Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ပါရဂူ - ပန်းပုဆရာ

Regular price 3,200 MMK
Regular price Sale price 3,200 MMK
Sale Sold out

                                                                               [ ၁ ]

              ခဲမိုးရွာချနေသည်။ လေးဖက်လေးတန်မှ ရွာချနေသည်။ ရှေ့နောက် ဝဲယာမှ ရွာချနေသည်။ လမ်းပေါ်၌ ဒေါသူပုန်ထနေသော လူစုလူဝေးကြီး သည် ငြာသံပေးပြီး စုဝေးရုံးစုလာကြသည်။ မောင်းအထုတ်ခံရသော အဂ္ဂိ ဝမ္မာသည် ကြောက်ရွံ့တုန်လှုပ်ခြင်းကြီးစွာဖြင့် တစ်ချိုးတည်းပြေးသည်။ ပြေးရင်းပြေးရင်း မောဟိုက်လာသဖြင့် အိမ်၏အကွယ်တွင် ခဏရပ်ပြီး ဟော ဟဲ ဟောဟဲနှင့် အသက်ရှူသည်။ သစ်ပင်ကွယ်ပြီး တောင်မြောက်လေးပါး ကိုလှမ်းကြည့်နေသည်။ ခဲမိုးက စဲမသွားသေး။ သူကလည်း အပြေးမရပ်သေး။

ပြေးရင်းပြေးရင်းနှင့် အဂ္ဂိဝမ္မာသည် ဂေါဒါဝရီမြစ်ကမ်းပါး ရောက် သွားသည်။ ဂေါဒါဝရီမြစ်ကမ်း၌ စုဝေးနေကြသည့် လူစုလူဝေးကို အတင်း တိုးဝှေ့ဖောက်ထွက်ပြီး ပင်ပန်းနွမ်းရိလှစွာဖြင့် သစ်ပင်တစ်ပင်၏ အောက် တွင် ထိုင်ချလိုက်သည်။ လူစုလူဝေးကြီးသည် နောက်ဘက်တွင် ကျန်ခဲ့လေ ပြီ။ သူတို့၏ အုတ်ခဲ၊ ကျောက်ခဲများသည်လည်း သူ့ထံ မရောက်နိုင်တော့ ပေ။ သူသည် မြို့၏နယ်နိမိတ်အပြင်ဘက်သို့ ပြေးထွက်ရောက်ရှိသွားပြီ။

အဂ္ဂိဝမ္မာ ဖုန်အလိမ်းလိမ်းကပ်နေသည်။ သူ၏အဝတ်အစားကို ငုံ့ ကြည့်သည်။ အဝတ်အစားများသည် အစိတ်စိတ်အမြွာမြွာ စုတ်ပြဲကုန်ကြပြီ။ ခြေထောက်မှလည်း သွေးစိမ်းရှင်ရှင် စီးကျနေသည်။ တခြား အင်္ဂါအစိတ်အပိုင်းများလည်း ပေါက်ပြဲပြီး အကြီးအကျယ် ဒဏ်ရာအနာတရ ဖြစ်ကုန် ကြသည်။ မျက်နှာပေါ်၌ ချွေးနှင့် ဖုန်မှုန့်များ တင်းကျမ်းဖြစ်နေသည်။ နဖူးပြင်ပေါ်မှ တွန့်ကြောင်းများသည် ရုတ်တရက် လျော့သွားကြသည်။ နှုတ်ခမ်းပေါ်၌ ရှောင်တခင် အပြုံးရိပ်ပေါ်လာသည်။ အဂ္ဂိဝမ္မာ သက်မချလိုက် လေသည်။

အဝေးရှိ နာသိကမြို့သည် နိုးထလာလေပြီ။ နေ့စဉ် လုပ်နေကျ လုပ်ငန်းဆောင်တာတွင် အာရုံစိုက်နေပြီ။ ရောင်စုံအဝတ်အစားကို ဝတ်စား ဆင်ယင်လျက်၊ ရေအိုးများကို သယ်လျက်၊ နေရောင်ခြည်ကို ကြိုဆိုလျက်၊ ရင်ကိုကော့လျက် မိန်းမများသည် ရေဆိပ်ဆင်းလာကြသည်။ ထို့နောက် ရေချိုးပြီး အဝတ်အစား ပြုပြင်ဝတ်ဆင်လျက် ရေချိုးဆိပ်လှေကားထစ်များမှ တစ်ထစ်ပြီးတစ်ထစ် ပြန်တက်သွားကြသည်။ အဂ္ဂိဝမ္မာသည် မျက်လုံး မှိတ် ထားလိုက်သည်။

ကျောက်ခဲကိုင်ပြီး အဂ္ဂိဝမ္မာ စဉ်းစားခန်းဝင်နေသည်။ ထိုကျောက်ခဲ သည် သူ၏ ခြေထောက်ကို အနာတရဖြစ်စေသည်။ သူ့ကို ခိုလှုံခွင့်ပေးခဲ့သော နာသိကမြို့သည် နေ့ချင်းညချင်း သူ့ရန်သူဖြစ်သွားပြီ။ ချစ်ခြင်းမေတ္တာ ဖြင့် လက်ကမ်းပြီး ဧည့်ခံကြိုဆိုသူသည် ယနေ့ သူ့ကို ခဲဖြင့်ပေါက်ပြီး နှင် ထုတ်နေသည်။

သက်ပြင်းကြီးစွာရှူလျက် အဂ္ဂိဝမ္မာ မျက်လုံးဖွင့်ကြည့်လိုက်သည်။ ရှေ့ဘက်တွင် ဂေါဒါဝရီမြစ်သည် တဖျပ်ဖျပ်အသံပြုလျက် ပေါ့ပါးသွက် လက်စွာ စီးနေသည်။ မြစ်သည် အချိန်ကာလကဲ့သို့ စီးနေသည်။ ဇာတိနယ် မြေကို စွန့်ခွာလျက် နိယာမသဘောတရား၏ ကွေ့ကောက်သောလမ်းပေါ်၌ မည်သည့်နေရာဌာနသို့ မည်သို့မည်ပုံ စီးဆင်းနေသည် မသိပေ။

ဘိုးဘွားဘီဘင်များသည် မည်သည့်အချိန်ကာလက ဂန္ဓဗ္ဗဒေသမှ ရောက်လာကြသနည်း။ လှိုင်းသံများ၏အကြားတွင် အဂ္ဂိဝမ္မာသည် မြင်းခွာ သံများကို ကြားလာသည်။ လှိုင်းလုံးများသည် ရှေ့သို့တိုးသွားသည်။ မြင်း များသည် ရှေ့သို့တိုးသွားသည်။ သောရဋ္ဌဒေသ ရောက်သောအခါ မြင်းများ ၏ ဇက်ကြိုးများသည် လျော့သွားကြသည်။ ဘိုးဘွားဘီဘင်တို့သည် ထို ဒေသ၌ အခြေစိုက်လိုက်ကြသည်။ သောရဋ္ဌက တစ်နေရာ၊ နာသိကမြို့ကတစ်နေရာ၊ ပန်းပွင့်တစ်ပွင့်သည် မြစ်ရေစီးကြောင်း၌ လျင်မြန်သွက်လက် သော အရှိန်အဟုန်ဖြင့် မာန်ပါပါ မျောပါသွားသည်။

ဘုရင်အသောကလက်ထက်က သောရဋ္ဌ၌ ယဝန (ဂရိ)တို့ စိုးမိုး အုပ်ချုပ်ခဲ့ဖူးသည်ဟုကြားရသည်။ သို့ရာတွင် ယခုအခါ၌မူ အသောကသည် သမိုင်းဖြစ်သွားလေပြီ။ သောရဋ္ဌသည် ကုံလုံကြွယ်ဝသော နိုင်ငံဖြစ်သည်။ ဆန်ရေစပါး ပေါများသော နိုင်ငံဖြစ်သည်။ ခမ်းနားကြီးကျယ်သော နိုင်ငံ ဖြစ်သည်။ သို့ရာတွင် ငါ့ကို ထမင်းမကျွေးနိုင်ပေ။ အသက်မွေးဝမ်းကျောင်း မှု မပေးနိုင်ပေ။ အနုပညာရှင်၏ နူးညံ့ပျော့ပျောင်းသော လက်ချောင်းများ သည် သောရဋ္ဌ၌ မာကျောသည့် မြင်းဇက်ကို ဆွဲကိုင်နေရသည်။ အာမခံ ချက်မရှိသော မရေရာသော လူတို့၏ဘဝသည် မြစ်နှင့်ပမာတူသည်။ တည် ငြိမ်မှု မရှိပေ။ ပြောင်းလဲနေသည်။

အဂ္ဂိဝမ္မာ စဉ်းစားနေသည်။

သူ၏ဖခင်သည် လက်မှုပညာရှင်ဖြစ်သည်။ ကျောက်တုံးတွင် အသက်သွင်းပေးသူဖြစ်သည်။ ကျောက်တုံးသည် သူ့ဖခင်၏လက်ထဲတွင် အသက်ရှူသည်။ သူ့ဖခင်သည် ဖန်တီးသူဖြစ်သည်။ တည်ဆောက်သူ ဖြစ်သည်။

အဂ္ဂိဝမ္မာ သက်မချလိုက်သည်။

ကျောက်တုံးကျောက်ခဲတွင် အသက်သွင်းပေးသူသည် မိမိကိုယ်တိုင် ကိုမူ အသက်ရှင်အောင် မဖန်တီးနိုင်ရှာပေ။ သူ၏သွေးသည် ချွေးဖြစ်ခဲ့လေ ပြီ။ အသက်ရှင်နေခြင်းသည် သေခြင်း၏ အဖုံးအအုပ် ဖြစ်ခဲ့လေပြီ။ ။

အငတ်ဘေးကြီးဆိုက်လာသည်။ မြစ်ရေသည် ကျိုက်ကျိုက်ဆူနေပြီ။ ပထဝီမြေကြီးသည် ညည်းညူနေပြီ။ နှုတ်ခမ်းဟပြီး မိုးကိုတနေရပြီ။ မိုးသည် သနားငဲ့ညှာပြီး မျက်ရည်တစ်ပေါက် နှစ်ပေါက်လောက်ပင် စီးမကျနိုင်ရှာပေ။ ပထဝီမြေကြီးသည် သတိလစ်သွားပြီ။ အသက်ဝိညာဉ်မဲ့သွားပြီ။ ကျောက် တုံးပေါ်၌ လှုပ်ရှားနေသော စူးဆောက် ရပ်တံ့သွားသည်။ လွတ်ကျသွား သည်။ ရုပ်တုကို အသက်သွင်းပေးသော၊ ရုပ်တုကို အသက်ရှင်အောင်လုပ်

သော အနုပညာရှင်သည် သူကိုယ်တိုင် အသက်ဝိညာဉ်မဲ့ ဖြစ်သွားရှာလေပြီ။ သူ့ဖခင်သည် ဤကမ္ဘာလောကမှ စွန့်ခွာထွက်သွားရရှာလေပြီ။

 

အဂ္ဂိဝမ္မာ၏ အာရုံသည် နာသိကမြို့သို့ ရောက်ရှိသွားသည်။ မိုးစွန် တဖျား မြင့်မားထိုးထွက်နေကြသည့် ဘုရားကျောင်းများ၊ နတ်ကွန်းနတ် ဗိမာန်များ၏ ပြာသာဒ် အထွတ်တို့သည် နံနက်ခင်းနေရောင်ခြည်တွင် ဝင်းလက်တောက်ပနေကြသည်။ ခေါင်းလောင်းသံများ မြည်နေကြသည်။ နတ်ဘုရားနှင့် နတ်ဘုရားမများကို ပူဇော်ဝတ်ပြုနေကြသည်။ အပြီးမသတ် နိုင်ခဲ့သော ထိုတစ်ပိုင်းတစ်စ နတ်ရုပ်တုသည် ဘယ်ဆီဘယ်ဝယ် ရောက်ရှိ နေသည် မသိပေ။ အကယ်၍ အပြည့်အစုံ ထုလုပ်ပြီးစီးပါက ထိုရုပ်တုသည် လည်း နတ်ကွန်းနတ်ဗိမာန်တစ်ခုခု၌ အပူဇော်အကန်တော့ခံ နတ်ဒေဝီ အဖြစ် ဖြင့် တည်ထားကိုးကွယ်ခြင်း ခံရမည်မှာ မလွဲပေ။

အဂ္ဂိဝမ္မာသည် ခြေထောက်ဒယိမ်းဒယိုင်နှင့် ရပ်နေသည်။ သူ၏လက် ထဲ၌ ယခုထက်တိုင် ယခင်ကျောက်ခဲ ရှိနေတုန်းပင်။ နာသိကမြို့သည် သူ့နောက် လိုက်နေသည်ဟု ထင်နေရသည်။ နာသိကမြို့ကို စွန့်ခွာပြီး လွတ်ရာကျွတ်ရာ တိမ်းရှောင်ထွက်ပြေးသွားဖို့ရာလည်း သူ့အဖို့ ဝန်လေး သလိုလို ဖြစ်နေသည်။ သူ၏ မျက်စိအာရုံသည် တသွင်သွင် စီးဆင်းနေ သည့် မြစ်ရေပြင် ရောက်သွားသည်။ ထိုနောက်တစ်ဖန် မှိုင်းညို့ညို့ တော တန်းဆီ ရောက်သွားပြန်သည်။

လူရည်တတ် လယ်ပိုင်ရှင်တစ်ဦးထံ၌ သူအလုပ်လုပ်နေစဉ်က သူ၏ အသက်မှာဆယ့်ငါးနှစ်မျှသာ ရှိသေးသည်။ မြင်းအကောင်ပေါင်းများစွာကို ထိန်းကျောင်းရသည်။ ဖခင်ထံ၌ လက်မှုပညာအလေ့ကျင့်ရအောင် လုပ်လို သည့် ဆန္ဒပြင်းပြခဲ့သည်။ သို့ရာတွင် အောင်မြင်ထမြောက်ခြင်းမရှိခဲ့။ အနု ပညာရှင်လည်း အူ,မတောင့်ဖို့က အရေးကြီးသေးသည်။ သူ့အတွက် စီးပွား ရှာရသေးသည်။

ဒုမ္ဘိက္ခန္တရကပ်သည် ဖခင်ကို ဝါးမျိုပစ်လိုက်သည်။ လယ်ပိုင်ရှင်ကို လည်း ကိစ္စတုံးပစ်လိုက်သည်။ သူ့မိခင်မှာမူ ဘယ်နေရာထွက်သွားသည် မသိတော့ပေ။ သူ့မိခင်နှင့်ပတ်သက်၍ တစ်ယောက်တစ်ပေါက်ပြောကြ သည်။ အချို့က ဟိန္ဒူမိန်းမပျက်ဟု ပြောကြသည်။ အချို့ကမူ သကလူမျိုး အပယ်ခံမိန်းမတစ်ဦးဟု ထင်ကြေးပေးကြသည်။ အဂ္ဂိဝမ္မာကမူ သူ့မိခင် ကွယ်လွန်ပြီလား၊ အသက်ရှင်နေသေးသလားဆိုသည်ကိုပင် မသိတော့ပေ။

ခပ်လှမ်းလှမ်း သွားမိသောအခါ အဂ္ဂိဝမ္မာသည် ခြေပစ်လက်ပစ်ဖြစ်ပြီး တစ်ဖန် ထိုင်ချလိုက်ပြန်သည်။ သူ၏မျက်စိသည် ဂေါဒါဝရီမြစ်၏ တလိမ့် လိမ့်ရွေ့လျားနေသည့် လှိုင်းလုံးများဆီ ရောက်သွားပြန်သည်။ လှိုင်းလုံးများ သည် နေရောင်ခြည်နှင့် မြူးထူးပျော်ပါးကစားနေကြသည်။ မြစ်နဒီသည် ရေပုပ်ရေညစ်များကိုလည်း အမွှေးအကြိုင်များထုံသင်းနေသည့် ရေကောင်း ရေသန့်ကိုလက်ခံသည့် ချစ်ခြင်းမေတ္တာမျိုးဖြင့်ပင် လက်ခံသည်။ အဂ္ဂိဝမ္မာ စစ်တမ်းထုတ်ကြည့်သည်။ သို့ရာတွင် လူ့လောက လူ့အဖွဲ့ အစည်းသည် မြစ်နဒီမဟုတ်ပေ။ လူ့လောက လူ့အဖွဲ့အစည်းသည် တောင်တန်းနယ်မြေ ဖြစ်သည်။ ယင်း၌ သစ်ပင်ဝါးပင်များသည် နေရာကိုယ်စီ၌ အနိမ့်အမြင့် မညီမညာပေါက်နေကြသည်။ လူ့လောကအဖွဲ့အစည်းသည် သူ့မိခင်ကို လည်း ခိုလှုံခွင့်မပေးနိုင်ခဲ့ပေ။ သူ့ကိုလည်း လဲလျောင်းခွင့်မပေးနိုင်ခဲ့ပေ။

အဂ္ဂိဝမ္မာသည် အိမ်မှ ခြေဦးတည့်ရာထွက်လာခဲ့သည်။ သူ့ဘဝသည် ခိုကိုးရာမဲ့နေသည်။ သူ့တွင် ဘာတာဝန်မှမရှိပေ။ အနုပညာကို အလေ့အကျင့် ပြုလုပ်လိုသည့်ဆန္ဒရှိနေသည်။ ဖခင်၏အမွေအနှစ်ကို ဆက်ခံလိုသည့်ဆန္ဒ ရှိနေသည်။ ဖခင်၏ လက်ငုတ်လက်ရင်းကို ထိန်းသိမ်းလိုသည့်ဆန္ဒ ရှိနေသည်။ နာသိကမြို့က သူ့ကိုဆွဲဆောင်ခေါ်ငင်နေသည်။ နာသိကမြို့၏ သတင်းသည် ထက်ဝန်းကျင်တွင် ပျံ့နှံ့ကျော်ကြားနေသည်။ တစ်ချိန်တုန်း က သာတဝါဟနမင်းဆက်ဘုရင်များ ထိုမြို့တွင် စိုးစံခဲ့ဖူးသည်။ ယင်းဘုရင် ဧကရာဇ်များ၏ တံဆိပ်ခပ်နှိပ်သွန်းလောင်းထားသည့် ငွေဒင်္ဂါးပြားများကို

သောရဋ္ဌတိုင်းပြည်ကပင် အသိအမှတ်ပြု ရသည်။ ထိုမြို့၌ အနုပညာရှင် ကြီးများ ရှိကြသည်။ လက်မှုပညာသည်ကြီးများ အခြေစိုက်ကြသည်။ အနု ပညာရှင်များလည်း ဂုဏ်ပြုခံရသည်။ အဂ္ဂိဝမ္မာသည် လျှပ်စစ်ကဲ့သို့ လျင်မြန်

သော အဟုန်ဖြင့် ယူဇနာများစွာ ကွာဝေးသည့်ခရီးကို ဖြတ်သန်းကျော်လွှားပြီး နာသိကမြို့သို့ ရောက်လာခဲ့သည်။

ယင်းနာသိကမြို့ကပင် ယနေ့ သူ့ကိုခဲများဖြင့်ပေါက်ပြီး မောင်းထုတ် နေသည်။ နာသိကမြို့သည် အနုပညာကိုလေးစားမြတ်နိုးမှုရှိသော်လည်း လူကို နားမလည်ပေ။ သို့သော် လူကို နားလည်သည့်နေရာ ဘယ်မှာရှိ သနည်း။ ကမ္ဘာလောကကြီးသည် အခါခပ်သိမ်းပင် လူပုဂ္ဂိုလ်ကို နှာခေါင်းရှုံ့ချင်သည်။ မျက်မှောင်ကြုတ်ချင်သည်။

ယင်းသို့စဉ်းစားဆင်ခြင်ပြီးလျှင် အဂ္ဂိဝမ္မာသည် ခနော်ခန့်နှင့် လှမ်း နေသော သူ့ခြေလှမ်းကိုရပ်လိုက်သည်။ ရှေ့ဆက်ခြေလှမ်း၍ မရတော့။ မကြာခဏ နာသိကမြို့ဆီလှမ်းကြည့်သည်။ နာသိကမြို့တွင် တစ်စုံတစ်ခု မေ့ကျန်လာသကဲ့သို့ ဖြစ်နေသည်။ နေလည်း တဖြည်းဖြည်းမြင့်လာပြီ။ နာသိကမြို့ဆီ၌ မြူမှုန်များ၊ အခိုးအငွေ့များ ပျံတက်လွင့်ပါးနေကြသည်။ နာသိကမြို့သည် အလုပ်ခွင်ဝင်နေသည်။ ။

ဂေါဒါဝရီမြစ်ကလည်း တစ်ပုံစံတည်းရှိမနေပေ။ ရာသီဥတုအလိုက် ပြောင်းလဲနေသည်။ ဂိမန္တဥတုတွင် နေပူမိသဖြင့် ကြုံလှီနေသည်။ ဝသန္တဥတု ၌မူ ပေါ့ပါးသွက်လက်သော ကိုယ်လုံးကိုယ်ထည်တောင့်တောင့်တင်းတင်း မိန်းမပျိုကဲ့သို့ ကြွားကြွားရွားရွားဖြစ်နေသည်။ ဟေမန္တဥတု၌ကား အကျင့် တရား ကျင့်ကြံအားထုတ်နေသလားဟု အောက်မေ့ရသည်။ အသက်ဝိညာဉ်

ပြောင်းလဲနေသည်ဖြစ်ပါမူ ကိုယ်ခန္ဓာအနေနှင့်ကော မပြောင်းလဲဘဲ ရှိနေနိုင် ပါမည်လား။ နာသိကမြို့၏အသက်ဝိညာဉ်သည် ဂေါဒါဝရီမြစ်ကဲ့သို့ပင် ပြောင်းလဲနေသည်။

ယခုအခါ နာသိကမြို့၌ သာတဝါဟနဘုရင်တို့၏ အုပ်ချုပ်ရေးမရှိ တော့ပေ။ နေရာအနှံ့အပြား၌ ငြိမ်းချမ်းမှု ကင်းမဲ့နေသည်။ မင်းမဲ့မှုစိုးမိုးနေ သည်။ မကျေနပ်မှု ပျံ့နှံ့နေသည်။ မကြာခဏ သကလူမျိုးများ ကျူးကျော် ထိပါးနေကြသည်။ ပြည်သူလူထုသည် ဝါးအစည်းပြေနေသကဲ့သို့ ဖြစ်နေ သည်။ အုပ်မနိုင်ထိန်းမရ ကမောက်ကမဖြစ်နေကြသည်။

ဤကာလအတောအတွင်း၌ နာသိကမြို့သည် အပြောင်းလဲကြီး ပြောင်းလဲသွားပြီ။ အပြောင်းလဲကြီး ပြောင်းလဲနေသည်။ သို့ရာတွင် အဂ္ဂိဝမ္မာ သည် ယခုအခါ၌ နာသိကမြို့တွင် နေရဖို့ လမ်းမရှိတော့ပေ။ နာသိကမြို့ သည် သူ၏မြို့ဖြစ်သော်လည်း သူသည် နာသိကမြို့၏လူ တစ်ဖန်ပြန်ဖြစ်ဖို့ လမ်းမရှိသလောက်ပင် ဖြစ်သွားလေပြီ။ လူစုလူဝေးကြီးသည် သူ့နောက် လိုက်နေသည်ဟု ထင်နေတုန်းပင်။ အဂ္ဂိဝမ္မာသည် ထပြီး ခရီးဆက်ပြန်သည်။

ကိုယ်လုံးကိုယ်ထည်က သေးသွယ်သည်။ အသားကဖြူသည်။ မျက် နှာပုံပန်းသဏ္ဌာန်က နှစ်လိုဖွယ်ရှိသည်။ ဆံကေသာမှာ ရှည်လျားပြီး တွန့်ခွေလိပ်ရစ်နေသည်။ အရပ်အမောင်းထွားကျိုင်းသည်။ အမူအရာ တည်ငြိမ် လေးနက်သည်။ ယင်းဂုဏ်ထူးဝိသေသတို့၏ ပိုင်ရှင် အဂ္ဂိဝမ္မာသည် စုတ်ပြဲ နေသော သူ၏အဝါရောင်အဝတ်ပေါ်က ဖုန်မှုန့်များကို ခါရင်း ခါရင်းနှင့် တစ်လှမ်းချင်းရှေ့ဆက်လျှောက်သွားနေသည်။

“ဟိုရှေ့ကဟာ နာသိကမြို့မှတ်တယ်” အဘိုးအိုတစ်ယောက်က နှိမ့် ချသည့်အမူအရာဖြင့် မေးလိုက်သည်။

“ဪ ... ဟုတ်... ဟုတ်ပါတယ်” အဂ္ဂိဝမ္မာက အားတက် သရောပင် ပြန်ဖြေလိုက်သည်။

“ကဲ ... နေ့ရက်များစွာ ခရီးထွက်လာခဲ့တာ အခု တို့ရဲ့ ခရီး အပြီး သတ်တော့မယ်”

| အဘိုးအိုသည် နောက်ဘက်မှလိုက်ပါလာသည့် မိန်းမကြီးကို လှမ်း ကြည့်လိုက်သည်။ နာသိက ရောက်ဖို့ မဝေးတော့ပေ။ သူတို့ မျက်နှာရွှင်လန်း သွားကြသည်။ နေ့ရက်ပေါင်းများစွာ ကြာပြီးသည့်နောက်၌ သူတို့၏ အကြံ အစည်ကြီး ပြည့်ဝအောင်မြင်သွားသကဲ့သို့ဖြစ်သွားသည်။ အိမ်ထောင်မိသားစု တစ်စုသည် နာသိကမြို့သို့ ဘုရားဖူးထွက်လာသည်နှင့်တူသည်။ သူတို့ ဝမ်းပန်းတသာဖြစ်နေကြသည်ကို တွေ့ရသည့်အခါ အဂ္ဂိဝမ္မာ ပြုံးလိုက်သည်။

“အဘတို့က ဘယ်ကလာကြတာလဲ”

ယခုတစ်ကြိမ်၌မူ အဂ္ဂိဝမ္မာက မေးလိုက်သည်။

 “ပတိဋ္ဌာနက လာကြတာပါ”

အဘိုးအိုသည် အဂ္ဂိဝမ္မာ၏အမေးကို ပြန်ဖြေရင်း နာသိကမြို့ဘက် ခြေလှမ်းခပ်ကျဲကျဲလှမ်းပြီး ခရီးဆက်သည်။

“ပတိဋ္ဌာနက ဘယ်နှရက်လောက် လာရသလဲ” “ရက်ပေါင်းများစွာလာရတယ်” ။ “ဘာဖြစ်လို့ ဒီလာကြတာလဲ။ ဟိုမှာ အငတ်ဘေးကြုံနေလို့လား”

“အငတ်ဘေးကြုံနေတာက မောင်တို့ဒေသမှာပါ။ ပတိဌာနမှာ ကပ် ဆိုက်တယ်ဆိုတာ မရှိပါဘူး။ ဟိုမှာ ဘယ်အခါမဆို ဆန်ရေစပါး ပေါများ နေတာပဲ”

အဂ္ဂိဝမ္မာသည် အတန်ငယ် ရှိုးတိုးရှန့်တန့်ဖြစ်သွားသည်။ တစ်စုံ