Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

နုယဥ် - ရွှေစင်သက်ထား

Regular price 3,200 MMK
Regular price Sale price 3,200 MMK
Sale Sold out

အခန်း (၁)

 

          “ဟဲ့ ...“နော်မေ” တစ်ယောက် ကလေး ဘယ်ဆီများ သွားထိန်းနေ သလဲ... ဖိုးစံရေ ... လိုက်ကြည့်လိုက်စမ်းပါကွယ်”

          ခံ့ညားသော နှစ်ထပ်တိုက်ကြီးပေါ်မှ အသံတစ်သံသည် မနက်စောစော လေအေးမှာ လွင့်၍ပါလာလေသည်။

          အသံနှင့် မရှေးမနှောင်းလောက်မှာပင် အောက်ထပ် လှေကားထစ်များ ဆီမှ ဒရိုင်ဘာ ဖိုးစံဆိုသူသည် ပြေးတက်လာလေသည်။

          “မနော်မေ ခြံထဲမှာမရှိဘူး မမကြီးရဲ့၊ ခုနတင်ပဲ ခြံဝမှာ တွေ့လိုက်တယ်”

          ပြတင်းဝမှ လှမ်းမျှော်၍ကြည့်နေသော သူဌေးကတော်ကြီး “ဒေါ်စိန်းလှ” သည် ဖိုးစံဘက်သို့ ဖျတ်ခနဲ လှည့်ကြည့်လိုက်ပြီး “ဟေ ... ဟုတ်လား၊ ခြံအပြင် ဘက်များ ထွက်သွားပြန်ပြီလားတဲ့ ဒီ... နော်မေဟာလေ ... ပြောထားလျက် သားနဲ့” ပြောပြောဆိုဆိုပင် သူဌေးကတော်ကြီးသည် တိုက်အောက်ထပ်သို့ ခပ် ဖျာပျားကလေး ပြေးဆင်းသွားလေတော့သည်။

         တိုက်အောက်ထပ် ဆင်ဝင်လောက်ဆီမှ ခြံဝသို့ လှမ်း၍ကြည့်လိုက်ပြီးမှ တစ်ဖန် အနောက်ဘက် ဒရိုင်ဘာ ဖိုးစံဘက်သို့ တစ်လှည့်၊ ထမင်းချက် မယ်အေးတို့ လင်မယား နေထိုင်သည့် အစေခံတန်းလျားဆီသို့အထိ လှည့်၍ကြည့်လိုက်ပြီး သူဌေးကတော် ကြီးသည် ကျယ်ဝန်းသော ပန်းခြံတစ်လျှောက် အပြင်းလှည့်လည် ကြည့်ရှုလျက် ရှိလေသည်။

          သူဌေးကတော်ကြီးမှာ အသားဖြူဖြူဝဝ ဖိုင့်ဖိုင့်ကြီးပင် ဖြစ်သော်လည်း မျက်နှာမှာ အနည်းငယ်ကျ၍နေပေပြီ။

           သူသည် ကလေးအတွက် သောကရောက်နေရ၍လားမသိ၊ မျက်နှာက အနည်းငယ်ကလေးအို၍ နေပေသည်။

           “နော်” ကလည်းလေ ... အပြင်ထွက်ပြီး ကလေးမထိန်းပါနဲ့လို့ ပြော ထားလျက်ကနဲ့ ထွက်ဖြစ်အောင်လည်း ထွက်လိုက်ရသေးတယ်၊ နော်မေရေ • • • အေ... နော်မေ...”

           ဒေါ်စိန်းလှသည် ခြံပေါက်ဆီမှရပ်ပြီး အပြင်ဘက်ဆီသို့ လှမ်းမျှော်ပြီး ခေါ်နေလေသည်။

           မကြာမီမှာပင် ကလေးလက်တွန်းလှည်းကလေးကို တွန်းကာ လျှောက်လာ နေသော ကရင် အာယားမကလေး တစ်ယောက်သည် ဒေါ်စိန်းလှရှိရာသို့ ကဗျာ ကသီ ရောက်လာလေတော့သည်။

          “ကျွန်မ ဒီနားတင်မှာပဲ ရှိပါတယ် မမကြီးရဲ့၊ ဘယ်မှမသွားပါဘူး၊ မမကြီး ခေါ်နေတာ ခုပဲ ကြားရပါတယ်”

          ဒေါ်စိန်းလှသည် ကလေးကို တွေ့ရကာမှ အနည်းငယ် စိတ်ဆိုးသွားပြီး။

          “နော်မေ ... ညည်း နောက်ကို ကလေး ဒီခြံထဲတွင်မှာပဲ ထိန်းပါအေ၊ အပြင်ဘက်ကို လုံးလုံးမထွက်ပါနဲ့”

          “ကျွန်မ မထွက်ပါဘူး မမကြီးရဲ့၊ ကိုဦးကလေးက အပြင်ထွက်ရအောင် ဆိုတာနဲ့ ခဏထွက်ပြတာပါ၊ ခုနကကလေးပဲ ရှိပါသေးတယ်”

          ဒေါ်စိန်းလှသည် လှည်းကလေးထဲမှ ကလေးကို ငုံ့၍ကြည့်လိုက်ပြီး။

          “ဟုတ်လား ... လူလေး ... လူလေးက အပြင်ထွက်ချင်တယ်လို့ ပြောတယ်ဆို၊ လူကလေး လမ်းလျှောက်ချင်လို့ ထင်တယ်၊ နော်မေ အပြင်ဘက်မှာ ကလေး အောက်ဆင်းပြီး လျှောက်ခဲ့သေးသလား”

           “ဟင့်အင်း မလျှောက်ပါဘူး ခုပဲ မမကြီးခေါ်သံ ကြားရတာနဲ့ ကျွန်မတို့ ပြန်ဝင်လာခဲ့ကြတာ”

ဒေါ်စိန်းလှသည် ကလေးကို ငုံ့၍ကြည့်ပြီး။ 

           “လူကလေး ဒီမနက် လမ်းလျှောက်ချင်သေးသလား၊ လာ လာ ...

ဒါဖြင့် ဘွားဘွားပါ ကူပြီး လျှောက်ပေးမှာပေါ့ ... အမယ် ... ကလေးလက်ထဲ မှာ ပန်းပွင့်ကလေးတွေပါကော မွှေးလိုက်တာကွယ် ... ကြိုင်လို့ပဲ”

          ဒေါ်စိန်းလှသည် ကလေးလက်ထဲမှ ပန်းပွင့်ကလေးများကို ယူပြီး ကလေး ကို ပွေ့ချီလိုက်လေသည်။

          “ပန်းနံ့ကလေးတွေ မွှေးတာနဲ့ ကိုဦးကလေးက ခူးပေးစမ်းပါနော် မေရယ်၊ ဘွားဘွားဘုရားရှိခိုးဖို့ဆိုတာနဲ့ ကျွန်မ ခြံစည်းရိုးပေါ်တက်ပြီး ခူးပေးတာ”

          ဒေါ်စိန်းလှသည် မြေးကလေးကို ပွေ့ယူပြီး လှည်းကလေးကို မြက်ခင်း ပေါ်မှာ ရပ်ထားလေသည်။

          “လူကလေး လမ်းလျှောက်မယ်နော် ဘွားဘွားလက်ကို ကိုင်ထား ... ကဲ • • • နော်မေက တစ်ဖက်ကကိုင် ... လာ လူလေး အခု လူလေး လျှောက်တာ ဟာ မြက်ခင်းပေါ်မှာနော် မှတ်ထား”

          ကိုဦးကလေးသည် နော်မေနှင့် ဘွားဘွားတို့နှစ်ယောက်ကြားတွင် ကြောင် တက်တက်ကလေး လိုက်ပါလာလေသည်။

          “နော်မေ ... ရေ ... ပုဏ္ဍရိက်ပင်နား ရောက်ပြီလားကွယ် ကိုဦး လေး ... ပုဏ္ဍရိက်ခူးချင်လို့”

          “မရောက်သေးဘူးကွဲ ကလေး၊ ရောက်တော့ နော်မေ ပြောမှာပေါ့”

          “ရောက်တော့ ပြောနော် ... နော်မေ ... ကိုဦးဘာသာ ခူးမယ် ဘွားဘွားလည်း ခူးမပေးရဘူး၊ ကိုဦး ကစားမလို့”

          ကိုဦးလေးမှာ နှစ်ခါလည်သာကလေးပင် ဖြစ်သော်လည်း သူ့ဘာသာသူ လမ်းမလျှောက်နိုင်ရှာပါ။

သူသည် ဝဝတုတ်တုတ်ကလေးဖြစ်ပြီး ကျန်းမာတောင့်တင်းပါသည်။ အားအင်ချည့်နဲ့သူကလေး မဟုတ်ပါ။ သို့သော် သူ့မှာ ဘဝအကုသိုလ် အကျိုးပေး ကြောင့် စက္ခုနှစ်ကွင်း အလင်းမရခဲ့ပါ။

           ငယ်ငယ်ကတည်းက မိခင်နှင့် ကွဲကွာခဲ့ပြီး အေနှင့် ဖခင်တို့၏ စောင့်ရှောက်မွေးမြူခြင်းကို ခံယူလာခဲ့ရသူကလေးသာ ဖြစ်ပါသည်။

           ကိုဦးကလေး အခါလည်သာသာလောက်တွင်မှ သူ့မိခင်သည် သူ့အား စွန့်ပစ်ခွဲခွာ၍ သွားခဲ့လေသည်။ ကိုဦးကလေးသည် သူ့မွေးမိခင်ကို လုံးလုံးမေ့လျော့ ခဲ့ပြီး ဘွားအေကြီးကိုပင် မိခင်ပမာ မှတ်ထင် ခင်မင်ခဲ့ရှာပါသည်။

          လောကကြီးတွင် ကိုဦးကလေး မှတ်မိသူမှာ သုံးယောက်သာ ရှိပါသည်။ ဘွားဘွားနှင့် နော်မေ သည့်နောက် ကိုဦးကလေး၏ ဖခင်၊ ဤသုံးယောက်ကိုသာ ကိုဦး မှတ်မိပြီး အမြဲတမ်း စကားပြောလေ့ ရှိပါသည်။

          ကိုဦးလေးမှာ နော်မေနှင့်သာ အမြဲလိုလို နေလေ့ရှိသော်လည်း သူ၏ ဘွားဘွားနှင့် ဖေဖေကိုကား မကြာခဏ မေးတတ်လေ့ ရှိပေသည်။

          သို့သော် ကိုဦးကလေး၏ ဖေဖေမှာ တစ်ခါတစ်ရံ ကိုဦးကလေးထံသို့ မရောက်လာဘဲ ပျောက်ကွယ်၍နေတတ်ပေသည်။ ဤအခါ ကိုဦးကလေးသည် နော်မေနှင့် ဘွားဘွားအား တဖွဖွသတိရပြီး မေးတတ်လေ့ ရှိပေသည်။

          သူ့မှာ ဖခင်အား မမြင်ဖူးရှာသော်လည်း အလွန်အမင်း ချစ်ခင်နေရှာပေ သည်။ သူ့ဖခင်ကလည်း တွေ့သည့်အခါတိုင်း ယုယပြုစုလေ့ရှိပေသည်။ နှစ်ခါလည် သားပင် ဖြစ်သော်လည်း မွေးကတည်းက မျက်စိနှစ်လုံး မမြင်ရရှာသူ သားငယ်ကို သနားကြင်နာစိတ်ကြီးစွာဖြင့် ပွေ့ချီယုယလေ့ ရှိပါသည်။ ကိုဦးကလေး မေးမြန်း တတ်သည်များကို စိတ်ရှည်လက်ရှည် ဖြေဆိုသင်ပြလေ့သာရှိပေသည်။ သူ၏ ဖေဖေမှာ မိတဆိုး သားငယ်ကလေးအား အထိန်းလက်မှ မကြာခဏယူပြီး ချော့မြူ ကစားလေ့ရှိသဖြင့် ကိုဦးကလေးမှာ သူ၏ ကစားဖော်ပမာ ရှိနေသော မွေးသဖခင် အား မကြာမကြာ သတိရ မေးမြန်းတတ်ခြင်းသာ ဖြစ်ပေသည်။

          “ပုဏ္ဍရိက်ပင်တွေနားကို ရောက်ပြီလား နော်မေ... ဟင်”

          “ရောက်လုပြီ ... ကလေး .... ကဲကဲ... လာ... ဟောတာ ပုဏ္ဍရိက် ပင်တွေပဲ”

ကိုဦးလေးသည် ဘွားဘွားနှင့် နော်မေလက်မှ ဖြုတ်ကနဲ ခွာခဲ့ပြီး ပုဏ္ဍ ရက် စည်းရိုးတွင် လက်ကလေးနှစ်ဖက်ကို တွယ်လိုက်လေတော့သည်။

          ပြီးလျှင် သူ့ဘာသာ စမ်း၍ စမ်း၍ လျှောက်သွားနေလေသည်။

          နော်မေနှင့် ဘွားဘွားမှာ သူ့နောက်မှ ကပ်၍လိုက်ကာ မျက်ခြည်မပြတ် ကြည့်ရှုလျက်ပင် ရှိကြလေသည်။

ကလေးသည် ပုဏ္ဍရိက်ပင်တန်းတစ်လျှောက် တွယ်၍ သွားရင်း တစ်ခါ တစ်ခါ ပုဏ္ဍရိက်သီးကလေးကို လက်ကလေးနှင့် စမ်းမိသည့်အခါ အလွန်အမင်း ဝမ်းသာနေရှာလေသည်။

          နော်မေသည် ကိုဦးလေး ခူးပြီးသော ပုဏ္ဍရိက်သီးကလေးများကို စုပြီး ကိုင်ထားရလေသည်။

           ကိုဦးလေးသည် လမ်းလျှောက်နေရာမှ ခေတ္တရပ်နားလိုက်ပြီး ပြူးကြောင် သော မျက်လုံးကလေးတစ်စုံဖြင့် ကောင်းကင်ဆီသို့ မှန်းမျှော်၍ ကြည့်လိုက်လေသည်။

          “ဟော ... ဘွားဘွား ကိုဦးလေးနားမှာ အော်သံကလေး တစ်ခု ကြား လိုက်ရတယ်၊ ပြီးတော့ လေလေးလည်း နည်းနည်းအေးသွားတယ်၊ အဲဒါဘာလဲဟင် • • • ဘွားဘွား”

          ဒေါ်စိန်းလှသည် ကိုဦးလေး ကြည့်ရာဆီသို့ လိုက်၍ ကြည့်လိုက်လေ၏။

           လိပ်ပြာကြီး နှစ်ကောင်မှာ ပုဏ္ဍရိက်ပွင့် အဆုပ်ကြီးများပေါ်တွင် နား ကာ ပျံကာနှင့် ပန်းဝတ်ရည်စုပ်ရင်း ချစ်ကြိုးသွယ်နေကြလေသည်။

           “ဪ ... ဒါ လူလေး သိချင်လို့လား ... လိပ်ပြာကြီးတွေ ကလေးနား မှာ ဖြတ်ပြီး ပျံသွားတာလေ ...”

           “လိပ်ပြာကြီးတွေ ဟုတ်လား ဘွားဘွား ... လိပ်ပြာကြီးတွေဟာ ဘယ်လို နေမှာပါလိမ့်မလဲနော်၊ ကိုဦးလေးကို ပြောပြပါလား နော်မေရယ်”

          နော်မေသည် လိပ်ပြာကြီးနှစ်ကောင်ကို ကြည့်နေရာမှ “လိပ်ပြာဆိုတာ လူတွေလိုမဟုတ်ဘူး ကလေးရဲ့ လေထဲမှာ လမ်းလျှောက်နေကြတာ၊ ဒါကြောင့် ကလေးနားမှာ ပျံသွားတော့ သူတို့ တောင်ပံကလေးတွေက လေအေးသွားတာပေါ့”

          “အဲဒီလေထဲက လိပ်ပြာကြီးတွေ ကိုဦးလေး ကိုင်ချင်လိုက်တာ နော်မေ ရယ်၊ ယူပေးပါလား”

          “လိပ်ပြာဆိုတာ ယူလို့ မရဘူး ကလေးရဲ့၊ မိုးပေါ်ကို ပျံသွားတတ်တယ်”

          “ကိုဦးလေး ကိုင်ကြည့်ချင်လို့ပါ နော်မေရယ်၊ နော်မေ ဖမ်းလို့မရရင် ကိုဦးလေး ဖေဖေ ပြန်လာတော့ ဖမ်းခိုင်းဦးမယ် ... နော် ဘွားဘွား”

           “အေး ... အေး ... ဖမ်းတာပေါ့ကွယ်၊ လိပ်ပြာဆိုတာ ကိုဦးလေး ခုတင်က ခူးထားတဲ့ ပန်းပွင့်လေးတွေကိုပေါ့၊ အဲဒီလိုပဲ ပျော့ပျော့လေးနေတာပေါ့”

           “ဒါဖြင့် သိပ်မွှေးမှာပဲနော် ဘွားဘွား၊ အေးကွယ် ကိုဦးလေး ဖေဖေက လည်း လာခဲလိုက်တာ ဘွားဘွားတို့ နော်မေတို့ကလည်း ဖမ်းလည်း မပေးကြဘူးကွယ်”

          ဒေါ်စိန်းလှသည် မြေးကလေးကို စိုက်ကြည့်နေရာမှ မျက်ရည်ကလေးပင် စို့လာအောင် ကရုဏာသက်မိရှာလေသည်။

           “ကဲ ... ကဲ လူလေး မြက်ခင်းပေါ်ပြန်ကြစို့၊ လာ .. ဘွားဘွားကို လက်တွဲ ... နော်မေ ... လာတဲ့”

ကိုဦးကလေးသည် မြက်ခင်းပေါ်တွင် လျှောက်နေရာမှ နေရောင်ခြည်နု ကလေးဆီသို့ မော့ကြည့်လိုက်ပြန်လေသည်။

           “အခု မိုးလင်းပြီနော်... ဘွားဘွား ... အခုမှ မိုးလင်းတယ်၊ မိုးလင်း ရင် ဖေဖေလာတော့မယ်၊ ဖေဖေလာရင် လိပ်ပြာဖမ်းခိုင်းမယ်၊ ဘွားဘွား ဖေဖေ လာတော့ ပြောနော်”

           ဒေါ်စိန်းလှသည် မြေးကလေးကို အဖြေမပေးမီ မျက်ရည်စို့လာပြန်လေ တော့သည်။

           “ဖေဖေ ဘယ်တော့လာမှာလဲဟင် ... ဘွားဘွား မိုးလင်းနေမှပဲ၊ ဖေဖေ ကလည်းလေ ... လာလည်း မလာဘူးကွယ်”

            ဒေါ်စိန်းလှသည် မြေးကလေးကို လှည်းပေါ်သို့ ပြန်တင်လိုက်ပြီး မျက်နှာ မသာမယာဖြင့် ဆက်လက်၍ လျှောက်သွားလေသည်။ နော်မေမှာ ကလေးအား လှည်းကလေးထဲတွင် ထည့်ပြီး ပန်းခြံထဲတစ်လျှောက်တွင် ဆက်လက်၍ ထိန်းမြဲ ထိန်းနေခဲ့လေ၏။ ဒေါ်စိန်းလှသည် တိုက်အပေါ်ထပ်သို့ လေးကန်သော ခြေလှမ်း များဖြင့် တက်ခဲ့ပြီး အိပ်ခန်းတွင်းသို့ ဝင်ခဲ့လေတော့သည်။

              ဒေါ်စိန်းလှ၏ခင်ပွန်းသည် ဦးဘမြင့်မှာ ဤအချိန်၌ မြို့တွင်းရှိ ဘုရားဆီ သို့ ဝတ်ပြုရင်း လမ်းလျှောက်ထွက်သွားလေပြီ။

              ဒေါ်စိန်းလှသည် သူဖတ်နေကျ တရားစာအုပ်များထားရာ စာအုပ်စင် ကလေးပေါ်မှ စာအုပ်တစ်အုပ်ကို ဆွဲယူပြီး စာရွက်များကို ဟိုမှသည်မှ လှန်လှေ ၍ နေပြန်လေ၏။ မဟောင်းလှသေးသော စာရွက်ခေါက်ကလေး တစ်ခုမှာ ဒေါ်စိန်းလှ ရှေ့သို့ လျှောခနဲ ထွက်ကျ၍ သွားလေတော့သည်။

             ဒေါ်စိန်းလှသည် ဖြန့်၍ ဖတ်နေသော စာရွက်ကလေးထဲမှ စာလုံးများကို ဖြတ်ကျော်ကာ ရီဝေသော သူ့မျက်လုံးများသည် လွန်ခဲ့သော ဆယ်နှစ်ကျော် လောက်ဆီက အတိတ်ပန်းချီကားတစ်ခုဆီသို့ အာရုံစူးစိုက်နေခဲ့လေတော့သည်။