Skip to product information
1 of 3

Other Websites

နေ၀င်းမြင့် - ရေကန်သာကြာတိုင်းအေး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

မန္တလေး

အခန်းတစ်

မြည်သံကြီးက လွင်ပြင်ကို လူးလူးလှိမ့်လှိမ့်ကျော်လာခဲ့ကာ ဧရာဝတီ ငွေရောင် ကောက်ကောက်စင်းစင်းအတိုင်း ဒယဉ်တိုက်လာခဲ့ရာမှ မန္တလေးခံမြို့ အနောက်ဘက်မြို့ရိုးနံရံဆီ ဦးတည်နေမှန်း အပ်ကျမပ်ကျသိသူဆို၍ သည်စားမြိန်ဆိုင်ကလေးထဲမှာ တစ်ယောက်တည်းသာ ရှိလေသည်။ ကိုးစားလောက်စရာ လောက်လောက်လားလားထဲကတော့မဟုတ်။ အလွန်ဆုံးရှိလျှင် ဆယ့်တစ်နှစ်အရွယ်လောက်သာရှိဦးမည့် ကုလားကလေးတစ်ယောက်ဖြစ်၍ အမည်က ကူမားရ် ဖြစ်သည်။

အသံက ကြားဖူးနေကျမဟုတ်သော အသံစိမ်းဖြစ်သည်။ ဝေးလံသောအရပ်ဆီက ပေါက်ကွဲသံကြီးဖြစ်၍ တစ်ဆက်တည်းမှာ ပြတ်တောင်းပြက်ဟောင်း မာန်ဖီသံတိမ်တိမ်ကလေးပင် ပါလာတတ်သေးသည်။ တစ်ခါတစ်ရံမှာတော့ ချိုးဖဲ့ဖျစ်ဖျစ် သစ်ခြောက်ကျိုးသံ၊ သစ်ကြိတ်သံမျိုး ဖြစ်၍ အဆက်မပြတ်ထွက်နေတာမျိုးတော့လည်း မဟုတ်။ မထင်မှတ်သည့်အချိန်မှာ ရုတ်တရက် ပေါ်လာတတ်ခြင်းဖြစ်၏။ အသံစိမ်းကြီးက ရုတ်ခြည်းဆိုသလို ပြင်းထန်သော ဂျိုးဂျိမ့်သံကို လျက် ထွက်ပေါ်လာသည့်အခါမှာတော့ စားမြိန်ဆိုင်ကလေးသည်ပင် တသိမ့်သိမ့် ခါသွားတတ် သကဲ့သို့ တည်ထားသော ဟင်းချိုကျိုအိုးသည်လည်း ချိုးချိုးချောက်ချောက်အသံကို ပြုလေ၏။

စားမြိန်ဆိုင်ကလေးထဲမှာ ရသေ့ကျောင်းခေါ်ကြသည့် ခုံရှည်ကလေးနှစ်လုံး ချထား သည်။ နှစ်ခုံစလုံးမှာ စားနေကျ ဖောက်သည်တွေ ကျပ်ကျပ်သပ်သပ် ပူးကပ်ကိုင်နေကြသည်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၏ တိုတောင်းသော ဆောင်းကြမ်းကာလ အစဆိုသည့်အတိုင်း ရာသီဥတုက အေးစက်စက်၊ မြစ်မနက်ခင်းထဲမှာ ဆုံလည်နေတတ်သော မြစင်းစတွေ လောင်ကျွမ်း သွားလောက်အောင် နေလုံးက မြင့်တက်မလာသေး။ ကနဦး ပေါက်ကွဲသံကြီးကို ကြားလိုက် ပြီးသည့်နောက် စားမြိန်ဆိုင်ကလေးသည်ပင် တိတ်ဆိတ်သွားခဲ့၏။ တစ်အိုးတအောင့်လောက်ရှိမှ ဝေါခန် သွန်ကျလာသော အမေးစကားများနှင့် တိုးတိုးကျိတ်ကျိတ်အဖြေများ ကျွက်စီကျွက်စီ ထလာလေသည်။ လူတွေအားလုံးလိုလို စနောင့်စနင်းစိတ်ဖြင့် ဘေးဘီကို အကဲခတ်ကြသည်။ သဟာ ဘာဖြစ်တာပါလိမ့်။ ဘာတွေများ ဖြစ်လာဦးမှာလဲ။ သည်အချိန်မှာပင် ကူမားရ်၏ စိတ်လှုပ်ရှားမှုကလေးစွက်သော အသံစူးစူးကလေးသည် ကျယ်ကျယ်လောင်လောင် တစ်ယောက် တစ်ပေါက် ပြောနေကြသည့်အသံတွေကို ဖောက်ထွက်လာခဲ့ခြင်းဖြစ်သည်။

“အင်္ဂလိပ်အမြောက်ဗျ”

ကူမားရ်က ရေလည်သော်လည်း တော်တော်ကိုဝဲသော မြန်မာစကားဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။

“မြစ်အထက်ပိုင်း တစ်နေရာက ပစ်နေတာဗျ...ပစ်တာတော့ သည်ဘက်ကို ပစ်နေ

တာရယ်"

သည်စကားကို ပြောလိုက်သူက ဆိုင့်အခိုင်းအစေကလေးတစ်ယောက် ဖြစ်နေသည်။ ပြီးတော့ ရေခြားမြေခြားက ကုလားကလေး။ သွားတွေက သူ့မျက်လုံးတွေလို ဖွေးနေကာ အသား အရေကလည်း အရောင်တင်ဆီ သုတ်ထားသည့် သစ်မာတစ်ချောင်းနှင့်ပင်တူသည်။ သည်လို ညိုညစ်ညစ်ကုလားလေးတစ်ယောက်က သည်စကားကို ပြောလိုက်တော့ ဖောက်သည်တချို့၏ မျက်နှာများပေါ်မှာ မလိုလားသည့်အရိပ်တွေ ပေါ်လာကြသည်။ ကုလားကလေးက ဆိုင်ကလေး ၏ အလယ်ကျကျလောက်မှာ ရပ်နေရင်းက ကြွေပန်းကန်ပဲ့ တစ်ထပ်ကြီးကို ကိုင်ထားသည်။

အရွယ်နှင့်မမျှသော သိမှုဖြင့် ပြစားချင်စိတ်ကလေးရှိနေသော်ငြား ရှက်ကိုးရှက်ကန်း မလုံမလဲဟန် ဖြင့် သွားပေါ်ပြုံး ပြုံးထားသည်။ သူ့အမည်က မင်းညီမင်းသားတစ်ပါးဆိုသည့် အဓိပ္ပာယ်ရသည်။ သို့သော် ဖိနပ်မဲ့ အသားမာထ ထူအမ်းအမ်း ခြေထောက်များ၊ ဖရိုဖရဲ ခါးပုံစထိုးထားသည့် ပွချောင်ချောင် လုံကွင်းနှင့် ဆီစွန်းစွပ်ကျယ်များက ထီးရိုးနန်းရိုး လက္ခဏာ တစိုးတစိမှမရှိကြောင်း ပြနေသည်။ လူတွေက အသက်မေးကြတိုင်း ဆယ့်ငါးနှစ်လို့ ဖြေတတ်သည်။ တစ်ခါတလေတော့ ဆယ့်ရှစ်နှစ်၊ ဆယ့်ကိုးနှစ်လောက် ပြောချင်ပြောသည်။ သည်လိုဖြေတာကလည်း အကြောင်းတော့ ရှိသည်။ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရရော ဆင်ခြင်မှုအရပါ သူ့ကိုယ်သူ ပိုပိုသာသာကလေး ပြောလိုက် တိုင်း ခွန်အားတစ်မျိုးမျိုးရသလိုလို ခံစားရတာလည်း ပါသည်။ ကြီးထွားသန်စွမ်းသူလိုလို ဂိုက်ဖမ်း ချင်တာလည်း ပါသည်။ တကယ်တော့ ကလေးတစ်ယောက် ဆိုသည်ထက် သိပ်ကြီးတော့လည်း ပိုသေးသူမဟုတ်။ မည်သို့ပင်ဖြစ်စေ သူကိုယ်တိုင်က အသက်နှစ်ဆယ်ပါ ပြောလျှင်ပင် လူတွေက ယုံကြည်မည်သာဖြစ်၏။ လူကောင် ထွားသည်။ အရပ်အမောင်း ကောင်းသည်။ တချို့လူတွေထက် ကျယ်ပြန့်သော ပခုံးတွေ့ရှိသည်။ အသားမည်းသူဆိုတော့ နုရေဖပ်ရေ ရှိမရှိဆိုတာကလည်း ပြောဖို့ ခက်သား။ မွေးညင်းနုနုကလေးတွေကလွဲလျှင် ငယ်ရုပ်ကလေးတော့ ရှိသည်။

ထိုထိုသော နိုဝင်ဘာမနက်ခင်းက မန္တလေးရွှေမြို့တော်မှာ ကူမားရ် ရှိနေခြင်းသည် ပင်လျှင် သူ၏ အကြောင်းကံ ဖြစ်ခဲ့သည်။ တကယ်ဆိုလျှင် ဘင်္ဂလားပင်လယ်မှ ဧရာဝတီကို ဆန်တက်လာသည့် ကုန်တင်လှေကြီး တစ်စီးပေါ်မှာ လက်တိုလက်တောင်း လုပ်ပေးရသည့် “ခိုင်းဖတ်ကလေးတစ်ယောက်သာဖြစ်သည်။ သူ အလုပ်လုပ်သည့်လှေကြီး ဧရာဝတီကို ဆန်တက်

လာခိုက်မှာပင် လွန်းတင်ရမည့်အခြေအနေ ရှိလာခဲ့သည်။ လှေရှင်က လှေကြီးကို လွန်းတင်ရန် တစ်လကိုးသီတင်းကြာနိုင်ကြောင်း၊ အခန့်မသင့်လျှင် သည့်ထက်ပင် ကြာနိုင်ကြောင်း ပြောလာ သည့်အခါမှာတော့ ကူမားရ် ထိတ်လန့်သွားခဲ့သည်။ လွန်းတင်ထားသည့် ရက်များတွင် လှေသား တွေကို ရေရှည်ကျွေးထားဖို့ ခက်သည်။

သည်တော့ လှေရှင်ခမျာ ဆုံးဖြတ်ရပြီ။ လှေပေါ်က လှေသားတချို့ လှေပေါ်က ဆင်း၊ ကိုယ့်အလုပ်ကိုယ်ရှာ၊ ကိုယ့်ဝမ်းကိုယ်ကျောင်းကြရန်ဖြစ်သည်။ ကူမားရ်ကတော့ အတွင်း ဘက် နှစ်မိုင်လောက်ဝေးသည့် ရွှေမြို့တော်ဘက်ကို လျှောက်လာခဲ့၏ ။ မြို့ရိုး၏အနောက်ဘက် အုတ်ရိုး မျက်နှာချင်းဆိုင်က ဈေးတစ်ဈေးမှာ မချို ဆိုသည့် အမျိုးသမီးကြီးကို သူ ရှာရမည်။ မချိုက ကုလားသွေးပါသော ကပြားမဖြစ်၍ စားမြိန်ဆိုင်ကလေးတစ်ဆိုင်ဖွင့်ကာ ရပ်တည်နေသူ ဖြစ်သည်။ မချိုက သူ့အတွက် အလုပ်ကလေးဘာလေး ပေးတန်ကောင်းပါရဲ့။ ။

ဤသို့အားဖြင့် အကြောင်းအားလျော်စွာ မန္တလေးဆိုသည့် မင်းနေပြည်တော်သို့ လျှောက်လာခဲ့သော အသက်ဆယ့်တစ်နှစ်အရွယ် ကူမားရ်သည် ဖြူးဖြောင့်နေသည့် တာလမ်းမကြီး တစ်လမ်းကို စမြင်ခဲ့ရပြီး တာလမ်းမကြီး တစ်ဖက်တစ်ချက်မှာတော့ ဝါးထရံကာ တဲများ၊ ထန်းလက်မိုးအိမ်များ၊ ပုပ်ပွနံစော်နေသည့် တိရစ္ဆာန်အညစ်အကြေး မစင်ဘင်ပုပ်များ၊ ဟည်းဟည်း တိုက်နေသည့် အမှိုက်ပုံကြီးများ ရှိနေလေသည်။ သို့သော် တာလမ်းဖြူးဖြူးကြီး တစ်လျှောက်မှာ

တော့ လမ်းဘေးတစ်ချက် စုပုံနေသည့် ဗြုတ်စဗျင်းတောင်းများကြောင့် ပေပေပွပွမရှိ။ လှိုင်းလေ ကြမ်းကြမ်း ပင်လယ်ကို ဖြတ်ထိုးထားသည့် တာရိုးနှင့်ပင်တူတော့သည်။ လမ်းကြီးတွေက တန်းတန်းဖြောင့်ဖြောင့်ဆိုတော့ ရွှေမြို့တော်ကို ထိုထိုပေါက် မြင်နေရသည်။ မြို့ရိုးကြီး၏

တောက်ပသော ဟင်္သပဒါးရောင် အုတ်ရိုးကြီးများဆီမှသည် တောင်ရိုးတန်းပေါ်က ဖြိုးပြိုးပြက်ပြက် ဆည်းလည်းဖြူကလေးတွေ တစ်သီကြီး ချိတ်ဆွဲထားသည့်နှယ် အဝေးက မန္တလေးတောင်တော် စေတီများအထိ မြင်နေရခြင်းဖြစ်၏။

ကူမားကတော့ အရွယ်နှင့်မမျှအောင် ခရီးတွေ ရောက်ဖူးလှပြီ။ သူ အလုပ်လုပ်နေသည့် ကုန်လှေကြီးမှာ ကမ်းရိုးတန်းသွားလှေကြီးဖြစ်၍ ယေဘုယျအားဖြင့် ပင်လယ်ခရီးကိုသာ သွားလေ့ ရှိသည်။ မြန်မာပြည်နှင့် ဘင်္ဂလားကို ရှည်လျားလှသော ကမ်းရိုးတန်းတစ်လျှောက် ခေါက်တဲ့ လူးလာသွားခဲ့ရပေါင်း များပြီ။ ကူမားရ်သည်ပင် စစ်တကောင်းလို ပုသိမ်လိုဆိပ်ကမ်းကြီးများကို ရောက်ဖူးသကဲ့သို့ ကြားဆိပ်များဖြစ်သည့် မြို့ဆိပ်ရွာဆိပ်တွေမှာလည်း ကျင်လည်ခဲ့ဖူးပြီ။ သို့သော် သူ ရောက်ဖူးပေါက်ဖူးသမျှ ခရီးတွေထဲမှာ မန္တလေးလို လမ်းတွေမရှိ၊ ရောက်ဖူးသမျှ မြို့တွေ ရွာတွေက လမ်းသွယ်လမ်းမြောင်တွေဆိုလျှင် မဆုံးနိုင်သော လမ်း ကောက်တိကောက်ကွေးတွေသာ များလေရာ တစ်ကွေ့လွန်သော်မှ နောက်တစ်ကွေ့ကို မြင်ရဖို့ ခက်သည်။ မန္တလေး ရွှေမြို့တော် လမ်းမကြီးတွေကတော့ တစ်ဘာသာဖြစ်၏။ အချိုးအကွေ့ မရှိ၊ အပြောင်းအလဲမရှိ၊ လူနေအိမ်ခြေ တွေထဲကို မိုးကုပ်စက်ဝိုင်း ဆောင်ကြဉ်းထားသည်နှင့်ပင် တူသည်။ ။

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)