Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

နုယဥ် - စန္ဒကိန္နရီနှင့်နိပါတ်တော်လာထင်ရှားသောဇတ်ဝထ္ထုများ

Regular price 3,200 MMK
Regular price Sale price 3,200 MMK
Sale Sold out

စန္ဒကိန္နရီ ထုတ်ဝေရခြင်းအကြောင်းရင်း

 

          စန္ဒကိန္နရီနှင့် နိပါတ်တော်ဇာတ်လမ်းများ စာအုပ်သည် ယခု ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေခြင်း ဖြစ်လေသည်။ စာအုပ်မဖြစ်မီ နှစ်အတန်ကြာအချိန်က “ဓမ္မပဒေသာ” ဘာသာရေး မဂ္ဂဇင်း၊ န၀ဒေး” မဂ္ဂဇင်း၊ ရွက်နုဝေ” မဂ္ဂဇင်း ဘာသာရေးကဏ္ဍ တွင် လစဉ်ရေးသားခဲ့သော ဇာတ်ဝတ္ထုများ ဖြစ်ပါသည်။ စာမူ အများဆုံး ပါဝင်ရေးသားရာ ဓမ္မပဒေသာ မဂ္ဂဇင်း အယ်ဒီတာ ဖြစ်သူ ကဗျာဆရာ တက်လူက ရှိသမျှ စုစည်းပေးကာ ကျန်စာမူ တို့ကို ဖြည့်စွက်ရှာဖွေပြီး ယခုလို ပုဒ်ရေများစွာ ရှိလာရပါသည်။

          စန္ဒကိန္နရီစာအုပ် ဖြစ်မြောက်ရေးတွင် အယ်ဒီတာဖြစ်သူ တက်လူနှင့် ရင်းနှီးခင်မင်သဖြင့် သူ၏ ကူညီမှုသည် အဓိက ဖြစ်ပေသည်။ မူလနိပါတ်တော်များ ပြုစုခဲ့သူ မဟာပညာဗလ၊ ပထမကျော် ဆရာကြီး ဦးကြီးဖေက သူပြုစုရာတွင် (၂၅) နှစ်ခန့်ရှိပြီး ထုတ်ဝေသူ မရှိရာမှ ဟံသာဝတီတိုက်ရှင် ဦးညွန့်က ယူကာ ထုတ်ဝေမှ အထမြောက်ရသည်ဟု သူ့အမှာ နိဒါန်းအရ သိရှိရပါသည်။ စာပေပြုစု ရေးသားသူက စေတနာ သန့်သန့်ဖြင့်ဗုဒ္ဓသာသနာပြုအဖြစ် ဆောင်ရွက်ရာတွင် ကိုယ်တိုင် မထုတ်ဝေ နိုင်သဖြင့် (၂၅) နှစ်ကြာညောင်းခဲ့ရာတွင် ယခုအခါမှာ ပထမကျော် ဦးကြီးဖေနှင့် ဟံသာဝတီဦးညွန့်တို့၏ ကျေးဇူးကို စာဖတ်သူများ ကောင်းမှုခံစားနေကြရပြီ ဖြစ်သည်ကို သိရှိရလေသည်။

          ခေတ်ကာလ သားသမီးများသည် ရှေးခေတ်ကလို ဇာတ်သဘင်များ ကြည့်ရှုရခြင်း၊ ရုပ်ကြီးစင် ကပွဲများ မကြည့်ကြ ရဘဲ ကာလပေါ်ရုပ်ရှင်နှင့် ဇာတ်လမ်းအခွေများကြည့် ကာ

ဖျော်ဖြေမှုများဖြင့်သာ နေကြရသည်ဖြစ်၍ ဗုဒ္ဓဘာသာရေး ဆိုင်ရာ အသိပညာများ ဝေးကွာနေကြရသည်ကို တွေ့ရှိနေရလေသည်။

          ရှေးခေတ်၊ ယခုခေတ် ဇာတ်သဘင်များမှာ မူလကတည်းက သုတ္တိဒေသနာတော်များမှ လူမှုရေးနှင့် ဘာသာရေးတွဲစပ်ရာ ဇာတ်လမ်းများကို ရွေးချယ်ကာ လောကလူမှုမှာ အကုသိုလ်ကင်း

အောင် ပမာပေး၍ ပြသလေ့ရှိပါသည်။ ယနေ့ခေတ်မှာ ရုပ်ရှင်မှ ရုပ်ရှင်၊ ရုပ်ရှင်မှ အိမ်တွင်း ရုပ်ရှင်အဖြစ် အခွေများငှားပြီး လွယ်လင့်တကူကြည့်ကာ ဖျော်ဖြေမှုအဆင့်တွင် ခံစားနေကြရသူ တို့မှာ လောက၊ ဓမ္မ ၊ ရာဇခြင်းရာ အကုသိုလ်ကင်းရာ လူနေမှု အကျင့်စရိုက်များ တိုးတက်ရာ ဗုဒ္ဓစာပေလိုအပ်နေသည်သာ ဖြစ်ပါသည်။ စာပေပြုစုသူတိုင်းမှာ တာဝန်ကိုယ်စီ ရှိကြရသည် သာ။ ပြည်သူ့အတွက်၊ အထူးသဖြင့် တိုးပွားနေသော လူငယ်၊ မိန်းမငယ်တို့အတွက် မိဘတို့၏ ဆုံးမပြုပြင်မှုနည်းပါး၍ အပြင်

လောကမှာပင် ပေါ့ပျက်သော အပေါင်းအသင်းဆီမှာ မွေ့လျော်ကာ မိမိတို့၏ ဘဝရှေ့ရေးကို ထည့်၍ မစဉ်းစားဘဲ ဘဝရှေ့ရေး မျှော်လင့်ချက်ဝေးသော လူငယ်တို့အား ရှေ့ဆောင်ကာ လမ်းပြမှု ပေးရန် တာဝန်ရှိနေပါသည်။ ထိုတာဝန်မှာ သာသနာရေးမှ ဆင်းသက်လာသော တိုင်းပြည်ပြုတာဝန်သာ ဖြစ်ရာ စာရေးသူ ဆရာတို့မှာ သတိရှိကြဖို့ သင့်ပေသည်။ ဤသို့သော သတိအမြဲ ရှိခဲ့ရသည်မှာ မဆန်းပါ။ ကျွန်မတို့ငယ်စဉ်က ရတနာသုံးပါး ဦးထိပ်ထား၍ ဘာသာရေးကို ဦးစားပေးကာ သားသမီးတို့အားယဉ်ကျေးစေခဲ့သဖြင့် ထိုယဉ်ကျေးမှုကို ကျင့်သုံးလာရသော ကျွန်မ တို့ သားချင်းတစ်စုမှာ အိုမင်းလာသည်အထိ ပေါ့ပျက်ပျက် လူစား မဖြစ်ခဲ့ဘဲ၊ လေးနက်ခိုင်မာ၍ အကျင့်စာရိတ္တ မြင့်စွာသော လူကြီး လူကောင်းအဖြစ် သာမန်မျှသာမဟုတ်ဘဲ မိမိတို့၏ တိုင်းပြည်နှင့် လူမျိုးအတွက် ဗုဒ္ဓဘာသာရေးကို ရှေ့တန်းတင်ကာ နှောင်းလူ တို့သည်လည်း မိမိတို့ကဲ့သို့ပင် ဖြစ်လာစေလိုသော စေတနာရှင် လူကြီးလူကောင်းများသာ ဖြစ်ကြရပါသည်။

          ဗုဒ္ဓရှင်တော်မြတ်ဘုရား၏ အဆုံးအမ စကားမှတစ်ဆင့် ဗုဒ္ဓဘာသာဝင် မိဘတို့က သားသမီးတို့ အား ယဉ်ကျေးမှု လက်ဆင့်ကမ်းသည်ကို သားသမီးတို့က ကြိုဆိုလိုက်နာကြစေချင် ပါသည်။ ယခုခေတ်မှာ မြင်တွေ့နေရသော ပေါ့ပျက်ပျက် လူငယ် မိန်းမငယ်တို့အား ဗုဒ္ဓ၏ ယဉ်ကျေးမှု အဆုံးအမမှာ နားဝင်ကာ လိုက်နာသင့် စေကြပါသည်။ သက်ဆိုင်ရာ မိဘတို့သည် ခေတ်ပေါ် အသိပညာပေးရုံဖြင့်သာ မပြီးဘဲ ဘယ်ခေတ်မှာမဆို ရှိနေအပ်သော ဤယဉ်ကျေးမှုအသိပညာကို သားသမီးတို့အား ပညာအမွေ ပေးစေချင်ပါသည်။ လောကအကြောင်း ကောင်းဆိုး နှစ်တန် အသိပညာမှန်ကို မသိနိုင်ကြသေးသော လူမမည် သားသမီးလေးတွေမှအစ သူတို့အထက် အသက်ကြီးသူ မိသားစု တို့အား ရှေ့သွား လူကြီးမိဘတို့က လမ်းညွှန်ပြသ ပြုပြင်ကြစရာ ဤသုတ္တန်ဒေသနာတော်အရ ပေါ်ထွက်လာသော “စန္ဒကိန္နရီ” လို စာကောင်းပေမွန်ကို လက်ဝယ်ထားကာ ဖတ်ရှုစေဖို့ တိုက်တွန်း သင့်ပါသည်။

          သုတ္တန်ဒေသနာတော်မှ ရွေးချယ်ကာ ရေးသားခဲ့ရသော ဤစန္ဒကိန္နရီ စာအုပ်သည် ပထမဆုံး ထွက်ခဲ့ရာ စာအုပ်ဖြစ်သဖြင့် နောက်ထပ်ထွက်ခဲ့သော စာအုပ်များထက် ပုဒ်ရေများများ ပိုကာပို၍ ဖတ်စရာတွေ ပါရှိနေပါသည်။ သူ့နောက်မှာ ထွက်လာခဲ့ပြီးသော “ဥမ္မာဒန္တီ” နှင့် “အလှရှင်မ ပပဝတီ” စာအုပ်တို့မှာ ပုဒ်ရေ (၂၆) မျှသာ ပါရှိပါသည်။ စန္ဒကိန္နရီက ပုဒ်ရေ (၄၀) ရှိ၍ နှစ်အုပ်စာနီးပါး ရှိနေပါသည်။ ထွက်လာသမျှသော သုတ္တန်ဒေသနာတော် ဇာတ်ဝတ္ထုများမှာ စိတ်ဝင်စားဖွယ်ရာတွေချည်းသာဖြစ်၍ မြတ်စွာ ဘုရား အလောင်းတော်ဘဝများစွာက ခံယူကျင့်သုံးခဲ့ရသော ဘုရားဟော တကယ့်ဖြစ်ရပ်များသာဖြစ်၍ စိတ်ချလက်ချ အားရ ပါးရ ဖတ်ရှုကာ ရသ+သုတစာပေ အကျိုးရရှိရုံမျှမက မြတ်စွာ ဘုရား၏ ခန္တီပါရမီ ဖြည့်ဆည်းခဲ့ရပုံများကို သိရှိရသဖြင့် လက်အုပ် ချီကာ ဘုရားကန်တော့စဉ်မှာပင် ဘုရားရှင်၏ ပါရမီဖြည့်ချက် များကို မြင်ယောင်ထင်ယောင်ဖြစ်ကာ ပို၍ ယုံကြည်အားထားရာ ဗုဒ္ဓတစ်ဆူအဖြစ် အာရုံစွဲလာကြရပါသည်။

          ဗုဒ္ဓဘာသာ မြန်မာတိုင်းပြည်ဖြစ်၍ ဗုဒ္ဓဘာသာဝင်မှန်သမျှ၊ ကလေးငယ်ဘဝမှစ၍ ဘုရားကို လက်အုပ်ချီကာ ကန်တော့ပုံ သင်ပြပေးရုံမျှမကဘဲ ကလေးများ ငယ်ဘဝကပင် ရတနာသုံးပါး သက်ဝင်ယုံကြည်မှု စွဲနေကြစေရန် ဤသို့သော သုတ္တိဒေသနာ အရ မြတ်စွာဘုရား ဟောကြားခဲ့ရာ ဇာတ်ဝတ္ထုများမှ ကလေးတို့ နှင့် သင့်လျော်ရာ ဉာဏ်မီရာ ဇာတ်ဝတ္ထုလေးများကို ရွေးချယ်ကာ ပုံပြောသလို ပြောပြ နားဝင်ကြစေချင်ပါသည်။ ဗုဒ္ဓဘာသာ မြန်မာ မိဘတို့သည် သားသမီး လိမ္မာယဉ်ကျေးစေချင်ပါက ငယ်ဘဝမှ စတင်၍ ဘာသာရေး ယဉ်ကျေးမှုပေးကြရန် ဤ စန္ဒကိန္နရီလို ဇာတ်ပေါင်းစု စာအုပ်များ ရှိနေပြီပဲ။ ဗုဒ္ဓဘာသာပီပီသသ ဖြစ်စေလို

သော စာရေးသူတို့၏ စေတနာအရာ ဖြစ်မြောက်အောင် တစ်ဆင့် သယ်ယူကာ ဒုတိယအကြိမ် ထုတ်ဝေပေးသူ နိဒါန်းသစ်စာပေ” နှင့် အဖွဲ့ အားလည်းကောင်း၊ မူလပထမ ဇာတ်တော်များ စုစည်း စီမံပေးခဲ့သူ ဓမ္မပဒေသာ အယ်ဒီတာ၊ ကဗျာဆရာတတ်လူအား လည်းကောင်း၊ ဖြန့်ချိပေးသူ အသီးသီးအား လည်းကောင်း ကျေးဇူးတင်လျက်ရှိနေပါကြောင်း အစီရင်ခံအပ်ပါသည်။

 

နုယဉ် ၂၀၀၄ ခုနှစ်