Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

နုနုရည်အင်းဝ - အမှတ်မရှိလမ်းမရှိကီလီဘောတံတား

Regular price 9,000 MMK
Regular price Sale price 9,000 MMK
Sale Sold out

         စက်ဝိုင်း ... ခုရောက်နေတာဟာ ထောင် ... တဲ့။ ထောင် .....။ ထောင်၊ ထောင် ဆိုတာဟာ ခိုင်ခံ့ လုံခြုံတဲ့ တိုက်ခန်းကြီးတစ်ခန်းပါပဲ။

          ကြောက်စရာကောင်းတဲ့ ဆူပူကြိမ်းမောင်းသံတွေသာ ရှိမနေ ဘူးဆိုရင်၊ ညစ်ပတ်နံစော်လှတဲ့ အနံ့အသက်တွေသာ ရှိမနေဘူးဆိုရင်၊ တရွရွကိုက်ခဲတတ်တဲ့ ကြမ်းပိုးတွေ ခြင်တွေသာ ရှိမနေဘူးဆိုရင်၊ နိုင်လွန်ဟင်းဆိုတဲ့ ရေလုံပြုတ်ဟင်းချိုနဲ့ လုံးတီးနီတာရဲ ထမင်းကိုလည်း စားမနေရဘူးဆိုရင် ဒီတိုက်ခန်းကြီးဟာ ဘယ်လောက်နေလို့ ကောင်း လိုက်မလဲ ..။

          “စက်ဝိုင်း” စွန့်ခွာခဲ့တဲ့ အမေသိန်းနဲ့ ဦးလေးကြည်တို့ရဲ့ ငမိုးရိပ် ချောင်းဘေးက တဲအိမ်လေးထက်လည်း သာမှာပဲ။ ခုလတ်တလော စက်ဝိုင်းနေတဲ့ ရုပ်ရှင်ရုံရှေ့က ကြယ်မြင်လမြင် ပလက်ဖောင်းအိမ်ထက် လည်း သာမှာပဲ။ ဒါကြောင့်မို့များ အမေသိန်းက ထမင်းချက်စရာမရှိတဲ့အခါမျိုးတွေမှာ အရက်မူးနေတဲ့ ဦးလေးသိန်းကို “ရှင့်သတ်ပြီး ကျုပ် ထောင်ထဲသွားနေမယ်” လို့ ခဏခဏ ပြောတာများလား ...။

          တစ်ခန်းလုံး ဆူညံနေတဲ့ အသက်ရှူသံ ပြင်းပြင်းတွေကြားထဲ မှာ အိပ်မပျော်တဲ့မျက်လုံးတွေကို ကြိုးစားမှိတ်ရင်း စက်ဝိုင်း ဟိုဘက်ကို အသာလွန့်လိုက်တယ်။ ဖျက်ဆို ဟိုဘက်က အမေစိန်ရဲ့ ခန္ဓာကိုယ်ဝဝ ကြီး တွန့်ခနဲဖြစ်သွားပြီး စက်ဝိုင်းလက်ကို လာဆိတ်တယ် ..။ အိပ်စမ်းဆို တဲ့သဘော။ တော်တော်ပါးတဲ့ အမေစိန်ပါလား။ ဒီလောက် အိပ်မော ကျနေတဲ့ကြားက ထိမိရုံလေးနဲ့ ဖျတ်ဆို သတိနဲ့ နိုးလာတဲ့အကျင့်ဟာ အမေစိန်ပြောသလို ပလက်ဖောင်းကို အိပ်ရာလုပ်ရင်းရလာတဲ့ အကျင့် ထင်ပါရဲ့။ စက်ဝိုင်း အသာငြိမ်နေရင်း အသက်ရှူမှန်မှန်နဲ့ အိပ်ချင်ယောင်ဆောင်ပြလိုက်တယ်။ ခဏလေးအတွင်းမှာပဲ အမေ စိန်ဟောက်သံ ပြန် ပေါ်လာတာပဲ။ စက်ဝိုင်း ရယ်ချင်သွားမိတယ်။ အမေစိန်ဟာ ကြောက် စရာကောင်းပေမယ့် ရယ်စရာလည်း ကောင်းတာပဲ။ အမေစိန်နဲ့သိတာ သည်ညပါနဲ့ဆို နှစ်ညပဲ ရှိပေမယ့် စက်ဝိုင်း သိပါတယ်။ မျက်နှာ အမူအရာနဲ့ ပါးစပ်က ကြမ်းတမ်းဆဲဆိုတတ်ပြီး၊ ညအိပ်ခါနီး ပလက် ဖောင်းပေါ်မှာ သီချင်းတစ်ပုဒ်ဆိုတတ်တဲ့ မိန်းမကြီးတစ်ယောက်ဟာ ကြောက်စရာကောင်းသလို ရယ်စရာလည်း မကောင်းဘူးလား။

           အင်း... အမေစိန်လိုပါပဲလေ။ စက်ဝိုင်းအဖြစ်က ကြောက်စရာ ကောင်းသလို ရယ်စရာလည်းကောင်းရဲ့ ။ တမြန်နေ့ညကဆို စက်ဝိုင်း ငမိုးရိပ်ချောင်းဘေးက ကလေးသေးနံ့တွေ နံစော်တဲ့ အခန်းကျဉ်းလေးထဲမှာ မနေ့ညကကျ ရန်ကုန်မြို့လယ်ကောင် ရုပ်ရှင်ရုံဘေးက ဓာတ်ဆီနံ့ ကတ္တရာနံ့မွေးပျံ့တဲ့ ပလက်ဖောင်းပေါ်မှာ၊ ဟော ... ဒီနေ့ညကျတော့ မိလ္လာစော်နံ့တွေ စူးရှနေတဲ့ မိလ္လာချောင်ထောင်ထဲမှာ    တိတိကျကျဆိုရင် မနေ့ညက ပလက်ဖောင်းပေါ်မှာ ညတစ်ဝက် အချုပ်ထဲမှာ ညတစ်ဝက် ပေါ့။

          ဒါတွေအတွက် စက်ဝိုင်း ဝမ်းမနည်းမိတဲ့ပြင် စိတ်ဝင်စားလို့ တောင်နေမိသေးတယ်။ အပြောင်းအလဲအတွက် စွန့်စားထွက်ပြေးလာတဲ့ စက်ဝိုင်းပဲ။ ဘယ်မှာမွေးမှန်းမသိတဲ့ စက်ဝိုင်း အမေသိန်းတို့လက်ထဲရောက်ကတည်းက အပျိုသာဖြစ်ရော ငမိုးရိပ်ချောင်းဘေးကနေ ရန်ကုန် မြို့ထဲကို တစ်ခေါက်တစ်လေမှ မရောက်ခဲ့ဖူးတာ။ ရန်ကုန်မြို့လယ် ခေါင်ဟာ စက်ဝိုင်းအတွက် တကယ့်ကို ရင်ခုန်ထိတ်လန့်စရာ အပြောင်း အလဲကြီးပဲ။ 

           အို ... ရင်ခုန်တာကတော့ မပြောနဲ့။ မြို့လယ်ကောင်ရောက်မှ မဟုတ်ဘူးရယ်။ ငမိုးရိပ်ချောင်းကို ဖြတ်ပြီး “ရန်ကုန်ကို ရန်ကုန်ကို” ဆိုတဲ့ ဘတ်စ်ကားပေါ်တက်လိုက်ကတည်းက ရင်တွေ တဒိုင်းဒိုင်း ခုန် တော့တာ။

          ကားပေါ် ရောက်ရောက်ချင်း မိန်းမဖော်ရှိတဲ့ ထိုင်ခုံမှာ ကဗျာ ကရာ ဝင်ထိုင်ချလိုက်တဲ့အထိ စက်ဝိုင်း ရင်တွေက ထိတ်ထိတ်ခုန်နေ တုန်း။ လှလှပပ ဖြီးလိမ်းခြယ်သထားတဲ့ဘေးက မိန်းမ ဟိုဘက်တိုးထိုင် လိုက်တာကိုလည်း စက်ဝိုင်း မသိဘူး။ ကိုယ့်ဟာကိုယ် ဣန္ဒြေရအောင် မျက်နှာထားထားရင်း လက်ထဲက ကျပ်တန်တစ်ရွက်ကို အားကိုးရာ တစ်ခုလို ဆုပ်ထားမိတယ်။ သည်ကျပ်တန်က အမေသိန်းရဲ့ နောက်ဆုံး လက်ကျန်ပိုက်ဆံနဲ့တူရဲ့ ...။ ဖျာအောက်က စက္ကူအိတ်လေးတွေကြားမှာ စက်ဝိုင်း မနည်းရှာရတာ။ အမေသိန်းမှာ မရှိမှန်းသိပေမယ့် ဖျာအောက် မှာ အနည်းဆုံး ငါးကျပ်တန်လေးတစ်ရွက်တော့ ထွက်စမ်းပါတော်လို့ ဆုတောင်းလိုက်ရတာ။ အလကားပဲ။ ကျပ်တန်တစ်ရွက် ထွက်လာတာ တောင် ကံကောင်း။

          ထွီခနဲ ခရာမှုတ်သံနဲ့အတူ ကားစက်နှိုးသံကြားတော့ ငြိမ်မလိုလို ဖြစ်နေတဲ့ရင် သိမ့်ခနဲ ဖြစ်သွားတယ်။ ကားထွက်တော့မယ် ... ဒီကားကြီး က ရန်ကုန်ထဲကို ရောက်သွားလိမ့်မယ်။ ရန်ကုန်ထဲရောက်ရင်၊ ဆင်းပြီး စက်ဝိုင်း ဘယ်သွားမလဲ။

         “လက်မှတ် ယူရအောင် ခင်ဗျာ ...”

          စက်ဝိုင်းတို့ခုံနားလာရပ်တဲ့ လက်မှတ်ရောင်းသမားကို စက်ဝိုင်း ဘေးက မိန်းမက ငါးကျပ်တန် အသစ်လေးတစ်ရွက်လှမ်းပေးပြီး တိုးတိုး ကလေး “တစ်ယောက်” လို့ ပြောလိုက်တယ်။

         “အကြွေမပါဘူးလား အစ်မလေး ...”

          စက်ဝိုင်းကို ပိုက်ဆံအမ်းပေးရင်း လက်မှတ်ရောင်းသမား ကလေးက မိန်းကလေးကို မေးတယ်။ “ဟင့်အင်း” ဆိုပြီး ခပ်တည်တည် ခေါင်းခါပြတဲ့မိန်းမကို ကြည့်ပြီး စက်ဝိုင်း သဘောကျနေမိတယ်။ အားကျ နေမိတယ်။ သူ့ပုံစံက ရဲရဲဝံ့ဝံ့ရှိလိုက်တာ။ ဘေးဘီလည်း ဟိုကြည့် ဒီကြည့် မလုပ်ဘူး။ ရှိုးတိုးရှန့်တန့်လည်း မဖြစ်ဘူး ..။ သူ့လည်ပင်းက ဆွဲကြိုးရယ်၊ လက်က နာရီရယ်၊ လက်ကောက်ရယ်၊ သူဝတ်ထားတဲ့ အဝတ်အစားတွေရယ်ကို ကြည့်ပြီး စက်ဝိုင်း ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့် မိပြန်တယ်။ အမေသိန်း အင်္ကျီခါးရှည်ရှည်ကို ဆွဲချမိပြန်တယ်။

          အမေသိန်း အင်္ကျီက မဆိုးပါဘူး ..။ သူ့ရဲ့ တစ်ထည်တည်း သော အကောင်းစားအကျီ၊ သိမ်းထားတာ။ အမေသိန်းက ပိန်တော့ စက်ဝိုင်း ကိုယ်လုံးနဲ့ဆို သိပ်မချောင်တော့ဘူး။ ထဘီကလည်း အရောင် လွင့်စပြုပေမယ့် နဂိုအရောင်က အဝါရောင် တောက်တောက်ဆိုတော့ ကြည့်ပျော်ရှုပျော် ရှိသေးတယ်။ အမေသိန်းက ဒီအင်္ကျီနဲ့ ထဘီကို ငမိုးရိပ်ချောင်း ဟိုဘက်ကမ်းက ဈေးကို ငါးလေးဘာလေး သွားရောင်းမှ ဝတ်တာ ..။ အမေသိန်း စက်ဝိုင်းကို ဘယ်လောက် စိတ်ဆိုးလိုက်မလဲ။

         “ဗဟိုဈေးပါတယ်၊ ဗဟိုဈေး ..” 

          ဘေးက မိန်းကလေးက ဆတ်ခနဲထရပ်ပြီး လူတွေကြားထဲ တိုးဆင်းတယ်။ ကျောင်းဆရာမ သားအမိနှစ်ယောက်၊ သမီးလေးက ငါးနှစ်ခြောက်နှစ်လောက်ပဲရှိဦးမှာ။ ရည်မွန် နူးညံ့ပုံရတဲ့အမေက သူ့ ပေါင်ပေါ်က ကလေးလေးကို ကြင်ကြင်နာနာ ဖက်ထားလိုက်တာ။

          ရည်မွန်နူးညံ့တဲ့အမေ ..။ ဟုတ်တယ်။ ဒီလိုအမေမျိုးဟာ စက်ဝိုင်း အင်မတန်လိုချင်တဲ့အမေပေါ့...။ နာကြည်းဝမ်းနည်းစိတ်ကြောင့် စက်ဝိုင်းရင်တွေ ကျင်ခန်နာရပြန်တယ်။ အမေသိန်းက နင့်အမေ ဟာ... အဲလို နူးနူးညံ့ညံ့ဆိုရင် နင့်ကို ထားခဲ့မလားတဲ့ မိစက်ရဲ့”တဲ့..။ ချိုးချိုးဖဲ့ဖဲ့ ပြောရက်လိုက်တာ။ စက်ဝိုင်းအမေကို သူသိလို့လား။ သူမြင်ဖူးလို့လား။ စက်ဝိုင်းအမေဟာ စက်ဝိုင်းကို ထားပစ်ခဲ့တာ တစ်ခု တည်းနဲ့ နူးညံ့တဲ့မိန်းမ မဖြစ်နိုင်တော့ဘူးတဲ့လား..။ စက်ဝိုင်းကို အမေသိန်းတို့ တွေ့ခဲ့တဲ့ ပွဲဈေးတန်းမှာ အမေက စက်ဝိုင်းကို ထားခဲ့တာ မဟုတ်ဘဲ သားမိနှစ်ယောက် လူတွေညပ်ပြီး ကွဲသွားတာကော မဖြစ်နိုင် ဘူးလား...။

          ကားလမ်းချိုင့်ဝှမ်းတွေထဲ ဘတ်စ်ကားက ဒုန်းဒုန်းကျပြီး ဆောင့်တဲ့အရှိန်နဲ့ ခေါင်းကို ကားနံရံက လာဆောင့်တော့ ခေါင်းက