Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

နုနုရည်အင်းဝ - တချို့အဆင်းလှတချို့အဆင်းမလှ

Regular price 7,000 MMK
Regular price Sale price 7,000 MMK
Sale Sold out

ဇူလိုင် ၁၉၈၄

          ဒီအတိုင်းသာဆိုလို့ကတော့ ကြာခင်ဘူး၊ လူတော့ လုံးပါးပါးတော့မှာပါပဲ။ ကြည့်ဦးလေ... ဘဲဥနဲ့မျှစ်နဲ့ ရောချက်သတဲ့၊ သံပန်းကန်ပြား အလွတ်ကို ကိုင်ပြီးငိုင်နေမိတယ်။ ထမင်းခံဖို့တောင် စိတ်မပါတော့ဘူး။ ဘယ့်နှယ်တော် မျှစ်နဲ့ဝက်သားနဲ့ ၊ မျှစ်နဲ့ အမဲသားနဲ့၊ မျှစ်နဲ့ ပုစွန်နဲ့၊ ဒီလိုသာ ကြားဖူး ပါတယ်၊ ခုတော့ ကြည့်ဦး မျှစ်နဲ့ဘဲဥတဲ့။ မကြားစဖူး၊ ဘယ်သူများ စပ်တဲ့ ဟပ်တဲ့ ဟင်းမြတ်မဟာပါလိမ့်။ 

          အေးလေ... ဘယ်သူပဲစပ်စပ် ဟပ်ဟပ် ကိုယ်နဲ့မဆိုင်ဘူး၊ ကြေးများ ဖို့၊ နှုတ်ခမ်းစူဖို့ကလည်း ကိုယ့်အမေအိမ် မဟုတ်ဘူး။ အားလုံးစားကြရမှာ ပဲ။ ဘာဟင်းနဲ့ ၊ ဘာထမင်းနဲ့ ဖြစ်ဖြစ် အားလုံးစားကြရမှာပဲ၊ ဒါပေမဲ့ ခက် နေတာက ဒီဟင်းကို “မာသီ” လုံးဝ စားလို့မရတာက ပြဿနာပဲ၊ မျှစ်ကို မာသီ မကြိုက်ဘူး၊ မကြိုက်တာမှ မျှစ်ချိုလည်းမကြိုက်၊ မျှစ်ချဉ်လည်း မကြိုက်၊ ဘာဆိုဘာကိုမှကို မကြိုက်တာ။ ဒီတိုင်းပဲ ဘဲဥ... ကြက်ဥဆို ကလည်း မာသီသိပ်မုန်းတဲ့ အမျိုးအစားတစ်မျိုး။ ဒီနှစ်မျိုးကို မာသီဘယ်လိုမှစားမရလို့ ဘယ်တော့မှ မစားခဲ့ဖူးတာ၊ ခုတော့ ဒီနှစ်မျိုးကို တွဲလို့တောင် ချက်ထားတဲ့ ဟင်းနဲ့ ကြုံမှကြုံရပလေ။ 

           မနက်ငါးနာရီထဲက ထထားရတဲ့ မာသီဗိုက်ကလည်း ခုဆယ်နာရီ ထမင်းစားချိန်မှာ ဆာလွန်းလို့ ဟူဟူမြည်နေပြီ။ ဘယ်နှယ့်လုပ်မလဲ။ ထမင်းချည်း မျိုချရမည့်ကိန်း၊ ဟင်း..... ဘယ်လိုမှ မမျိုနိုင်ပေါင်၊ အစား အသောက်နဲ့ ပတ်သက်ရင် ဒေါသက မီးလိုတောက်လာတတ်တဲ့ ထုံးစံ အတိုင်း ဒေါသကဖြစ်ချင်လာပြီ။ ဒါပေမဲ့ ဒီဒေါသကို မာသီ ဘယ်သူ့ပေါ် ပုံချရမှာလဲ။ အိုး... အိမ်မှာ ဆိုလို့ကတော့ ထမင်းစားပွဲမှောက်ပြီပေါ့ ။ အမေ့ ကြမ်းပြင်တွေ သိမ့်သိမ့်တုန်ပြီပေါ့၊ အမေ့လင် ကိုထွန်းတင် အိမ်ပေါ်က ဆင်းပြေးပြီပေါ့။

          “ဟဲ့ ကောင်မ... ထမင်းခံလှည့်လေ၊ မျက်နှာကြီးက ပုပ်သိုးပြီး ဘယ် သူ့ ရန်လိုနေပြန်ပြီလဲ..”

           ထမင်းထည့်ပေးနေတဲ့ အေးသိန်းက လှမ်းအော်တော့ ပိုပြီး ဒေါသ က ဖြစ်လာတယ်။ အေးသိန်းဘေးနားမှာ ဟင်းထည့်ပေးနေတဲ့ ဆရာမက လှမ်းကြည့်လိုက်လို့သာပေါ့ ။ မဟုတ်ရင်တော့လား မာသီ ဒေါသတွေ အားလုံး ဒီကောင်မပါးပေါ်မှာ ပုံကျသွားပြီသာမှတ်.....။ 

           ထမင်းခံပြီး ထမင်းပန်းကန်ကို စားပွဲပေါ်မှာ သွားသာ တင်ထားရ တယ်၊ အရင်နေ့တွေလို စိတ်ကမပါတော့ဘူး။ ဟုတ်တယ်၊ အရင်နေ့တွေဆို ဘာဟင်းနဲ့ပဲဖြစ်ဖြစ် စားရမှာကို မာသီပျော်နေတယ်။ အစားဟေ့ဆို ရှေ့ဆုံး က ရောက်တတ်တဲ့၊ ဘယ်လောက်စားစားလည်း မဝနိုင်အောင် အစား မက်တဲ့ မိန်းမ ဒီနေ့အဖို့ကတော့ တကယ့်မဟာဒုက္ခ...။

          “ကဲ.. ကဲ ပြီးပြီလား၊ ထမင်းပန်းကန် ဟင်းပန်းကန်တွေအားလုံး တင် ပြီးပြီလား၊ ပြီးရင် တန်းစီမယ်” 

           ဆရာမက လှမ်းအော်တော့မှ ထမင်းခံရင်း ဟင်းခံရင်း တစ်ယောက် တစ်ပေါက် ဆူညံနေတာတွေ ငြိမ်ပြီး ထမင်းစားပွဲဘေးမှာ အပြေးအလွှား တန်းစီကြတယ်၊ ဆယ်ယောက်တစ်တွဲစီ။ ရှေ့နောက်တန်းလျက်။ စိတ်မပါ ပေမဲ့လည်း မာသီက ဆယ်ယောက်တစ်တွဲရဲ့ ရှေ့ဆုံးကနေ အော်ပေးရတဲ့ သူဆိုတော့ ရှေ့ထိပ်ကို သွားစီရတယ်၊ မာသီက အသံစွာ အသံစူးသူဆိုတချို့ အဆင်းလှ တချို့ အဆင်းမလှ တော့ ရှေ့ထိပ်မှာ နေရတယ်လေ။

          “ကဲ.. အမှတ်စဉ်မှတ်....”

          “တစ်.. နှစ်... သုံး... လေး.. ငါး... ခြောက်”

          မာသီက စပြီး တစ်ကနေ သုံးဆယ်ထိ အော်သွားရတယ်၊ ပြီးတော့ မှ မာသီက ကိုယ့်နောက်က ကိုးယောက်ကို လှည့်ကြည်ပြီး။

          “ကျွန်မ မာသီ၊ မအေးသိန်း၊ မစန်းချစ်၊ မရွှေအ၊ မမြအိမ်၊ မဖြူဥ၊ မကြည်မွှေး၊ မခင်ခင်၊ ရီရီဌေး၊ မစူး၊ အားလုံး ဆယ်ယောက်ပါရှင်”

          ကိုယ့်အစု ဘယ်လောက်ပြည့်တဲ့အကြောင်း ရှိတဲ့အကြောင်း တာဝန် ကျ ဆရာမကို သတင်းပို့ရတာပေါ့။ မာသီအော်ပြီးတော့ ဟိုဘက် ဆယ်ယောက်တွဲ နှစ်တွဲထိပ်က မိန်းကလေးနှစ်ယောက်ကလည်း ကိုယ့်နောက်က ကိုးယောက်ကိုကြည့်ပြီး အော်ပေးရတယ်။ 

          “အားလုံး လူစေ့တယ်နော်၊ ပြီးရင် သစ္စာအဓိဋ္ဌာန်”

          “ကျွန်မတို့သည် နိုင်ငံတော်မှ ကျွေးသောထမင်းဖြင့် အသက်ရှင် နေထိုင်ပါသည်။ ဤကျေးဇူးဖြင့် နိုင်ငံတော်ကို သစ္စာစောင့်သိပါမည်။ နိုင်ငံတော်အတွက် အလုပ်အကျွေးပြုပါမည်...”

          အရင်နေ့တွေ ဒီသစ္စာဆိုပြီဆို မာသီအသံက အကျယ်ဆုံး။ ဒါဆို ပြီးရင် စားရတော့မယ်ဆိုတဲ့ အသိက မာသီရင်ထဲမှာ အလိုလိုမြူးပြီး ပျော် လာတာပဲ။ ခုတော့ ပါးစပ်က နေ့တိုင်းဆိုနေကျမို့သာ ထွက်သွားရတယ်။ လူကတော့ ဒေါသတစ်ဝက် စိတ်ညစ်တာကတစ်ဝက်။

          သစ္စာဆိုပြီးလို့ စားပွဲမှာထိုင်ပြီး အလုအယက် စားသာစားကြရော... မာသီ ဘာလုပ်ရမှန်းမသိသေးဘူး။ သုံးယောက်တစ်ပန်းကန် ဟင်းခွက်ထဲ က မျှစ်ဖတ်တွေကို အပြိုင်အဆိုင် ဆမ်းနေကြတဲ့ မရွှေအနဲ့ မဖြူဥရဲ့ လည် ပင်းတွေကို ထညှစ်ချင်စိတ်ပဲ ဖြစ်လာတယ်။ ဟိုးတုန်းက.. အမေပြောဖူးတဲ့ “နင်က အစားအတွက်ဆို လူတောင်သတ်မယ့် မိန်းမ” ဆိုတာကို သွား သတိရမိတယ်။ 

          “ဟဲ့.. ကျားသားမိုးကြိုး၊ ဒီတစ်ခါ မာသီ လက်နှေးလှချည့်လားကွယ့်”

           မဖြူဥက ကချင်သံဝဲဝဲနှင့် အံ့သြတကြီး ပြောနေလိုက်သေးတယ်။ဟုတ်တယ်လေ အရင်လိုဆို ဟင်းခွက်မှာ မာသို့လက်ချည်းပဲ။ ပါးစပ်က လည်း စား၊ လက်ကလည်း ဟင်းခွက်က ဇွန်းကို လွှတ်တော့တာမှ မဟုတ် တာ။ ထမင်းစားတိုင်း မာသီ အတိုင်ခံရတာချည်းပဲဥစ္စာ။ တိုင်လည်း တိုင်ချင်စရာ၊ ဘယ်... သုံးယောက်တွက် ကိုယ်တာဟင်းဟာ မာသီပန်းကန် ထဲမှာချည်း နှစ်ပုံလောက်က ရောက်နေတာ။

          ခုတော့လည်း မရွှေမာသီတို့ ငြိမ်လို့။ ဒါပေမဲ့ မျက်နှာကတော့ ရွာ တော့မယ့်မိုးလို ညိုမှိုင်း အုံ့ဆိုင်းလို့။     

         “မာသီ ဘာဖြစ်လို့ မစားသေးလဲ၊ ဘာဖြစ်လဲ”

          ဟော... ဆရာမ မြင်သွားပြီထင်တယ်။ 

          “ဘာမှမဖြစ်ပါဘူး ဆရာမ...၊ သမီးစားမှာပါ”

          ဘယ်လိုပဲ စိတ်ဆိုးစိတ်ဆိုး၊ ဘယ်လောက်ပဲ စိတ်ညစ်စိတ်ညစ်၊ ချိုသာကြောက်ရွံ့တဲ့ ဖြေသံလေးကတော့ ရှောရှောရှူရှူထွက်မှ၊ အင်း လက်ကလည်း ထမင်းကိုနှိုက်မှ၊ စားမှ။ မဟုတ်ရင် ဟိုတစ်ပတ်က မိအေးသိန်းနဲ့ လုံးသတ်မိလို့ ဒဏ်ပေးခံရတဲ့ မြောင်းဖော်၊ အိမ်သာဆေး လုပ်နေရမှဖြင့် ပြဿနာ...။

          ဟင်းရည်တွေပဲ ဆမ်းပြီး မာသီ နယ်စားပစ်လိုက်တယ်။ ဒါပေမဲ့ သိတဲ့အတိုင်း အနံ့က မတရားပြင်းတဲ့ မျှစ်နံ့ကြီးက အန်ထုတ်ပစ်ချင်စရာ။ ဘဲဥ ညှီနံ့ကြီးကလည်း ဆိုးလိုက်တာ လွန်ရော။ အရင် ထမင်းခဏခဏ ထတောင်းတတ်တဲ့ မရွှေမာသီ ဒီတစ်ခါ တစ်ပန်းကန်ကုန်အောင် ဘယ်လို သွတ်ရပါ့။ ဒါပေမဲ့ ကြိတ်မှိတ်ပြီး ကုန်အောင်သွတ်ရမယ်၊ ဒီလိုမှ မသွတ်ရင် ညနေစာ မရောက်ခင် ကြားထဲမှာ ဆာတဲ့ဒဏ်ကို လှိမ့်နေအောင် ခံရလိမ့် မယ်။

           နေ့လယ်စာ နို့ဆန်ပြုတ်လေး၊ သာကူယိုလေး ဒီနေ့ အလှည့်ကျ လိုက်စမ်းပါစေ၊ ရှိလိုက်စမ်းပါစေတော်..။    ဒီနေ့လည်း ဗလာနတ္ထိ ဆိုလို့ကတော့၊ အေးလေ.. ဘာတတ်နိုင်မှာလဲ၊ ညနေစာကို စောင့်ရုံပေါ့ ။ အဲ... ညနေစာသာ မျှစ်ထပ်လို့ကတော့ ပြီးရော။ အမေရေ.. ကိုယ့်သမီးအကြောင်း ကိုယ်သိသားနဲ့ ဘာလို့များ ဒီဝဋ်ကြီးထဲမှာ ထားခဲ့ရတာလဲ။ 

           အမေ့သမီး အတွက်ကတော့ စားချင်တာတွေကို အချိန်ရှိသရွေ့တပျတ်ပျတ် စားမနေရတာဟာ ဝဋ်ဆင်းရဲကြီးတစ်ခုပဲအမေ။ နောက်ဆုံး ထမင်းလုတ်ကို ကြိတ်မှိတ်မျိုချရင်း အမေ့ဈေးဗန်းကို မျက်စိထဲမှာ မြင်ယောင်ပြီး ငိုချင်သလိုကြီး၊ ဗန်းနှစ်ချပ် ဆင့်ရွက်ရတဲ့ အမေ့ဈေးဗန်းက ဝက်သား ဝက်သွေးခဲ၊ သနံပြည်၊ ခရမ်းချဉ်သီး၊ နှမ်းဖတ်ချဉ်၊ လက်ဖက်၊ မုန့်မျိုးစုံ... အို စုံလို့၊ အမေ့ခေါင်းပေါ်က အိမ်ဆိုင်အသေးစားလေးကို မာသီ လွမ်းလှပါဘိတော့တယ်။

          သိတတ်စကတည်းက အမေ့ဈေးဗန်းနောက်၊ အမေ့နောက်မှာ တကောက်ကောက်လိုက်ရင်း ဈေးဝယ်တစ်ခါခေါ် တစ်ခါချ၊ မာသီက တစ်ခါနှိုက်စားလိုက်နဲ့ စားလို့မဆုံးဘဲ ရှိခဲ့တာတွေကို မာသီဘယ်လိုမှ မမေ့နိုင်ဘူး။

          “ငါကတော့ မျှစ်စားပြီးရင် လက်ကို စင်အောင်မဆေးချင်ဘူး။ ငါ့လက်က မျှစ်နံ့လေး ပျောက်သွားမှာစိုးလို့..”

          မုန်းစရာ ကောင်းလိုက်တာ၊ မကြည်မွှေးက သူ့လက်ကို တရှုပ်ရှုပ် နမ်းလို့။ အရင်စားခဲ့ရတဲ့ အမေ့ဈေးဗန်းက မုန့်တွေရဲ့ အရသာတွေကို ပြန်စဉ်းစားနေတာတောင် ပျောက်သွားပြီ။ သေလိုက်ပါလား..၊ ဒီလောက် ကြိုက်နေရင်လည်း... ဟုတ်တယ် တကတဲမှ...။

         “မိုးအေးအေးနဲ့ မျှစ်စားပြီး အိပ်လိုက်ရရင်တော့ ဇိမ်တကာ့ ဇိမ်ပဲ ပေါ့” မစန်းချစ်က တစ်မျိုး။ ဒီမျှစ်ချီးမွမ်းခန်းဟာ ပြီးပဲ မပြီးကြတော့ဘူး လား။ သူတို့အဖို့ကတော့ ဟုတ်ချင်ဟုတ်မှာပေါ့ ။ မိုးအေးအေးမှာ မျှစ်စားပြီး ကွေးရတာကို ဇိမ်ကြီးတစ်ခုလို မှတ်မှာပေါ့။ 

          မာသီကတော့ မုန်းတယ်။ မိုးကိုရော... မိုးတွင်းမှာ လှိုင်လှိုင်ပေါ်တတ် တဲ့ မျှစ်ကိုရော မုန်းတယ်။ ဟောဒီလိုပဲ... မိုးတွေတစိမ့်စိမ့် ရွာနေတဲ့ မနှစ် ဇူလိုင်လတုန်းက အေးဇရပ် ကျေးရွာကောင်စီတွေက ဟောဒီအမျိုးသမီး ရိပ်သာကို မာသို့လိုက်ပို့ကြတာလေ။

          အဲဒီတုန်းက မာသီတို့ မြင်းလှည်းလည်း ရိပ်သာရှေ့ရောက်ရော မိုးက ရွာချလာတာပဲ။ မြင်းလှည်းပေါ်ကဆင်းပြီး တံခါးပေါက်ကြီးနားမှာ ထီးမပါ ဘာမပါနဲ့ မိုးရွှဲခံပြီး ရပ်နေရတယ်။ မာသီနဲ့လည်း အဖော်ရ၊ မန္တလေး ကို ဈေးဝယ်လည်း လိုက်လာတဲ့ ကောင်စီလူကြီးကတော်မှာလည်း တဘက် လေး တစ်ထည်ပဲပါတယ်။ သူ့တဘက်လေးက သူ့တစ်ခေါင်းလုံးတော့ လုံတာပေါ့။ သူ့ယောကျာ်းနဲ့ တခြားကောင်စီ နှစ်ယောက်မှာလည်း ဦးထုပ် တွေပါတယ်။ မာသီမှာသာ... အဝတ်ဖာလေး တစ်လုံးနဲ့ ဆောင်းစရာ ဗလာ နတ္ထိ..။

          မိုးကိုကြောက်လွန်းလို့ မဟုတ်ပါဘူး။ ဒါပေမဲ့..... မာသို့အဖျားက ခုမှ ပျောက်ခါစလေ။ မိုးမိပြီး ထပ်ဖျားမှာ စိုးတယ်။ သူတို့ ခေါ်လာတဲ့ ဘုမသိဘမသိ နေရာမှာ မာသီမဖျားရဲဘူး။ အို.. အဲဒီတုန်းကတော့ မိုးမိတာ ထက်၊ ပြန်ဖျားမှာထက် တံခါးပေါက်က သော့ခလောက်ကြီးကို ကြောက် လန့်တကြားကြည့်နေမိတယ်    “ကျောက်မြောင်းမြို့နယ် ပါတီယူနစ် နှစ်ပတ် လည်အစည်းအဝေး” ဆိုတဲ့ လက်ဆွဲအိတ်အပြာ ဆင်တူတွေနဲ့ ကောင်စီ လူကြီးတွေ အထဲကို လှမ်းခေါ်နေကြတာကို စိတ်စောပြီး ကြည့်နေမိတယ်။

          မာသီ ခုရောက်လာတဲ့ အမျိုးသမီးရိပ်သာဆိုတာ ဘယ်လိုဟာမျိုး လဲ၊ မာသီကို ဘယ်လိုထားမှာလဲ။ ဝင်းတံခါးကြားက ကြည့်ရတာတော့ ခြံဝင်းအကျယ်ကြီးနဲ့... နှစ်ထပ်တန်းလျားကြီးတွေနဲ့။ မိန်းကလေး တစ် ယောက်စ နှစ်ယောက်စလည်း မြင်ရရဲ့။

          ခဏကြာတော့ အထဲက ဒရဝမ်နဲ့တူတဲ့ လူကြီးတစ်ယောက်က သော့လာဖွင့်ပေးတယ်။ ဆရာမတစ်ယောက်ကလည်း ဘေးမှာရပ်လို့။ မာသီတို့ တန်းလျားကြီး အောက်ထပ်ထောင့်စွန်းအခန်းထဲကို ခေါ်သွားပြီး ထိုင်ခိုင်းတယ်။ မှန်ဗီရိုတွေ၊ ကုလားထိုင်တွေနဲ့ တော်တော်ကောင်းတဲ့ အခန်း။ ဆရာမ ရုံးခန်းနဲ့တူရဲ့....။

          “မှန်ပါတယ် ဆရာမ။ မိဘတွေက မရှိကြတော့ပါဘူး၊ ကျွန်တော် တို့ရွာကလည်း မဟုတ်ပါဘူး။ တခြားက ရောက်လာတာပါ။ ရောက်လာ တုန်းကတော့ သူ့ပထွေးဆိုတဲ့ သူနဲ့ပါ...၊ နောက်တော့ ပြောရမှာ အား လည်း နာပါတယ်။ ဒီလို ဆရာမရေ....”

          ရိုင်းချင်လည်း ရိုင်းပေစေတော့။ အခန်းဟိုဘက်ထောင့်ကဘာတွေ ရေးထားမှန်းမသိတဲ့ ‘ဘော” ကြီးချိတ်ထားတဲ့ နေရာကို ဝုန်းခနဲ ထလာမိတယ်။ ဒါမှ သူတို့ပြောတဲ့ မာသို့အကြောင်းတွေကို မကြားရမှာပေါ့။ သူတို့ ပြောပြနေတဲ့ အကြောင်းတွေဟာ မမှန်ဘူးလားဆိုတော့လည်း မှန်ပါတယ် လေ၊ သိပ်ကိုမှန်ပါတယ်။ ဒါပေမဲ့ အဲဒီအမှန်တရားတွေကို ကိုယ်က ကျူးလွန်ခဲ့ပေမယ့် တကယ့်တကယ်ကျတော့ မာသီ နားမထောင်ရဲဘူး။ 

           ခေါင်းပေါ်နဲ့ မျက်နှာပေါ်က မိုးရေစက်တွေကို လက်နဲ့သပ်ချရင်း စာတွေရေးထားတဲ့ ဘောကြီးကို စူးစိုက်ကြည့်မိတယ်။ သူတို့ပြောတဲ့ အသံ တွေက မကျယ်လှတဲ့ အခန်းလေးထဲမှာ တစ်ချက်တစ်ချက် ကြားရသေး တယ်။

          ဘောကြီးပေါ်မှာ ရေးထားတာတွေက တစ်နေ့တာ ဆောင်ရွက်ရန် လုပ်ငန်းများ”တဲ့။ ဪ... အဲဒီ အမျိုးသမီးရိပ်သာဆိုတာမှာ ရှိတဲ့ အမျိုး သမီးတွေ လုပ်ရမှာတွေပေါ့ ။ ဘာတွေလဲ၊ မာသီ သိပ်စိတ်ဝင်စားသွားပြီ။ ဟုတ်တယ်လေ...၊ မာသီလည်း ဟိုဆရာမက လက်ခံရင် ဒီရိပ်သာမှာနေ ဒီအလုပ်တွေ လုပ်ရမှာပဲ မဟုတ်လား.......။ 

          နံနက် ငါးနာရီထ၍ ဘုရားဝတ်ပြုရန်” တဲ့။ ပြဿနာပဲ၊ မာသီ ဒီအချိန် တစ်ခါမှ အိပ်ရာမထဖူးဘူး။ ပထွေး ကိုထွန်းတင် ခေါ်လာတုန်း က ကျောက်မြောင်းသွားဖို့ သင်္ဘောစီးတုန်းက တစ်ခါပဲ မနက်လေးနာရီ ထဖူးတာ။ ထားပါတော့လေ၊ ဘုရားဝတ်ပြုပြီးရင် ပြန်အိပ်ရမှာလား။ ဟင် ဘယ်ဟုတ်မလဲ။ ပြီးရင်... “အိပ်ရာနှင့်   အခန်းများကို သန့်ရှင်းရန်” တဲ့။ ပြီးတော့ကော... နံနက် ခုနစ်နာရီမှာ ရေချိုးရန်” တဲ့။ ပြီးတော့ ရေချိုးပြီးရင် စားဖို့လာမှာပေါ့ ။ ဟင်... နံနက်ဆယ်နာရီ ထမင်းစားရန်တဲ့။ အိုး... အဲဒါမှ အကြီးအကျယ် ဒုက္ခ။ ငါးနာရီကနေ ဆယ်နာရီထိ မာသီဘယ်လိုမှ မနေနိုင် ဘူး။ မနက်ခြောက်နာရီဆို မာသီ ထမင်းကြမ်းနဲ့အကြော် တဝတပြဲ သွတ် ပြီးပြီ။ ခုတော့ ဘယ့်နှယ်ရှိစ..။

          ထမင်းစားပြီးရင်ကော။ “နေ့လယ် ဆယ့်တစ်နာရီမှ ညနေနှစ်နာရီထိ ကြိမ်ထိုး၊ စက်ချုပ်လုပ်ငန်းများ သင်ကြားလုပ်ကိုင်ရန် တဲ့။ အင်း... ဒါတွေ လည်း မာသီတစ်ခုမှ ဝါသနာမပါဘူး။ အေးလေ... သင်ဆိုလည်း သင်လိုက် ရတာပေါ့။ အရေးကြီးတာက နေ့လယ်စာက အဲဒီလုပ်ငန်းတွေ သင်ပြီးရင် လာမှာလား။