Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

နုယဥ် - ဂျာအေးပုံပြင်များ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out
Type

လူတော် မြို့စားကလေး

          ရှေးသရောအခါက အဘိုးအို၊ အဘွားအိုများ အသက်ရှည်ရှည် မနေရသော ခြောက်ဆယ်ရွာအမည်ရှိ ရွာကလေးတစ်ရွာ ရှိလေ၏။ ခြောက်ဆယ်ရွာ၌ လူဖြစ်လာသူတို့သည် အသက်ခြောက်ဆယ်ထက် ပို၍ မနေနိုင်ကြချေ။ အသက်ခြောက်ဆယ်ရောက်လာသည်ဆိုလျှင်ပင် အမယ်အို၊ အဘိုးအိုတို့သည် သူတို့ ကောင်းရာမွန်ရာဘဝသို့ ရောက်စေ ရန် သူတို့ဘာသာ သူတို့၏ အသက်ကို စတေးပစ်ကြရလေသည်။ သူတို့ရွာကလေးတွင်    ရှေးရှေးသောအခါကပင် အစွဲတစ်ခု ရှိခဲ့သည်။ ထိုအစွဲမှာ အသက်ခြောက်ဆယ် ပြည့်လာသူသည် နောင်အခါ၌ ဘဝကောင်းကို ရစေရန် မိမိတို့ မိမိဘာသာ ရွာထိပ်ရှိ ရေကန်ကြီးဆီသို့ သွား၍ ထိုရေကန်ကြီးထဲ၌ ပွင့်နေသည့် ကြာပွင့်ကြီးတစ်ပွင့်ထဲသို့ ခုန်ချ လိုက်ရသည်။ ထိုသို့ ခုန်ချလိုက်လျှင် သေဆုံးသွား၍ သေသူသည် နောင်အခါ၌ ကောင်းသောဘဝတစ်ခုသို့ ရောက်ရသည်၊ ချမ်းသာခြင်း ရှိသည်ဟု ဆိုစမှတ်ရှိနေလေသည်။ ထို့ကြောင့် ထိုရွာကလေးရှိ လူတို့ သည် ယောက်ျားမိန်းမ,မရွေး အသက်ခြောက်ဆယ်ရောက်လာလျှင်ထိုကန်ထဲရှိ ကြာပွင့်ကြီးပွင့်လာလျှင် ခုန်ချလိုက်ကြရသည်ချည်း ဖြစ် လေသည်။ ထို့ကြောင့် ရွာကလေးကို ခြောက်ဆယ်ရွာဟု ရှေးက ခေါ်ဆို ခဲ့ကြခြင်း ဖြစ်လေသည်။

          တစ်နေ့သ၌ ထိုရွာကလေး၌ တစ်သက်ပတ်လုံး နေထိုင်လာသူ အမယ်အိုတစ်ယောက်သည် အသက်ခြောက်ဆယ် ပြည့်လုနီးလာလေ ၏။ အမယ်အိုသည် သူ့အသက်ကို စတေးခါနီးလာပြီဖြစ်သဖြင့် ရှိသမျှ ပစ္စည်းတို့ကို သားများအား ဝေငှပေးလေ၏။ သူ့အတွက်မူကား အသက်စတေးလျှင် ဝတ်ဆင်ရန် အကောင်းဆုံး အဝတ်တစ်စုံ ချန်ထား လေ၏။ သူသည် တစ်နေ့နေ့၌ ကြာကန်ကြီးသို့သွား၍ ကြာပွင့်ကြီး ထဲသို့ ခုန်ချပြီး သူ့အသက်ကိုစတေးရန် အချိန်ရောက်လာတော့မည်ဟု တွေးကာ ရပ်ဝေးမှာရှိသည့် သားသမီးတို့ကို အကြောင်းကြားလိုက်လေ ၏။ ရပ်ဝေးမှာ နေကြသည့် သားသမီးတို့လည်း တစ်ယောက်ပြီးတစ် ယောက် ရောက်လာကြလေ၏။ သူတို့သည် မိခင်ကြီး၏ အသက် ခြောက်ဆယ်ပြည့်၍ စတေးရတော့မည်ကို သိကြသောအခါ ခွဲရမည်ကို ဝမ်းနည်းကာ ငိုယိုကြလေ၏။ မိခင်ကြီးကမူကား “မငိုကြနှင့် သားတို့ သမီးတို့၊ အမေ ဒီကြာပွင့်ကြီးထဲကို ခုန်ချလိုက်မှသာလျှင် ကောင်းရာ မွန်ရာဘဝကို ရောက်ရမှာမို့ စိတ်ကောင်းကောင်းထားကြပါ။ အမေ့ အတွက် ကောင်းကောင်းဆုတောင်းရစ်ကြပါ” ဟု ပြောလေ၏။ ထိုသို့ ပြောသော်လည်း သားသမီးတို့သည် ဝမ်းနည်းစွာ ငိုယိုမြဲ ငိုယိုနေကြ လေ၏။ သားသမီးတို့အထဲတွင် မငိုသူတစ်ယောက်သာ ရှိလေ၏။ သူသည် သားယောက်ျားဖြစ်၍ မြို့ကြီးတစ်မြို့နှင့် ရွာငယ်များကို အုပ် ချုပ်ရသော မြို့စားကလေးတစ်ယောက် ဖြစ်လေ၏။ ထိုအမယ်အို နေ ထိုင်သည့် ရွာကလေးမှာ မြို့စားအုပ်ချုပ်ရသည့်နယ်ပယ်ဖြစ်၍ မိခင် ကြီး သေရတော့မည်ဟု သိသောအခါ မငိုဘဲ ရွာကလေးတွင် အသက် ရှည်ရှည် မနေနိုင်ကြရသည့်အကြောင်းရင်းကို စဉ်းစားနေရသဖြင့်သာ သူမငိုနိုင်ခြင်း ဖြစ်လေ၏။ မြို့စားကလေးသည် သူ့မိခင်အား “မိခင်၊ သူတကာတို့ အသက်ခြောက်ဆယ်ပြည့်၍ ကြာပွင့်ကြီးထဲသို့ ခုန်ချကြ ကာ သေကြသော်လည်း မိခင် ခုန်မချလိုက်ပါနှင့်၊ အကြောင်းမဲ့ သေ ဆုံးကုန်ကြသည်ကို သနားဖို့တောင် ကောင်းပါသေးသည်။ မိခင်၏ အသက်ကိုလည်း ကြာပွင့်ကြီးထဲသို့ ခုန်ချကာ မစတေးလိုက်ပါနှင့်” ဟု တောင်းပန်လေ၏။ သို့ရာတွင် အမယ်အိုကမူ ခေါင်းခါလျက် “အို၊ မိခင်ကို မတားမြစ်ပါနှင့်ကွယ်၊ မိခင်လည်း သူတကာလို နောက်ဘဝမှာကောင်းရာမွန်ရာ ဖြစ်ချင်သူပါ။ ငါ့သားနှင့် သမီးတို့ကသာ မိခင် အတွက် ဆုမွန်ကောင်း တောင်းရစ်ကြပါ” ဟု ပြန်ပြောလေ၏။ မြို့စား ကလေးကလည်း သူ့မိခင်အား ထိုကဲ့သို့ပင် အတန်တန် တောင်းပန် လေ၏။ တောင်းပန်သော်လည်း အမယ်အိုက မလျှော့ဘဲ သူ့အတွက် လုပ်ရန်ရှိသည်တို့ကို လုပ်ကိုင်ကာ ကြာပွင့်ကြီးထဲသို့ ခုန်ချရတော့မည့် အချိန်ကိုသာ စောင့်နေလေ၏။

          မြို့စားကလေးလည်း မိခင်အား ပြောပြတောင်းပန်၍ မရနိုင်မှန်း သိရသောအခါ သူတစ်ယောက်တည်း လူသူကင်းဝေးရာသို့ ထွက်သွား ကာ တစ်နေ့လုံး ထိုင်၍ စဉ်းစားလေ၏။ ညနေရောက်မှ ပြန်လာလေ့ ရှိလေ၏။ သူသည် တောထဲရှိ ရသေ့ကြီးတစ်ပါးထံသို့သွား၍ သူတို့ရွာ ကလေး၌ ဖြစ်ပျက်သည့် အကြောင်းအရာတို့ကို ပြောပြကာ ဆွေးနွေး လေ၏။ ပညာရှိ ရသေ့ကြီးကလည်း သူသိသလောက်တို့ကို ပြန်လည် ၍ ဆွေးနွေးလေ၏။ မြို့စားကလေးသည် တစ်နေ့သ၌ တောထဲမှ ပြန် ရောက်လာလေ၏။ ထိုနေ့ သည် အမယ်အို ကြာပွင့်ကြီးထဲသို့ ခုန်ချတော့မည့် နေ့ရက်အတွက် ခုနစ်ရက်သာ လိုတော့၏။ မြို့စားကလေး သည် ညည့်၌ သူတစ်ယောက်တည်း ထိုင်ကာ စဉ်းစားပြီးလျှင် နေ့အခါ၌ သူ၏ တပည့်တို့ကိုခေါ်ကာ ရေကန်ကြီးဆီသို့ ထွက်လာလေ့ရှိလေ၏။ ရေကန်ထဲ၌ ထူးဆန်းသော ကြာဖူးကြီး တစ်ဖူးရှိ၍ အခြားကြာဖူးတို့နှင့် မတူဘဲ မနက်စောစောမှပွင့်၍ ညနေရောက်လျှင် ပြန်၍ ငုံသွားကာ ရေထဲတွင် နစ်မြုပ်သွားလေ့ရှိသည်ကို သိရလေ၏။ 

          မြို့စားကလေးလည်း တစ်နေ့သ၌ သူ့တပည့်တို့အား အိမ်မှနေ ၍ ယမ်းမှုန့်အိတ်များကို လှည်းအစီးပေါင်းများစွာ သယ်ယူလာစေ၏။ မဖောက်ထုံးများကိုလည်း လှည်းအစီးပေါင်းများစွာ သယ်လာစေ၏။ ယမ်းမှုန့်နှင့် မဖောက်ထုံးအိတ်ပေါင်းများစွာ ရေကန်ကြီးသို့ ရောက်ရှိ လာသောအခါ မနက်တိုင်းစောင့်ကာ ကြာဖူးကြီးပေါ်လာသည်ကို ကြည့်လေ၏။ ကြာဖူးကြီးသည် ရေထဲမှာ ပေါ်လာပြီး မကြာခင်မှာပင် ပွင့်လာ၍ နီရဲသောအရောင်မှာ ရေကန်ကြီးတစ်ခုလုံးကို လွှမ်းနေလေ ၏။ ထိုသို့ နီရဲစွာပွင့်လာသောအခါမှ သေမည့်သူများသည် ကြာပွင့်ထဲ သို့ ခုန်ဆင်းကြရသည်ဟု သိရသဖြင့် မြို့စားကလေးသည် ကြာပွင့်ကြီး ပွင့်လာသည်နှင့်တစ်ပြိုင်နက် ယူလာသည့် ယမ်းမှုန့်အိတ်တို့ကို ကြာ ပွင့်ထဲသို့ လောင်းထည့်လေ၏။ ယမ်းမှုန့်အိတ်များ ကုန်သောအခါ၌ မဖောက်ထုံးအိတ်များကိုလည်း ဖောက်ကာ ကြာပွင့်ကြီးထဲသို့ လောင်း ချလိုက်လေ၏။ သူသည် လှေတစ်စင်းနှင့် ရေကန်ထဲသို့ ကူးသွားကာကြာပွင့်ကြီးထဲသို့ ယမ်းမှုန့်များ ကျသည်မကျသည်ကို သေချာစွာ ကြည့်ပြီးသောအခါ အိမ်သို့ ပြန်လာခဲ့လေ၏။ သူ့တပည့်တို့ကိုမူ ည အချိန်၌ ကြာပွင့်ကြီးပြန်ငုံကာ ရေထဲတွင် မြုပ်သွားသည်အထိ စောင့် ကြည့်ခိုင်းထားခဲ့လေ၏။ တပည့်တို့လည်း ညနေအချိန်၌ နေ့တိုင်း ကဲ့သို့ ကြာပွင့်ကြီးပြန်ငုံကာရေထဲသို့ မြုပ်သွားသည်အထိ စောင့်ကြည့် ပြီးနောက် ပြန်လာခဲ့ကြလေ၏။

          နောက်မနက်၌ မြို့စားကလေး၏ မိခင်ကြီး ကြာပွင့်ထဲသို့ ခုန်ချကာ စတေးရမည့်နေ့ ဖြစ်လေ၏။ ရပ်ဝေးမှရောက်လာကြသည့် သား သမီးတို့လည်း မိခင်နှင့် နောက်ဆုံးခွဲခွာကြရတော့မည်ဖြစ်သဖြင့် ဝမ်း နည်းစွာ ငိုယိုကြသည်မှာ တစ်အိမ်လုံး ဆူညံနေလေ၏။ သူတို့အထဲ၌ မငိုဘဲနေသူမှာ မြို့စားကလေးဖြစ်လေ၏။ မြို့စားကလေးသည် မိခင် ကြီးအား စိတ်အလိုလိုက်ကာ သူလုပ်ချင်သည်တို့ကို လုပ်ပါစေဟုစောင့်ကြည့်နေလေ၏။ အချိန်ရောက်သောအခါ မြို့စားကလေးနှင့် မိခင်ကြီးတို့သည် အခြွေအရံများစွာနှင့် ပြင်ဆင်ကြပြီးလျှင် ရေကန်ကြီး ဆီသို့ ထွက်လာကြလေ၏။ သူတို့သည် ရေကန်ကြီးနံဘေး၌ မိခင်ကြီး အား ကြာပွင့်ဆီသို့ သွားပို့ရန် လှေငယ်တစ်စင်း အသင့်ပြင်ဆင်ထား ကြလေ၏။ မြို့စားကလေးသည် မိခင်ကြီးအား ရေလယ်သို့ မသွားစေသေးဘဲ စောင့်နေကြစဉ် ကန်အလယ်၌ ရုတ်တရက် ကြာဖူးကြီး ပေါ် မလာဘဲ မီးခိုးများ ထလာသည်ကို အံ့သြဖွယ်ရာ မြင်ကြရလေ၏။ လူများလည်း မီးခိုးများကိုသာ ငေးကြည့်နေကြစဉ် ရေပြင်၌ နီရဲစွာ ဖြစ်ပေါ်လာလေ၏။ ရေကန်တစ်ခုလုံးမှာ သွေးဖြင့် နီရဲလာသဖြင့် လူ များသည် ကြောက်လန့်လာကြလေ၏။ မိခင်ကြီးအားလည်း ရေလယ်သို့ လှေဖြင့်မသွားစေဘဲ စောင့်ကြည့်နေကြစဉ် အသံကြီးတစ်သံ မြည်ဟည်း ကာ ရေပြင်မှာ ပိုမို၍ လှုပ်ရှားလာပြန်လေ၏။

          ထိုခဏ၌ ရေသည် ပွက်ပွက်ဆူလာကာ ကြာပွင့်ပေါ်လာမည့် နေရာ၌ ရှည်လျားသည့် အမြီးကြီးတစ်ချောင်း ပေါ်လာသည်ကို မြင်ကြ ရလေ၏။ ထိုအမြီးကြီးနောက်မှ အကြေးခွံများဖြင့် ကြောက်မက်ဖွယ်ကောင်းသည့် နဂါးကြီးတစ်ကောင်သည် တဖြည်းဖြည်းပေါ်လာသည် ကို မြင်ကြရလေ၏။ နဂါးကိုယ်ထည်ကြီး ပေါ်လာပြီးနောက် ကိုယ် ထည်ကြီးမှာ ဝေဒနာ ခံစားနေရသကဲ့သို့ အရှိန်ပြင်းစွာ လှုပ်ရှားနေလေ ၏။ ရေကန်တစ်ပြင်လုံးမှာလည်း သွေးဖြင့်နီရဲကာ မကြာခင်မှာပင် မနက်တိုင်း ပေါ်လာနေကျ ကြာပွင့်ကြီး ပေါ်လာသည်ကို မြင်ကြရလေ ၏။ ကြာပွင့်ကြီးမှာ တကယ့်ကြာပွင့်ကြီး မဟုတ်တော့ဘဲ နဂါးကိုယ် ထည်နှင့် ဆက်စပ်၍ ကြည့်လိုက်သောအခါ နဂါးပါးစပ်ကြီး ဖြစ်နေ သည်ကို သိရှိကြလေ၏။ နဂါးပါးစပ်ကြီးသည် ကြာပွင့်သဏ္ဌာန်ရှိ သည်ကို မြင်ကြရသောအခါ ကန်ပေါင်၌ ရပ်ကြည့်နေကြသည့် လူများ ကြားမှ မြို့စားကလေးသည် လှေငယ်တစ်စင်းဖြင့် ရေကန်ထဲသို့ ကူး သွားကာ နဂါးကြီးကို လှံဖြင့် တအားထိုးလေ၏။ နဂါးကြီးမှာ ယမ်းမှုန့်များ မျိုးမိထားသဖြင့် တွန့်လိမ်နေရာမှ လှံဖြင့် တစ်ဖန် ထိုးလိုက်သောအခါ ငြိမ်သက်သွားလေတော့သည်။

          ထိုသို့ ငြိမ်သက်သွားသောအခါ သေပြီဟု သိရသဖြင့် ပါလာ သည့် တပည့်တို့အား နဂါးသေကြီးကို ကုန်းပေါ်သို့ ဆွဲတင်စေလေ၏။ နဂါးကိုယ်ထည်ကြီးမှာ ကြီးလွန်းသဖြင့် ဝိုင်း၍ ကြည့်နေကြသည့် လူ များက ကူညီ၍ ဆွဲတင်ပေးကြလေ၏။ နဂါးသေကြီး ကုန်းပေါ်သို့ ရောက်သောအခါမှ မြို့စားကလေးက နဂါးသေကြီး၏ ဝမ်းဗိုက်ကို ခွဲစေ၏။ ဝမ်းဗိုက်ကို ခွဲလိုက်သောအခါ လူရိုးများ တောင်လိုပုံနေသည်ကို မြင်ကြရလေ၏။ လူရိုးများနှင့်အတူ သေသူ အမယ်အို၊ အဘိုးအိုတို့၏ အကျီလုံချည်များကိုလည်း မြင်တွေ့ကြရလေ၏။ ထိုအခါ သေဆုံးသွား ကြသူတို့၏ သားမြေးများက သတိရကာ ပြင်းစွာ ငိုကြွေးကြလေ၏။ မြို့စားကလေး၏ မိခင်ကြီး အမယ်အိုမူကား ထိုအခြင်းအရာကို မြင်ရ သောအခါ ပညာရှိ၍ စွန့်စွန့်စားစားကြံစည်ကာ လုပ်ကိုင်သည့်သားအား ကျေးဇူးတင်မိလေ၏။ ရွာထဲက လူအားလုံးကလည်း မြို့စားကလေးအား ဝိုင်း၍ ရှိခိုးကန်တော့ကြလေ၏ ။ မြို့စားကလေးသာ ဤကဲ့သို့ ရဲရင့်စွာ ကြံစည်ကြိုးစားခြင်း မရှိပါခဲ့လျှင် နောင်အခါ၌ ရွာထဲက အမယ်အို အဘိုးအိုတို့ မည်မျှ သေဆုံးကြဦးမည်ကို မခန့်မှန်းနိုင်ချေ။

          ထိုနေ့မှစ၍ ရွာထဲရှိ အမယ်အို၊ အဘိုးအိုတို့သည် အသက်ခြောက် ဆယ် ရောက်လာသော်လည်း သူတို့ကိုယ်ကိုသူတို့ စတေးဖို့မလိုတော့ဘဲ ရှေးရှေးကလူများ အယူမှား၊ အလုပ်မှားခဲ့ကြသည်ကို သိကြကာ အသက် တစ်ရာကျော်သည်အထိ နေထိုင်နိုင်ကြရလေသည်။ ထိုကဲ့သို့ တစ်ရွာလုံး ၏ အသက်ကို ကယ်တင်ခဲ့သော မြို့စားကလေး၏ ကျေးဇူးကိုလည်း နောင်လာနောက်သားတို့ သတိရစေခြင်းငှာ ရွာထိပ်တွင် ကျောက်ရုပ် ထုလုပ်ကာ အမှတ်တရ တည်ထားစေလေသတည်း။