Skip to product information
1 of 3

စိတ်ကူးချိုချိုစာပေ

နီကိုရဲ - လွယ်အိတ်ထဲကအလွဲများ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

          “ကဲ.. အားလုံး လွယ်အိတ်တွေ ခုံပေါ်တင်လိုက်ကြစမ်း”

           ဆရာမအသံကြောင့် ကျွန်တော်နဲ့ပေါက်စီ တော်တော် တုန်လှုပ်သွားတယ်။ အတန်းထဲမှာလည်း တိတ်နေရာကနေ အားလုံး ငြိမ်ကျသွားတာပဲ။ ကျွန်တော် အသာလှည့်ကြည့်လိုက်တော့ မတ်တပ် ရပ် လက်ပိုက်ထားတဲ့ ပျားတုပ်မျက်နှာစပ်ဖြဲဖြဲ နဲ့၊ ကျွန်တော် သိတယ်။ ဒီကောင် ညစ်ပြီဆိုတာကို၊ ဒါပေမယ့် ဘာမှ မတတ်နိုင်ဘူးလေ။ လွယ်အိတ်တင်သံတွေ တဘုတ်ဘုတ်ထဲမှာ ကျွန်တော်နဲ့ ပေါက်စီရဲ့ လွယ်အိတ်ကိုလည်း တင်လိုက်ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ကြောက်စိတ်က လွယ်အိတ်ထဲမှာ မရှိပါဘူး။ လှလှစိုးနဲ့ ဖြူဖြူသန်းရဲ့ လွယ်အိတ်ထဲမှာပဲ ရှိ တာပါ။

         “သန်းဇော်ရဲ့ ပိုက်ဆံငါးဆယ်ပျောက်တယ်လို့ လာတိုင်ထား တယ်. . အဲဒါ လွယ်အိတ်တွေအားလုံး စစ်မယ်.. ကိုယ့်လွယ်အိတ် ရှေ့မှာပဲ ကိုယ်နေရမယ်.. ဘယ်မှမထရဘူး ဒါမျိုး ငါ မကြိုက်ဘူးဆိုတာ မင်းတို့ မသိဘူးလား. . မိလို့ကတော့ သေပြီသာအောက်မေ့ တော့”

           ဆရာမ ဒေါသကြောင့် တစ်တန်းလုံး ပိုငြိမ်သွားတယ်။ ကိုယ်မယူကြပေမယ့်ကျောင်းသားတိုင်းရဲ့မျက်နှာမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေတာပဲ။ ဆရာမ စိတ်တိုနေပြီ။ ဒေါသထွက်နေ ပြီကိုး။ လုံးဝမျက်နှာ မပျက်တာကတော့ ဟိုကောင် ပျားတုပ် ပဲ။ ကျွန်တော်သိတယ်၊ ဒီကောင် ပိုက်ဆံငါးဆယ်ပျောက်တာ မဟုတ်ဘူး။ ကျွန်တော်တို့ နှစ်ယောက်ကို တမင်ညစ်တာ။

          ဒီကောင်နဲ့ ကျွန်တော်တို့နှစ်ယောက်အကြောင်း ပြောရဦးမယ်။

          ဒီကောင့် နာမည်အရင်းက ကျော်မြင့်တဲ့၊ မုန့်စား ကျောင်း ဆင်းလို့ ဆော့ကြရင်း ဒီကောင့်ကို ဝါးရုံပင်က ပျားဆယ်ကောင်လောက် ဝိုင်းတုပ်လို့ ဒီကောင့်နာမည် ပျားတုပ်ဖြစ်သွားတာ။ ဒီကောင် နဲ့ ကျွန်တော်တို့နှစ်ယောက်က မတည့်ဘူး။ ဘယ်နေရာက စ,မတည့် သ လဲဆိုတာတော့ မမှတ်မိတော့ဘူး။ လက်သီးထိုးတမ်း ကစားတုန်း ကပဲလား၊ ပြေးပုန်းကစားရင်းနဲ့ပဲလား။ တစ်ခုခုတော့ တစ်ခုခုပါပဲ။

          ကျွန်တော်တို့နှစ်ယောက်နဲ့တင် မကပါဘူး။ သူနဲ့ မတည့် တဲ့သူက အတန်းထဲမှာ တော်တော်များတယ်။ ဒီကောင့် ပုံစံက ဗလကောင်းကောင်း၊ အသားညိုညို၊ မျက်ပေါက်ကျဉ်းကျဉ်းနဲ့။ သူ့မျက်နှာ က ဘယ်တော့မှ ပြုံးတတ်တဲ့မျက်နှာမျိုး မဟုတ်ဘူး။ ဒီကောင်က ကျွန်တော့် ထက်ဗလကောင်းတော့ ကျွန်တော့်ကို ရင့်ချင်ပေမယ့် ပေါက်စီရှိတော့ ကျွန်တော့်ကို သိပ်မကြောရဲဘူး။ ဒီတော့ ပျားတုပ်က ကျွန်တော်တို့ကို ချောင်း နေတာကြာပြီ။

          ပေါက်စီရဲ့ နာမည်အရင်းက ဝင်းဦးပါ။ သူတို့အဖေ က ပေါက်စီ ရောင်းလို့ သူ့ကို ပေါက်စီလို့ ခေါ်တာ။ တကယ် ဆိုရင်တော့ ပေါက်စီလို့မခေါ်ဘဲ ဒီကောင့်ကို ပုတ်သင်ညိုလို့ ခေါ်ရမှာ။ ဒီကောင် က ပုတ်သင်ညိုဖမ်း သိပ်လျင်တာ။ ကျွန်တော်တို့လို အုန်းလက်ထိပ် မှာ ကျော့ကွင်းကလေး လုပ်စရာမလိုဘူး။ ပုတ်သင်ညိုတွေ့တာနဲ့ အပင်နား ကပ်ပြီး ခပ်တည်တည်နဲ့ ဖမ်းလိုက်တာပဲ။ ဒီကောင့်လက်က မြွေပွေးလို မြန်တာ။

          ကျွန်တော့်သူငယ်ချင်းပေါက်စီက လှလှစိုးကို ကြိုက်နေ တာ။ သူ ကြိုက်ပုံကတစ်မျိုးခင်ဗျ။ လှလှစိုးကိုတွေ့တာနဲ့ စ တာပဲ။ လှလှစိုးက ပြန်ရန်တွေ့ရင် ပေါက်စီက ကျေကျေနပ် နပ်ကြီး ပြုံးလို့။ “လှလှစိုးက ဒီအတိုင်းနေရင် မလှဘူးကွ.. ရန်ထောင်မှလှတာ” တဲ့။ လှလှစိုးကလည်း ရန်သာထောင်တာပါ။ ပေါက်စီ အေးအေး ဆေးဆေးနေတဲ့ ရက်တွေဆို သူပါလာတဲ့ မြေပဲယိုတို့ ဘာတို့ ကျွေး တတ်ပါတယ်။ ဒီတော့ ပေါက်စီနဲ့ ကျွန်တော်ကစ၊ လှလှစိုးနဲ့ သူ့ သူငယ်ချင်း ဖြူဖြူသန်းက ရန် ပြန်ထောင်။ အဲဒီလို ချစ်စရာကောင်းတဲ့ ပျော်ရွှင်မှုကို ပျားတုပ်က ကြည့်မရဘူး၊ မနာလိုဘူးပေါ့ဗျာ။ 

          ပြီးခဲ့တဲ့ လေးရက်လောက်က ပျားတုပ်က ကျွန်တော့် နောက် ကျောမှာ “အရူးပါခင်ဗျာ ́ဆိုတဲ့ စာတမ်းရေးပြီးလာကပ်တယ်။ လှလှစိုး တို့ကပြောလို့ ကျွန်တော် ချက်ချင်းသိသွားတယ်။ ညနေကျောင်း ဆင်းလို့ ကျွန်တော်က ပြန်ကပ်တော့၊ ပျားတုပ် နောက်ကျောမှာ စာတန်းကြီးက အိမ်အထိပါသွားရော။ ဒီကတည်းက ဒီကောင့်အမုန်း က ကျွန်တော်တို့ အပေါ်မှာ ပိုပြီး သွားတာ။ 

          ဒီနေ့မနက်မှာ ပေါက်စီက ကျွန်တော့်ကို တိုင်ပင်တယ်။

            “စာကလေး.. ငါ လှလှစိုးကို စ,ရတာ အားမရဘူးကွာ”

          “ဘာ အားမရတာလဲ”

          ကျွန်တော်ပြန်မေးတော့ ပေါက်စီ ငြိမ်သွားတယ်။ ဒီကောင် က ဒီလိုပဲ။ တစ်ခုခုလုပ်ရင် သိပ်စဉ်းစားတဲ့ကောင်။

          “ငါ စရင် သူက သိပ်စိတ်မဆိုးတော့ဘူးကွ.. ငါက စရင် ငါ့ကို စိတ်အရမ်းဆိုးပြီး ဒေါသတွေဘာတွေထွက်မှ ကျေနပ်တာ”

          “ဒါဆို မင်းက ဘယ်လိုစချင်လို့လဲ”

           ဒီကောင် ပြန်ငြိမ်သွားပြန်ရော။ ပြီးတော့မှ စဉ်းစားမိသလို လုပ်ပြီး ပြောတယ်။ အမှန်တော့ ဒီကောင် စဉ်းစားပြီး သားပါ။ သူ့ အကျင့်အတိုင်း စကားကို ခဏနားပြီးမှပြောတာ။

          “မုန့်စားဆင်းရင် ပုတ်သင်ညိုဖမ်းပြီး လွယ်အိတ်ထဲ ထည့်မယ်

          “ဟာ. . ဆရာမသိသွားရင် ဆော်မှာနော်.. တခြားဟာ စဉ်းစားကွာ”          

          “မသိပါဘူးကွာ.. အိမ်ကျမှသိအောင် လွယ်အိတ်ထဲကို သေသေချာချာ ထည့်မှာပေါ့”

           ပြဿနာက အဲဒီက စတာပါ။

           မုန့်စားဆင်းတော့ ကျွန်တော်နဲ့ပေါက်စီ အကြော်တစ် ခုစီပဲ စားပြီး ကျောင်းနောက်က သစ်ပင်တွေကြားထဲမှာ ပုတ်သင်ညို လိုက်ဖမ်းကြတယ်။ မိတာမှ လေးကောင်တောင်၊ ဒါတောင် တော်ပြီ ပြောလို့။ မိတဲ့ ပုတ်သင်ညိုတွေကို ပေါက်စီက ကိုင်ပေါက်တာပဲ။ ကိုင်အပေါက်ခံရတဲ့ ပုတ်သင်ညိုခမျာ ခြေကလေး၊ လက်ကလေးတွေ တဆတ်ဆတ်တုန်ပြီး ငြိမ်သွားတော့မှ ပေါက်စီက ခါးပိုက်ထဲထည့်တာ ...

           “အရှင်ဆိုရင် ထွက်ပြေးသွားလိမ့်မယ်ကွ”

           ကျောင်းတက်ခေါင်းလောင်းမထိုးခင် အတန်းထဲအမီ လာပြီး လှလှစိုးနဲ့ ဖြူဖြူသန်းလွယ်အိတ်ထဲ ပုတ်သင်ညိုနှစ် ကောင်စီ ထည့်တာ ကို ပျားတုပ်က မြင်သွားတယ်။ ကျွန်တော် တို့လည်း သူနဲ့ဘာမှ မဆိုင် လို့ သူ့ကို ဂရုမစိုက်ကြဘူးပေါ့။ အခုမှ သူကထပြီး ပြဿနာရှာတာ။ သူ့ လုပ်ပေါက်က ကျွန်တော် နဲ့ ပေါက်စီ ပြေးလို့မလွတ်နိုင်တဲ့နည်းပဲ။

          ပိုက်ဆံ တကယ်မပျောက်ဘဲ ပိုက်ဆံပျောက်တယ်ဆိုပြီး ဆရာမကိုသွားတိုင်တယ်။လွယ်အိတ်တွေထုတ်စစ်လို့ ဟို ကောင်မ လေးတွေ လွယ်အိတ်ထဲမှာ ပုတ်သင်ညိုတွေ့ရင် ကျွန်တော်တို့ ဖျာပြီ ပေါ့။ သွားပြီ။

          ဆရာမက လွယ်အိတ်တစ်အိတ်စီကို သေသေချာချာ စစ်ပါ တယ်။ စာအုပ်တွေ အကုန်ထုတ်၊ စာရွက်တွေ လှန်ပြ၊ အားလုံး လုပ် ကြရတယ်။ တော်သေးတာက မိန်းကလေးတွေ တန်းကိုတော့ ဆရာမ က အရင်မစစ်တာပဲ။ လေးတန်းလောက် စစ်အပြီး ငါးတန်းမြောက်ကို ရောက်တဲ့အချိန်မှာ ဘယာကြော်က မတ်တပ်ထရပ်တယ်။

          “ဆရာမ. . ကျွန်တော့်မှာ အိမ်ကပေးလိုက်တဲ့ ပိုက်ဆံ ငါးဆယ် ရှိပါတယ်”

           “ဘာကွ.. မင်းအိမ်က ပေးလိုက်တာ ဟုတ်လား” 

           “ဟုတ်ပါတယ် ဆရာမ” “ဘယ်လောက်လဲ”

           “ငါးဆယ်ပါ”

            ဆရာမ တော်တော်တည်သွားတယ်။ ဘယာကြော်ကိုလည်း တင်းတင်းမာမာ ခက်ခက်ထန်ထန်ကြီးကိုကြည့်တယ်။

           “ကျော်မြင့်ပျောက်တာလဲ ငါးဆယ်... မင်းအိမ်က ပေး လိုက် တာလဲ ငါးဆယ်... ပိုက်ဆံကျပျောက်တယ်လို့ ပြောကတည်းကမထ ဘဲ အခုစစ်ခါနီးကျတော့မှ ဘာဖြစ်လို့ ပြောရတာ လဲ. . လွယ်အိတ်ယူ ပြီး ရှေ့ကိုထွက်ခဲ့စမ်း”

          တစ်တန်းလုံး ပိုပြီးငြိမ်သွားတယ်။ ဘယာကြော်ကို ဝိုင်းကြည့် နေ ကြတဲ့ မျက်လုံးတွေက မယုံသင်္ကာစရာ လူတစ်ယောက်ပေါ့လေ။ ဘယာကြော်ကို ယုံတာဆိုလို့ ကျွန်တော်တို့ နှစ်ယောက်ပဲရှိတယ်။ ဒါတိုက်ဆိုင်မှုသက်သက်။ ဟိုကောင် ပျားတုပ် လုံးဝပိုက်ဆံ မပျောက် ဘူး။

          “ကဲ.. မင်းအိမ်က ဘယ်လောက်ချမ်းသာလို့ မင်းကို ပိုက်ဆံ ငါးဆယ်ပေးရတာလဲ” 

           ဆရာမပြောတာ     သဘာဝကျပါတယ်။ ကျွန်တော်တို့ ရှစ်တန်းကျောင်းသားဆိုတာ မုန့်ဖိုးငါးမူးလောက်ပဲ ရတတ်တာ။ ချမ်းသာ လွန်းမှ နှစ်ကျပ်ပေါ့။          

          “ကျွန်တော့်ကိုပေးတာ မဟုတ်ပါဘူး ဆရာမ.. ကျောင်းက ပြန်ရင် ဆီရယ်၊ ပဲရယ် ဝယ်ဖို့ အမေက ပေးလိုက်တာပါ”       

           ဒါ အမှန်ဆုံးစကားပဲ။ ဘယာကြော်တို့အမေက အကြော် ရောင်းတာကိုး။ ကျောင်းကပြန်ရင် ပွင့်ကောင်းကုန်စုံဆိုင်မှာ ဒီကောင် အမြဲ ဆီနဲ့ပဲဝယ်ပြီးပြန်တာ ကျွန်တော်တို့ တွေ့ဖူးတာပဲ။ ဘယာကြော် တို့အိမ်က အကြော်ရောင်းတယ်ဆိုတာကို ဆရာမလည်းသိတော့ စဉ်းစားရကျပ်နေတယ်။ 

          “မင်း ကျောင်းကိုရောက်တော့ အဲဒီပိုက်ဆံကို ဘယ်သူ့ကို ထုတ်ပြသေးလဲ”