Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

နုနုရည်အင်းဝ - အိပ်နေရင်ညနိုးနေရင်နေ့

Regular price 6,500 MMK
Regular price Sale price 6,500 MMK
Sale Sold out

(၁)

          “အကန်းတွေ လာကုန်ပြီဟေ့”

          အို.. ကြည့်စမ်း၊ ဆိုးလိုက်တဲ့ကလေးတွေ။ အရှိန်နှေးသွားတဲ့ ကားကြီးနောက်ကို ကလေးတွေရဲ့ စူးစူးဝါးဝါး ပြောင်လှောင်အော်ဟစ် သံတွေ လိုက်လာတယ်။ ဂန္ဒီတို့အတွက် နေရာသစ်ရဲ့ ဆီးကြိုနှုတ် ဆက်ခြင်းပေါ့နော်။ ဒီလိုတော့ မနှုတ်ဆက်သင့်ပါဘူး ကလေးတို့ရယ်။ တို့တစ်တွေဟာ မမြင်” တွေ၊ အဲ.. မင်းတို့ပြောတဲ့ အကန်းတွေ။ အကန်း တွေပေမယ့် တို့ကို အဲ့လိုခေါ်ခံရရင် ဝမ်းနည်း၊ အားငယ်တတ်တယ်။ စိတ်လည်းဆိုးချင်တယ်။ မမြင်ရတဲ့ လောကကြီးကိုလည်း ကြောက်စိတ် ဝင်မိတယ်။ နော်.. သားလေးရယ်။ သားလေးရော ကြောက်နေသလား။

          ရင်ခွင်ထဲက မပီဝူးဝါးအော်နေတဲ့ သားငယ်ကို ဂန္ဒီ တင်းတင်း ဖက်ထားလိုက်တယ်။

          “ဟေ့.. ကလေးတွေ၊ ဖယ်ကြစမ်း၊ ဖယ်ကြစမ်း”

           ကားကြီး ငြိမ့်ခနဲ ထိုးရပ်သွားပြီး ကားတံခါးဖွင့်သံ၊ လူတစ် ယောက်ရဲ့ အသံကျယ်ကျယ်မာမာကို ကြားရတယ်။ ဒါ.. ကားမောင်း တဲ့ လူကြီးအသံပေါ့ ။ ဂန္ဒီ မှတ်မိတယ်။ သူနဲ့တူတူပါလာတဲ့ ဂန္ဒီတို့ ပစ္စည်းပစ္စယလေးတွေကို ကားပေါ် ကူတင်ပေးတဲ့ တစ်ယောက်ရဲ့ အသံက ခပ်အောအောနဲ့ အသံခပ်ကြီးကြီး။

          “ဂန္ဒီ.. ရောက်ပြီကွ”

            ဒါကတော့ ဂန္ဒီ ဘယ်နေရာကပဲဖြစ်ဖြစ် မှတ်မိတဲ့အသံ။

           ဦးအောင်ရဲ့ အသံလေ။ ဂန္ဒီရဲ့ ချစ်လင် ဦးအောင်ပေါ့။ ဦးအောင် အသံက ကားဘေးကလာတာ။ အမယ်.. သူက ကားပေါ်ကတောင် ဆင်းသွားပြီပေါ့။

          “ကျွန်မတို့ ဆင်းရတော့မလား၊ ဦးအောင် ကလေးခေါ်ပါဦး”

          “နေဦး၊ နေဦး၊ ခင်ဗျားတို့ ဆင်းလို့ မရသေးဘူး၊ ပစ္စည်းချပြီးမှ အေးအေးဆေးဆေး ဆင်း”

           ကားမောင်းတဲ့ အသံကျယ်ကျယ်မာမာ လူကြီးက ဆင်းဖို့ ဟန်ပြင်နေတဲ့ ဂန္ဒီကို လှမ်းပြောတယ်။ ဟုတ်တော့ဟုတ်တယ်။ ဂန္ဒီတို့ သားအမိက ကားရှေ့ပိုင်းမှာ။ ပစ္စည်းတွေ တင်ကတည်းက ဂန္ဒီတို့ သားအမိကို ကားရှေ့ပိုင်းမှာ အရင်တင်ပြီးမှ ပစ္စည်းတွေ တင်ကြတာ။ သင်္ဃန်းကျွန်းလမ်းတွေက ဆိုးတယ်တဲ့။ ကားနောက်ပိုင်းမှာဆို ဂန္ဒီတို့ သားအမိ ကားခုန်တာနဲ့ လွင့်စဉ်ကျန်ခဲ့မှာတဲ့။

           ဦးအောင်ကတော့ ကားနောက်ပိုင်းက လိုက်တယ်။ ကားကြီးက အမိုးလည်းမပါဘူး၊ လမ်းတစ်လျှောက်လုံး နေအရမ်းပူတာပဲ။ ဂန္ဒီတို့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းကနေ သင်္ဃန်းကျွန်းအစွန်ဖျားထိ ဆိုတာ နည်းတဲ့ခရီးလား။ အကြာကြီး ကားစီးရတယ်။ ဘတ်စ်ကားဆို ရင်တော့ နှစ်ဆင့် စီးရတယ်တဲ့။ လေးဆယ့်နှစ်ရယ်၊ သုံးဆယ့်ကိုး အစိမ်း ဆိုလား၊ အနီဆိုလား မသိပါဘူး။ အို.. နေရာသစ်မှာ ဂန္ဒီတို့ မသိသေး တာတွေ အများကြီး။ အားငယ်ဖို့ သိပ်ကောင်းတာပဲ။ ဂန္ဒီတော့ ကျောင်း ကိုပဲ လွမ်းတယ်။ ဂန္ဒီတို့ အိမ်ထောင်ဦးဘဝမှာ နေထိုင်ခဲ့ရတဲ့ ကျောင်း တိုက်ခန်းကလေး။ သားလေးကို မွေးဖွားခဲ့တဲ့ ကျောင်းတိုက်ခန်း ကလေး။ ကားထွက်ခါနီး အခန်းနံရံလေးတွေကို စမ်းသပ်နှုတ်ဆက်ရင်း ဂန္ဒီ ငိုခဲ့ရသေးတယ်။

          “ကဲ... ရပြီ၊ ပစ္စည်းတွေ ချပြီးပြီ၊ ဆင်းလို့ရပြီ” 

          “ ဦးအောင်၊ ဦးအောင်”

           “ဂန္ဒီ.. လာလေ၊ ဖြည်းဖြည်းလျှောက်ခဲ့၊ ငါ ဒီမှာရှိတယ်”

           ဦးအောင်အသံရှိရာကို ဂန္ဒီ စမ်းပြီး လျှောက်တယ်။  လျှောက်ရင်း က ကားကြမ်းပြင်ပေါ်မှာ ဘာများ ကျပြု ကျန်ခဲ့သေးလဲဆိုပြီး စမ်းရ သေးတယ်။ မရှိမဲ့ရှိမဲ့ ပစ္စည်းပစ္စယလေးတွေထဲက တစ်ခုခု ကျကျန် နေခဲ့မှဖြင့်နော်...။

          သေတ္တာတစ်လုံး၊ ဖျာနှစ်ချပ်၊ အမေပေးထားတဲ့ စားပွဲတစ်လုံး၊ ကြောင်အိမ်တစ်လုံး၊ ကုလားထိုင်တစ်လုံး၊ ဘုရားစင်တစ်ခု၊ ကြမ်းခင်း တစ်ခု၊ ဂန္ဒီတို့ရှိသမျှ ပစ္စည်းပရိဘောဂက ဒါပဲ။

          ဂန္ဒီတို့ပြောင်းဖို့အတွက် ကျောင်းက ထုတ်ပေးတဲ့ ငွေတစ်ထောင် နဲ့ ဝယ်ထားတဲ့ အိမ်တိုင်ဟောင်း ၆ လုံးနဲ့ သစ်တိုသစ်စတွေကြောင့်သာ ကားတစ်စင်းပြည့်တာ။

         “ကလေး ငါ့ကိုပေးလိုက် ဂန္ဒီ”

          ဦးအောင် အသံကြားရာကို မှန်းပြီး ဂန္ဒီ လက်လှမ်းလိုက်တယ်။ ဂန္ဒီလိုပဲ မှန်းပြီး လှမ်းလိုက်တဲ့ ဦးအောင်လက်ကို ဂန္ဒီ ဆုပ်မိတယ်။ ဖြည်းဖြည်းချင်း ဂန္ဒီလှမ်းပြီး သားကို ပေးလိုက်တယ်။

          “ငါ့လက် အားပြုပြီး ခုန်ဆင်းလိုက်”

           ဦးအောင် လက်တစ်ဖက်ကို အားပြုရင်း ကားကြမ်းပြင်အစွန်းကို လက်တစ်ဖက်နဲ့ အားပြုဖို့ ဂန္ဒီ လျှောက်စမ်းတယ်။

          “ရရဲ့လား၊ ရရဲ့ လား၊ ကလေး ဒီပေးထားပါလား”

           ဂန္ဒီတို့ကို ကြည့်နေဟန်တူတဲ့ ကားသမားကြီးရဲ့ အသံအောအော ဂန္ဒီတို့နား ရောက်လာတယ်။

           “ရတယ်၊ ရတယ်၊ ကျွန်မ ဆင်းနိုင်တယ်၊ ဒီလိုပဲ”

            ပြောပြောဆိုဆိုနဲ့ ဂန္ဒီ ခုန်ဆင်းလိုက်တော့ မြေကြီးပေါ် အသာ ကလေး ရောက်သွားတယ်။ ဦးအောင်တော့  တော်တော် ထိန်းလိုက်ရ မှာပဲ။ သားမွေးပြီးမှ ဂန္ဒီ ဝလာတယ်လေ။ တစ်နေ့ကို ဆန်နို့ဆီဘူး သုံးလုံးချက် မလောက်နိုင်လို့ စိတ်ညစ်ရတာလည်း လွန်ရော။

              “ဦးအောင်၊ ကားသမားကြီးတွေ မပြန်ခင် မေးကြည့်ပါဦး၊ ကျွန်မတို့ရောက်နေတဲ့နေရာက ဘယ်လိုနေရာလဲ။ ဘာတွေရှိလဲဆိုတာ”

          “အေး... အေး” 

           ဂန္ဒီတို့နားမှာ ကားသမားကြီးတွေ ရှိဟန်တူတယ်။ အသံ ကျယ်ကျယ်မာမာ ကားသမားကြီးက ချောင်းဟန့်ပြီး.....၊

          “နေဦး၊ ခင်ဗျားတို့စိတ်ထဲမှာ မြင်လာအောင်၊ သဘောပေါက်လာ အောင်၊ အဲ.. ခင်ဗျားတို့နေရမယ့် ကွက်လပ်ကြီးက တော်တော်ကျယ် တယ်ဗျာ။ ကွက်လပ်ကြီးကို ခြံဝင်းခတ်ထားတယ်။ ခင်ဗျားတို့နေရာနဲ့ မလှမ်းမကမ်းမှာ တခြားအိမ်တွေလည်း ရှိတယ်။ ဘာရပ်ကွက်ခေါ်လဲတော့ မသိဘူး။ နေဦး၊ ခင်ဗျားတို့ရတဲ့မြေက တစ်ယောက် ဘယ် လောက်...”

          “တစ်အိမ်ထောင်ကို ပေးသုံးဆယ် x လေးဆယ်” 

          “ခု.. အားလုံး ဘယ်နှစ်အိမ်ထောင်တုံး”   

          “အိမ်ထောင်စုပေါင်း နှစ်ဆယ်”

          “ဒါဆို မဆိုးပါဘူး။ ခင်ဗျားတို့ ကျယ်ကျယ်ဝန်းဝန်း နေလို့ ရနိုင်ပါတယ်။ ခင်ဗျားတို့ ကွက်လပ် အလယ်ကောင်မှာ အုတ်ကြွပ်မိုးတွေ ဘာတွေနဲ့ အဆောက်အဦဟောင်းကြီးတစ်ခု ရှိတယ်ဗျ၊ ဘေးမှာ ထရံ အသစ်တွေဘာတွေလည်း ကာထားတယ်”

          “ဪ... အဲဒါ ဦးအောင်တို့ အလုပ်ရုံထင်တယ်၊ ကျွန်မတို့ ကျောင်းက သမဝါယမအလုပ်ရုံ ဒီကို ရွှေ့မယ်ပြောတယ်၊ အလုပ်ရုံ ဆောက်ပြီးပြီလို့လည်း ကြားတယ်”

          “ဟုတ်မှာပေါ့၊ အဲဒီအလုပ်ရုံရဲ့ နောက်ဘက် ခပ်လှမ်းလှမ်းမှာ အိမ်သာအသစ်နှစ်လုံး မြင်တယ်၊ ခင်ဗျားတို့ အိမ်ထောင်စုနှစ်ဆယ်က လူပေါင်း ဘယ်လောက်ရှိလဲ”

          “လူပေါင်းရှစ်ဆယ်ကျော်တာပေါ့”

           “အင်း... အလုပ်ရုံ အနောက်ဘက်မှာ အဝီစိရေတိုင်တူးမလို့ ထင်တယ်၊ ပစ္စည်းတွေ ချထားတာတော့ မြင်တယ်” 

           “ဟင်... မတူးရသေးရင် ကျွန်မတို့ ရေ ဘယ်ကရမလဲ”

           “ဒါတော့ ကျုပ်လည်း မသိဘူးလေ၊ ကဲ... ကျုပ်တို့သွားမယ်”

           “ခဏ... ခဏ၊ ကားဆရာကြီး၊ ကွက်လပ်ထဲမှာ အိမ်တွေတချို့ ဆောက်ထားကြပြီလားဟင်”

           “ဘာအိမ်မှမရှိသေးဘူး၊ ဘာမှမဆောက်ရသေးဘူး၊ ခင်ဗျားတို့ လူတွေ အကုန်လုံး အလုပ်ရုံဆိုတာကြီးထဲမှာ နေရာ သွားဦးနေကြတယ်”

          “ဟင်... ဟုတ်လားဦးအောင်၊ ကျွန်မတို့ ပစ္စည်းတွေရော...”

           ဂန္ဒီက ပြောရင်းဆိုရင်း ဖျာပျာသလဲ ဖြစ်လာတယ်။

          “ကလေးကို ကျွန်မပေး၊ ဦးအောင် နေရာသွားဦးလိုက်၊ မချိုတို့က ဦးထားရင်တော့ ကောင်းမှာပဲနော်”

          “ရပါတယ်ဟာ၊ အလုပ်ရုံဆိုတာ ကျယ်ပါတယ်၊ အကျယ်ကြီး ဆောက်တာပါ” 

          “အို.. ဘယ်သိနိုင်မလဲ၊ ဦးအောင်ကလည်း တကယ်လို့ နေရာ မရရင် ကျွန်မတို့ ဘယ်မှာသွားနေမလဲ။ မြေကြီးပေါ်နေရမှာ၊ မိုးရွာလာ တော့ ဘယ်လိုလုပ်မလဲ၊ နွေပေမယ့် ရွာချင်ရွာတာကို”

          “အေးပါဟာ၊ ဂန္ဒီကလည်း”

           ဦးအောင်က ဂန္ဒီ လက်ထဲ သားကိုထည့်ပေးပြီး ထွက်သွားတယ်။ ရင်ခွင်ထဲကို ခေါင်းကလေးနဲ့ တိုးဝှေ့ ချိုတောင်းတဲ့ သားငယ်ကို ဂန္ဒီ နို့တိုက်ရပြန်တယ်။ ဂန္ဒီတို့ ပစ္စည်းပုံကြားက သေတ္တာပေါ်မှာ စမ်းထိုင် လို့ပေါ့။ ဒီသေတ္တာလေးထဲမှာက ဂန္ဒီတို့ အဝတ်အစားတွေနဲ့ အရေးကြီး တယ် ထင်တာလေးတွေ အကုန်လေ။

          ဂမ္ဘီ ဘေးနားတစ်ဝိုက်မှာ ကလေးတွေနဲ့ တခြားသူစိမ်းတွေ ရှိနေ တာကို ဂန္ဒီ သိနေတယ်။ ဂန္ဒီနှာခေါင်းထဲမှာ ကောင်းကောင်း အနံ့ရနေ တဲ့၊ ဂန္ဒီနားထဲမှာ ကောင်းကောင်းကြားနေရတဲ့ သူတို့အနံ့တွေ၊ အသံ တွေက စိမ်းနေတယ်လေ။ ဂန္ဒီ သိတာပေါ့။ သူတို့ဟာ သူစိမ်းတွေ။

            “ဘယ်သူလဲ”

            ရုတ်တရက် ဂန္ဒီအနားရောက်လာတဲ့ ညှဉ်းသိုးသိုး အနံ့အသက် ကြောင့် ဂန္ဒီ အော်မေးလိုက်တော့ ခိခနဲ ရယ်လိုက်တဲ့ ကလေးရယ် သံလေး အဝေးထွက်ပြေးသွားတယ်။ 

           အို.. ဒုက္ခပါပဲ။ ဂန္ဒီ ကို လာကြည့်တာပဲ ဖြစ်ပါစေနော်။ ပစ္စည်း တွေဘာတွေ ယူဖို့လာတာတော့ မဟုတ်ပါစေနဲ့။

           ဂန္ဒီ ကို အမေ ဝယ်ပေးထားတဲ့ ဓာတ်ဘူးလေး ထည့်ထားတဲ့ ခြင်းက ဘယ်နားမှာပါလိမ့်။ လူချင်းတူတူ၊ သူချင်းမျှမျှ ပစ္စည်းဆိုလို့ ဒါလေးရှိတာ။ ဦးအောင်ကလည်း ပြန်မလာသေးဘူးလား။ 

          “မောင်အောင် ရောက်ပြီလားဟေ့၊ ဂန္ဒီတို့ သားအမိကော”

           ဟော... မချိုရဲ့ အသံ။ အဆိုတော်အသံမို့လို့ ထင်ပါရဲ့။ မချို အသံက သိပ်အောင်တာပဲ။ မချိုနဲ့ ဦးအောင်နဲ့က ရွယ်တူသူငယ်ချင်း တွေပေါ့။ ဂန္ဒီနဲ့ ဦးအောင်နဲ့က ရှစ်နှစ်တောင်ကွာတာ။ 

          အသံကောင်းတဲ့ မချိုကိုတော့ မယူဘဲ ဂန္ဒီကို ဘာလို့ ယူရသလဲ လို့ ဂန္ဒီကပြောတိုင်း မချိုက  စိတ်ဆိုးဒေါသဖြစ်တတ်တယ်။ မောင်အောင့် လိုရုပ်များ တစ်သက်မမှန်းဘူးတဲ့။

           မချိုကလေ တကယ်ပဲ၊ သူကများ ဘာမြင်ရလို့လဲ။ ကိုထွေး ကကော မချိုကို မြင်ရလို့လား။

           ဦးအောင်ကိုလည်း ဂန္ဒီ မမြင်ဖူးပါဘူး။

           ဂန္ဒီကိုလည်း ဦးအောင် မမြင်ဖူးပါဘူး။

           ပြီးတော့ အပျိုကြီးမမကြင်၊ ဘလိုင်းကိုင်ဇာ၊ ကိုကံဦး၊ မညိုစိမ့်၊ ကိုဆန်းမောင်..။

          အို.. အားလုံးပါပဲလေ။

          ဒီအိမ်ထောင်စုနှစ်ဆယ်က ဂန္ဒီတို့တစ်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်တုန်းကမှ မမြင်ဖူးခဲ့သူတွေ။

          ဘယ်တော့မှလည်း မမြင်နိုင်တော့တဲ့သူတွေလေ။