ပန်ဒိုရာ - သုံးဆယ့်တစ်ဘုံအစုအ၀ေးနှင့်ဘလက်ကော်ဖီ
ပန်ဒိုရာရဲ့ ဒီကဗျာရှည်ဟာ ဖွဲ့စည်းမှုနည်းစနစ်ကို သေသေချာချာ အားစိုက်ထုတ်ထားတာလို့ ပြောချင်ပါတယ်။ ခွဲခြမ်းစိတ်ဖြာ လေ့လာမှုအားကောင်းတဲ့ ကဗျာဗေဒသမား တစ်ယောက်ကသာ သူ့ကဗျာရှည်ကို သေသေချာချာ ချဉ်းကပ် စာတစ်ပုဒ်လောက် ရေးမယ်ဆိုရင် ကဗျာလောကအတွက် တော်တော်အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။
ခင်အောင်အေး
၂၀၊ မတ်၊ ၂၀၁၇ ဖရာ့ပရာဒင်န်၊
ဘန်ကောက် ၁၆:၀၉ နာရီ။
သုံးဆယ့်တစ်ပုံအစုအဝေး
အတ္တအဆာကို ခြေရာမခံနိုင်တဲ့ ရက်စွဲများ
လွင့်ကြွေသွားတဲ့ စိတ်တစ်စကို ပြန်မကောက်တော့ဘူး
ခန္ဓာဟာခန္ဓာမက သဏ္ဌာန်ဟာသဏ္ဌာန်မပြ
မှန်ရှေ့ရပ်ရုံနဲ့ ကိုယ့်ရုပ်ပုံကိုယ် မဖော်နိုင်တော့
ပျော်ရွှင်ခြင်းကို အနက်သစ်ဖွင့်လိုက်ပြီးနောက်။
အတ္တအဆာကို ခြေရာမခံနိုင်တဲ့ ရက်စွဲများ
မိမိအသွေးအသားဟာ တစ်စုံတစ်ဦးအတွက်သက်စောင့်ဓာတ်ဖြစ်လာတဲ့အခါ
ကတ္တားနေရာမှာ “ငါ” ပျောက်ပြီးရောက်လာတယ်
တူသလိုလိုနဲ့ အတောမသတ်ကွဲပြားတဲ့ စီးနင်းမောင်းနှင်မှု
ပဋိပက္ခတို့ အခြေချရာ စေးပျစ်ပျစ်နိုင်တဲ့ ပစ္စုပ္ပန်ပါပဲ
ငါအိပ်မက်တံခါးမှာ ဒေါက်ဒေါက်သံကြားတိုင်းဒရောသောပါးနားပိတ် မျက်စိမှိတ်ထားခဲ့၊
လွင့်ကြွေသွားတဲ့ စိတ်တစ်စကို ပြန်မကောက်တော့ဘူး
လေတစ်ချက်ဆွတ်ရုံနဲ့ စိတ်အပဲ့လေးကွေးညွတ်လိုက်ပုံ
ခဲရာခဲဆစ် ဝင်သက်ထွက်သက်တွေကြားပြုံးရယ်ဖြစ်ခဲ့ပုံ
ဝေးဝေးကိုမမျှော်တော့ဘူးကိုယ့်စိတ်ကူးထဲကိုယ်သာယာသွားပုံ
စံပယ်ကုံးနုနုလေးလေတိုးတိုင်းမွှေးနေတယ်
ရေစင်ချိုအေးဟာ အနွေးထွေးဆုံးဆိုရင်။
ခန္ဓာဟာခန္ဓာမက သဏ္ဌာန်ဟာသဏ္ဌာန်မပြ
တရားခမျာ ကိုယ်ထဲပူးကပ် အကြိမ်ကြိမ်ခြောက်လှန့်တယ်
မာခဲအနှစ်ဟာ ဆင်ခြင်ခြင်းဥခွံပျော့ကို ဖောက်မထွက်ခဲ့ဘူး
သံသရာသားရေကွင်းကို တဝကြီးဆွဲဆန့်ပစ်လိုက်တာ
ဟဲလို အသင်လောက လောဘကလေးဟာ ချစ်စရာကောင်းလှ
ဘယ်သူဟာ ဘယ်ဝါဖြစ်ပြီးဘယ်ညာ ဘယ်နီ ဘယ်စိမ်းအထိ ဆက်ကူးသွားတော့။