြယ်သည့် အိပ်မက်မြင်မက် လေ၏။ ယင်းသို့ အိပ်မက်မက်ခြင်းမှာ ဘုရားအလောင်း ပဋိသန္ဓေနေသည့် အထိမ်းအမှတ် ဖြစ်သည်။
ထို့နောက် ဘုရားအလောင်း ဖွားမြင်ချိန် နီးကပ်လာသည့်အခါ မဟာ မာယာမိဖုရားသည် သူ၏ ဆွေတော်မျိုးတော်များ နေထိုင်ရာ ဒေဝဒဟပြည် သို့ အလည်အပတ်သွားလိုသည့် အာသာဆန္ဒဖြစ်ပေါ်လာလေ၏။
ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည် လမ်းခရီးအကြား၌ သာယာနုပျိုသော လုမ္ဗိနီအမည်ရှိ အင်ကြင်းဥယျာဉ် ရှိလေသည်။ နုပျိုစိမ်းလန်းသော အင်ကြင်းကိုင်းခက်တို့ဖြင့် သာယာကြည်နူးဖွယ်ကောင်းသည့် ထိုလုမ္ဗိနီ ဥယျာဉ်၌ ပန်းရနံ့များသည် ပျံ့နှံ့ကြိုင်လှိုင်၍နေသည်။ ပျားပိတုန်းနှင့် ငှက်မျိုး စုံတို့သည် ပင်လုံးကျွတ်ဖူးပွင့်ဝေနေသည့် အင်ကြင်းပင်တို့၏ အကြား၌ လူးလားပျံသန်း၍ နေကြလေ၏။
လုမ္ဗိနီဥယျာဉ်၏ ကြည်နူးဖွယ်ကို တွေ့မြင်ရသည့်အခါ ဒေဝဒဟ ပြည်ဘက်သို့ ခရီးထွက်လာခဲ့သည့် မဟာမာယာမိဖုရားသည် ဥယျာဉ်တွင်း သို့ ဝင်ရောက်နားလေ၏။ မဟာမာယာမိဖုရား ဥယျာဉ်အတွင်းသို့ ဝင်ရောက် ၍ ရပ်နားလိုက်စဉ်ခဏ၌ မင်္ဂလာကျက်သရေနှင့် ပြည့်စုံသည့် အင်ကြင်း ပင်သည် မိဖုရားကိုင်တွယ်နိုင်အောင် အကိုင်းအခက်များကို ကိုင်းညွတ်ပေး လေသည်။ မဟာမာယာမိဖုရားသည် အင်ကြင်းကိုင်းကို လှမ်းကိုင်လိုက်လေ သည်။ ထိုခဏ၌ပင် နာကျင်ခြင်းအလျဉ်းမရှိဘဲ လွယ်ကူစွာနှင့်ပင် ဘုရား အလောင်းသည် ဖွားမြင်လာပြီးလျှင် သူငယ်အရွယ်အဖြစ်ဖြင့် ဤလောက တွင် ပေါ်ပေါက်လာလေ၏။ မြေအပြင်နှင့် ဝေဟင်တစ်ခုလုံးသည် ဝမ်းသာ မဆုံးဖြစ်နေလေသည်။ ပြီး နန်းညွန့်နန်းလျာ သားရတနာ ဖွားမြင်သည်ဆိုသည့်သတင်းကို ကြားသိရသည်ဖြစ်၍ သုဒ္ဓေါဒနမင်းကြီးသည် မဖြစ်စဖူး ထူးကဲလှစွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်လေ၏။
ထို့ကြောင့် ဘုရင်သုဒ္ဓေါဒနသည် မင်္ဂလာ အထိမ်းအမှတ်ပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ပြီးလျှင် ဆင်းရဲ ချမ်းသာမရွေး အလှူဒါန ပေးကမ်းစွန့်ကြဲလေသည်။ တစ်တိုင်းတစ်ပြည် လုံးသည် ရွှင်ပြုံးနှစ်သက်နေကြလေသည်။ ၎င်းလူပေါင်းများစွာတို့သည် သားတော်ကို လာရောက်ကြည့်ရှုကြလေ သည်။ ယင်းတို့၏ အထဲ၌ အသိတ (ကာဠဒေဝီလ) အမည်ရှိ ရသေ့လည်း တစ်ဦးအပါအဝင်ဖြစ်၏။ အသိတ ရသေ့သည်ကား အနာဂတ်ကို မျှော်မြင် ကြည့်ရှုနိုင်သူပုဂ္ဂိုလ်ဖြစ်လေ၏။ အသိတရသေ့သည် သားတော်၏ ကိုယ် ကာယပေါ်၌ ထင်နေသည့် ဘုရားဖြစ်မည့် လက္ခဏာကြီးငယ် အသွယ်သွယ် ကို တွေ့မြင်သိရှိရသည်ဖြစ်၍ “သူငယ်သည် အသက်အရွယ်ကြီးပြင်းလာ သောအခါတွင် သတ္တဝါများကို ကယ်တင်မည့် ဗုဒ္ဓဘုရားဖြစ်လတ္တံ့” ဟုခိုင်မာစွာ ပြောဆိုလေ၏။
နက္ခတ်ဗေဒင် ပညာရှိပေါင်းများစွာတို့သည် အလောင်းတော် သားငယ်၏ ဇာတာနှင့်စပ်လျဉ်း၍ ဟောစာတမ်းအမျိုးမျိုးကို ထုတ်ကြလေ သည်။ နက္ခတ်ဗေဒင်ပညာရှိပေါင်းများစွာက “သားတော်သည် လူ့ဘောင်၌ နေပြီး မင်းစည်းစိမ်ကိုဆက်ခံပါလျှင် လေးကျွန်းလုံးကို ပိုင်စိုးသည့် စကြဝတေးမင်းဖြစ်လိမ့်မည်။ သို့မဟုတ် လူ့ဘောင်ကို ခွာရှောင်၍ ရဟန်းပြု သွားလျှင်မူကား သတ္တဝါတို့၏ မှီခိုအားထားရာ ဘုရားရှင်ဖြစ်လိမ့်မည်”ဟု နှစ်ခွဟောကြလေ၏။ သုဒတ္တ (ကောဏ္ဍည) အမည်ရှိ ပုဏ္ဏားငယ်ကမူကား “သားတော်သည် သူအို၊ သူနာ၊ သူသေ၊ ရဟန်း တည်းဟူသော နိမိတ်ကြီး လေးပါးကို တွေ့မြင်ရပြီးသည့်နောက် တောထွက်သွားပြီးလျှင် လူနတ်တို့၏ ကိုးစားရာ ဘုရားရှင်ဧကန်ပင် ဖြစ်လိမ့်မည်” ဟု တစ်မျိုးတည်းဟောကိန်း ထုတ်လေသည်။
ထို့နောက်တွင် သားတော်ကို အမည်ပေးသည့် မင်္ဂလာပွဲကို ထီးနန်း စဉ်လာအရ ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်လေသည်။ ထိုအမည်ပေးပွဲ၌ သားတော်အား “သိဒ္ဓတ္ထ” ဟူသော အမည်နာမကို မှည့်ခေါ်လိုက်ကြလေ သည်။
အလောင်းတော်မင်းသား ဖွားမြင်ပြီး၍ ခုနစ်ရက်ကြာရှိသောအခါ မယ်တော် မဟာမာယာမိဖုရားကြီး ကွယ်လွန်သွားလေသည်။ အကြောင်းသော်ကား အဆုံးစွန်ဘဝ ဘုရားလောင်းကို ဖွားမြင်ပြီးသောမိခင်သည် လူ့ပြည်လူ့လောက၌ ခုနစ်ရက်ထက်လွန်၍ နေရရိုးထုံးစံမရှိပေ။ မယ်တော် မဟာမာယာသည် လူ့ပြည်မှ ကွယ်လွန်သွားပြီးလျှင် တုသိတာနတ်ပြည်၌ နတ်သားဖြစ်သွားလေ၏။ နောင်သောအခါ၌ သားတော် မြတ်စွာဘုရား သည် မယ်တော်နတ်သားရှိရာ ထိုတုသိတာပြည်သို့ တရားဓမ္မဟောပြောရန် အလို့ငှာ ကြွသွားတော်မူလေသည်။