Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

နုနုရည်အင်းဝ - ပြုံး၍လည်းကန်တော့ခံတော်မူပါရယ်၍လည်းကန်တောခံတော်မူပါ

Regular price 8,500 MMK
Regular price Sale price 8,500 MMK
Sale Sold out

ခုလို ပွဲတော်စချိန် ရောက်ပြီဆိုလို့ရှိရင် တောင်ပြုန်း လမ်းခွဲကလေး ပတ်ဝန်းကျင်ဟာ မှိုင်းဝေရီပြာလို့ လွမ်းစရာ ကောင်းနေတတ်တယ်။ မန္တလေး-မတ္တရာသွားကားလမ်းကနေ ခွဲထွက်တဲ့ တောင်ပြုန်းလမ်းခွဲ ကလေးပေါ်မှာ ရောင်စုံကားတန်းကြီး ရှည်လျားစပြုပြီ။

          လမ်းခွဲကလေးပေါ်မှာ တိုက်ခတ်နေတဲ့ ဝါဆို ဝါခေါင် လေက လည်း ရမ်းကားမြူးကြွလှတယ်။

          ရေတိုးစေတဲ့ ဝါဆိုဝါခေါင်လေရမ်းကားကြောင့် လမ်းခွဲကလေး ဘေးက တူးမြောင်းတစ်လျှောက်မှာ ညိုဝါရောင်ရေတွေ ပြည့်လျှံ စီးဆင်းနေတယ်။ ရေရိပ်မိုးရိပ် ပွဲတော်ရိပ်ဟာ လမ်းခွဲလေးပေါ် ကလူတွေ ရဲ့စိတ်ကို လှုပ်ရှားစေတယ်။ မြူးကြွစေတယ်။ လွတ်လပ်ပေါ့ပါးစေတယ်။

          ခရီးသည်တင် ဘတ်စ်ကားခေါင်မိုးပေါ်က လူငယ် တချို့ရဲ့ မြူးတူးဇော်ဟစ်သံတွေကို ကြားရသလို ကျပ်ညပ်ပြည့်သိပ်နေတဲ့ ဘတ်စ်ကားအတွင်းထဲက မိန်းမကြီးငယ်တို့ရဲ့ အားကိုးတကြီးတီးတိုး တိုင်တည် ဆုတောင်းသံတွေကိုလည်း ကြားရတယ်။

           ကိုယ်ပိုင်ကားငယ်လေးတွေထဲမှာ သက်သောင့်သက်သာ ထိုင် လိုက်လာရတဲ့ မိန်းမကြီးငယ်တွေကတော့ လက်အုပ်ကလေးကို တောင်ချီပြီး ရော်ရမ်းမှန်းဆရှိခိုးတိုင်တည်လို့။

          လမ်းဘေးဝဲယာမှာတော့ ကားတန်းကြီးကို ကြိုဆိုနေသလို ကလေးလူတန်းရှည်ကြီး ရှိတယ်။

          သူတို့ဟာ နေလောင်အသားအရည်လေးတွေ ကိုယ်စီနဲ့။

          မည်းညစ်ညစ် အဝတ်အစားလေးတွေကို ကိုယ်စီဝတ်ဆင်လို့။

          မတူညီတဲ့အသံစာစာလေးတွေနဲ့ အဆက်မပြတ်အောင်ဟစ် နေကြတာက “ပိုက်ဆံကြပါဗျို့” တဲ့။

           သူတို့မျက်နှာလေးတွေဟာ မျှော်လင့်ချက်တွေအပြည့်နဲ့ ကား တန်းကြီးပေါ်က လူတွေကို ကြည့်နေကြတယ်။

          ကားတန်းပေါ်က ပျံကျလာမယ့် ပိုက်ဆံစက္ကူလေးတွေကို အလစ်မပေးတဲ့ မျက်လုံးပြူးလေးတွေနဲ့ စောင့်မျှော်နေကြတယ်။ ကား တစ်စီးစီးပေါ်ကနေ ပိုက်ဆံစက္ကူလေးတွေ ဝဲခနဲကျလာတာနဲ့ ဝိုင်းအုံ လုယက်ကောက်ကြတော့တယ်။

          အဲဒီအချိန်မှာတော့ ဖုန်းလုံးတွေဟာ လမ်းခွဲကလေးကို ဖုံးလွှမ်း သွားတတ်ပြီး ကားဘရိတ်အုပ်သံနဲ့ အထိတ်တလန့် အော်ဟစ်သံတွေ လည်းပေါ်လာတတ်သေးတယ်။

          ကြွေမွနေတဲ့ ပိုက်ဆံစက္ကူရွက်ကို တင်းတင်းဆုပ်ရင်းကာဘီး အောက်ရောက်ဖို့ သီသီကလေးလိုတော့တဲ့ ကလေးတချို့ကတော့ ဘာမှမဖြစ်သလို ရယ်ဖြဲနဲ့။ ဒါပေမဲ့ သူတစ်ကိုယ်လုံးမှာ ပွန်းပဲ့ရာတွေရှိ တယ်။ မျက်လုံးကလေးတွေကလည်း ကြောက်လန့်နေပါတယ်။

          ကလေးတွေနဲ့ အတူတူရောနှောအော်ဟစ်ပိုက်ဆံတောင်းနေ ကြတဲ့လူကြီးတချို့လည်း ရှိသေးတယ်။ အရက်မူးနေတဲ့ အမူးသမားတွေ နဲ့လမ်းခွဲလေးဘေး လယ်ကွင်းထဲက တက်လာကြတဲ့ မိန်းမတစ်စုပေါ့။

          အမူးသမားတွေက ကားလမ်းလယ်မှာ လက်ညှိုးနှစ်ချောင်း တထောင်ထောင်နဲ့ မျက်လုံးမှိတ်ယိမ်းယိုင်ကရင်း ကားတွေကိုတားသလို မိန်းမတစ်စုကလည်း သူတို့ တဘက်ကို ကြိုးလိုဆက်ပြီး ကားကိုတား တယ်။ ကားအရှိန်နှေးလိုက်တာနဲ့ “ပိုက်ဆံကြပါဗျို့” ကို ဝိုင်းအော်ကြရင်း လက်ခုပ်သံမြိုင်မြိုင်နဲ့ ကခုန်ကြတော့တယ်။

          ကလေးလူတန်းရှည်ကြီးဟာ တောင်ပြုန်းလမ်းခွဲကလေးဆုံး တဲ့အထိ မဆုံးနိုင်အောင် ရှိနေတုန်းပါပဲ။

          လမ်းခွဲကလေးအဆုံးမှာ တောင်ပြုန်းရွာရှိတယ်။ ပွဲတော်ကွင်း ကြီးရှိတယ်။

          ဒါပေမဲ့ ပွဲတော်လာသူတွေနဲ့ပဲ ပွဲတော်ဆိုင်တွေက တောင်ပြုန်း ရွာကလေးကို ဖုံးအုပ်ပစ်လိုက်တယ်။ တောင်ပြုန်းရွာကလေးဟာ ပွဲတော် ကွင်းကြီးဖြစ်သွားခဲ့ပြီ။ 

          လမ်းခွဲလေးပေါ်မှာ တအိအိမောင်းနှင်လာခဲ့ရတဲ့ ကားတန်းကြီး ကကိုယ်နေရာကိုယ် အသီးသီးဝင်သွားခဲ့ကြတယ်။ ကိုယ်ပိုင်ကားငယ် ကလေးတွေက ကားအပ်ရန် ခြံဝင်းကျယ်ကြီးတွေထဲကို မောင်းဝင်သွားကြပြီး ခရီးသည်တင် ဘတ်စ်ကားကြီးတွေက ကားဂိတ်ကွင်းကျယ်ကြီး တွေထဲကို မောင်းဝင်သွားကြတယ်။

          ကားပေါ်က ဆင်းတာနဲ့ လှမ်းမျှော်ကြည့်လိုက်ရင် ပြွတ်သိပ် ကျပ်ညပ်နေတဲ့ ပွဲတော်ဆိုင်ခန်းတွေအလယ်က ဆုတောင်းပြည်ဘုရား စေတီတော်ရဲ့ ထီးတော်ကို ဖူးတွေ့နိုင်ပေမဲ့ ကြောက်စရာကောင်းအောင် အုပ်ကျက်ဆူညံနေတဲ့ ပွဲတော်အသံဗလံစုံတွေကြားမှား စေတီတော်ရဲ့ ဆည်းလည်းသံသာကိုတော့ ကြားရနိုင်မယ် မဟုတ်ဘူး။

           ပုဂံအနော်ရထာမင်း တည်ထားကိုးကွယ်ခဲ့တဲ့ ဒီဆုတောင်းပြည့် ဘုရားတည်ရာမှာ မြေးတော်ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ် ညီနောင်နှစ်ဦး အမှုတော်အုတ်နှစ်ချပ် လစ်လပ်ပျက်ကွက်တဲ့အတွက် ဘိုးတော် အနော်ရထာမင်းရဲ့ကွပ်မျက်ခြင်းကို ခံခဲ့ရသတဲ့။

          ကွပ်မျက်ခြင်းခံခဲ့ရတဲ့ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ် မင်းညီနောင် ဟာ ဘိုးတော်အနော်ရထာမင်း ဖောင်တော်နဲ့ စုန်လာတဲ့အခါ ဖောင်တော် ကိုသွားမရအောင် ဆွဲထားခဲ့ပြီး အမှုတော်ကိုသာ ထမ်းရသော်လည်း တစ်စုံတစ်ရာ အကျိုးမခံစားရသောကြောင့် ဆွဲထားခြင်းဖြစ်ပါတယ် လို့ လျှောက်တင်ကြတော့ အနော်ရထာမင်းကြီးက တောင်ပြုန်းအရပ် ဆုတောင်းပြည့်ဘုရားအနီးမှာ နတ်ကွန်းနတ်နန်း ဆောက်လုပ်စေပြီး လူအများကို ပူဇော်ပသစေခဲ့သတဲ့။

          ဆုတောင်းပြည့် ဘုရားစေတီအတွင်းမှာ ရွှေချထားတဲ့ အုတ် နှစ်ချပ် လစ်လပ်ရာ ကွက်လပ်လေးနှစ်ခု ရှိတယ်။ ဒီနေရာလေးကို ရှိခိုးပူဇော်ကန်တော့ဖို့အတွက် လူအများကြီး တိုးဝှေ့နေကြတယ်။

          တောင်ပြုန်းရွာလေးရဲ့ အလယ် လမ်းမဘေးဝဲယာ တစ်လျှောက် မှာပွဲတော်ဆိုင်တွေနဲ့ ပြွတ်သိပ်ကျပ်ညပ်နေတယ်။ ပွဲတော်မှာ ရောင်းလေ့ ရှိတဲ့ကရေကရာ၊ စလူမုန့်၊ အနုဆုပ်ဆိုင်တွေဆီက မွှေးပျံ့လာတဲ့ မုန့်အနံဟာ ဈေးသည်မလေးရဲ့ မိတ်ကပ်နံ့၊ နှုတ်ခမ်းနီနံ့၊ ရေမွှေးနံ့တွေ နဲ့ ရောနှောထွက်ပေါ်နေတယ်။

          နာမည်တွေကို ဖတ်ရတာနဲ့တင် မူးနောက်သွားစေနိုင်တဲ့ အမိန့်ရ အရက်ဆိုင်တန်းကြီးကိုလည်း တွေ့နိုင်တယ်။

          မန္တလေးရည် မူးမူးလေး၊ ယစ်ထုပ်ကြီး၊ ကပြားမလေး ဂိုယာရမ်၊ ချာချာလည်၊ ရီဝေဖီလင် အများကြီးပဲ။

          အရက်ဆိုင်တန်းကအကျော် မီးရထားသံလမ်းကို ဖြတ်တဲ့နေရာ ရောက်ရင်တော့ လူအုပ်ကြီးက ရွှေ့မရအောင် ကျပ်ညပ်နေတော့တယ်။ မီးရထားလာနေပြီမို့ သံလမ်းတံခါးဘေးနားမှာ စုပြုံရပ်နေကြရတော့ တယ်။ ရုတ်တရက်ပူလာတဲ့ နေပူရှိန်ဒဏ်အောက်မှာ ရပ်တန့်နေရတဲ့ လူအစုအပြုံကြီးရဲ့ ချွေးတွေဟာ ချောင်းငယ်လေးတစ်ခုတောင် ဖြစ်သွား နိုင်တယ်။ လမ်းခွဲကလေးတစ်လျှောက်လုံးလိုက်လာတဲ့ ဝါဆိုဝါခေါင်လေ ရမ်းကားတောင် ပွဲတော်အုပ်ကြီးကို ကြောက်လို့ လမ်းခွဲကလေးဆီ ပြန်ပြေးပြီထင်ရဲ့။

          မီးရထားကိုယ်ထည်ကို မမြင်ရလောက်အောင် လူတွေနဲ့ ဖုံးလွှမ်းထားတဲ့ မန္တလေး-မတ္တရာ မီးရထားဟာ တအိအိ တရွေ့ရွေ့နဲ့တောင်ပြုန်းဘူတာကို ဝင်လာနေတယ်။ ရထားခေါင်မိုးပေါ်မှာ၊ ရထားဝမ်း ထဲမှာ၊ ခြေနင်းခုံပေါ်မှာ ပြွတ်သိပ်လိုက်လာတဲ့ လူတွေရဲ့အော်သံ၊ ခေါ်သံ တွေက ပွဲတော်သံတွေထဲမှာ ရောနှောပေါင်းစည်းလိုက်ကြတယ်။

          ရထားကျော်သွားတာနဲ့ လူအုပ်ကြီးက ပွဲတော်လမ်းမတစ် လျှောက်မှာဆက်ပြီး ရွေ့လျားကြပြန်တယ်။ ထူးခြားတာတစ်ခုက ရွေ့လျား နေတဲ့ လူအုပ်ကြီးထဲမှာ ဟိုးရှေးကလို ယောက်ျားလေးတွေက မိန်းကလေး တွေကို သားပြော၊ မယားပြော၊ သမီးရည်းစားပြောတွေနဲ့ စကြ၊ နောက်ကြတာတွေ မရှိတော့ဘူး၊ ဟိုတုန်းကပွဲတော်ထဲမှာ ပျိုပျိုရွယ်ရွယ် မိန်းကလေးတွေ့တာနဲ့ လူပျိုလူရွယ် ယောက်ျားလေးတွေရဲ့ “ဟေ့ ချစ်ချစ်” ဆိုတဲ့ခေါ်သံဟာ ပွဲတော်တစ်ခုလုံးကို ဖုံးလွှမ်းလို့။

          “ချစ်ချစ်ရေ၊ ဒီမှာဖြင့် စောင့်နေရတာကြာလှပြီ၊ အဲလိုကြီး မစိမ်းကားပါနဲ့”

          “နှုတ်ခမ်းကြီးစူမထားပါနဲ့ ချစ်ချစ်ရယ်၊ မလှပါဘူး ၊ ပြုံးလိုက်စမ်းပါ ချစ်ချစ်ရဲ့ ”

           “မောင်လာပြီ ချစ်ချစ်ရယ်၊ မောင်နောက်ကျလို့ စိတ်ကောက်နေ တာလား ၊ မျက်နှာကြီး တည်မထားပါနဲ့ ... မောင်နေတတ်ဘူးချစ်ရဲ့”

           မိန်းကလေးတွေမှာ ရယ်ရခက်၊ တည်ရခက်၊ စိတ်ဆိုးရခက် နဲ့၊ တချို့နဲနဲကဲတတ်၊ သဲတတ်တဲ့ သကောင့်သားတွေကျ ကလေး ရုပ်ကြီးတွေကို မိန်းကလေးတွေနေရှေ့သို့ ပေးခဲ့ပြီး “ဟင် ၊ မင်းက