နုနုရည်အင်းဝ - လ၀န်းစက်၀ိုင်းထက်ပိုင်းပြတ်ကြွေ
(၁)
ဒေါ်လီ... ဒေါ်လီ၊ နင်ဘယ်မှာလဲ၊ နင်ဘယ်နားမှာလဲ၊ မှောင်မည်း နေတာပဲဟယ်၊ ငါကြောက်လိုက်တာ၊ နင့်ကို ငါ လုံးဝ မမြင်ရဘူး ဒေါ်လီရဲ့ ၊ နင် ဘယ်ရောက်နေလဲဟင်....။
ငါအိပ်တာဖြင့် ခဏလေးပါ၊ ငါ ဗိုက်ဆာလို့ ငိုတော့တောင် နင်က တိတ်တိတ်ဆို၊ နင် မချမ်းအောင် ငါဂါဝန်ထဲမှာလည်း ထုပ်ထားရသေး တယ်၊ ဘာဖြစ်လို့ နင်က ကောင်းကောင်းမနေရတာလဲလို့၊ အိုက်လို့လား.. ဟုတ်လား ဒေါ်လီ ငါ့နားကို မြန်မြန်လာပါဟယ်၊ ငါကြောက်တယ်။
ဟော.. ကြားလား၊ ကြားလား၊ ကျွိ- ကွို- ကွီ- ါတဲ့၊ ဒီအခန်း ထဲမှာ ကြွက်တွေရှိတယ်၊ ကြွက်တွေဟာ ထမင်းစားပြီး လက်ကိုစင်အောင် မဆေးရင် လက်ထိပ်ကလေးတွေကို ကိုက်ဖြတ်တတ်တယ်တဲ့၊ နှပ်မညှစ်ဘဲ နှပ်ချေးတွဲလောင်းနဲ့နေရင် နှာခေါင်းထိပ်ဖျားလေးကို ကိုက်ဖြတ်တတ်တယ် တဲ့၊ ပြီးတော့ ဂါဝန်တွေ ဘာတွေညစ်ပတ်နံစော်ရင်လည်း အိုး... လုပ်ပါဦး၊ ဒေါ်လီ..၊ ငါ့ဂါဝန်မှာ ရှူရှူးတွေ့နွဲ့ရွဲစိုကုန်ပြီ၊ ငါ့ဂါဝန်ဟာ ညစ်ပတ်နံစော် နေပြီ။
ဒေါ်လီ... ဒေါ်လီ၊ ကြည့်စမ်း၊ နင်က ဒီမှာကိုး၊ ဝမ်းသာလိုက်တာ ဟယ်၊ နင်က မှောက်ရက်ကလေး အိပ်နေတာပေါ့လေ၊ မျက်တောင် နက် နက် လေးတွေကို ပိတ်ပြီးတော့ပေါ့ ၊ နှုတ်ခမ်းနီနီလေးကို ဟပြီး သွားနှစ်
ချောင်းပူးလေး ပေါ်လို့ပေါ့၊ ဘာရမလဲ နင့်ကို ဟောဒီလို ဟောဒီလို ပွေ့ချီ လိုက်တာနဲ့ နင်မျက်လုံးပြူးပြီး နိုးလာရမှာပေါ့၊ ပြီးတော့ နင့်ကို ငါလှုပ်ပြီး မြူလိုက်မယ်၊ နင်က ငါ့ကို ဂလပ်၊ ဂလပ်နဲ့ မျက်စိမှိတ်ပြီး လျှာထုတ် ပြောင်ပြမယ်မဟုတ်လား။
ဒေါ်လီလေးရယ်၊ နင့်ကိုငါ သိပ်ချစ်တာပဲ၊ နင့်ကိုငါဖက်ထားမယ်၊ နင်ငါ့ဂါဝန်ထဲမှာပဲ နေပါနော်၊ ရှူရှူးစော်နံလို့ နင် မနေချင်ဘူးလားဟင်၊
မှောင်ကြီးထဲမှာငါကြောက်လို့ပါတယ်၊ နင်နေပါနော်၊ နင့်ကိုဖက်ထားရရင် ငါသတ္တိကောင်းလာတယ် သိလား၊ နင် ဗိုက်ကော ဆာနေပြီလား၊ ခဏနေ ဦးနော်၊ ငါလည်းဆာတာပဲ၊ ကြီးတော် စိတ်ဆိုးမပြေမချင်း ငါတို့နှစ်ယောက် ဘာမှစားရမှာ မဟုတ်ဘူး၊ သော့ဖွင့်တဲ့အသံကို နင်နားထောင်နေနော်၊ ကြားလား။ ။
ကြီးတော်ကို နင်ချစ်လား ဟင်... ဒေါ်လီ၊ မချစ်ဘူးမဟုတ်လား၊ နှင့်ကို ဒေါ်လီလေး ဒေါ်လီလေးလို့မခေါ်ဘဲ၊ ဒေါ်လီရုပ် ဒေါ်လီရုပ်လို့ခေါ် လို့ကို မချစ်ဘူးမဟုတ်လား၊ ပြီးတော့ တစ်မျိုးခေါ်သေးတယ်လေ၊ “ဟိုကောင်မ ပေးလိုက်တဲ့ ဒေါ်လီရုပ်”တဲ့၊ ဟိုကောင်မဆိုတာ နင်သိလား၊ ငါ့ရဲ့ အမေကို ပြောတာ။ ငါ့အမေကို ကြီးတော်က မုန်းတယ်၊ မချစ်ဘူး၊ ညီမအရင်းချင်းပေမဲ့ ဘထွေး အေးမောင်လို ငါ့ အမေကို မချစ်ဘူး၊ ဘထွေး အေးမောင်က ငါ့အမေကို ချစ်တယ်၊ ဘထွေး အေးမောင်ကို နင်သိပါ တယ်၊ နင့်ကိုငါ့ဆီခေါ်လာတဲ့သူလေ၊ သူက ကြီးတော်ရဲ့ မောင်၊ ငါ့အမေရဲ့ အစ်ကို၊ မန်းလေးမှာ နေတယ်၊ ဘထွေး အေးမောင် ရန်ကုန်ကိုသွားရင်း အမေ့ဆီဝင်တော့ အမေက ငါ့အတွက် နင့်ကို ထည့်ပေးလိုက်တာတဲ့၊ နင် မှတ်မိတယ်မဟုတ်လား၊ နင့်ကို ထည့်ပေးလိုက်ကာစတုန်းက တစ်ခါ၊ ငါ့ ကို ကြီးတော် ဒီအမှောင်ခန်းထဲပိတ်ထားတာလေ။ နင့်ကို ငါ့လက်ကမချလို့ တဲ့၊ သူက နင့်ကို ဂျပ်သေတ္တာဘူးထဲမှာပဲ ရိုရိုသေသေ သိမ်းထားရမယ်တဲ့၊ တစ်နေ့ကို တစ်ခါပဲ ခဏလေးကစားပြီး ဂျပ်သေတ္တာဘူးထဲ ပြန်ထည့်ရမယ် တဲ့။ ငါက တအားအော်ငိုပြီး သူ့လက်ထဲက အတင်းလုရပါ့ မလား ဆိုပြီး ဒီအခန်းထဲမှာ တံခါးတွေ အကုန်ပိတ်ပြီး သော့ခတ်ထည့်ထားတာလေ၊ ငါကြောက်ပြီးအော်တာ ဘာဖြစ်သွားမှန်းမသိဘူး။ နောက်တော့မှ ကြီးတော်က နင့်ကိုငါနဲ့တူတူထားတယ်၊ အိပ်ရာထဲကိုတော့ မယူရဘူးတဲ့၊ ငါက အတင်း ယူတော့ ညကြီးမှာ ငါ့ကို အခန်းထဲ တစ်ခါထည့်သေးတယ်။
ခုတောင် တော်သေးတယ်နော် ၊ နင့်ကို ငါအတင်းဖက်ထားလို့ နင် ဒီထဲပါလာတာ၊ နင်သာမပါရင် ငါဘယ်လောက် ကြောက်လိုက်မလဲ ဟယ်။ မှောင်တာကို ငါသိပ်ကြောက်တာပဲ ဒေါ်လီရယ်။
ငါ့ကို ဒီထဲထားမှာစိုးလို့ ကြီးတော်ကို ငါချစ်ပါတယ်။ သူခိုင်းတာ လုပ်ပါတယ်၊ ပြောစကား ဆိုစကားနားထောင်ပါတယ်။ ကြီးတော်ကကျောင်းနေရမယ်ဆိုလို့ ငါနေမယ်ပြောသားပဲ၊ ငါနေတော့ မနေချင်ပါဘူး၊ ဟင့်အင်း ငါမနေရဲဘူး။ အဲဒီကျောင်းမှာ မန်းလေးက ဘထွေးအေးမောင်ရဲ့ သားတွေလို ကောင်လေးမျိုးတွေ၊ ငါတို့အိမ်ဘေးက စိမ်းစိမ်းတို့လို ကောင် မလေးတွေ အများကြီးရှိနေတာ ငါသိတယ်။ သူတို့က ငါ့ကို မြင်းလုပ်စီးမှာ၊ မုန့်လုစားမှာ၊ လည်ပင်းညှစ်မှာ။ နင်သာဆိုလည်း ကျောင်းမနေဘူး မဟုတ်လား၊ ဟင်... ဒေါ်လီ။ ကြီးတော်က ငါ့ကို ခေါ်သွားတယ်၊ ကျောင်း အပ်ဖို့တဲ့၊ မနက်ကပေါ့။ ငါ့ကို ဟောဒီဂါဝန်အသစ် ဝတ်ပေးတယ်၊ အိမ် မှာဝတ်တဲ့ စပ်ထဘီအသေးလေးကို မဝတ်ရဘူး၊ သူလည်း အိမ်မှာ ဝတ်တဲ့ စပ်ထဘီအကြီးကြီးကို မဝတ်ဘူး။ အင်္ကျီအသစ် ထဘီအသစ်နဲ့၊ ကျောက် သင်ပုန်းနဲ့ ကျောက်တံပါတဲ့ လွယ်အိတ်အသေးလေးကို ငါလွယ်ရတယ်။
ကြီးတော်ခေါင်းပေါ်မှာ လင်ပန်းကြီး ရွက်ထားတယ်။ လင်ပန်းကြီး ထဲမှာ ကြီးတော် မနက်အစောကြီးကချက်တဲ့ ဆီထမင်းတွေရယ်၊ ငါးခြောက် ဖုတ်တွေရယ်ရှိတယ်၊ အဲဒါ ဆရာတွေ၊ ဆရာမတွေကို ကျွေးဖို့တဲ့၊ လက်ဖက် ရည်တို့ ကိတ်မုန့်တို့ဝယ်တာက ပိုက်ဆံကုန်တယ်လို့ ကြီးတော်က ပြောသေး တယ်။ ကျောင်းကလေ ငါတို့ခြံကနေဆို အဝေးကြီးလျှောက်ရတယ်၊ ငါ တို့ ခြံတွေကလူတွေနဲ့ ဝေးတဲ့နေရာမှာရှိတာ။ မြို့ထဲကလူတွေက ပန်းတို့၊ မုန်လာတို့ ၊ ဆူးပုပ်ရွက်တို့ဝယ်ချင်တော့မှလာကြတာ။ စက်ဘီးတို့မြင်း လှည်းတို့နဲ့လာတာပေါ့၊ ကြီးတော်က ကျောင်းကို မြင်းလှည်းနဲ့ မသွား တော့ ငါတို့အကြာကြီးပဲလျှောက်သွားရတယ်။
ကျောင်းကိုရောက်တော့လေ သိလား ဒေါ်လီ၊ ကောင်လေးတွေ၊ ကောင်မလေးတွေမှ အများကြီးပဲ၊ ငါတစ်ခါမှ မတွေ့ဖူးဘူးသိလား၊ ငါ တွေ့ဖူးတာက ဘထွေးအေးမောင်ရဲ့ သားတွေနဲ့ ငါတို့ခြံနားက စိမ်းစိမ်း ရယ်၊ စိမ်းစိမ်းညီမလေးတွေရယ်၊ ဒါပဲတွေ့ဖူးတာ၊ ငါကတော့ ကြီးတော် ထဘီကိုပဲ အတင်းကပ်ပြီး ဆုပ်ထားမိတာပဲ။
ကြီးတော်ကို ဆရာမဝဝကြီး တစ်ယောက်က “တင်တင်ပါလား၊ လာလာ”တဲ့၊ ကြီးတော်နာမည်က ဒေါ်တင်လေးလို့ ခေါ်တယ်၊ ဒါပေမဲ့ ဘယ်သူကပဲဖြစ်ဖြစ် ကြီးတော်ကို တင်တင်လို့ချည်း ခေါ်ကြတာပဲ။
အဲဒီ ဆရာမဝဝကြီးကလေ ကောင်လေးတွေ ကောင်မလေးတွေ အများကြီးရှေ့က စားပွဲကို ငါ့ကို ခေါ်သွားတယ်၊ ကောင်လေးတွေ ကောင် မလေးတွေကလည်း ဝိုင်းကြည့်နေကြတာပဲ၊ အဲဒီထဲမှာ စိမ်းစိမ်းလည်း ပါတယ်၊ စိမ်းစိမ်းက ငါ့ထက်အရင် ကျောင်းနေတာပေါ့။
“ဆရာကြီး ဒီနေ့ခွင့်ယူထားလို့လေ၊ ကျွန်မ လက်ခံထားလိုက်ပါ မယ်၊ တင်တင့်တူမ အသက်ပြည့်ရဲ့လား”
“ပြည့်ပါတယ်၊ ခြောက်နှစ်ထဲမှာလေ”
“ဟုတ်လား၊ ကလေးက ညှက်လိုက်တာ၊ လေးနှစ်ငါးနှစ်လောက်ပဲ ထင်ရတယ်” ။
“ညှက်တာကတော့ သူ့အမေတူလို့နေမှာပါ၊ ကျွန်မဖြင့် ဆိတ်နို့ တစ်မျိုး နွားနို့ တစ်မျိုးနဲ့ မွေးရတာ ဆရာမရေ၊ ပင်ပန်းခံရတာတွေ”
“အေးလေ အပျိုကြီးမှာ” “
ဒါကြောင့် ပြောရတယ်၊ အင်း.. ကြီးလာရင်တော့ကျေးဇူးပဲပြန် ဆပ်မလား၊ ရင်ဝပဲစုံကန်မလား ဆိုတာ”
အဲဒီနေရာမှာ ကြီးတော်ကို ငါစပြီး မုန်းတာပဲ ဒေါ်လီ၊ ကြီးတော်ဟာ ဒီစကားကို နေရာတကာမှာ မပြောဘဲ မနေနိုင်ဘူးလား၊ ငါဘာမှ နားမလည် တဲ့ အရွယ်ကတည်းက ကြီးတော်က ဒီစကားကို လူတကာ ပြောခဲ့တာ၊ ငါ့ ကိုလည်း မေးခဲ့တာ၊ ငါဝမ်းနည်းအောင် ကြီးတော်သိပ်လုပ်တာပဲ၊ ငါ ကြီးတော်ကို ချစ်ပါတယ်၊ငါငယ်ငယ်လေးထဲက ကြီးတော်ရင်ဘတ်ကို သမီး မကန်ပါဘူးလို့ ငါ ဖြေဖူးပါတယ်။
ကြီးတော်က မရပါဘူး။ သူ့စကားတွေပြောတော့မှာ၊ အဖေတို့၊ အမေတို့အကြောင်းတွေပြောတော့မှာ ဒေါ်လီရဲ့။ ငါလေအရင်ဆို ကြီးတော် ဘယ် သူ့ကိုပြောပြော၊ အမြဲနားထောင်တယ်၊ ကြီးတော်က သွားခိုင်းလည်း တိတ် တိတ်လေးခိုးပြီး နားထောင်တယ်။ ငါ့အဖေနဲ့အမေ့အကြောင်း သိချင်လို့ ပေါ့။ ဒါပေမဲ့လေ ခုတစ်ခါ တော့ ငါနားမထောင်ချင်ဘူး။ ငါငိုချင်တယ်။ ငါ့ရှေ့မှာ စိမ်းစိမ်းတို့ရှိတယ်လေ။ တခြားကောင်လေးတွေ ကောင်မလေး
တွေလည်း ရှိတယ်လေ။ ကြီးတော်ရဲ့ ထဘီကို ငါတအားဆုပ်ဆွဲမိတော့ ကြီးတော်က ငါ့လက်ကို ပုတ်ချတယ်။
“ဟဲ့.. ဖယ်စမ်းပါဦး၊ တစ်ခါတည်းတွန့်လိမ်ပြီး ဘာဖြစ်နေတာလဲ၊ ဒီလိုလူတောမတိုးတာကို ငါမကြိုက်တာ”
“ဟုတ်သားပဲ သမီးကလည်း အဲလိုမနေရဘူး။ လာ... ဒီနားကို လာစမ်း”
ဆရာမဝဝကြီးဆွဲခေါ်တာကို ငါ မသွားပါဘူး၊ အတင်းပေကတ်နေ တာပေါ့ ။ ဆရာမဝဝကြီးကိုလည်း ငါကြောက်တယ် ဒေါ်လီရယ်။
“ဟဲ့... ဘယ်လိုဖြစ်နေတာလဲ ခွေးနီမ၊ ညည်း နာချင်ပြီ ထင်တယ် ဟုတ်လား”
ငါကြိတ်မှိတ်ထားတဲ့ကြားထဲက မျက်ရည်တွေ တစ်ပေါက်ပေါက် ကျလာတော့တာပဲ ဒေါ်လီ။ ကြီးတော်ရိုက်မှာကြောက်လို့ မဟုတ်ပါဘူး။ လူရှေ့သူရှေ့မှာ ကြီးတော်ဆုံးမတတ်တဲ့ ပေါင်တွင်းကြော လိမ်ဆွဲတာလောက် ကတော့ ငါမျက်ရည်လည်ရုံနဲ့ ကျိတ်ခံတတ်ပါတယ်။ ခုဟာက ငါ့ကို ခွေးနီမလို့ အကျယ်ကြီးခေါ်လိုက်လို့။ ကြည့်ပါလား၊ စိမ်းစိမ်းက ပြုံးစိစိ နဲ့ ကြည့်နေတယ်။ ပြီးတော့ သူ့ဘေးက ကောင်မလေး နားနားကပ်ပြီးတော့ လည်း ပြောလိုက်သေးတယ်။ ငါ့ကို ခွေးနီမ ... ခွေးနီမ အဲ.. အဲ့လို့
ခေါ်ဖို့ တိုင်ပင်တာနေမှာပေါ့။ သူက ငါ့ ကို အမြဲတမ်း ခွေးနီမ ခွေးနီမ အဲ.. အဲ့လို့ ခေါ်နေကျပဲ။ ဘထွေးအေးမောင်သားတွေ လာရင်လည်း သူနဲ့ ပေါင်းပြီး ငါ့ကိုခွေးလုပ်တမ်းကစားကြတယ်။ ထန်းလျက်တွေ ပစ်ကျွေးကြ တယ်။ အရိုးတွေ ပစ်ကျွေးကြတယ်။ စိမ်းစိမ်းဟာ ဘယ်လောက်ယုတ်ပတ် တယ်မှတ်လဲ။ သူတို့ အိမ်က ခွေးမကြီးက ခွေးကလေးတွေမွေးတော့ အဲဒီထဲက မွေးစုတ်ဖွားအနီလေးနဲ့ ခွေးမလေးကို ခွေးနီမလို့ မှည့်တယ်။
ခွေးနီမဆိုတဲ့ နာမည်ကြီးကို ငါသိပ်မုန်းတာပဲ ဒေါ်လီ။ ကြီးတော်ဟာ ဘာလို့ ငါ့ကို အဲဒီနာမည်ကြီးကို မှည့်ရတာလဲ ဒေါ်လီရယ်။ နင့်ကိုတော့ ဘယ်သူက နာမည်မှည့်ပေးတာလဲ ဟင်၊ နင့်နာမည်လေးက လှတယ်။ အဲဒါမျိုးနာမည်လေး ငါ ဖြစ်ချင်လိုက်တာဟယ်။ ခုတော့ ငါ့ကို တစ်ကျောင်း လုံးက ခွေးနီမ၊ ခွေးနီမ အဲ... အဲ့လို့ ခေါ်ကြတော့မယ်။
“မငိုရဘူးလေ သမီး၊ လာ.. လာ၊ ဆရာမဆီလာစမ်း၊ မကြောက်ရ ဘူးနော်၊ ပြောပါဦး၊ သမီးနာမည်ပြောပါဦး၊ ကျောင်းသူကြီးဖြစ်အောင် စာရင်းသွင်းရအောင်..... နော်၊ သမီးနာမည်က”
ငါ့ကို ချော့မော့မျက်ရည်သုတ်ပေးလို့ ချစ်မလို့ ရှိသေး ဆရာမဝဝကြီး ကို ငါ မုန်းသွားပြီ ဒေါ်လီ။ ငါမပြောချင်ပါဘူးဆိုနေမှ။ စိမ်းစိမ်းဆီကို ငါ လှမ်းကြည့်ပြီးတော့ စိမ်းစိမ်းက အသံမထွက်ဘဲ ခွေးနီမ အဲ... အဲ.. တဲ့။ ဆရာမ ဝဝကြီးလက်ထဲက ငါအတင်း ရုန်းထွက်ပစ်လိုက်တာပေါ့။
“ပြန်မယ်... အိမ်ပြန်မယ်၊ အိမ်ပြန်မယ်”
“အို.. အို.. အဲလို မလုပ်ရဘူးလေ ကလေး”
“အံမယ်.. ခွေးနီမနော် ခွေးနီမ၊ ညည်းတော့လေ နေဦး”
ကြီးတော်ကလေ ဆရာမကြီးလက်ထဲကနေ ငါ့ကို ဆွဲယူသလိုလိုနဲ့