Skip to product information
1 of 2

Other Websites

နေ၀င်းမြင့် - အေးအေးလူလူအတွေးများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

                  ကြိုးစားကြည့်ပါဦး 

လုပ်ခဲ့သမျှ အလုပ်တွေအားလုံး အမှားတွေဘက်ကို ဦးတည်နေ ပါပကောရယ်လို့ သင်လုပ်ခဲ့သမျှ အလုပ်တွေအားလုံး အလဟဿ အချည်းအနှီးဖြစ်ရလေခြင်းလို့ မတွေးလိုက်ပါနဲ့။အဲသလိုဖြစ် ရတာကိုက အကောင်းဆုံး ဖြစ်လာနိုင်သေးတာကိုး။

ဒါကြောင့် ဒါမျိုးကြုံရင် ပြုံးလိုက်စမ်းပါ ။ပြီးတော့ထပ်ကြိုးစားကြည့်လိုက်ပါဦး။ အဲသည်ကျရှုံးမှု သက်သေခံချက်တွေကပဲပဉ္စလက်တံခါးတစ်ချပ်ဖြစ် သွားနိုင်လို့ပါပဲ။ သင်ဘယ်တုန်းကမှ မကြုံဖူးခဲ့ဖူးတဲ့ ပျော်ရွှင်ချမ်းမြေ့ မှု ပီတိဆီကို ဝင်ထွက်နိုင်တဲ့ (အဲသည်) ကံခါးက သင့်ကိုလမ်းပြ လိမ့်မယ်။ လောကဓံတိုက်ပွဲမှာ သင်ဟာ အားနည်းနေရင်နေဖို့ပဲ ရှိ သေးတာပါ။ ရှုံးနိမ့်သွားသေးတာမှ မဟုတ်ဘဲနဲ့။

အဖိုးအနဂ္ဃထိုက်တန်လှတဲ့အချိန်တွေကိုမျက်ရည်နဲ့နောင်တ ကြောင့်များတော့ အလဟဿမဖြစ်ပါစေနဲ့ ။ မတ်တတ်ရပ်လိုက်စမ်း ပါ။ လောကကို မျက်နှာမူလိုက်စမ်းပါ။ သင့်ရဲ့ အကြီးမြတ်ဆုံး မျှော်လင့်ချက်ရဲ့ အမြင့်မားဆုံးပန်းတိုင်။ သင့်အိပ်မက်တွေ အားလုံး က တကယ်ဖြစ်လာမှာပါ။ သင့်ရဲ့ အမှားဟောင်းတွေဆီကဉာဏ် ပညာကို ရွေးနှုတ်ယူရမယ်။ သင့်နာကျင်မှုတွေဆီက သတ္တိတွေ ရွေးနှုတ်ယူရမယ်။ ဒါဆိုရင် တစ်နေ့တော့ သင်ပြောနိုင်ပါလိမ့်မယ်။

“ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးတော်ကို အောက်မေ့ပါရဲ့။ တပည့်တော် နောက်ထပ် တစ်ခါ ကြည့်ဝံ့ပါပြီ”လို့။

( 'Patience Strong ရဲ့ Try Again)

 

ကျွန်တော်နေသည့် တိုက်ခန်းရှေ့မှာ ဧရာဝတီမြစ်ကြီးရှိ သည်။ မြစ်နှင့် အနောက်ဘက်ကပ်လျက်မှ ကမ်းနားရွာကလေးတွေ ရှိသည်။ ကမ်းနားရွာကလေးတွေရဲ့ အပေါ်မှာ စစ်ကိုင်းတောင်တန်း က မိုးနေသည်။ ဒါက အနောက်ဘက်ကမ်း။ အရှေ့ဘက်ကမ်းမှာတော့ မြစ်နှင့် တာရိုးအကြားမှာ မြေနုကျွန်းတွေ ရှိသည်။ရာသီ သီးနှံစိုက်ခင်းတွေ မျက်စိတစ်ဆုံး။ သည်မြေနုကျွန်းပေါ်မှာပဲ တောင် သူတွေ စိုက်ခဲ့ပျိုးခဲ့ကြသည်။ မြေသီး မြေနှံတွေ ရခဲ့ကြပြီ။ မြစ်ကတော့ ဒါကို မုဒိတာပွားနိုင်ပုံရသည်။ သူနဲ့ ဘာမှမဆိုင်သလို ခပ် အေးအေး စီးဆင်းနေသည်။ တောင်သူတွေက မြေပဲတွေ နှုတ်သိမ်း ပြီးတော့ မြေနုကျွန်း မြေမည်းမည်းကို၊ နောက်တစ်ကျော့ စိုက်ဖို့ အားသွန်နေကြသူတွေ။ စိုက်ပျိုးပြီးစ စိုက်ခင်းစိမ်းစိမ်း ရုန်းထနေ တာတွေ့ ရှိသလို မြေကို ထွန်ယက်နေတာတွေက တစ်ကျော့တစ်ခါ ဘာများရနိုင်ဦးမလဲ မျှော်လင့်ကြပုံရသည်။ ချဉ်ပေါင်ပင်တွေကတော့ တော်တော်မြင်ကြပြီ။ နှုတ်ရုံသိမ်းရုံ။ အခုထွန်ယက်နေတာတွေကကော ဘာတွေစိုက်ကြဦးမလဲ။ တိုက်ခန်းပေါ်က မြင်ရသမျှ ကျွန်တော် တွေးနေခြင်း ဖြစ်သည်။

           ဒါပေမယ့် မရနိုင်တော့ပါ။ သည်နှစ်မိုးက စောစောဝင်သည်။ မိုးကြီးတွေ သည်းသည်းမဲမဲရွာချလိုက်တာပင် လေးငါးကြိမ်ရှိခဲ့ပြီ။ မြစ်ရေတွေက မောက်ကြွလာသည်။ ပြာလဲ့သော မြစ်က ညိုညစ်နေသည်။ စိုက်ခင်းတွေကို ဖုံးလွှမ်းပစ်လိုက်သည်။ ထွန်ယက်စမြေခွဲကြောင်းတွေလည်း မြစ်ရေအောက်မှာ။ မြစ်ရေထဲ က ချဉ်ပေါင်ပင်တွေကို လိုချင်သလောက်သာ နှုတ်ယူကြပါတော့ဟုတောင်သူတွေရဲ့ အော်သံကို ကျွန်တော် ကြားနေရသည်။ ထပ်ကြိုး စားကြည့်ပါဦး။ ကျွန်တော့်အော်သံကို တောင်သူတို့ကြားရပုံ မပေါ်ပါ။ လူနှင့် နွား ကျုံးခဲ့ ရုန်းခဲ့ရသမျှ၊ သန်စွမ်းသော စိုက်ခင်းစိုက်ပင်မှန် သမျှ။

           တရုတ်ဝတ္ထုလေးတစ်ပုဒ်ကို ကျွန်တော် သတိရနေသည်။ တစ်ခါက မြစ်တစ်မြစ်၏ ဘေးနားမှာ ရေချိုတွင်းတစ်တွင်း ရှိသည်။ မြစ်ကတော့ သူ့စီးဆင်းမှုနှင့်သူ ဖြစ်သော်လည်း ရေတွင်းက မြစ်ကို မနာလို ဝန်တိုဖြစ်နေသည်။ မြစ်ဆိုတာ ရွှံ့စပ်စပ်နံစော်စော်၊ ရုပ်ဆိုး ဆိုးသတ္တဝါတစ်ကောင်သာ ဖြစ်သည်ဟု စကားတင်ဆိုသည်။ ထာဝရ ပြေးလွှားနေရသူသာ ဖြစ်သည်ဟု ဆိုသည်။ တည်ငြိမ်ခန့်ညားသည့် အလှကို သူကသာ ပိုင်ဆိုင်သည်ဟု ဆိုသည်။ မိုးကောင်းကင်၏ အလှကို ရေချိုတွင်းဝက မြင်ရသော ဝိုင်းစက်စက်ခံစားမှုမျိုး မြစ်က မရနိုင်တာ ဝမ်းနည်းစရာကောင်းသည်ဟု ဆိုသည်။ ရေချိုတွင်းက သူသာလျှင် တည်ငြိမ်သော ခံနိုင်ရည်ရှိသူဖြစ်သည်ဟု မြစ်ကို နေ့ တိုင်း လှမ်းပြောတတ်သည်။ မြစ်ကတော့ စကားတစ်ခွန်းမှ မဟပါ။ မြစ်ရေကြီးချိန် မြစ်ရေတွေက ဗောင်းလန်လာသည်။ အနားပတ်ဝန်းကျင်က အရာမှန်သမျှ၊ ရေအောက်ကို တစ်စတစ်စ နှစ်မြုပ်ပစ်ခဲ့ပြီ။ ရေချိုတွင်းကလေးဆီ မြစ်ရေတွေ ရောက်လာသည်။     

             ပထမတော့အောက်ခြေခံစနှစ်သည်။ နောက်တော့ ရေတွင်းတစ်တွင်းလုံး မြစ်ရေအောက် ရောက်သွားခဲ့သည်။ စာရေးဆရာက သည်ဖြစ်စဉ်ကလေး ကိုပဲ ရေးပြခြင်း ဖြစ်ပါသည်။ သို့သော် ဝတ္ထုတို အဆုံးမှာ စာကြောင်းတစ်ကြောင်း ရေးထားသည်။ “ရေချိုတွင်းက မြစ်ရေအောက် ရောက်သွားတာက သိပ်အကြောင်းမဟုတ်ပါဘူး။ တကယ်အကြောင်း က သူပြောပြောနေတဲ့ “တည်ငြိမ်သော ခံနိုင်ရည်ရှိမှု” ဆိုတာကပါ နစ်မြုပ်သွားတာကမှ ပြဿနာပါ”

တည်ငြိမ်သော ခံနိုင်ရည်ရှိမှုပါ နစ်မြုပ်သွားခဲ့ရသည့် ရေချိုတွင်းကို ကျွန်တော်က ကြိုးစားကြည့်ပါဦးဟု ပြောကြည့်ချင်ပါသေးသည်။

       တစ်ခါကတော့ ကြော်ငြာရိုက်ကွင်းတစ်ခုဆီကို ဆောင်းပါး တစ်ပုဒ်အတွက် ကျွန်တော် ရောက်သွားခဲ့ဖူးသည်။ ကျွန်တော်နှင့် ဓာတ်ပုံပညာရှင် ညောင်ဦးဖိုးချိုတို့ ရောက်သွားချိန်မှာ နောက်ကျနေပြီ။ ဆပ်ပြာကြော်ငြာတစ်ခုကို မြန်မာမင်းသမီးတစ်လက်နှင့် ရိုက်ကူးနေခြင်း ဖြစ်သည်။ ရိုက်ကူးရေးစက်ပစ္စည်းကိရိယာများနှင့် ပညာရှင်တွေက အိန္ဒိယနိုင်ငံမှ ပညာရှင်တွေ ဖြစ်သည်။ ကျောက်စိမ်းရောင် ခပ်တောက်တောက်ဝတ်ထားသော မြန်မာရုပ်ရှင်မင်းသမီးလေး က နဖူးမှာ ချွေးတွေ စို့နေသည်။

Lighting ?

 "OK"

 Sound?

"OK" 

Camera ?

"OK"

 Action ?

ရိုက်ကူးရေးတာဝန်ခံ အိန္ဒိယအမျိုးသားက (Action) ဆို သည်နှင့် မင်းသမီးလေးက လက်ဆွဲခြင်းကို ဆွဲကာ မီးဖိုခန်းထဲ ဝင်လာ။ စားပွဲပေါ် လက်ဆွဲခြင်းချ၊ လက်ဆွဲခြင်းထဲက ပစ္စည်းတစ်မျိုး ကို နောက်ကျောဘက်က ကန့်လန့်စင်ကလေးပေါ်ကို လှမ်းတင်။

သည်ကတ်တစ်ကတ်ကို ကျွန်တော်တို့ မလာခင်ကတည်းက ရိုက်နေ ခြင်း ဖြစ်သည်။ မော်နီတာကို ကြည့်နေသည့် ရိုက်ကူးရေး တာဝန် ခံက ချက်ချင်း လှမ်းအော်သည်။

"Try Again, Sweet, Please”

မင်းသမီးလေးက ပြန်ထွက်လာရသည်။ Lighting, OK လုပ်ပြန်သည်။ ဝင်လာလာချင်း “No, No, Sweet Try again” လုပ်ပြန်သည်။ ကျွန်တော်မြင်ရသလောက် သည်အခန်းကို ရိုက်နေတာ ဆယ်ခါထက်မနည်းတော့ပါ။ မင်းသမီးကို နားပါဦးဆိုတော့မှ ခဏ နားရသည်။ ထိုအခါမှ ကျွန်တော်နှင့် ဦးဖိုးချိုအနား ကပ်ရတော့ သည်။

“Try again တွေ များလှချည်လား”

“မောနေပါပြီ ဦးရယ်။ စိတ်တိုင်းပဲ မကျနိုင်ဘူး၊ သိပ်ချေး များတာ။ စိတ်ကြိုက်မရမချင်း မလွှတ်ဘူး”

ကျွန်တော် ရုပ်ရှင်အကြောင်း (camera အကြောင်းဆိုပါစို့) နားမလည်ပါ။ ကျွန်တော် စိတ်ထဲ မင်းသမီး သရုပ်ဆောင်ပြနေတာ ဘာမှားလို့လည်း စဉ်းစားနေမိပါသည်။ နောက်ဆုံး စိတ်တိုင်းကျသွား သည့် ကတ်နှင့် ပထမ Try again ကတ်တွေ အတူတူပဲလို့ပင် ထင်သည်။ သူတို့ မျက်စိနှင့် သူတို့အနုပညာတစ်စုံတစ်ရာ အမှား အယွင်းမြင်လို့ ဖြစ်လိမ့်မည်။ မြန်မာမင်းသမီးလေးကို အိန္ဒိယ ဒါရိုက်တာက သက်သက်နှိပ်စက်နေစရာ အကြောင်းမရှိ။ ဒါရိုက်တာ က သူ့စိတ်ကြိုက်မရမချင်း၊ Try again အော်နေသည်။ မင်းသမီးလေး ကတော့ အနုပညာကြေး ယူထားသူဆိုတော့ Try again ဆိုတိုင်း ထပ်ကာထပ်ကာ လုပ်ပေးနေရသည်ကော။ သည်မှာ သူတစ်ပါး သရုပ်ဆောင်မှု (ထပ်ကာထပ်ကာ ကြိုးပမ်းမှု) ထဲက အကောင်းဆုံးကို ရွေးချယ်နေသူနှင့် ကိုယ်တိုင်က ထပ်ကာထပ်ကာ ကြိုးစားနေ ရသော် လည်း ဘာခံစားမှုမှ မရှိသူကို ကျွန်တော် ခွဲခွဲခြားခြား မြင်လိုက်ရသည်။ မင်းသမီးက သည်တစ်ကတ် စိတ်တိုင်းကျသွားပြီဆိုတော့ တစ်ခါ နားသည်။

“ဘာမှားနေလို့တဲ့လဲ”

“မသိပါဘူး ဦးရယ်။ ကျွန်မတော့ ခါတိုင်းလုပ်သလို လုပ်လိုက်တာပါပဲ”

ဓာတ်ပြားခေတ်အသံသွင်းသည့်မြန်မာတေးသံရှင်တစ်ယောက် နှင့် ကြုံဖူးသည်။ မဟာမြိုင်က စတူဒီယိုတစ်ခုမှာ ဖြစ်သည်။ မြန်မာ ဆိုင်းဝိုင်းနှင့် အသံသွင်းနေသည့် ဓမ္မတေးတစ်ပုဒ်ဖြစ်သည်။ ဓာတ်ပြား က တစ်ဖက်သုံးမိနစ်စာ။ ထိုစဉ်က Pre-recording မရှိသေး။ Mixdown စနစ်တွေ မရှိသေး။ တစ်ခါတည်း အသံသွင်း။ တစ်ခါတည်း တီးဝိုင်းနှင့် အဆိုတစ်ထပ်တည်း သွင်းရသည့်ခေတ်ဖြစ်သည်။ သီချင်း က နှစ်မိနစ်နှင့် လေးဆယ့်သုံးစက္ကန့်သာရှည်သည်။ သည်တော့ ရှေ့က နှဲက ဆယ့်သုံးစက္ကန်စာလောက်မှုတ်၊ ဆိုင်းဝိုင်းက ရေကင်းဝင်၊ အဆိုဝင်ဆို သုံးမိနစ်စာကွက်တိ။ တကယ်အသံသွင်းတော့ နှဲက ရှည်သွားလို့၊ တီးဝိုင်းက စိတ်တိုင်းမကျလို့ အဆိုတော်က အားမရလို့ စသည်ဖြင့် တစ်နေ့သာကုန်သွားသည်။ သီချင်းမရလိုက်ပါ။ နောက် တစ်ရက် တစ်ဂျူတီ ဆက်ငှားရသည်။ အဆိုတော်ရော ဆိုင်းဝိုင်းရော၊ အသံသွင်းခန်းအတွက်ပါ ငှားရတော့ မသက်သာ။

အဆိုတော်အမျိုးသမီးခမျာ ဆယ်ခါထက်မနည်းဆိုခဲ့ရသည်။ ဆိုင်းဝိုင်းက (ဆရာစိန်ဗိုလ်တင့်) လည်း ဆယ်ခါထက်မနည်း တီး ခဲ့ရသည်။ ထပ်ကာ ထပ်ကာ။ နောက်ရက်မှာတော့ အဆင်ပြေသွား သည်ဟု ကြားရသည်။ သို့သော် သည်ကြိုးပမ်းမှုထဲမှာ ကျွန်တော် မြင်ရသလောက် သုံးမိနစ်စာ ကွက်တိဝင်ဖို့ ကြိုးပမ်းရတာက အဓိက ဖြစ်နေသည်။ သည်ဘောင်ထဲ ကွက်တိဝင်ဖို့ ကြိုးစားနေတာနှင့် တူနေသည်။

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)