Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

နီကိုရဲ - ပန်းပွင့်နဲ့အိပ်မက်မျှားသူ၀ထ္ထုတိုများ

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

           သူ့ကို တွေ့လိုက်တော့ အတော့်ကို အံ့သြသွားတယ်။ အံ့သြရတဲ့ စိတ်အလျင် မစခင်မှာဘဲ သူမ ကျွန်တော်ထိုင်နေတဲ့ ပတ်လက်ကုလားထိုင် နားကို ရောက်လာပြီး ခုံမှာ ဝင်ထိုင်တယ်။ နေ့လယ်ခင်းတွေဟာ တိတ်ဆိတ်နေတယ်။ လမ်းမပေါ်မှာ နေရောင်က ကားတစ်စီး လူ တစ်ယောက်ကို စောင့်နေတဲ့ပုံစံမျိုး၊ သူ့ကို တွေ့လိုက်ရတော့ ကျွန်တော် ဘာလုပ်ရမယ်ဆိုတာ ဘယ်လိုမှ မတွေးနိုင်ခဲ့ဘူး။ ကိုယ့်အတွေးနဲ့ကိုယ် လမ်းလျှောက်နေတဲ့ လူတစ်ယောက်ကို ဘေးကနေ ဆတ်ခနဲ တွန်းတာ ခံလိုက်ရသလို အိပ်ပျော်နေတဲ့ လူတစ်ယောက်ကို ဆွဲထူပြီး မေးခွန်းတစ်ခု မေးလိုက်သလို အဲဒီလိုမျိုးပါပဲ။ သူကလည်း ကျွန်တော် အံ့အားသင့်သွား တယ်ဆိုတာကို သိပုံရပါတယ်။ လက်ထဲကထီးရယ်၊ မိကျောင်းသားရေ ပိုက်ဆံအိတ်ကလေးရယ်၊ အလွယ်တကူ ဆွဲယူလာဟန်တူတဲ့ ဗလာ စာအုပ်ရယ်ကို စားပွဲပေါ်ပစ်တင်ပြီး အနီရောင် စပို့ရှပ်ကလေးကို သူ့ရင် ကနေ ဆွဲယူပြီး လှုပ်ကာ လေတစ်ချက်နှစ်ချက် မှုတ်သွင်းပါတယ်။ ကျွန်တော့်အဖေရော၊ အမေပါ ရုံးသွားနေတယ်ဆိုတာရယ်၊ ကျွန်တော် စာဖတ်ရင်း အိပ်ပျော်ဖို့ ကြိုးစားနေတယ်ဆိုတာရယ်၊ပက်လက်လန်နေတဲ့ဂစ်တာနံဘေးမှာ မွစာကျဲနေတဲ့ သီချင်းစာအုပ်တွေကို ကြည့်ပြီး ကျွန်တော် သီချင်းတစ်ပုဒ် နှစ်ပုဒ် စိတ်မပါဘဲ တီးထားတယ်ဆိုတာရယ်၊ ကျန်တာ တွေ တော်တော်များများကိုလည်း သူ သိနေပါလိမ့်မယ်။

          သိမှာပေါ့...၊ သူဟာ ကျွန်တော့် ချစ်သူဟောင်းတစ်ယောက် ပါ။ အဲဒီထက် နည်းနည်းကြိုးစားပြောရရင် သူဟာ ကျွန်တော်နဲ့ ကွဲသွား တာ သုံးနှစ် ကြာပြီဖြစ်တဲ့ ကျွန်တော့် ရည်းစားဦးပါ။ သူက ဘာမှ မလှုပ်မရှားနိုင်ဖြစ်နေတဲ့ ကျွန်တော့်ကို လှစ်ခနဲ တစ်ချက် ခိုးကြည့်လိုက် ရင်းက စားပွဲပေါ်က ဒီဇိုင်းဆွဲတဲ့ ပွိုင့်ဖိုက်ကလောင်တံလေးကို ကောက် ကိုင်လိုက်ရင်း...

          “ဟယ်... ဒါလေးက ဘယ်လိုရေးတာလဲ၊ အနောက်ဘက် ကလဲ သစ်သားကြီး စွပ်ထားတာ၊ ဒီမော့မော့ကလေးထဲကို မင်ထည့် ရတာလား”

          သူ့စကားဆုံးတော့ ဘာမှမပြောတဲ့ ကျွန်တော့်ဘက်ကိုတော့ သူ လှည့်မကြည့်တော့ပါဘူး။ ကလောင်တံကို ချပြီး ကောက်ရိုးပန်းချီ ကားလေးကို ကောက်ကိုင်ပြီး ကြည့်ပြန်တယ်။ တကယ်ဆို သူ ကျွန်တော် ဆီလာဖို့ မကောင်းပါဘူး။ သူ့ကို ကျွန်တော် မုန်းတယ်၊ နာတယ်။ စက်ဆုတ်ရွံရှာတယ်ဆိုတာ သူ သိထားပြီးသားပဲ။ ဒါပေမယ့် သူဟာ အပြစ်ရှိလျက် ရည်းစားဟောင်းတစ်ယောက်ဆီကို လာတဲ့ မိန်းကလေး တစ်ယောက်နဲ့ မတူဘဲ သူငယ်ချင်းအိမ်ကို အလည်လာတဲ့ မိန်းကလေး တစ်ယောက်လိုပါပဲ။ အေးလေ...သူ ဒီလိုပုံစံမျိုးနဲ့ပဲ လာပေလိမ့်မပေါ့။ ကျွန်တော် ကြုံခဲ့ဖူးတဲ့အထဲမှာဆို ဒါဟာ သူ့အတွက် အသေးဖွဲဆုံး မာယာမျိုးပါ။ 

          ခက်တာက.. သူနဲ့ကျွန်တော် ကွဲသွားခဲ့တာ သုံးနှစ်လောက် ရှိပြီ။ တစ်ခါမှလည်း မတွေ့တော့ဘူး၊ သူ့ကို ကျွန်တော် မေ့တောင် မေ့နေခဲ့ပါပြီ။ သူနဲ့ပတ်သက်လို့လည်း တစ်ခါမှ သတိရတာ၊ စိတ်ကူးတာ၊ တွေးထင်တာတွေ မရှိတော့ဘူး၊ မျှော်လည်း မမျှော်လင့်တော့ဘူး၊ သူနဲ့ ကွဲကာမ တစ်နှစ်လောက်ကတော့ ကျွန်တော့်မှာ အရူးအမူးပဲ။

          ကျွန်တော့်အပေါ် စော်ကားတာ၊ လှည့်စားတာတွေကို သူသိလာပြီး၊ ကျွန်တော့်ရဲ့ ခွင့်လွှတ်တဲ့မေတ္တာကို နားလည်လာပြီး ကျွန်တော့် ဆီများ ပြန်လာမလား၊ စော်ကားခံလိုက်ရတဲ့ ကျွန်တော့်မေတ္တာအတွက် ရက်စက်တဲ့ စကားလုံးချွန်မြမြတွေကို သွေးပြီး ကျွန်တော် သူ့ကို စောင့်နေ ခဲ့တယ်။

          ခွင့်လွှတ်ပါနော်လို့ ရှိုက်သံတွေနဲ့ ပြောတဲ့အခါ ကျွန်တော် ပေါက်ကွဲပြီး နေရာက သူ့ကို ခွင့်လွှတ်ဖို့ စကားလုံးတွေနဲ့ ကျွန်တော် စောင့်နေခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီတုန်းက သူ ရောက်မလာခဲ့ပါဘူး။    ကျွန်တော်ကလည်း သူ့ကို မတွေ့အောင် ရှောင်တယ်။ နားလည်လာလျှင် သူကသာ လာရမယ်၊ ကျွန်တော့်ကို အရှက်ကြီး ရှက်ရအောင် စော်ကား ခဲ့တဲ့ သူ့ကိုတော့ ဘယ်တော့မှ ကျွန်တော်တွေ့ဖို့၊ စကားပြောရဖို့ ကြိုးစား မှာ မဟုတ်ဘူး။

           “ဦးဦးတို့ ရုံးသွားကြတာလား...” 

            သူ့စကားဆုံးတော့ ကျွန်တော်က..

           “ဟုတ်တယ်”

            လို့ ဖြေလိုက်တယ်။ သူ့ကို ပြန်စကားမပြောဘဲနေဖို့ ကျွန်တော့်မှာ စိတ်ကူးမရှိပါဘူး။ သူက ဆံပင်တွေကို ဆတ်ခနဲ ခါတင်လိုက်ရင်းက ကျွန်တော့်ကို ပြုံးပြပါတယ်။ သူ ဘာလိုချင်တာလဲ၊ သူ့လှုပ်ရှားမှု၊ သူ့ မျက်ဆံနက်၊ သူ့ပင့်သက်၊ သူ့အပြုံးတွေကို ဗလုံးဗထွေးရင်းနဲ့ ကျွန်တော် သူနဲ့ပတ်သက်လို့ စတင်စဉ်းစားပါတယ်။ ဟုတ်တယ် သူ ဘာကို ငါ့ဆီက လိုချင်နေလို့လဲ။

          မြတ်မြတ်နိုးနိုး စွဲစွဲလမ်းလမ်း အားငယ်ကြောက်ရွံ့စွာ ချစ်နေ ခဲ့တဲ့ ကျွန်တော့်ကို ပစ်ထားခဲ့ပြီး နောက်တစ်ယောက်နောက်ကို လိုက်သွား ခဲ့ဖူးတဲ့ သူမက ကျွန်တော့်ဆီက ဘာများထပ်လိုချင်နေခဲ့ပါလိမ့်။ သူ့ကို ငေးကြည့်နေခဲ့ပေမယ့် သူ ဘာလိုချင်နေတယ်ဆိုတာ ကျွန်တော် မသိပါ ဘူး။ ကျွန်တော်ဟာ သူ့လှုပ်ရှားမှုတွေကို ကြည့်ပြီး ဘယ်တော့မှ သူ့စိတ်ကို မခန့်မှန်းနိုင်လောက်အောင် ညံ့ခဲ့တဲ့လူပါ။ 

          ဆောင်းနေ့လယ်ခင်းဟာ ကျွန်တော် အလျင်ထင်ထားတာထက် ပိုပြီး တိတ်ဆိတ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ တိတ်ဆိတ်မှုတင်မကဘူး ဒီဆောင်းနေ့လယ်ခင်းထဲမှာ နူးညံ့မှုပါ ပါနေတယ်။ ရေလှိုင်းတွေ ပြန်ဆင်းသွားခါစ သောင်ပြင်အစပ်ရဲ့ နူးညံ့ပုံမျိုး၊ ဆေးသားမတင်ရသေးတဲ့ ကင်းပတ်(စ)တစ်စလိုမျိုး၊ သူနဲ့ ကျွန်တော်ရဲ့လှုပ်ရှားမှု စကားသံတွေဟာ

သောင်စပ်တစ်ပြင်မှာ ထင်သွားမယ့် ခြေရာတွေလို ကင်းပတ်(စ)စပေါ် ကျလာမယ့် ဆေးစက်တွေလို ဖြစ်သွားအောင်ပေါ့။

          နောက်ပြီး ဟောဒီ ဆောင်းနေ့လယ်ခင်းဟာ သူရောက်လာတဲ့ အတွက် တစ်ကမ္ဘာလုံးမှာရှိတဲ့ တိတ်ဆိတ်မှုတွေကို ခေါ်ထားပြီး ဟောဒီ အိမ်ခန်းကလေးထဲမှာ ကျပ်ကျပ်တည်းတည်း ကျွန်တော်တို့ အရေပြား

တွေနဲ့ ထိစပ်နေကာ ကျွန်တော်တို့ လှုပ်ရှားပြောသမျှ ငတ်ငတ်မွတ်မွတ်နဲ့ စားသောက်ပစ်ကြမယ့် တိရစ္ဆာန်တွေလို ကျွန်တော့်အိမ်ခန်းထဲမှာ ရောက် နေတယ်လို့ ကျွန်တော် ခံစားနေရတယ်။

          သူကလည်း အဲဒီအခြေအနေကို သဘောကျဟန် မတူပါဘူး။ ဒီလိုနေရတာ သူ့အတွက် အသက်ရှူကျပ်နေသလို ဖြစ်နေမှာ အမှန်ပဲ။ ဒါပေမယ့် ဒီအခြေအနေကို ဖျက်ဆီးဖို့ သူ ကြိုးစားတာလည်း မအောင် မြင်ပြန်ဘူး။ ဘာလိုချင်တာလဲ၊ ကျွန်တော်ကပဲ စမေးလိုက်ပြီး ဒီအခြေ အနေကို အခန်းထဲက တိတ်ဆိတ်မှုကို မောင်းထုတ်လိုက်လျှင် ကောင်း မလား။ အို... ဒါပေမယ့် ကျွန်တော်ဟာ အလျင်တုန်းကလို တုံးတုံးအအ နှစ်ဆယ့်တစ်နှစ်သား ကလေးမှ မဟုတ်တော့တာ။ 

         သူ ရုတ်တရက် ထငိုလိုက်လျှင်ရောလို့ ကျွန်တော် တွေးမိ တော့ ထိတ်လန့်သွားတယ်။ တကယ်တော့ သူ့မျက်ရည်ကို ကျွန်တော် မမြင်ဖူးဘူး။ သူ့ဆီက ကျွန်တော် ရယ်သံ၊ လှောင်သံတွေကိုပဲ မြင်ခဲ့ရတာ၊ သူငိုမယ်ဆိုလျှင်... ကျွန်တော် တွေးရင်းနဲ့ ထိတ်လန့်ရင်းနဲ့ သူ့ကို တဖြည်းဖြည်း ဒေါသထွက်လာတယ်၊ နာကြည်းလာတယ်၊ ရွံရှာလာတယ်။ နှစ်အတော်ကြာ ကွယ်ပျောက်နေတဲ့၊ ဘယ်လိုမှ မမှတ်မိတော့တဲ့ ခံစားမှု တွေဟာ မယုံနိုင်စရာ ထုထည်နဲ့ တဒင်္ဂအတွင်း ကျွန်တော့် သွေးဆဲလ် တွေထဲကို တိုးဝှေ့လို့ လာနေတယ်။ အဲဒီစိတ်နဲ့ သူ့မျက်နှာကို လှမ်းငေးမိ တော့ အို... သူ့ကို မုန်းလိုက်တာ။

          “နင် Master တန်း ထပ်တက်နေတယ်ဆို..."

           “သေချာတာပေါ့...”

          “နင် အသစ်တစ်ယောက် တွေ့နေပြီ ထင်တယ်...”

          “တော်စမ်း မွန်၊ ငါကမင်းရဲ့ ကျွန် မဟုတ်ဘူး”

           အားနဲ့ အော်လိုက်တဲ့အသံကြောင့်၊ ကျွန်တော် အပြောင်းအလဲ ကြောင့် အံ့သြသွားပုံရတယ်။ ဖွင့်ထားတဲ့ လက်ထဲကစာအုပ်ကို ဆောင့်ခနဲ ယောင်ပိတ်လိုက်ပြီး သေချာတဲ့မျက်ဝန်းနဲ့ ကျွန်တော့်ကို လှမ်းကြည့်တယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ဒေါသ၊ မာနမျက်လုံးတွေနဲ့ ဘယ်မှာ ကြာကြာ ဆိုက်ကြည့်မှာလဲ။ သူ ခေါင်းကို ငုံ့သွားတာပါပဲ။

          “နင် ငါ့ကို စိတ်ဆိုးနေတုန်းပဲလားဟယ်...” 

          “ဘာ... စိတ်ဆိုးနေတုန်းပဲလား ဟုတ်လား”

           စကားဆုံးတော့ ကျွန်တော် အော်ရယ်လိုက်ပါတယ်။ ပထမ တော့ လုပ်ပြီးရယ်တာပါ။ ဒါပေမယ့် ဘယ်လိုက ဘယ်လို ဖြစ်တယ်ရယ် မသိဘူးကျွန်တော့်ရယ်သံတွေကို ရပ်လို့မရတော့ဘူး။ ဟား... ဟား.. ဟား။

          ရယ်သံတစ်ခုကို လိုက်ဖမ်းရင်း နောက်ထပ်ရယ်သံတစ်ခုက ထွက်လာရင်း နောက်ဆုံး ရယ်သံတွေ ဆုံးသွားတော့ ကျွန်တော် မောနေ တာပဲ။ အားတွေလည်း ကုန်သွားသလိုပဲ လက်တွေဘာတွေ တုန်ယင်လာ တယ်။ သက်ပြင်းရှိုက် အားတင်းရင်း သူ့မျက်နှာကို စေ့စေ့ကြည့်လိုက်တော့ သူဟာ ယုန်ကလေးတစ်ကောင်၊ ခူးခံရတော့မယ့်ဆဲဆဲ ပန်းတစ်ပွင့်၊ အရောင်ပြယ်စ သက်တံ၊ အရုဏ်တက်လာကာစ လမင်း၊ လေပြည် ကြောက်နေတဲ့ ရော်ရွက်...။

          “စိတ်ဆိုးနေတာ မဟုတ်ဘူး၊ နာကြည်းတာ နာကြည်းတာ မိမွန်ရဲ့...”

စိတ်ဆိုးနေတာ မဟုတ်ဘူးဆိုတဲ့ နေရာမှာ ဆုတောင်းတစ်ခုကို ရွတ်သလို ကျွန်တော့်လေသံက သဲ့သဲ့ပေမယ့် နာကြည်းတာဆိုတဲ့ စကား လည်း ပြောရော တစ်လောကလုံးက တိရစ္ဆာန်တွေ လန့်ပြေးတဲ့ ခြင်္သေ့သံ လိုပဲ ဟိန်းသွားတာ။ ပြီးတော့ ကြောက်လန့်နေတဲ့ သူ့ရဲ့ လက်မောင်းကို လည်း ဆွဲယမ်းခါပစ်လိုက်သေးတယ်။ ပက်လက်ကုလားထိုင်ပေါ်ကနေကျွန်တော် ဆတ်ခနဲ ထတယ်။

          သူက…

          “ကိုရဲ... ”

          လို့ အထိတ်တလန့် ရေရွတ်တယ်။ ကျွန်တော့်ရင်ဟာ ဒေါသနဲ့ ဖိုလှိုက်နေတယ်။ သူ့မျက်ဝန်းတွေက ဖြူဖွေးနေတယ်။

          ကျွန်တော် သရုပ်ဆောင်နေတာ မဟုတ်တော့ဘူး။ အမေ့ ခံထားတာ ကြာပြီဖြစ်တဲ့ ငတ်ပြတ်နေပုံရတဲ့ သားရဲတိရစ္ဆာန်တွေလို ကနထဲ ကျွန်တော် ကျွံကျသွားခဲ့တာ။

          “မခေါ်နဲ့၊ မင်း ငါ့ကို ဘယ်တော့မှ ကိုရဲလို့ မခေါ်နဲ့လေ၊ ငါဟာ မင်းကျွေးနေတဲ့ အဲဒီအစာကို အငမ်းမရစားခဲ့ဖူးတဲ့ သတ္တဝါ တစ်ကောင် မဟုတ်တော့ဘူး၊ ကောင်းမြတ်ဆိုတဲ့လူကို မင်းက “မောင်”လို့ ခေါ်တဲ့လူက မင်းနှုတ်ခမ်းနှစ်စကို ကွေးချသွားခဲ့ပြီ မဟုတ်လား၊ အဲဒီ နှုတ်ခမ်းမျိုးကို အရောင်တင်ပြီး ငါ့နာမည်ကို မလှောင်ချင်စမ်းပါနဲ့ ငါရှက်တယ် မိမွန်”

          “အဲဒါတွေကို ပြောမနေပါနဲ့”

          “အိုးဟိုး... အဲဒါတွေတဲ့လား... ဟုတ်တယ်၊ ပြောရမှာပေါ့။ မင်းဟာ ငါ့အချစ်ဦးလေ၊ သူငယ်ချင်းတစ်နှစ်ဖြစ်ပြီးမှ ချစ်ရတဲ့ အချစ်ဦးလေ၊ ငါ့ရဲ့ ပထမဆုံးပုံပြင်၊ ပထမဆုံး ရင်ရိပ်၊ ပထမဆုံး အဆိပ်ခွက်၊ ငါ့အရှက်ရဲ့ နာမည်လေ၊ မင်းကို ဒီစကားတွေမှမပြောရရင် ငါ အသက် ရှင်နေတာရဲ့ အဓိပ္ပာယ်ဟာ ဘာတဲ့လဲ”

          ကျွန်တော့်ခန္ဓာကိုယ်ထဲက သွေးကြောတွေဟာ ဝိုင်နှစ်ဂါလံ လောက် သောက်ထားတဲ့အတိုင်းပဲ။ သူနဲ့ကွဲပြီးတဲ့ သုံးနှစ်အတွင်း စာအုပ် တွေထဲက၊ ဟိုက ဒီက၊ လူမှုဆက်ဆံရေးက ရလာတဲ့ အတွေးစိတ် အခြေအနေ ရင့်ကျက်မှု ဘာတစ်မှ ကျွန်တော့်ဆီမှာ မရှိတော့ဘူး။

          ကျွန်တော် သတိမရှိတော့တဲ့ သုံးနှစ် တက္ကသိုလ်ပုံရိပ်တွေဟာ ချက်ချင်း ကျွန်တော့်ရှေ့ ဘွားခနဲရောက်လာပြီး နှုတ်ခမ်းနီနဲ့ ဦးနှောက် တစ်ခြမ်းကို အနုကြမ်း စီးပစ်လိုက်တာပဲ။

          သူနဲ့ကျွန်တော်ဟာ သူငယ်ချင်း တစ်နှစ်၊ ချစ်သူ တစ်နှစ်