ပါရဂူ - ဂိုအင်ကာ၏အတ္တကထာ
ဓမ္မတိုင်းပြည်မှာ ၁၂၅ နှစ်ကြာ
အတိတ်ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည်။ နှလုံးသားပိတ်ကားပေါ်တွင် စိတ်ပါ ဝင်စားဖွယ် စိတ်ကူး ရှုခင်းရှုကွက်တစ်ခု ကြွတက်လာသည်။
၁၂၅ နှစ် အလွန်က ဖြစ်ပျက်ခဲ့သော သမိုင်းဖြစ်ရပ်တစ်ခု။
၁၈ နှစ်အရွယ် တက်ကြွလှုပ်ရှားလျက်ရှိသော လုလင်တစ်ယောက်သည် ဗီကာနေရ်ပြည်နယ် ကျူရုမြို့မှ သူ မရောက်ဘူးသေးသော ခရီးအလှမ်းဝေးလှသည့် နေရာသို့သွားရန် ခရီးထွက်လာခဲ့သည်။ အမှန်တကယ်ပင် ခက်ခက်ခဲခဲ သွားရမည့် ခရီးဖြစ်သည်။ သို့ရာတွင် လုလင်၏ ထက်သန်အားကောင်းသော လုံ့လဝီရိယသည် လုလင်အား တစ်လှမ်းပြီး တစ်လှမ်း ရှေ့သို့ တွန်းပို့နေသည်။
ထိုအချိန်က ကျူရုအထိ မီးရထား မပေါက်သေးပေ။ သဲကန္တာရရှိ သဲမြေ ထူထပ်သော လမ်းများပေါ်တွင် တချို့နေရာ၌ ခြေကျင်သွားပြီး တချို့နေရာတွင် ကုလားအုတ်စီးပြီး ဗီကာနေရ်ပြည်နယ်မှ ခရီးအလှမ်းဝေးသော ဗြိတိသျှပိုင် ပြည်နယ်၏ မီးရထားဘူတာရုံတစ်ခုအထိ ရောက်အောင် သွားရသည်။
ခရီးအလှမ်းဝေးလှသော ယင်းမီးရထားဘူတာမှ မီးရထား စီးပြီးလျှင် ကာလ ကတ္တားသို့ လာခဲ့သည်။ ယင်းခရီးသည် လုလင်၏ ပထမဦးဆုံးခရီးဖြစ်သည်။ သူ့ ဘဝတွင် ပထမဆုံးအကြိမ် အိမ်က ထွက်ခွာလာခဲ့ပြီး အသက်မွေးဝမ်းကျောင်းမှုအတွက် တစ်ရပ်တစ်ကျေးသို့ သွားခြင်း ဖြစ်သည်။ ကာလကတ္တားမြို့ ရောက်လာသည်။ ကာလ ကတ္တား၌ ကျူရုနှင့် ကျူရုအနီးရှိ ရှေခါဝါတီမှ လူအတော်များများ အလုပ်လုပ်နေကြသည်ကို တွေ့ရသည်။ အကယ်၍ ဆန္ဒရှိလျှင် ကာလကတ္တား၌လည်း နေ၍ရသည်။ သို့ရာတွင် စွမ်းအားတစ်ခုက လုလင်ကို ရှေ့ခရီးဆက်သွားဖို့ အားပေးလှုံ့ဆော်နေ သည်ဟု ထင်နေရသည်။ ရှေ့ဆက်ပြီး ပင်လယ်ခရီးရှည် ခရီးခဲ ထွက်လာခဲ့သည်။ လုလင်သည် ယခင်က မီးရထားနှင့်လည်း ခရီးမသွားခဲ့ဘူးပေ။ ပင်လယ်ခရီးကိုလည်း မသွားခဲ့ဘူးပေ။ သို့သော်လည်း လုံ့လဝီရိယ နှစ်ဆတိုးမြှင့်လျက် ခိုင်မာသော ဆုံးဖြတ် ချက်ဖြင့် ပင်လယ်ကူးသင်္ဘောငယ် တစ်စင်းနှင့် ထိုအချိန်က အလွန်တရာ ခက်ခဲပြီး ရှည်လျားလှသောခရီးကို စွန့်ခွာ ထွက်လာပြီးနောက် ရန်ကုန်မြို့ ရောက်ရှိလာသည်။
မြန်မာနိုင်ငံရောက်ရှိလာသောအခါ ဗာဗာမည်ကဲ့သို့သော လုပ်ငန်းကို စတင် လုပ်ကိုင်သည်ကို ကျွန်ုပ် မသိပေ။ သို့ရာတွင် ငယ်ငယ်တုန်းက ဗာဗာ ထုတ်ဖော်ပြောပြ သည်ကို ထောက်ထားလျက် အထည်အလိပ် အရောင်းအဝယ် စတင်လုပ်ကိုင်သည် ဆိုသည့်အကြောင်း မှန်းဆသိရသည်။ ရန်ကုန်မြို့မှ အဝတ်အထည်များကို ဝယ်ယူ ပြီးလျှင် ထိုအချိန်က မြန်မာနိုင်ငံ နေပြည်တော် မန္တလေးမြို့သွားပြီး ရောင်းချခြင်း ဖြစ်ပေလိမ့်မည်။ ထို့နောက် ရန်ကုန်နှင့် မန္တလေး အသွားအလာလုပ်ပြီး ရောင်းဝယ် ဖောက်ကားသည့် ယင်းအလုပ်ကို မလုပ်တော့ဘဲ အရောင်းအဝယ် ပြုလုပ်ဖို့အတွက် တခြားနေရာကို ရွေးချယ်လိုက်ပုံရသည်။ ထိုအချိန်က ဗာဗာသည် အထည်အထုပ်ကို မြင်းပေါ်တင်လျက် မန္တလေးမြို့မှ ရှမ်းပြည်နယ်သို့ သွားရောက်ရောင်းချသည်။ ထို အချိန်က ရှမ်းပြည်နယ်ရှိ ဈေးနေရာကလေးများ၌ တစ်ပတ်တစ်ကြိမ် ဈေးနေ့ သတ် မှတ်ပြီး ဈေးရောင်းဈေးဝယ်လုပ်သည့် အလေ့အထ ရှိသည်။ ဈေးနေရာ တစ်ခုစီတစ်ခု စီ၌ ရက်ခြားခြားပြီး ဈေးအရောင်းအဝယ်လုပ်ကြသည်။ ထို့ကြောင့် ဗာဗာသည် မြင်းများပေါ်တွင် ကုန်ပစ္စည်းများ တင်ပြီး သူကိုယ်တိုင်ကမူ မြင်းစီးသည့်အခါ စီး၊ မြင်းများနှင့်အတူ မညီမညာ မပြေမပြစ် ကျောက်စရစ်ခဲများ တင်းကြမ်းဖြစ်နေသော လမ်းများပေါ်တွင် ခြေကျင်လျှောက်သည့်အခါ လျှောက်လျက် ဈေး တစ်ဈေးမှ အခြား ဈေးတစ်ဈေးသို့ ရွှေ့ပြောင်းပြီးလျှင် ကုန်ပစ္စည်းများကို ရောင်းချနေပေလိမ့်မည်။ ယင်းကဲ့သို့ အရောင်းအဝယ်လုပ်ရာ၌ ဗာဗာ မည်ရွေ့မည်မျှ ဆင်းရဲဒုက္ခခံခဲ့ရမည်ဆို သည်ကို တွေးကြည့်၍ပင် ရလိမ့်မည်မဟုတ်ပေ။ အထူးအားဖြင့် စားရေးသောက်ရေး ကိစ္စများ၌ မည်မျှ အခက်အခဲတွေ့ ရှာမည်နည်း။
မိရိုးဖလာ သက်သတ်လွတ်စားသူဖြစ်ခြင်းကြောင့် တစ်လ ကိုးသီတင်းခံသည့် ရိက္ခာကို ယူဆောင်ပြီး ခရီးသွားရခြင်း ဖြစ်ပေလိမ့်မည်။ သိုးနေသော ရိုတီများနှင့် ဟင်းသီးဟင်းရွက်အခြောက်ကြော်များ၊ သနပ်များကိုသာ နေ့စဉ် အဆာပြေစားပြီး နေရရှာပေလိမ့်မည်။ ရေသောက်ဖို့အတွက်လည်း အခက်အခဲမရှိဘဲ နေမည်မဟုတ်ပေ။
သောက်ရေအတွက် ရာဂျစထာနီ ပေါင်းထုပ်ရှည်ကြီးကို ဖြေပြီးလျှင် ရေပုံးကြိုးသဏ္ဌာန် ပြုလုပ်လျက် မိမိနှင့်ပါလာသည့် “လိုတာ” ကြေးခွက်ကို ချည်၍ ရေတွင်းထဲက ရေကို ခပ်ယူပြီး သောက်ရပေလိမ့်မည်။
နှစ်ပေါင်းများစွာ ယင်းကဲ့သို့ အပင်ပန်းအဆင်းရဲခံပြီး အရောင်းအဝယ် အလုပ်လုပ်ပြီးနောက် သားသုံးယောက် အလုပ်လုပ်နိုင်ကိုင်နိုင်သည့်အရွယ် ရောက်လာသောအခါ မန္တလေးမြို့တွင် ဆိုင်ခပ်သေးသေးဖွင့်ပြီးလျှင် ပုံမှန်အရောင်းအဝယ်အလုပ် လုပ်ကိုင်ခဲ့သည်။ တဖြည်းဖြည်း ဆိုင်ကို ချဲ့ထွင်နိုင်သည့်အခြေအနေ ရောက်ရှိ လာသည်။ ဆိုင်ငယ်ကလေးက ဆိုင်ကြီးဖြစ်လာသည်။ ဆိုင်ကြီးက ထို့ထက်ကြီးသော ဆိုင်ကြီးဖြစ်လာသည်။ နောက်ပိုင်း အရောင်းအဝယ်အလုပ်ကို သားသုံးယောက်အား လွှဲအပ်နိုင်သည့်အခြေအနေ ရောက်ရှိလာသောအခါ ဗာဗာသည် အလုပ်ခွင်က အနား ရသွားသည်။
ဗာဗာ၏ ယင်းခက်ခဲသော ခရီးသည် အတွေ့အကြုံကို ကြားရသောကြောင့် ကျွန်ုပ် သူငယ်ဘဝ စိတ်နှလုံးထဲတွင်လည်း ခရီးသည်ဘဝ စိတ်ပါဝင်စားမှု နိုးထ လာသည်။ အခါအခွင့် ပေါ်လာသည်နှင့် ခြေသလုံးအိမ်တိုင် ခရီးသည်ဘဝမျိုးဖြင့် နေသွားလိုသည့်စိတ် ပေါ်လာသည်။ ထို့ကြောင့်ပင် ဖြစ်ပေလိမ့်မည်။ ၁၂ နှစ်သား အရွယ်တွင် ကျွန်ုပ်သည် ပထမဦးစွာ တစ်ကိုယ်တော် ခရီးရှည် ထွက်ခဲ့သည်။ မန္တလေးမှ ထွက်လာပြီး သာစည်ကိုဖြတ်လျက် ရှမ်းပြည်နယ် ကလောမြို့ကို သွားသည်။ ကျွန်ုပ်၏ အစ်မသည် ကလောမြို့ရှိ သူ့ခဲအို၏အိမ်တွင် နေ့ ရက် အတန်ကြာ သွားနေသည်။ ကျွန်ုပ်အစ်မကိုခေါ်ပြီး မန္တလေးမြို့သို့ ပြန်လာမည်။ ယင်းခရီးကို စွန့်စားပြီး ထွက်လာ ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် အတွေ့အကြုံမရှိသေးသောကြောင့် ကျွန်ုပ်အစ်မ၏ခဲအို အိမ် လိပ်စာကို ယူမလာခဲ့ပေ။ ကလောမြို့တွင် သူတို့အိမ်ကို ဘယ်မှာ သွားရှာမည်နည်း။ အိပ်ရာလိပ်ကလေးကို ထမ်းပြီး ဈေးတစ်ဝိုက်၌ ပတ်ချာလည် ရှာနေသည်။ ကျွန်ုပ် အစ်မ၏ ခဲအိုနာမည်လောက်တော့ သိသည်။ သို့ရာတွင် ထိုနေရာတစ်ဝိုက်၌ ကျွန်ုပ် မည်သည့်အိန္ဒိယလူမျိုးကိုမှ မတွေ့ရပေ။ မည်သူ့ကို မေးရမည်နည်း။ ကံကောင်း
ထောက်မသည့်အားလျော်စွာ ဈေးထဲတွင် ကျွန်ုပ်အစ်မ၏ခဲအို ဟင်းသီးဟင်းရွက် ဝယ် နေသည်ကို တွေ့ရသည်ဖြစ်၍ ခပ်လှမ်းလှမ်းမှပင် သူ့ကို မှတ်မိသွားသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ မုတ်ဆိတ်မွေးကြီးများက သူ့ကို တခြားလူများနှင့်မတူဘဲ ထူးထူးခြားခြားမှတ်မိအောင် အကူအညီပေးနေသည့်အတွက်ကြောင့်ဖြစ်သည်။
ယင်းခရီးသည် ကျွန်ုပ်၏ ပထမဆုံးအကြိမ် ထွက်လာသော တစ်ကိုယ်တော်ခရီးဖြစ်သည်။ ထို့နောက်တွင်ကား ခရီးမည်မျှသွားခဲ့သည် ဆိုသည်ကို မသိတော့ပေ။ အခက်ခဲဆုံးသွားရသောခရီးမှာ ၁၈ နှစ် အရွယ်က မန္တလေးမှ မုံရွာ၊ ကလေးဝ၊ တမူးကိုဖြတ်လျက် မြန်မာနှင့် အိန္ဒိယနိုင်ငံ နယ်စပ် ဖြတ်ကျော်သွား၍မလွယ်သည့် တောင်တန်းခရီးများကို ခြေကျင်ခရီးသွားခဲ့သော ထိတ်လန့်စိုးရွံ့ဖွယ် ခရီးဖြစ်သည်။
ကျွန်ုပ်နှင့် အစ်ကို ဗာဗူလာလ်သည် ကျွန်ုပ်တို့မိသားစုကြီး၏ ခေါင်းဆောင် အဖြစ်ဖြင့် ယင်းခရီးကို ဦးဆောင်သွားကြသည်။ ဖခင်ကြီး စသော သက်ကြီးရွယ်အို များကမူ မန္တလေးမြို့တွင် ကျန်ရစ်ခဲ့ကြသည်။ နေ့ရက် အတန်ကြာပြီးနောက်မှ သူတို့ အိန္ဒိယ လိုက်လာကြသည်။ မြန်မာနိုင်ငံ၌ ရှိသမျှပစ္စည်း ထားခဲ့ပြီး အိန္ဒိယ ရောက်လာ
သောအခါ လုပ်ငန်းကိုင်ငန်း ရှာဖွေရင်းနှင့် မြောက်ပိုင်းနှင့် တောင်ပိုင်းသို့လည်းကောင်း၊ အရှေ့မှ အနောက်ပိုင်း အိန္ဒိယနိုင်ငံ၏ ဒေသအသီးသီးကိုလည်းကောင်း ခရီးလှည့် လည်သွားလာခဲ့ပြီး နောက်ဆုံးတွင် မိမိတို့၏သိဟောင်းကျွမ်းဟောင်းဖြစ်သည့် ရုံက ရန်ကို ရှာရင်း တောင်ပိုင်း မာလာဗာရသို့ ရောက်ရှိလာပြီးနောက် မာလာဗာရ၌ ရုံက ရန်၏အကူအညီဖြင့် အရောင်းအဝယ် စတင်လုပ်ကိုင်ရာ အောင်မြင်မှု ရရှိခဲ့သည်။
ဒုတိယကမ္ဘာစစ်ပွဲ ပြီးသွားပြီးနောက် အိန္ဒိယမှ မြန်မာနိုင်ငံ ပြန်လာသော အခါ၌လည်း ရောင်းဝယ်ဖောက်ကားသည့်အလုပ် အောင်မြင်မှု ရရှိသည်။
ထို့ကြောင့် ကုန်သည်တစ်ယောက်အနေဖြင့် မြန်မာနိုင်ငံ၌သာမကဘဲ ကမ္ဘာ ပေါ်ရှိ နိုင်ငံအသီးသီးသို့ မကြာခဏ ခရီးသွားခဲ့ရသည်။ ထို့နောက် လုပ်ငန်းကိုင်ငန်းက အနားယူပြီး တရားဓမ္မဘက် ရောက်ရှိလာသောအခါ အိန္ဒိယနိုင်ငံမျှသာမကဘဲ ကမ္ဘာ့ နိုင်ငံ အသီးသီးသို့ ဓမ္မခရီး လှည့်လည်နေရပြီး ယင်းဓမ္မခရီးသည် သက်ဆုံးတိုင် လှည့်လည်သွားလာနေရမည့် ခရီးဖြစ်လိမ့်မည်ဟု ယုံကြည်စိတ်ချသွားသည်။
ယင်းခရီးသည်ဘဝကို ဗာဗာထံမှ အမွေအနှစ်အဖြစ် ရရှိခဲ့ခြင်းဖြစ်သည်။
ရှစ်နှစ်ခန့်အထိ ကျွန်ုပ်သည် ဗာဗာနှင့် အနီးကပ် နေခဲ့ရသည်။ အားလပ်သည့် နေ့ရက်တိုင်း ဗာဗာသည် မဟာမြတ်မုနိဘုရားသို့ သွားသည်။ ကျွန်ုပ်တို့နှစ်ယောက် (အစ်ကို ဗာဗုလာလ်နှင့် ကျွန်ုပ်) ကို ခေါ်သွားသည်။ အစပထမ၌မူ ဓာတ်ရထားစီးပြီး သွားကြသည်။ မန္တလေး ဈေးချိုမှ ရှမ်းစုအထိ ဓာတ်ရထားနှင့် ခရီးသွားရသည်မှာ အလွန်တရာ စိတ်ပါဝင်စားဖွယ်၊ နှစ်ခြိုက်ဖွယ် ကောင်းသည်။ မဟာမြတ်မုနိ ဘုရား တန်ဆောင်းထဲတွင်လည်း ကျယ်ဝန်းသော ခန်းမကြီး ရှိနေသည်။ ယင်းခန်းမကြီး ထဲတွင် ပြေးလိုက်လွှားလိုက် ခုန်လိုက်ပေါက်လိုက်နှင့် ကစားရသည်မှာလည်း အလွန်ပျော်စရာကောင်းသည်။ သို့ရာတွင် ယင်းကျောင်းတော်သည် မဟာမြတ်မုနိဘုရား ကိုးကွယ်တည်ထားသော ကျောင်းတော်ဖြစ်သည် ဟူ၍ ဗာဗာက ကျွန်ုပ်တို့ကိုပြောပြသည်။ ဘုရားတန်ဆောင်းအတွင်း၌ အော်ဟစ်ဆူညံခြင်း မပြုလုပ်ရပေ။
ထို့နောက် တတိယ စိတ်ပါဝင်စားစရာတစ်ခု ပေါ်လာသည်။ စကားမပြော တုဏိဘော နေပြီး ဘုရား ဂန္ဓကုဋိတိုက်တော်ကို သုံးကြိမ် သုံးခါ ပတ်ပြီး ဗာဗာ၏ အနီးတွင် လာထိုင်ကြသည်။ ဗာဗာသည် အဓိက ရုပ်ပွားတော်ဖြစ်သော မဟာမြတ်မုနိ ရုပ်ပွားတော်ရှေ့၌ တင်ပျဉ်ခွေ ထိုင်ပြီးလျှင် မျက်လုံးမှိတ်လျက် စကားမပြောဘဲ ထိုင်နေသည်။ ယင်းကဲ့သို့ မည်သည့်အချိန်အထိ ဗာဗာ ထိုင်နေသနည်းဆိုသည်ကိုမူ မမှတ်မိတော့ပေ။ သို့ရာတွင် နာရီဝက်လောက်အထိ ထိုင်လိမ့်မည်ဟု ခန့်မှန်းရသည်။
ဗာဗာ မည်ကဲ့သို့ တရားအာရုံပြုနေသည်ကိုလည်း မသိပေ။ ပထမဦးစွာ ဗာဗာအနီးတွင် ၅ မိနစ်၊ ၆ မိနစ်လောက် ထိုင်နေသောအခါ ငြီးငွေ့လာသည်ဖြစ်၍ တိတ်တဆိတ်ထပြီး အပြင်ဘက် ထွက်သွားသည်။ သို့ သော်လည်း တဖြည်းဖြည်း မျက်လုံးမှိတ်ပြီး ဗာဗာနှင့်အတူ ထိုင်နေရသည်ကို နှစ်ခြိုက်လာသည်။ လေးဖက် လေးရပ် ပတ်ဝန်းကျင်တွင် ငြိမ်သက်အေးချမ်းမှု ကြီးစိုးနေသည်။
ယင်းအခြေအနေကို နှစ်ခြိုက်သဘောကျလာသည်။ တစ်ချိန်လုံး ဗာဗာနှင့် အတူထိုင်နေသည်။ အနီးအနား ဝန်းကျင်တစ်ဝိုက်၌လည်း လူအတော်များများ ယင်းကဲ့သို့ပင် မျက်လုံးမှိတ်ပြီး ထိုင်နေကြသည်။ ယင်းတို့အထဲက တချို့မှာ ပုတီးစိပ်နေ ကြသည်။ ဗာဗာကမူ ပုတီးစိပ်ပေ။ တချို့ကမူ အသံမထွက်အောင် တိုးတိုးကလေး ဓမ္မဂါထာ ရွတ်ဆိုနေကြသည်။
ဗာဗာကမူ ဓမ္မဂါထာတစ်ခုခုကိုလည်း ရွတ်ဆိုမနေပေ။ တိတ်ဆိတ် ငြိမ်သက် စွာသာ ထိုင်နေသည်။ ယင်းကဲ့သို့ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် ထိုင် နေခြင်းကို ကျွန်ုပ်တို့လည်း နှစ်ခြိုက်ကြသည်။ မန္တလေးမြို့၌ ကျွန်ုပ်တို့၏အိမ်မှ ၁၀ မိနစ်လောက် လျှောက်သွားရသည့် အဝေးတွင် ဆရာ့နာရာယဏဘုရားကျောင်း ရှိသည်။ ဘုရားကျောင်း ခန်းမထဲတွင် ကရိရှဏနှင့် ရာဓာတို့၏ ရုပ်တုရှိသည်။ မလှမ်း မကမ်း အခန်းတစ်ခန်းထဲတွင် ရှိဝ ရုပ်တု ရှိသည်။ ယင်းဘုရားကျောင်းသို့ ဗာဗာသွား သည်ကိုလည်း တစ်ခါမှမတွေ့ရပေ။ သို့သော် ကျွန်ုပ်တို့သည် ဖခင်ကြီးနှင့်အတူ ထို ဘုရားကျောင်းသို့ အကြိမ်များစွာ သွားကြသည်။
ထူးထူးခြားခြား စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ဝါခေါင်လတွင် သိဝဘုရား ကိုးကွယ်သူများ စုဝေးကြခြင်းဖြစ်သည်။ ဝါခေါင်လတွင် ကရိရှဏဘုရားကျောင်းတွင် ပုခက်များ၊ ဒန်းများ ဆင်ထားခြင်းသည် အလွန်စိတ်ပါဝင်စားဖွယ် ကောင်းသည်။ ယင်းပွဲသဘင်များ၌လည်း ဗာဗာ သွားရောက်နေသည်ကို တစ်ကြိမ်မှ မတွေ့ရပေ။
မဟာမြတ်မုနိတန်ဆောင်း၏ သန့်ပြန့်မှုနှင့် နှိုင်းယှဉ်ကြည့်လျက် သိရသော