Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

နေဇင်လတ် - နိုင်ငံရေးအသိအမြင်နှင့်အပြောင်းအလဲကိုစီမံခန့်ခွဲခြင်း

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out
နိုင်ငံတော်တည်ဆောက်ခြင်း
14th April 2010

          Nation Building ဟု ဆိုကြသည်။ ကွဲပြားသော အဓိပ္ပာယ်များစွာ အနက် တစ်ခုသောအဓိပ္ပာယ်မှာ ... နိုင်ငံ၏စွမ်းရည်ကို အသုံးပြု၍ အမျိုးသားရေး လက္ခဏာ တစ်ရပ်ရရှိရန် တည်ဆောက်မှု သို့မဟုတ် ဖွဲ့စည်းမှု၏နည်းစဉ်တစ်ရပ်ကို ဆိုသည်။ (Nation building refers to the process of constructing or structuring a national identity using the power of the state)

          ဤလုပ်ငန်းစဉ်တွင် နိုင်ငံတွင်းရှိ ပြည်သူများကို တစ်သားတည်း ညီညွတ်မှု ဖြစ်စေခြင်းဖြင့် နိုင်ငံရေးအရ တည်ငြိမ်မှုရရှိကာ ရေရှည်အကျိုးစီးပွားကို ဖြစ်ထွန်းစေ သည်။ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုနှင့် လူမှုရေးအရ ညီညွတ်မှုရှိစေခြင်းသည် နိုင်ငံ တည်ဆောက်ရေး၌ အရေးကြီးသောအချက်များ ဖြစ်သည်။

 

ဘာကြောင့်အရေးကြီး

          နိုင်ငံတည်ဆောက်ရေး ဘာကြောင့်အရေးကြီးသည်ကို Anil Rajvanshi က သူ့အမြင်ဖြင့် ထောက်ပြထားသည်။ 

  • သက်ရှိလူအားလုံးသည် သက်သောင့်သက်သာရှိရှိ ပျော်ရွှင်စွာဖြင့် ဘဝကို ဖြတ်သန်းလိုကြသည်။ လူသားအားလုံးသည်အရေးကြီးသောအချက်နှစ်ချက်ကိုရလိုကြ၏။မိမိတို့ကိုယ်တိုင်ပျော်ရွှင်သောဘဝကိုပိုင်ဆိုင်လိုခြင်းနှင့် ပိုမိုကောင်းမွန်သော ဝန်းကျင်ကို ရလိုခြင်း ဖြစ်သည်။
  • ပျော်ရွှင်သော ကိုယ်ပိုင်ဘဝကို နည်းလမ်းများစွာမှ ရရှိနိုင်လိုကြသည်။
  • အေးချမ်းသာယာသော ဝန်းကျင်ဖန်တီးနိုင်ခြင်းသည် နိုင်ငံတည်ဆောက် ခြင်းပင် ဖြစ်သည်။ ဝန်းကျင်ကောင်းတစ်ခု ရရှိပါမှ လူများ ကောင်းစွာ အလုပ်လုပ်နိုင်ကြမည်၊ စိတ်ချလက်ချ ဘဝကို ဖြတ်သန်းနိုင်ကြမည်။ ဝန်းကျင်ကောင်းသည်ပင်လျှင် လူသားတို့အတွက် ပိုင်ဆိုင်မှုတစ်ရပ်၊ဂုဏ်ယူမှုတစ်ရပ်ဟူသော အာရုံခံစားမှုကို ပေးအပ်နိုင်ပါသည်။
  • မိမိတို့၏ဂုဏ်ယူမှုသည် စစ်မှန်မှုရှိသင့်ပြီး “မလုံခြုံမှု”မှ ကင်းဝေးသင့်သည်။
  • ပျော်ရွှင်ဖွယ်ရာ ဝန်းကျင်ကောင်းနှင့် နိုင်ငံတည်ဆောက်ရေးတွင် လူငယ်

များသည် ကြီးမားသော အခန်းကဏ္ဍများမှ ပါဝင်ကြသည်။

 

လူငယ်များပါဝင်

 

         နိုင်တော် တည်ဆောက်ရာတွင် နိုင်ငံတိုင်း၌ လူငယ်များသည် အဓိက အခန်းမှ ပါဝင်ကြရလေ့ရှိသည်။ 

  • မည်သို့ဆိုစေ လက်ရှိနိုင်ငံတော် အခြေအနေတစ်ရပ်ကို လက်ခံကြရမည်။ထိုမှ ပိုမိုကောင်းမွန်တိုးတက်ပြီး အနာဂတ် လူ့အဖွဲ့ အစည်းနှင့် ပို၍ သင့်လျော်မည့် နိုင်ငံတော်ကို တည်ဆောက်ကြရသည်။ ကျေးဇူးတရား သည် လူသားတို့၏ မရှိမဖြစ် အရေးကြီးသော အနှစ်သာရ ဖြစ်သည်။
  • တစ်နေ့လျှင် အနည်းဆုံး နာရီဝက်ကျ၊ တစ်နှစ်လျှင် နာရီ (၂၀၀) မျှသော အချိန်ကို လူငယ်များသည် နိုင်ငံတော်တည်ဆောက်ရန် လူမှုအဖွဲ့ အစည်းများအတွက် အသုံးပြုသင့်သည်။ လူမှုအဖွဲ့ အစည်းဟူသော Civil Society သည် နိုင်ငံတော် တည်ဆောက်ရာတွင် မရှိမဖြစ် အရေးကြီးသော အဖွဲ့ အစည်းများ ဖြစ်သည်။
  • မိမိတို့၏ စားဝတ်နေရေး၊ ပုဂ္ဂလိက ရည်မှန်းချက်များအပြင် လူမှုဝန်းကျင် များနှင့် ထိတွေ့ဆက်ဆံရမည်ဖြစ်ပြီး မိမိနိုင်ငံ အမျိုးသားအတွက် လူမှုအဖွဲ့ အစည်းများ အကျိုးကို တတ်နိုင်သမျှ တာဝန်ယူထမ်းဆောင်ရ မည်။ရလာမည့် အဖြေရလဒ်ကို ပူပန်ရန် မလိုပါ။ အရာအားလုံး သူ့အချိန်နှင့် သူ ဖြစ်လာပါလိမ့်မည်။ လူမှုအဖွဲ့အစည်းအတွက် တစ်စုံတစ်ရာ လူမှု ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်းသည်ပင်လျှင် သင့်အကျိုး၊ သင် ၏ မျိုးဆက်သစ်တို့ အကျိုးကို ဖြစ်ပေါ်စေပါသည်။ စည်းကမ်းစနစ်တစ်ခုအတွင်းမှ မှန်ကန်သော စေတနာဖြင့် ဆောင်ရွက်တတ်ရန် ဖြစ်သည်။ 
  • နိုင်ငံတော် တည်ဆောက်ခြင်းဆိုသည်မှာ ဝန်းကျင်ကောင်းတစ်ခု ဖန်တီး ပေးခြင်းဖြစ်ပြီး မိမိအမျိုးသားရေးစရိုက် လက္ခဏာများ ပါဝင်ရမည် ဖြစ်သည်။ လူမှုအဖွဲ့ အစည်းများ တိုးတက်အောင် ဆောင်ရွက်ခြင်းသည် နိုင်ငံတော် တည်ဆောက်ရေးဖြစ်၍ ဖြစ်နိုင်လျှင် ဉာဏအားကို သုံးပါ။ မတတ်နိုင်လျှင် ကာယအားဖြင့် ပါဝင်တည်ဆောက်ပါ။
  • သင့်ပတ်ဝန်းကျင်၊ သင့်လူမှုအဖွဲ့အစည်း တိုးတက်မှုအတွက် အမြဲတမ်း တွေးတောကြံဆပါ။ တတ်နိုင်လျှင် ရေးသားပါ၊ အခြားသူများကိုပြောဆိုမျှဝေပါ။
  • တက်ကြွစွာ ကူညီထမ်းဆောင်ပါ။ ဤလှုပ်ရှားဆောင်ရွက်မှုသည် သင့်အတွက် စိတ်ဓာတ်ကောင်းများ ပြန်လည်ဖြစ်ပေါ်စေပါလိမ့်မည်။
  • ဆောင်ရွက်နိုင်စွမ်း” သည်ဟူသော စိတ်ဓာတ်ကို ဖွံ့ဖြိုးတိုးတက်ပါစေ၊ အတွေးအခေါ်ကောင်းများ ထုတ်လုပ်နိုင်ရန် ကြိုးစားပါ၊ အကောင်းဆုံးသော အကြံဉာဏ်များ ရရှိလာလျှင် လူမှုဝန်းကျင်ကို သင် အကောင်းဆုံး ကူညီနိုင်ပါလိမ့်မည်။
  • အပြုသဘောဆောင် ချဉ်းကပ်မှုဖြင့်သာ ဆောင်ရွက်ပါ၊ အဖျက်သဘောဆောင် အရာအားလုံးကို ပယ်ဖျက်ပါ၊ စေတနာသန့်ရှင်းပါ၊ ရည်ရွယ် ချက်ကောင်းရန် လိုပါသည်။

 

မည်သို့ကူညီနိုင်သလဲ 

 

  • လူဦးရေ၏ အများစုသည် ကျေးလက်နေများဖြစ်ပြီး သူတို့၏ဘဝအခြေအနေသည် ဖွံ့ဖြိုးမှုမရှိသေးသောအခြေဖြစ်သည်။ နေထိုင်စားသောက်မှု နှင့် လူမှုဘဝပုံစံသည် မြို့ပြယဉ်ကျေးမှုနှင့် အလှမ်းကွာနေကြသေးပါ သည်။ ခေတ်မီနည်းပညာများ ကောင်းစွာမရောက်ရှိနိုင်သေးပါ။
  • ထိုအများစုသော ကျေးလက်ပြည်သူများသည် အဓိက ရေစီးကြောင်းနှင့် လိုက်ပါနိုင်ခြင်း မရှိသေးခြင်းသည် လူမှုဝန်းကျင်တစ်ခုလုံး ဖွံ့ဖြိုးတိုး တက်မှုသို့ ရောက်သည်မမည်ပါ။ နိုင်ငံတော်တစ်ခုကို တည်ဆောက်ရာ တွင် လူတန်းစားအားလုံး ပါဝင်ရမည်ဖြစ်သည်။ နိုင်ငံတစ်ခုတွင် လူငယ်ထုဦးရေသည် အများဆုံးဖြစ်ပြီး တတိယနိုင်ငံများတွင် အများစုသည် ကောင်းစွာ ပညာသင်ကြား တတ်မြောက်ကြခြင်း မရှိကြချေ။ အာမခံချက်ရှိသော အလုပ်၊ အနာဂတ်အတွက် တိုးတက် ဖွံ့ဖြိုးစေနိုင်သော အလုပ်တို့ ကောင်းစွာမရရှိတတ်ကြသေး။
  • ကျေးလက်များတွင် အလုပ်အကိုင်သစ်များ ဖန်တီးခြင်း၊ နည်းပညာ ဖြန့်ဖြူးခြင်း၊ စီးပွားရေးအလုပ်အကိုင်များ ခွဲဖြန့်ထားနိုင်ခြင်း၊ ကျန်းမာ ရေး၊ ပညာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ပြုလုပ် နိုင်ပါသည်။
  • သတင်းဖြန့်ချိခြင်း၊ အသိဖွံ့ဖြိုးတိုးတက်စေရန် လေ့ကျင့်ပေးခြင်း၊ လူမှု အသိုင်းအဝိုင်းသို့ ယဉ်ပါးထိတွေ့စေခြင်းကိုလည်း ဆောင်ရွက်ရမည်ဖြစ်သည်။
  • လိုအပ်သော ငွေကြေးအရင်းအနှီးများကို ထောက်ပံ့ခြင်း၊ အတိုးနှုန်းသက်သာစွာဖြင့် စီစဉ်ပေးခြင်း။
  • ရှိနေသော အရင်းအမြစ်များကို ကောင်းစွာအသုံးချနိုင်ရန် အသိပညာဖြန့် ဖြူးပေးခြင်း။ ။
  • အတွေးအခေါ်များ၊ အတွေ့အကြုံများ ဖြန့်ဖြူးပေးခြင်း၊ အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများဖြင့် မကြာခဏ သွားရောက်၍ စိတ်အင်အား မြှင့်တင်ပေးခြင်း၊ လိုအပ်သည်များ အကူအညီပေးခြင်း၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဆိုင်ရာ အသိရရှိစေရန် သင်တန်းများ ဖွင့်လှစ်ပေးခြင်း စသည်ဖြင့် ဆောင်ရွက်နိုင်သည်။

 

တစ်ကိုယ်ရည်ပျော်ရွှင်မှု

 

          နိုင်ငံတစ်ခု၏ တိုးတက်ဖွံ့ဖြိုးမှုကို တိုင်းတာရာတွင် ပညာရေး၊ ကျန်းမာရေး၊ ဝင်ငွေ၊ ပျမ်းမျှအသက် စသည့်အချက်များကိုသာ ယခင်က စဉ်းစားခဲ့သော်လည်း နောက်ပိုင်းတွင် Personal Happiness ဟူသော တစ်ကိုယ်ရည် ပျော်ရွှင်မှုကိုပါ ထည့်သွင်း စဉ်းစားလာကြပါသည်။

  • ပျော်ရွှင်မှုဟူသည် စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခု ဖြစ်သည်။ သင့်ဘဝ လုံခြုံမှုရှိသည်ဟု ခံစားယုံကြည်သောအခါ ပျော်ရွှင်မှုကို ရရှိမည်ဖြစ် သည်။ ထိုမှ အနာဂတ်အာမခံချက်၊ ဝင်ငွေတိုးတက်ရရှိခြင်းများသည်လည်း ပျော်ရွှင်မှုကို ပေးအပ်ပါသည်။
  • လူမှုအဖွဲ့အစည်းတစ်ရပ်အနေဖြင့် တည်ငြိမ်ရင့်ကျက်မှုကို ရရှိသည့်အခါ၊စိတ်ချလုံခြုံသည့်အခါ စိတ်အင်အားများ ရရှိလာသည်။ ဤ စိတ်အင် အားသည် တောင်ကြီးများကိုပင် ရွှေ့နိုင်စွမ်းပါသည်။ အနာဂတ်မဲ့နေ သည်၊ ကူညီမည့်သူမရှိဟု ခံစားနေရသူများ၏စိတ်ဓာတ်ကို အားပေးပါ။
  • လုံခြုံသည်၊ အာမခံချက်ရှိသည်ဟု ယုံကြည်သောစိတ်သည် လောဘကို တစ်စုံတစ်ရာ လျော့ပါးစေသည်။ ရုပ်ဝတ္ထုများနှင့် ရင်းမြစ်များအပေါ် ခုံမင်မှု နည်းပါးစေသည်။ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတစ်ရပ်ကို ရရှိစေပါ။
  • လောဘ၊ ဒေါသများ ပါးလျားခြင်းဖြင့် ပိုမိုကောင်းမွန်သော ဝန်းကျင် တစ်ခုကို ဖန်တီးနိုင်လာပါလိမ့်မည်။
  • ပျော်ရွှင်ချမ်းမြေ့မှုရှိသော လူတစ်ဦးချင်းက မိမိတို့၏ လူမှုဝန်းကျင်ကို သူတို့၏ သိမြင်မှု၊ ပညာ၊ အတွေ့အကြုံများကို ပြန်လည် မျှဝေပေးကြပါ လိမ့်မည်။ ဤသို့ ဆောင်ရွက်ခြင်းကပင် နိုင်ငံတည်ဆောက်ခြင်း၏ အနှစ်သာရ ဖြစ်ပါသည်။

 

ရှုထောင့်သစ်

 

          နိုင်ငံတော် တည်ဆောက်ရေးဟူသည် Nation Buildingကို Anvil Rajvanshi ကဲ့သို့ ရိုးစင်းစွာ အဓိပ္ပာယ်ဖွင့်သူများရှိသကဲ့သို့ ခြားနားသောရှုထောင့်မှ အဓိပ္ပာယ်ဖွင့်ဆိုချက်များလည်း ရှိသည်။

( နိုင်ငံတော်တည်ဆောက်ခြင်းဆိုသည်မှာ အစိုးရတစ်ရပ်၏ နိုင်ငံတော်တစ်ခု ကို ပြုပြင်ပြောင်းလဲတည်ဆောက်ရာတွင် တွေ့ကြုံရသော အရေးအရာများကို ကိုင် တွယ်ဆောင်ရွက်ခြင်း ဖြစ်သည်။ နိုင်ငံတော်တည်ဆောက်မှုတွင် အင်စတီ ကျူး ရှင်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းလည်း ပါဝင်ပြီး ထိုအင်စတီကျူး ရှင်းများ၊ အဖွဲ့ အစည်းများက စီးပွားရေး တစ်စုံတစ်ရာ တိုးတက်မှုရအောင် ကူညီ အားပေးပြီး လူမှုညီမျှရေးအတွက် အထောက်အပံ့ကြီးစွာ ဖြစ်စေသည်။)

 

အမေရိကန်ပုံစံ

 

         နိုင်ငံတော်တည်ဆောက်ခြင်းတွင် နိုင်ငံတိုင်း ထပ်တူထပ်မျှ မတူနိုင်ကြချေ။ ကွဲပြားခြားနားသော စီမံကိန်း၊ အခြေခံစံနှုန်းများနှင့် ရည်ရွယ်ချက်အမျိုးမျိုးတို့ ရှိနိုင် ကြသည်။ တိုးတက်သော အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတည်ဆောက်မှုပုံစံတွင် ထင်ရှားသောပုံစံမှာ

  • ပြည်သူပြည်သားများကို ဒီမိုကရေစီ အခွင့်အရေးများ အများဆုံး ပေးအပ်ခြင်း၊ ဒီမိုကရေစီ အတွေးအခေါ်များ ထည့်သွင်းပေးခြင်း။
  • အခြားသော နိုင်ငံများကိုလည်း ဒီမိုကရေစီနိုင်ငံအဖြစ် (Democratization) အားပေးခြင်း။
  • အမေရိကန်များ၏ အခြေခံအကျဆုံးသော ဆောင်ရွက်ချက်မှာ နိုင်ငံများ တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လျော်ညီသော အစိုးရများ စီမံအုပ်ချုပ်သည်ကို ထောက်ခံအားပေးခြင်း။
  • တရားဥပဒေနှင့်အညီ လွတ်လပ်မျှတသော ရွေးကောက်ပွဲများမှတစ်ဆင့်တက်လာသော အစိုးရများကိုသာ အသိအမှတ်ပြု ထောက်ခံခြင်း။
  • တရားဥပဒေစိုးမိုးရေး၊ ဥပဒေ၏အခြေခံစည်းမျဥ်း(Rule of Law),ဥပဒေနှင့် နိုင်ငံတော်အုပ်ချုပ်မှုအာဏာ သီးခြားဖြစ်တည်ရေး။
  • အထက်ပါ အချင်းအရာများသည် ဒီမိုကရေစီအနှစ်သာရများဖြစ်၍ရေရှည်ကောင်းကျိုးအတွက် အကျိုးဖြစ်ထွန်းစေသည်ကို ပြည်သူများသိမြင်စေသည်။
  • ဤဆောင်ရွက်မှုများသည်ပင်လျှင် အမျိုးသားရေး လုံခြုံမှုဖြစ်သည့်အားလျော်စွာ အမျိုးသားရေးတာဝန်တစ်ရပ်လည်း ဖြစ်သည်ဟူသော အသိ ရရှိစေခြင်း။
  • ဤအခြင်းအရာများသည် ပြည်ဝသောဒီမိုကရေစီ (Full-fledged Democracy) မဟုတ်သေးစေကာမူ နိုင်ငံတည်ဆောက်ရေးတွင် ကြီးစွာ အထောက်အပံ့ဖြစ်စေသည်ကို အများကျယ်ပြန့်စွာ သိရှိနိုင်ရေး။