Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

နေဇင်လတ် - ယုံကြည်မှုအပေါ်နားလည်ခြင်းနှင့်လက်တွေ့လုပ်ငန်းခွင်အင်တာဗျူးများ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
အရင်းအနှီးမများပါစေနှင့်
31 March 2008

 

          အရင်းအနှီးမရှိဘဲ ဘာမှလုပ်၍မရ၊ အထူးသဖြင့် ဈေးကွက်စီးပွားရေးခေတ် တွင် အရင်းအနှီးအကြောင်း အတော်ပြောကြပါသည်။ လူတိုင်းမှာ အရင်းအနှီး ကိုယ်စီ ရှိကြပါသည်။ သို့သော် လူတိုင်းက ကိုယ်ပိုင်ဆိုင်သည့် အရင်းအနှီးများကို မမြင်ကြ၊ မသုံးတတ်ကြ။ သုံးရကောင်းမှန်းလည်းမသိ၊ တချို့ ရှိမှန်းပင် မသိကြ သူများ၊ အတော်များသည်ကို သတိကောင်းစွာထားမိပါသည်။ 

 

အရင်းအနှီးတွေအများကြီး

 

          အရင်းအနှီးမရှိသောသူ မရှိပါ၊ လူတိုင်းမှာ အတိုင်းအဆမတူသော အရင်း အနှီးကိုယ်စီ ရှိကြပါသည်။ မြင်တတ်ဖို့နှင့်သုံးနိုင်ဖို့ပဲ လိုပါသည်။ ကြီးကြီးကျယ် ကျယ်ဖြစ်သွားကြသူများ ဘယ်အရင်းအနှီးကို သုံးသွားကြပါသလဲ။ သာမန်ဖြစ် သွားသူများကရော ဘယ်အရင်းအနှီးကို သုံးကြပါသလဲ။ လူတွေအများစု သာမန် သိထားကြသည်မှာ “ငွေ”အရင်းအနှီးဖြစ်ပြီး ငွေမရှိလျှင် ဘာမှလုပ်မရဟု အနာဂတ်ကို ဝေဝါးကြပါသည်။ နောက်ပိုင်း ပညာရေးက အရင်းအနှီးကို ဖော်ပြအသိပေးထားပါသည်။

          - ငွေအရင်းအနှီး 

          - ပညာအရင်းအနှီး 

          - အတွေ့အကြုံ အရင်းအနှီး 

          - အမြင်အသိ အရင်းအနှီး

          - လုပ်အား အရင်းအနှီး 

          - ဝီရိယ အရင်းအနှီး 

          - လူမှုရေး အရင်းအနှီး 

          - နိုင်ငံရေး အရင်းအနှီး

          - ဈေးကွက် အရင်းအနှီး 

အရင်းအနှီးအများကြီး ဖြစ်ပါသည်။

 

ဘီလ်ဂိတ်

 

          အရင်က ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး၊ ယခု (၂၀၀၈) တွင် ကမ္ဘာ့ ဒုတိယ အချမ်းသာဆုံး သူဌေးကြီး၏ကြွယ်ဝမှုမှာ ဒေါ်လာသန်း ($68 billion) ဖြစ်သည်။ ဤမျှများပြားသောပမာဏကို ကြွယ်ဝလာစေရန် မည်မျှအရင်းအနှီးဖြင့် စတင်ခဲ့ပါ သလဲ။ ဒေါ်လာ ထောင်ဂဏန်းငွေ (ကျပ်သိန်းဆယ်ဂဏန်း) မျှဖြင့် စတင်ခဲ့ပါသည်။ သူ့အဓိကအရင်းအနှီးကို “ငွေ” ဟုပြော၍မရပါ။ သူ့အသိပညာ၊ အနာဂတ်အမြင်၊ ဝီရိယတို့ကသာ အဓိကအရင်းအနှီးဖြစ်၍ ထိုမျှကြွယ်ဝသော မဟာသူဌေးကြီးဖြစ်ရန် ထောက်ပံ့အသုံးပြုသွားခြင်း ဖြစ်သည်။

         Bill Gates ကို အမြင်သန်စွမ်းသူဟု အသိအမှတ်ပြုကြသည်။ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသားအရွယ်တွင် ကွန်ပျူတာအတတ်ပညာကို အတော်အတန် လေ့လာမိထားသူဖြစ်ပြီး တစ်ချိန်တွင် စားပွဲတစ်လုံးပေါ်၌ ကွန်ပျူတာတစ်လုံးစီ ရှိရမည့်ခေတ်သို့ မလွှဲမသွေရောက်ရှိမည်ဟု အနာဂတ်အမြင် မြင်ထားသူ ဖြစ်သည်။

          သူ့မိတ်ဆွေ ကွန်ပျူတာပညာရှင်နှင့်ပေါင်း၍ လူငယ်နှစ်ဦး ခြစ်မြုပ်စုဆောင်း ထားသော ဒေါ်လာထောင်ဂဏန်းဖြင့် ကွန်ပျူတာတီထွင်သူဖြစ်သည်။ လူ့လုပ်ငန်း အောင်မြင်ချဲ့ထွင်ရင်း ဈေးကွက်ကိုနိုင်နင်းကာ Share ရောင်းချခြင်းဖြင့် ဤမျှများပြား သော ဓနဥစ္စာကို ပိုင်ဆိုင်လာသူ ဖြစ်ပါသည်။

 

သမားရိုးကျအမြင်မှဖောက်ထွက်ပါ

 

         သမားရိုးကျအမြင်တွင် လက်လုပ်လက်စား၊ ကုန်ရောင်းကုန်စားတို့ များပြား သဖြင့် ယေဘုယျအားဖြင့် အရင်းအနှီးဆိုလျှင် ငွေအရင်းအနှီးကိုသာ မြင်လေ့ရှိကြပါ သည်။ ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင်များ၊ မြန်မာပြည်က သရုပ်ဆောင်များ သူတို့ ၏အနုပညာအရင်းအနှီးဖြင့် အောင်မြင်ကြခြင်းသည် သိသာထင်ရှားသော လက္ခဏာ တစ်ခုဖြစ်ပါသည်။ ပို၍အောင်မြင်လိုလျှင်၊ ပို၍ချမ်းသာလိုလျှင် သမားရိုးကျအမြင်မှဖောက်ထွက်ရန်လိုပါသည်။ သူများနှင့်မတူသော အမြင်ရှိရန် လိုပါသည်။ အခြေ အနေကို ခွဲခြမ်းစိတ်ဖြာတတ်ဖို့ လိုပါသည်။ Vertical Thinking, Analytical Thinking ဟု ပြောကြပါသည်။

          ITဟူသော Information Technology ၏ အဟုန်ကြီးမားနေသည်မှာဆယ်စုနှစ်-နှစ်စု ကျော်ခဲ့ပါပြီ၊ IT တွင် ယှဉ်ပြိုင်မှုပြင်းထန်နေပါပြီ၊ နည်းပညာ အရင်းအနှီးကြီး၍ တောင့်ခံနိုင်သူများသာ ကျန်ရစ်ပြီး နည်းပညာအဆင့်မမီသူများ ဆိုင်းဘုတ်ဖြုတ်နေကြရပါသည်။ ဤသို့ ခက်ထန်သောပြိုင်ပွဲကို အဝေးမှသာကြည့်ပြီး အိန္ဒိယမှ အမျိုးသမီးငယ် ဦးဆောင်သော Bio Engineering အခြေခံကုမ္ပဏီလေးက ဖောက်ထွက်တွေးတောကြိုးစားခဲ့ရာ အိန္ဒိယတွင် အအောင်မြင်ဆုံး၊ ဆွဲဆောင်နိုင်စွမ်း အရှိဆုံးကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ငွေကြေးအားဖြင့်လည်း အမြတ် အစွန်းကြီးပြီး အိန္ဒိယ၏ အချမ်းသာဆုံးသော အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့ပါသည်။

 

အရင်းအနှီးမများပါစေနှင့်

 

         ကြီးပွားတိုးတက်ရန် ဆောင်ရွက်နေကြရသော လုပ်ငန်းများတွင်လည်း ကောင်း၊ အကျပ်အတည်းနှင့် ရင်ဆိုင်ကြရသော အခြေအနေများတွင်လည်းကောင်း၊ တတ်နိုင်လျှင် အရင်းအနှီးမများဖို့ လိုပါသည်။ ပေးဆပ်မှုမများဖို့ ဖြစ်သည်။ အရင်း အနှီးနည်းနည်းဖြင့် အောင်မြင်စေနိုင်ရန် ပညာနှင့်အသိကို အခြေခံရပါမည်။ သာမန် အားဖြင့် အောင်မြင်မှုကို ငွေကြေးအားဖြင့်လည်းကောင်း၊ ကျော်ဇောတိက္ကမ မရှိမှုဖြင့် လည်းကောင်း ယေဘုယျတိုင်းတာလေ့ ရှိကြပါသည်။ လောကီကိစ္စရပ်များဘက်ကို ဆိုလိုပါသည်။ နိုင်ငံရေးသမား၊ လူမှုသိပ္ပံသမား၊ အနုပညာသမားတို့ကမူ သူတို့ ဘယ်လောက်လုပ်နိုင်ခဲ့သည်”ဆိုသောလုပ်ရပ် “Achievement” ဖြင့် တိုင်းတာ လိုကြသည်။

          ယေဘုယျအားဖြင့် အောင်မြင်မှုကို ငွေဖြင့် “စ” လိုကြပြီး “လုပ်ရပ်’ ဖြင့် အဆုံးသတ်လိုကြလေ့ ရှိကြပါသည်။ အခွင့်ရသော အနောက်နိုင်ငံများမှာ ထိုရည်မှန်း ချက်အတွက် ငွေကြေးချမ်းသာသူများ နိုင်ငံရေး၊ လူမှုရေးလုပ်ကိုင်မှု များပြားလာ ကြခြင်း ဖြစ်သည်။

          “ငွေ” ကို “ငွေ” သက်သက်ဖြင့် အောင်မြင်မှုရယူလိုချင်လျှင် အရင်းအနှီး များပါလိမ့်မည်။ အသိနှင့်အတတ်ပညာ၊ ဝီရိယတို့ ထည့်ပေါင်းပါလျှင် “ငွေ” ဟူသော အရင်းအနှီး၊ အချိန်” ဟူသော အရင်းအနှီးများ လျော့ကျသွားနိုင်ပါသည်။ ဗုဒ္ဓဟောခဲ့ သော “ကံ” “ဉာဏ်” ဝီရိယ” တွင် “ဉာဏ်” အရာသည် ဦးစားပေးရာ “ဝီရိယ”၏ရှေ့တွင်ရှိကြောင်း သတိမူအပ်ပါသည်။ “ဉာဏ်” တကယ်ပေါက်ခဲ့လျှင် “ကံ” ပြန်မွေးသည့် အသိထူးကိုပါ ရရှိလာပါလိမ့်မည်။ 

 

ဘယ်လောက်ရင်းရမလဲ

 

          ငွေသက်သက် အရင်းအနှီးများတွင် နီးစပ်စွာ တွက်ချက်နိုင်သော်လည်း အသိ၊ အတတ်ပံ့ပိုးရသောကိစ္စရပ်များတွင်မူ ကာလ၊ အချိန်အခါ၊ အခြေအနေများ ပေါ် မူတည်ပါသည်။ တစ်ခုနှင့်တစ်ခု၊ တစ်ချိန်နှင့်တစ်ချိန် မတူနိုင်ပါ။ ငွေသက်သက် အပေါ် အကျိုးအမြတ်မှာပင် မျက်မှောက်ခေတ်၌ ကုန်သွယ်ရေး (Trading) လုပ်သူ၏ အရင်းအနှီးနှင့် Share ဈေးကွက်ကစားသူ၊ Hedge Fund များနှင့် ဆက်သွယ်ဆောင်ရွက်ကြသူများ ရင်းနှီးမှု၊ အကျိုးအမြတ်မတူနိုင်ကြပါ။ သာမန် Trading လုပ်သူထက် အတတ်နှင့်အသိအခြေခံပြီး Share ကစားလျှင် ပို၍အကျိုးအမြတ်ရ ပါသည်။ Hedge Fund များက ပို၍ရတတ်ပြန်ပါသည်။

          ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သော ဘုရင့်နောင်မင်းကြီး၏ တိုက်ပွဲသည် သာမန်ကြည့်လျှင် “ဖောင်ဖျက်” အဆင့်သာ မြင်နိုင်သော်လည်း ဖောက် ထွက်တွေးကြည့်သုံးသပ်လျှင် ပို၍နက်နဲစွာ တွေ့နိုင်ပါသည်။

          ဘုရင့်နောင်က တိုက်သူ၊ တစ်ဖက်က ခံ”သူ၊ တိုက်စစ်သဘောအရ ခံစစ် အရေအတွက်ထက် သုံးဆ” သုံး၍ စစ်တိုက်လေ့ရှိကြပါသည်။ သို့သော် ဘုရင့်နောင် သည် သူ့ထက်အင်အား ရှစ်ဆ” ကြီးသော ရန်သူကို အောင်နိုင်ခဲ့ပါသည်။ ထို့ကြောင့် (၈ x ၃) နှစ်ဆယ့်လေးဆငယ်သော အင်အားကိုသာ အသုံးပြုခဲ့သူ ဖြစ်ပါသည်။ သာမန်အရင်းအနှီးထက် (၂၄) ဆငယ်သော အရင်းအနှီးကိုသာသုံး သည်ဟု ကောက်ချက်ချနိုင်ပါသည်။ သာမန်ထက် အလွန်တစ်ရာငယ်သော အရင်း အနှီးကိုသုံး၍ အောင်ပွဲဆင်နိုင်ရန်မှာ အလကားရသည်တော့မဟုတ်ပါ။

 

          - ခေါင်းဆောင်အပေါ် ယုံကြည်မှု၊ လေးစားချစ်ခင်မှု 

          - စစ်ရေးကျွမ်းကျင်မှု 

          - မျိုးချစ်စိတ် 

          - အောင်နိုင်လိုစိတ်

          - ခေါင်းဆောင်၏အရည်အချင်းနှင့် မဟာဗျူဟာမှန်ကန်မှု စသော အပံ့အပိုးများကြောင့် ဖြစ်ပါသည်။ အတတ်ပညာ၊ အသိပညာ၊ စိတ်ဓာတ်တို့ . ၏အပံ့အပိုးကို ထင်ရှားစွာ တွေ့နိုင်ပါသည်။

ထို့ကြောင့် အရင်းအနှီးဟုဆိုရာတွင် အချိန်အခါ၊ အခြေအနေနှင့် အခြား အကြောင်းအရာတို့ပေါ်၌လည်း မူတည်ပါသည်။

 

ဘာကြောင့်အရင်းအနှီးများကြသလဲ

 

          Logic အရ အသိမြင့်လျှင် အရင်းအနှီးနည်းသဖြင့် အရင်းအနှီးများကြရ ခြင်းမှာ အသိနိမ့်သောကြောင့်ဟု ကောက်ချက်ဆွဲလျှင် ရနိုင်မည်ဖြစ်သည်။ (1970s) ဝန်းကျင်အထိ တရုတ်နိုင်ငံက “လူလှိုင်း” အပေါ် အားကိုးလွန်ဖြင့် မဟာဗျူဟာ ချမှတ်ခဲ့သည်ကို မှတ်မိပါသေးသည်။ စစ်ပွဲများတွင်လည်းကောင်း၊ နိုင်ငံရေး အသာစီးရယူလိုမှု ကိစ္စရပ်များတွင်လည်းကောင်း အရင်းအနှီးနည်းရန်နည်းပညာကို

ဇောင်းပေးလာကြပါသည်။ ဒုတိယကမ္ဘာစစ် ဟီရိုရှီးမားအပေါ် ကြဲချခဲ့သော အနုမြူ ဗုံးက သက်သေပြထားပြီးဖြစ်သည်။ တရုတ်ပြည်က (1990s) ကာလများတွင် “လူလှိုင်း” ဆိုသောရပ်တည်ချက်ကို ပြောင်းဟန်ရှိပြီး ပြောသံမကြားရတော့ပါ။ သူလည်း နည်းပညာဘက် ဇောင်းပေးတတ်လာပါပြီ။ အဆုံးအဖြတ်ပေးသော မူဝါဒကိုင်စွဲသော ခေါင်းဆောင်ကောင်းများ ရရှိလာခဲ့သောကြောင့် ဖြစ်သည်။

           အာဖရိကနိုင်ငံ တော်တော်များများ ရေနံထွက်ကြပါသည်။ နိုင်ငံဆင်းရဲတုန်း ရှိသေး၍ မငြိမ်မသက်မှုများလည်း များပြားတုန်း ရှိပါသေးသည်။ အရင်းအနှီးများသော်လည်း ရလဒ်ကောင်းများ မရနိုင်ကြသေးပါ။ ဘာကြောင့်ပါလဲ၊ ခေါင်းဆောင် များ အရည်အသွေးတန်းမမီသေးခင်ဟု ကောက်ချက်ချနိုင်ပါသည်။ စင်ကာပူနိုင်ငံ ပိစိကွေးတွင် အသိနှင့်အတတ်ဟူသော အရင်းကိုသာ အခြေခံခဲ့၍ တိုင်းပြည်စည်ပင် နေပါသည်။ သယံဇာတ ဘာမှထွက်သောနိုင်ငံမဟုတ်ပါ။ လီကွမ်ယူ၏ အမြော် အမြင်ရှိမှု၊ (၂၁) ရာစု၏ အခင်းအကျင်းကို (၁၉၆၅) ခုနှစ် လွတ်လပ်ရေးရသည့် ကာလထဲက ကြိုတင်သိမြင်နိုင်မှုတို့ကြောင့် သူ့တိုင်းပြည်ကို သူပုံစံသွင်းလာရင်း ယနေ့အခြေအနေကို ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ခေါင်းဆောင်တစ်ဦး၏ အရည်အချင်း၊ အသိနှင့်အတတ်တို့သည် နိုင်ငံတည်ဆောက်ရာတွင် အလွန်အရေးကြီးသည်။ နိုင်ငံ၏ဆင်းရဲမှု၊ ချမ်းသာမှု၊ လူနေမှုအဆင့်နှင့် သိက္ခာတို့သည် ထိုနိုင်ငံကို ဦးဆောင် သော ခေါင်းဆောင်၏အရည်အချင်းပေါ် လုံးဝမှီတည်ပါသည်။

          လူသိနည်းသေးသော်လည်း ယနေ့ ဘရာဇီးသည် စီးပွားရေးညွှန်းကိန်းများ အရ အလွန်အလားအလာကောင်းနေသည်။ တစ်ချိန်က တစ်ဦးတစ်ယောက်၏ ဦးဆောင်မှုအောက်တွင် ရှင်သန်ခဲ့သော ဘရာဇီးမဟုတ်တော့၊ ခေါင်းဆောင် အပြောင်း တွင် တိုးတက်လာခဲ့သော ယနေ့ဘရာဇီး ဖြစ်နေပါပြီ။

          အသိခေတ်၊ အတတ်အခြေခံခေတ်ကြီးတွင် ခေတ်သစ်ခေါင်းဆောင်များမှာ ဘယ်အရာကိုမျှ အရင်းအနှီးများများ မပေးဆပ်လိုကြတော့ပါ။ သို့သော်လည်း အသိမတူ၊ အရည်အသွေးကွဲပြားသော သဘာဝအရ အချို့နိုင်ငံ၊ အချို့လူများက အရင်းအနှီးများများ ပေးဆပ်ဆဲ ရှိကြပါသေးသည်။

          မြင်းစီးသည့်ခေတ် မဟုတ်တော့ပါ၊ လှေစီးသည့်ခေတ်လည်း မဟုတ်တော့ ပါ၊ အသိတစ်ခုကိုပါးပါးလွှာပြီး ဝေးဝေးကြည့်တတ်သောခေတ်တွင် ဓား၊ လှံ၊ လေး၊ မြားနှင့် သမားရိုးကျအတွေးအခေါ်တို့မှာ ကစားစရာအရုပ်၊ ရှိခဲ့ဖူးသော အရာ တစ်ခုထက် ပို၍အသုံးမဝင်နိုင်ကြပါတော့ချေ။ တစ်ချိန်က ဘိုးဘွားအစဉ်အဆက် နာယူခဲ့ရသော စကားပုံတစ်ခုရှိခဲ့ဖူးပါသည်။

          “တစ်နေ့တစ်လံ ပုဂံဘယ်ပြေး”

           ဝီရိယထားရန်အတွက် တွန်းအားပေးသော ဆိုထုံးတစ်ခုအဖြစ် လက်ခံပါ သည်။ ယနေ့ခေတ်တွင် တစ်နေ့တစ်လံနှုန်းဖြင့်သွားပါက ပုဂံကတော့ ထွက်ပြေးမည် မဟုတ်ပါ။ ကိုယ်လည်းရောက်တော့မည့်ခေတ်လည်း မဟုတ်ပါချေ။ အားလုံး သောသူများ အရင်းအနှီးနည်းစွာ ဆောင်ရွက်နိုင်ကြပြီး အောင်မြင်ရန် ဖြစ်ပါသည်။