နှင်းပန်းအိမ် - အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည်
အကျဉ်းထောင်
၁၉၉၅-၉၆ ဝန်းကျင်လောက်က ကျမတို့ နိုင်ငံရေးလောက အသိုင်းအဝန်းကြားထဲမှာ နိုင်ငံရေးသမားတွေကို စစ်အစိုးရက နှိပ်ကွပ်ဖို့ ဝေးလံ ခေါင်သီတဲ့ အကျဉ်းစခန်းတွေ ဆောက်နေပြီဆိုတဲ့အကြောင်း ကျမ ကြားခဲ့ရပါတယ်။ တကယ်လား၊ ကောလဟလလားဆိုတာ ကျမတို့ မသိခဲ့ပါဘူး။ သတင်း လွတ်လပ်ခွင့်မရှိတဲ့ ကျမတို့နိုင်ငံမှာ ကောလဟလကနေ တကယ်ဖြစ်ခဲ့တာတွေ ရှိခဲ့သလို လေထဲကလာပြီး လေထဲမှာပဲ ပျောက်ခဲ့တာတွေလည်း ရှိပါတယ်။ နိုင်ငံရေးသမားတွေကို ခြောက်လှန့်ချင်တဲ့ သဘောနဲ့ ဝါဒဖြန့်ချိတာလားလို့ တွေးထင်ခဲ့ပေမဲ့ ၁၉၉၈ ခုရောက်မှ ဒီအဖြစ်အပျက်ဟာ တကယ်ပါလားလို့ အထင်အရှား အံ့သြထိတ်လန့် တွေ့ကြုံရင်ဆိုင်ခဲ့ရပါတယ်။ ၁၉၉၈ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့မှာ နိုင်ငံရေးမှုနဲ့ အဖမ်းခံရတဲ့ ခင်ပွန်းသည်ကို ပြစ်ဒဏ် ၁၄ နှစ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ် မော်လိုက်လေးရွာ အကျဉ်းထောင်ကို အင်းစိန်ထောင်ကနေ ရွှေ့ပြောင်းခံခဲ့ရပါတယ်။ ကလေးအကျဉ်းထောင်၊ ခန္တီးအကျဉ်းထောင်၊ ဘူးသီးတောင်အကျဉ်းထောင် အစရှိတဲ့ ထောင်သုံးထောင်ကို တစ်ပြိုင်နက်ဆောက်တဲ့ နေရာမှာ စစ်ကိုင်းတိုင်း ကလေးအကျဉ်းထောင်က အရင်ပြီးတဲ့အတွက် ဦးဆောင်ပြီးဆောက်တဲ့ ထောင်ပိုင်ဦးသာဦးကို စစ်အစိုးရက ရာထူးတစ်ဆင့်မြှင့်ပြီး ချီးမြှောက်ခဲ့ ပါတယ်။ ဒုတိယ ခန္တီးထောင်၊ တတိယ ဘူးသီးတောင်ထောင်တို့ ဆောက်လုပ် ပြီးစီးခဲ့ပါတယ်။ ဒေသခံ ပြစ်မှုကျူးလွန်သူတွေအတွက် ထောင်တွေဆောက်လုပ် ခဲ့တာပါလို့ပြောပေမဲ့ တကယ်ကတော့ ဒေသခံမဟုတ်တဲ့ စစ်အစိုးရဆန့်ကျင်သူ နိုင်ငံရေးသမားတွေကို ညှဉ်းပန်းနှိပ်စက်ဖို့အတွက် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ကလေးမြို့က နိုင်ငံရေးအကျဉ်းသားများကိုတော့ ကလေးမြို့နဲ့ဝေးတဲ့ မန္တလေးတောင်၊ မြစ်ကြီးနားထောင်တွေကို ပို့ခဲ့ပြီး မြစ်ဝကျွန်းပေါ် ရန်ကုန်မှအကျဉ်းသားများကိုတော့ ကလေး၊ ခန္တီး၊ ဘူးသီးတောင်း ပူတာအို၊ မိုင်းဆတ် အကျဉ်းထောင်တွေကို ပို့ဆောင်ချုပ်နှောင်ခဲ့တာပါ။ အဲဒီအထဲက ကလေးအကျဉ်းထောင်ကို နိုင်ငံရေး အကျဉ်းသား ၁၅ ဦးနဲ့ ၁၉၉၈ မေလမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ တောရိုင်းမြေ သင်္ချိုင်းဟောင်းကြီးပေါ်မှာ ကလေးထောင်ကို တည်ဆောက်ထားတာပါ။
ဇွန်လမှာ ကျမ ထောင်ဝင်စာသွားတွေ့တော့ လေးထောင့်ပတ်လည် ထောင်အုတ်ရိုးနဲ့ ဘူးတံခါးသာ တည်ဆောက်ပြီးပါသေးတယ်။ ထောင်အတွင်းက သစ်သားအဆောင်နှစ်ခုကို ထောင်ဝင်စာအခန်းကနေ လှမ်းမြင်ရပါတယ်။ အဆောက်အဦဆိုလို့ ထမင်းချက်တဲ့ဖိုနဲ့ သစ်သားအဆောင်နှစ်ခုပဲ ရှိပါသေးတယ်။ မိန်းမဆောင် မဆောက်ရသေးပါဘူး။ ယခုလက်ရှိ ဘူးတံခါးအထက်မှာရှိတဲ့ထောင်ပိုင်အိမ်လည်း မရှိသေးပါဘူး။ ဆောက်လက်စ အင်္ဂတေတွေ ဖွာလန်ကျဲနေတဲ့ နေရာကို သန့်ရှင်းရေးမလုပ်ဘဲ နိုင်ငံရေးအကျဉ်းသားတွေကို ထားပါတယ်။ အားချင်းတည်ဆောက်ပြီးတော့ ဗိုလ်ခင်ညွန့်အမိန့်နဲ့ ပို့လိုက်တာလို့ သိရပါတယ်။ အင်းစိန်ထောင်ကနေ မန္တလေးထောင်၊ မန္တလေးထောင်ကနေ မုံရွာထောင်း မုံရွာဆောင်ကနေ ကလေးအကျဉ်းထောင်အထိ သံခြေကျင်းခတ်ပြီး ခေါ်ဆောင်လာခြင်း ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကလေးဆောင်ရောက်တော့ သိပ်ကို ပင်ပန်းနွမ်းနယ် နေကြပါပြီး၊ သံခြေကျင်းနဲ့ ထောင်မှာမှတ်ပုံတင်ပြီး အခန်းထဲကို သွင်းလိုက်ပါတယ်။ အခန်းထဲက အမှိုက်ပုံတွေကိုရှင်းပြီး ကိုယ့်တစ်နေရာစာ နေရာလေးကို လှည်းကျင်း ပြီး နေခဲ့ရပါတယ်။ သံခြေကျင်းကြောင့်ရခဲ့တဲ့ အနာတွေလည်း တော်တော်နဲ့ မပျောက်ခဲ့ပါဘူး။ မနက်ကို ၁၅ မိနစ် ကိုယ်လက်အကြောဖြေ ရေချိုးခွင့် ပေးပါတယ်။ ရေကလည်းရှားပါး ကိုယ်တာစနစ်နဲ့ သောက်ရေသုံးရေရရှိပါတယ်။ မလုံလောက်တဲ့ အတွက် ခဏခဏ ထောင်အာဏာပိုင်နဲ့ အကျဉ်းသားများ ပြဿနာပေါ်ခဲ့ရပါတယ်။ တစ်နေ့လုံး ၁၅ မိနစ်ပဲ အခန်းအပြင်ထွက်ရတာပါ။
ညဆိုရင် ကိုးနာရီအထိပ် မီးစက်မောင်းပြီး မီးအလင်းရောင် ပေးပါတယ်။ ၉ နာရီကျော်ရင်တော့ ထောင်တစ်ခုလုံး တိတ်ဆိတ်မည်းမှောင်သွားပြီး ထောင်ဝန် ထမ်းရဲ့ သံချောင်းခေါက်သံ၊ ဘာယာအော်သံ တောတောင်တွေထဲက ခွေးအူသံ ငှက်ဆိုးထိုးသံတွေက အသည်းငယ်သူများအဖို့ သွေးပျက်ချင်စရာပါပဲ။ အိပ်ယာထဲလှဲလိုက်တာနဲ့ ပိုးမွှားတွေရဲ့ နှိပ်စက်မှု၊ ကင်းမြီးကောက် အဖြူရောင် အနက်ရောင်အမျိုးမျိုး၊ လူပေါ်ဖြတ်ပြေးတဲ့ မြေကွက်ကြီးတွေကြောင့် ညဘက်တွေမှာ မအိပ်နိုင်ဘဲ သံတိုင်ကိုကိုင်ပြီး ငုတ်တုတ်ထိုင်နေရပါတယ်။ ရာသီဥတုဒဏ်၊ အာဟာရပြတ်လပ်တဲ့ဒဏ်၊ အနောဖလိ လို့ခေါ်တဲ့ ငှက်ဖျားခြင်တွေရဲ့ဒဏ်ကြောင့် မေလကုန်မှာရောက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဇူလိုင်လမှာ ငှက်ဖျားဖြစ်ကုန် ကြပါတယ်။ ထောင်က မနက်စာထမင်း။ စွန်တာနီပဲဟင်းရေကျဲတစ်ခွက်နဲ့ ငါးပိတစ်ကော်ပဲကျွေးပါတယ်။ ထောင်ကပေးတဲ့ ငါးပိကို ယင်ကောင်လည်း မနားပါဘူး။ ကြွက်လည်း မစားပါဘူး။ ထောင်ပိုင်ပြဟင်းခွက်နဲ့ လုံးဝတူညီမှုမရှိတဲ့ ဟင်းခွက်နဲ့ အသက်ဆက်ခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ငှက်ဖျားရောဂါရဲ့ နှိပ်စက်မှုကို အလူးအလဲခံကြရပါတော့တယ်။ ငှက်ဖျားရဲ့သဘာဝက အားနည်းရင် ဖြစ်တတ်ပါတယ်။ လုံလောက်တဲ့ ဆေးဝါးကုသမှု၊ လုံလောက်တဲ့ အာဟာရ မရှိမှုကြောင့် ငှက်ဖျားရောဂါဟာ နာတာရှည်ဖြစ်လာပါတယ်။
ခြင်ထောင်မရှိ ဂုံနီအိတ်အခင်းပေါ်မှာ အိပ်စက်ကြရတဲ့သူတွေဟာ ငှက်ဖျားအန္တရာယ်ကို ဘယ်လိုမှ မကာကွယ် မခုခံနိုင်ကြပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အဆောင်က ဆေးရုံလူနာဆောင်အဖြစ် ပြောင်းလဲသွားပါတော့တယ်။ နိုင်ငံရေးအကျဉ်းသားတွေ အသက်ရှင်တည်ရှိရေးအတွက် ငြင်းပယ် ခံရတဲ့အချိန်မှာ ထောင်အာဏာပိုင်များနဲ့ ပဋိပက္ခ အပြင်းအထန်ဖြစ်ပါတယ်။ အနည်းငယ် ကျန်းမာရေးကောင်းတဲ့သူတွေက ပုံသဏ္ဌာန်မျိုးစုံနဲ့ တိုက်ပွဲဆင်ကြ ပါတယ်။ ဖွင့်ချတိုက်ခြင်း၊ အစာငတ်ခံ တိုက်ပွဲဝင်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။
တောင်းဆိုချက်တွေကတော့ ငှက်ဖျားကင်းလွတ်တဲ့၊ မိသားစုနဲ့အနီးဆုံး အကျဉ်း တော်တွေကို ပြောင်းရွှေ့ပေးရေး၊ နောက်ထပ် ဒေသခံမဟုတ်တဲ့ နိုင်ငံရေး အကျဉ်းသားများ မပို့ရေးတို့ပါပဲ။ ဒီအခါကျမှ အာဏာပိုင်တွေဘက်က အလျှော့ အတင်းလုပ်ညှိနှိုင်းပြီး ဆေးဝါးကုသပေးပါတယ်။ ထောင်ပြောင်းရွှေ့မှုကိုတော့ အထက်ကိုတင်ပြမယ် ပြောပြီး ၁၅ မိနစ်သာဖွင့်တဲ့တံခါးကို နာရီဝက်တိုးပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဒီလို ဒုက္ခတွေနဲ့ရင်ဆိုင်ပြီး မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် ကိုယ့်အတ္တတွေကို စွန့်လွှတ်ရင်ဆိုင်နေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေမြန်မာပြည်မှာ ယုတ်လျော့သွားခြင်း မရှိပါဘူး။ ထောင်တွေတိုးပွားခဲ့သလို စစ်အစိုးရ ဆန့်ကျင်ရေး နိုင်ငံရေးအကျဉ်းသားတွေလည်း တိုးပွားလျက်ရှိပါတယ်။ စစ်အစိုးရ မပြောင်းလဲသမျှ၊ စစ်အာဏာရှင် မချုပ်ငြိမ်းသမျှ ပြည်သူ့ဘက်သားတော်လှန်ရေးသမား အထောင်အသောင်းတွေလည်း ပေါ်ပေါက်လျက်ရှိနေဦးမှာပဲလို့ ကျမ ယုံကြည်မိ ပါတယ်။
မျှဝေခံစားနိုင်ကြပါစေ။