နုနုရည်အင်းဝ - နမ်းမှာလားမောင်ရဲ့မွှေးတယ်ရှင်
နှင်းပြောင်းတဲ့ နွေငယ်မှာလေ
မယ်ဇယ်ပင်တန်းပေါ်က ငှက်ကလေးတွေ၏ အိပ်တန်းထသံ နှင့်အတူ မြဖူး လန့်နိုးလာသည်။ အိပ်မက်ထဲက အမောကြောင့် ရင်တွေ တဆတ်ဆတ် တုန်နေမိသော်လည်း သည်အချိန် မြဖူး မျက်လုံး ပွင့်သည်နှင့် ငှက်ကလေးတွေအသံနှင့်အတူ ရောပြီး ကြားနေကျ ဂန္ဓာရုံကျောင်း လေးနာရီတုံးခေါက်သံကို မကြားရတော့။ မိုးများ လင်းနေရော့လားဆိုတဲ့ အပူက ရင်ထဲတိုးဝင်ကာ ကပျာကယာ ထထိုင်မိသည်။ အကျင့်ပါနေသော တံတောင်နှင့်လည်း ဘေးက တခေါခေါအသံပေးနေသည့် လင်တော်မောင်ကို တွက်လိုက်ရသေး သည်။ ဒါပေမဲ့ ကိုရွှေပိုက်ထွေးတို့ကတော့ အဟောက်တောင်မပျက်။
ကိုယ်ပေါ်က စောင်တစ်ဝက်ကို ပိုက်ထွေးဘက်ဖယ်ချရင်း ကွပ်ပျစ်ခြေရင်းမှာ ညကတင်ထားသည့် ထဘီနှင့်အင်္ကျီကို မြဖူးလျှောက်စမ်းသည်။ သော် ဒုက္ခပါပဲ။ ညက သေချာတင်ထားတာကို မတွေ့တော့ဘူး။ ဘေးဘီတွေကိုပါ စမ်းကြည့်လို့မရတော့ ကွပ်ပျစ်အောက်များ ကျသွားလားဆိုပြီး မြဖူး ကုန်းစမ်းဖို့ ငုံ့လိုက်သည်နှင့် ဗိုက်ထဲက တစ်မျိုးကြီးဖြစ်သွားသည်။ ဘုရား၊ ဘုရား တော်ပါသေးရဲ့။ငါ့နှယ် ဈေးရောင်းသွားချင်တဲ့ လောဘဇောနဲ့ ခုနှစ် လ ဗိုက်ကို သတိမရနိုင်တော့ဘူး။
“ကိုပိုက်ထွေး... ကိုပိုက်ထွေး....”
ပိုက်ထွေးကတော့ တုတ်တုတ်တောင်မလှုပ်။ ငှက်ကလေးတွေ အသံ ပိုဆူညံလာတာနှင့်အမျှ မြဖူး ပူပင်လာကာ တစ်သက်လုံး မှောင်ခဲ့ မြဲ သူ့ပတ်ဝန်းကျင် အမှောင်တိုက်ထဲသို့ ယောင်ယမ်းလို့တောင် ကြည့်မိသည်။ ဟင်းနော်... ဒီမမြင်ရတဲ့ မျက်လုံးကြောင်တွေက မိုးလင်းမလင်း ဘယ်လိုလုပ် သိနိုင်မှာတဲ့လဲ။ ပိန်းပိတ်စွာ မှောင်မြဲ ဖြစ်သောအမှောင်ကို မြဖူးကြည့်ရင်း ပိုက်ထွေးကို လှုပ်နှိုးဖို့ စမ်းနေမိဆဲမှာ လေးနာရီတုံးခေါက်သံတွေ အဆက်မပြတ် ဆူညံလာသည်။ အမယ် လေး တော်ပါသေးရဲ့ ။ ကိုယ့်ဘာသာ ကိုယ့်အိပ်မက်ကြောင့် အစောကြီး လန့်နိုးလာပြီးတော့ ပူလိုက်ရတာ။ ခုမှပဲ အိပ်မက်အမောကြောင့် တုန်နေသောရင်ကို သတိပြန်ရပြီး အိပ်ရာပေါ် ပြန်လှဲလိုက်ရသည်။ တုံးခေါက်သံတွေနှင့်အတူ သံစုံကျူးရင့်သော ဂန္ဓာရုံနာရီစင်က နာရီ ထိုးသံကို မျက်စိမှိတ်နားထောင်ရင်း မြဖူး အိပ်မက်ကို သတိရလာသည်။ဟောဒီလိုပါပဲ။ အိပ်မက်ထဲမှာ နာရီထိုးသံနှင့် တုံးခေါက်သံတွေက ဆူညံ နားကွဲမတတ်။ ဘယ်နှစ်ချက်ထိုးမှန်းမသိ၊ ဘယ်နှစ်နာရီမှန်းလဲမသိဘဲ ပွက်လောရိုက်နေသောအသံတွေကြားမှာ ပိုက်ထွေးကြီးတော်နှင့် မြဖူးတို့ တအားအော်ပြီး ရန်ဖြစ်ကြရသည်။
ပိုက်ထွေးကြီးတော်က နေ့လယ်က လာသွားသည့် မျက်နှာကြီး အတိုင်း။ ပြောတာတွေလည်း အများကြီး။ ဒါပေမဲ့ အိပ်မက်ထဲမှာတော့ စကားတွေက မပီဝိုးတဝါးဖြစ်နေသော မြဖူးကို ဒေါသဖြစ်စေသော စကားတစ်ခွန်းပဲပီလေသည်။ “ဟဲ့ကောင်မရဲ့၊ မျက်မမြင်မရဲ့ ။ နှင့်ကြောင့်မို့ ငါ့တူဟာ ကျောင်းထမင်း ကျောင်းဟင်းစားရမယ့်ဘဝ ရောက်ရတော့မှာ။ ငါတို့က ဆင်းရဲပေမဲ့ နင်တို့လို ဂန္ဓာရုံ ထမင်းဟင်းစား ကြီးတာမဟုတ်ဘူးဟေ့” ဆိုတဲ့စကားကို မြဖူး နားထဲကမထွက်။ နေ့လယ်တုန်းကလည်း ဒီစကားတွေနဲ့ မြဖူး မျက်ရည်တောက်တောက် ကျခဲ့ရသည်။ ကိုယ့်ကိုလာပြီး ဆွဲလွဲလုပ်လိုက်ရင် ဗိုက်ထဲက ကလေး ဒုက္ခလေဆိုပြီး အောင့်ခံသမျှတွေကို အိပ်မက်ထဲမှာကျမှ မြဖူးကလည်း တအား အော် အော် ပြောပစ်လိုက်တာ။ အသံတွေကိုပြောလို့။ နိုးလာတော့ လူလည်း မောလို့။
တုံးခေါက်သံတွေက တဖြည်းဖြည်း စဲသွားပေမဲ့ ပတ်ဝန်းကျင် ကတော့ တိတ်ဆိတ်နေတုန်းပင်။ ငှက်ကလေးတွေအသံကသာ ပိုပြီး ညံစာလာသည်။ အင်း... မနက်ကိုးနာရီ ခေါက်တဲ့တုံးသာဆို ဒီလို ဘယ်ငြိမ်နေမလဲ။ တုံးခေါက်ပြီးတာနဲ့ ချိုင့်သံ၊ ပလုံးသံတွေနဲ့ လူတွေ ခပ်သုတ်သုတ်လာနေတဲ့အသံ။ ငါးဆယ်၊ ခြောက်ဆယ်ထက်မနည်း ရှိတဲ့ ခွေးအုပ်ကြီးပြေးလာတဲ့အသံတွေနဲ့ ဆူညံလှုပ်ရှားနေမှာ။ သံဃာ အပါးထောင်ချီရှိတဲ့ ဂန္ဓာရုံကျောင်းကြီးရဲ့ အမြဲတမ်း ပေါများပိုလျှံနေတဲ့ ဆွမ်းတွေ၊ ဆွမ်းဟင်းတွေ၊ ထမင်းရည်တွေက လူတွေက အိမ်ယူကြဖို့၊ ခွေးတွေက နေရာတွင် စားကြဖို့၊ ဂန္ဓာရုံကျောင်းကြီးရဲ့ စွန့်နေကျနေရာမှာ လူတွေနဲ့ ခွေးတွေရောထွေးဆူညံပြီး အသက်ဝင်နေမှာ။
တကယ်တော့ ကိုးနာရီတုံးခေါက်သံဟာ မြဖူးအဖို့ မမေ့နိုင်တဲ့ အသံ။ မြဖူးအဒေါ်၊ မြဖူးရဲ့ တစ်ဝမ်းကွဲမောင်၊ ညီမလေးတွေနဲ့ ရွာနီး ချုပ်စပ်က တချို့လူတွေ။ များစွာသော ခွေးလေခွေးလွင့်တွေကို ညှို့ငင် ခေါ်ယူတဲ့အသံ။ ပြီးတော့ အနံ့နှင့် လျှာကိုသာ အားကိုးရသော မြဖူးအဖို့လောဘကြီးပြီး မြဖူးအပေါ်မှာ အမြဲစွာတတ်တဲ့ ညီမဝမ်းကွဲ မိပုတ် ရလာတတ်သည့် ဟင်းမျိုးစုံပေါင်းထားသော ဟင်းပေါင်းနံ့၊ စွန်တာနီ ပဲပြုတ်နံ့၊ ဘိုစားပဲပြုတ်နံ့၊ ပဲထောပတ်ပြုတ်နံ့၊ ခရမ်းချဉ်သီး ငါးပိချက်နံ့၊ ဝက်သားဟင်းလေးအနှစ်နံ့တို့ကို ဘယ်တော့မှ မမေ့နိုင်ပါ။
တဖြည်းဖြည်း ကျပ်တည်းပြီးရင်း ကျပ်တည်းလာသော မြဖူး တို့လို ဆင်းရဲသားလက်လုပ်လက်စားအတော်များကို ထမင်းနပ်မှန် အောင် အထောက်အပံ့ပေးသော ကျောင်းတော်ကြီး၏ ကျေးဇူးကိုလည်း မြဖူး ကျေးဇူးမကန်းနိုင်ပါ။
ဒါပေမဲ့ ဘာလို့မှန်းမသိ။ ဘေးပတ်ဝန်းကျင်က ကျောင်းထမင်း ကျောင်းဟင်းစားတွေဆိုပြီး မေးငေါ့ခံရမှာ၊ ဝိုင်းပယ်ခံရမှာကိုတော့ မြဖူး ရှက်သည်။ ကြောက်သည်။ အဒေါ်မုဆိုးမနှင့် ကလေး လေးယောက်။ လူပို မြဖူးနဲ့ဆို ခြောက်ယောက်ရှိသော မိသားစုအဖို့ ညီမတစ်ယောက် ရက်ကန်းခတ်သည့်ဝင်ငွေနှင့် ဘယ်လိုမှ မစားလောက်လို့သာ။ နို့မို့ များဖြင့် ဘယ်သူ လုပ်ချင်ပါ့မလဲကွယ်။ အင်း... မြဖူးကိုတော့ ရှေး အတိတ်ကုသိုလ်ကံကြောင့် တွေ့ခဲ့ရတဲ့ လင်တော်မောင် ကိုပိုက်ထွေး က ကျောင်းထမင်းကျောင်းဟင်းကို မြဖူး ဘယ်တော့မှ မစားစေရတဲ့။ ဆီနဲ့ဆားနဲ့ စားရစားရ။ သူရှာကျွေးမတဲ့။ ပြောတော့သာလွယ်တာ။ ဆီနဲ့ဆားဖိုး ရှာဖို့ကိုက ဘယ်လောက်ခက်ခဲလဲဆိုတာ မြဖူး သိပါ သည်။ ခုပဲကြည့်။ သူ ပင်ပန်းပြီး တအားအိပ်ပျော်နေတာ။ သူ့ကြီးတော် ကလည်း ပြောသွားသေးတယ်မဟုတ်လား။ သူ့တူမှာ အလုပ်စုံလုပ်ရတာလူရုပ်တောင်မပီတော့ဘူးတဲ့။ဒါပေမဲ့အဲ့ဒါသည်းကြောင့်၊မြဖူးကြောင့်ဆိုတာကတော့ ဘာဆိုင်လို့လဲ။ သူ့တူဘာသာ မျက် မမြင်မကို ချစ်လှချည်ရဲ့ဆိုပြီး အတင်းယူတာ။ သူ့တူကို ယူပါရှင်လို့ ဘယ်သူကမှ...
“မြဖူး... မြဖူး.. ထတော့ဟ”
ပိုက်ထွေးက ထုံးစံအတိုင်း ကမူးရှူးထိုးနှင့် ထလိုက်သည်။
“အမယ်လေး၊ ကျွန်မက ရှင့်ကြီးတော်ကောင်းမှုနဲ့ ကြာလှပြီ၊ နိုးနေတာ...”
အိပ်မက်အရှိန်နဲ့ အေတူးသော မြဖူးကို ပိုက်ထွေးက ခပ် ကြောင်ကြောင်ကြည့်ရင်း တဟဲဟဲရယ်ကာ..
“ဘာတွေပြောနေတာလဲဟ။ ထ.. ထ.. မျက်နှာသစ်ရအောင်။ အဲ.. စမ်းမနေနဲ့ဗျ။ နင့်အင်္ကျီနဲ့ထဘီကို ငါညက ကြွက်ရန်ကြောက်လို့ သေတ္တာထဲထည့်ထားတာ။ ပြီးတော့ ထုတ်ပေးမယ်။ လာဟာ... မြန်မြန်
လုပ်။ နင့်သနပ်ခါးလည်း သွေးပေးရဦးမှာ။ ဒီမှာ ဖိနပ်က...”
စကားသံတတွတ်တွတ်နှင့်အတူ မြဖူးလက်တွေကို ကြင်နာစွာ ဆွဲငင်ခေါ်ယူတော့လည်း မဆီမဆိုင် စူထားမိသော မြဖူးနှုတ်ခမ်းတွေ အလိုလို ပြေလျော့ကာ သူ့ကြီးတော် အိပ်မက်သည်လည်း လွင့်စဉ် ပျောက်ပျက်ရပြန်သည် ။
“x x x ထည့်ကာx x x ထည့်ကာx x x ယကွင်းရယ်နဲ့ x x x ထမင်းတွေပုံx x x ဟင်းတွေပုံx x x ထည့်ကာx x x ထည့် ကာx x x ယကွင်းရယ်နဲ့ x x x ထမင်းတွေပုံ x x x ဟင်းတွေပုံ
မယ်ဇယ်ပင်ရွက်ခတ်သံတွေကြားမှာ၊ နှင်းစက်ဖြောက်ဖြောက်သံ လေးတွေကြားမှာ အချိုးမပြေသော ပိုက်ထွေး သီချင်းအော်ဆိုသော အသံ ပျံ့လွင့်နေသည်။ မြဖူးက ပိုက်ထွေးလက်တစ်ဖက်ကို ဆုပ်ကိုင် ထားပြီး လက်တစ်ဖက်က စမ်းလျှောက်သည့်တုတ်ကို ကိုင်ထားသည်။ လက်တစ်ဖက်က မြဖူးကိုဆွဲ၊ တစ်ဖက်က အကြော်ကြော်တဲ့ ပစ္စည်း ပစ္စယတွေနှင့် လေးလှသော တောင်းကို ထိန်းပြီး ထမ်းထားရသည့်
ကြားထဲက ပိုက်ထွေး သီချင်းဆိုနိုင်သေးသည်။ နေ့စဉ်နေ့တိုင်း အကြော်တဲသွားရာ လမ်းတစ်လျှောက်လုံး ထပ်တလဲလဲဆိုတတ်သော သည်သီချင်းပိုဒ်လေးကို မြဖူးမှာ မရိုးနိုင်သလို သည်းခံနားထောင်ရမြဲ။
“ထည့်ကာx ထည့်ကာ ယကွင်းရယ်နဲ့ ထမင်းတွေပုံ”
“သီချင်းကလည်း ဒီက မတက်တော့ဘူး။ ရှင့်ဥစ္စာက”
“ဟဲ... ဟဲ သီချင်းအော်ဆိုတာ အချမ်းပြေတယ်ဟ..”
ဟုတ်သားပဲလေ။ သူ့မှာမှ အနွေးထည်မရှိဘဲ။ ဗိုက်နှင့်မြဖူးက သူ့လူပျိုဘဝက အနွေးထည်ကို ယူဝတ်ရတာ၊ အကြော်ဖိုကျမီးနဲ့ နွေးသွားတာပဲဆိုပြီး သူ နေ,နေခဲ့တာ။ နှုတ်ဆိတ်ငြိမ်သက်သွားသော
မြဖူးကို ပိုက်ထွေးက စောင်းကြည့်ရင်း...
“မြဖူး.. နှင့်ဗိုက်ထဲကဟာလေး... လှုပ်သေးလား”
“လှုပ်တာပေါ့။ ကျွန်မ ဘယ်တော့လောက်မှ မွေးမှာလဲ မသိ ဘူးနော်။ ဆောင်းကုန်မှမွေးပါစေ။ ကိုယ့်မှာက စောင်တွေဘာတွေ လုံလောက်တာမဟုတ်ဖူး”
“ဟာ.. နင်ကလည်း ဘယ်တော့မွေးမွေး။ စောင်မရှိ ဝယ်ရမှာ ပေါ့ဟ”
“ပါးစပ်ဝယ်ကတော့ လွယ်တာပေါ့ ကိုပိုက်ထွေးရယ်။ ရှင့်မှာ ပိုက်ဆံရှာရတာ လွယ်တာမဟုတ်။ မနက် အကြော်ရောင်းတော့လည်း ရှင်၊ ထမင်းချက်တော့လည်း ရှင်၊ နေ့ခင်း အလုပ်ကလည်းတစ်မျိုး။ နေဦး... နေဦး။ နေ့ခင်းအလုပ်ဆိုလို့ ရှင် နေ့လယ်... နေ့လယ်မှာ ပလတ်စတစ်တွေ လိုက်ကောက်နေတယ်ဆို။ အိမ်ကြိုအိမ်ကြားတွေ မှာတဲ့။ ရှက်စရာကြီးတဲ့” ။
“ဘယ်သူကတုံး”
“ကိုပိုက်ထွေး ကြီးတော်ကပေါ့။ ဟိုတစ်လောကတော့ ရှင် ရက်ကန်းသွားခတ်တယ်ဆိုပြီး ခုကျ ဘာဖြစ်လို့လဲ”
“ကြီးတော်ပြောတာတွေ စိတ်ထဲမထားစမ်းနဲ့ဟာ။ အလကား။ နင် ဘာမှမပူနဲ့။ ငါ့အလုပ်ကိုငါသိတယ်”
“ကိုပိုက်ထွေးသိတာက ကိစ္စမရှိဘူး။ အပြောခံရတော့ ကျွန်မ ခေါင်းချည်းပဲ။ ကိုပိုက်ထွေးကြီးတော်က သူ့တူက မိဘမရှိပေမဲ့ ဆင်းရဲပေမဲ့ လူပျိုတုန်းက ဒီလို မစုတ်ပြတ်ဘူးတဲ့။ နာရီနဲ့ဘာနဲ့တဲ့..။ ခုကျမှ ကျွန်မကြောင့်..”
မြဖူး ငိုသံပါစပြုလာသည်။
“မြဖူးကလည်းဟာ။ စောစောစီးစီး။ ဟိုမှာ တောင်လေးလုံးက ဦးဇင်းဌေး ဆွမ်းခံထွက်လာပြီနော်။ ငါတိုင်လိုက်ရမလား”
“တိုင်ပါ့လား.....။ ကျွန်မကလည်း ပြန်တိုင်ပစ်မှာပေါ့... ဟင်း....။