နီကိုရဲ - ပန်းပွင့်ကိုဖယ်ကြည့်မှမြင်ရမယ့်လမင်း
အခန်း(၁)
ဒီညမက်သော အိပ်မက်သည် တော်တော်အူကြောင်ကြောင်နိုင် သည်ဟု သားဦး တွေးနေမိသည်။ တွေးနေမိသည်ဆိုသော်လည်း ခုံပေါ်မှာ ထိုင်ပြီး တွေးနေခြင်းတော့ မဟုတ်။ အိပ်ရာမှ နိုးကာစ ကုတင်ပေါ်မှ မထသေးဘဲ နံနက်ခင်းအရသာကို နိုးထကာစ ဖီလင်နှင့် ပေါင်းစပ်ကာ ခံစားရင်း ကွေးကွေးကလေးနှပ်ကာ တွေးနေခြင်းပင် ဖြစ်သည်။
အိပ်မက်ထဲမှာ သူက စစ်မြေပြင်တစ်ခုကို ရောက်နေခြင်းဖြစ် သည်။ သူ့အိပ်မက်အရ စစ်က ပထမကမ္ဘာစစ်လောက် ဖြစ်ဟန်တူ၏။ သူ့ရှေ့က ချီတက်လူတန်းကြီးမှာရှိသည့် စစ်သားတွေက ရိုင်ဖယ်သေနတ်
တွေကို လွယ်ကာထားသည်။ နံဘေးက စစ်သားတွေက လှည်းဘီးပေါ်မှာ တင်ထားသည့် အမြှောက်ကြီးတွေကို အားနှင့်မာန်နှင့်တွန်းကာ ချီတက်လာ ကြ၏။ သူကတော့... Cowboy ကားတွေထဲမှာ အမြဲတွေ့ရတတ်သော အင်မတန်လှပ ဒေါင်ကောင်းသည့် မြင်းညိုကြီးကို စီးကာ လိုက်ပါလာ ခြင်းဖြစ်သည်။ မြင်းကြီးက တငြိမ့်ငြိမ့် အသာအယာ သွားနေသည်။
သို့သော်... သူတို့ချီတက်နေသည့်လမ်းက သူ ငယ်စဉ်က တက်ခဲ့ရသည့် အ.ထ.က (၃) သင်္ဃန်းကျွန်းရှေ့မှ ကဖူးကွေ့လမ်း ဖြစ်နေပြီး၊ သူ ဆောင်းထားသည့် ခမောက်က ဂျာမန်စစ်သံခမောက်လည်း မဟုတ်၊ အင်္ဂလိပ်သံခမောက်လည်း မဟုတ်ဘဲ မြန်မာစစ်သူကြီးတွေ ဆောင်းသည့် ခမောက် ဖြစ်နေသည်။
နံဘေးမှာ မြင်းဟီသံတွေ၊ မိုးရေတစွတ်စွတ်ထဲ လူရာပေါင်းများ စွာ ခြေချနင်းသံတွေ၊ လှည်းဘီးအမြှောက်ကြီးတွေကို ညာသံပေးကာ တွန်းနေသံတွေ ညံကာနေသည်။ သူ့ခေါင်းဆောင်းခမောက်က သူ့ခေါင်း ထက်ကြီးနေကာ မကြာခဏ လည်ထွက်နေသဖြင့် လက်တစ်ဖက်ဖြင့် ထိမ်းထားရသေးတာကိုလည်း မှတ်မိသည်။
ထိုစဉ်မှာပင် ပေါက်ကွဲသံတွေ...အော်ဟစ်သံတွေ ဆူညံကာ သူ့ရှေ့မှာ ချီတက်နေကြသည့် စစ်သားလေးငါးယောက် တွေ့ခနဲ၊ ကော့ခနဲ လဲကျသွားတာကို မြင်လိုက်ရ၏။ ပတ်ဝန်းကျင်တစ်ခုလုံး ကမ္ဘာပျက်သလို ဖြစ်သွားကာ သူလည်း မြင်းကြီးပေါ်မှ ခုန်ဆင်းပြီး နီးရာ ကတုတ်ကျင်း တစ်ခုထဲ လှိမ့်ဝင်လိုက်သည်။ သူ့ကတုတ်ကျင်းရှေ့ ဝဲယာမှာ ကျည်ဆံ တွေက မိုးပေါက်လို တဖောက်ဖောက် ကျနေကြသည်။ သူ အော်ဟစ် အမိန့်ပေးရင်း ခါးကြားထဲမှ ပစ္စတိုကို ဆွဲထုတ်ကာ ပစ်သည်။
သို့သော် ကျည်ဆံက မထွက်။ သူ့လက်ထဲမှာ ရောက်နေတာကပစ္စတိုမဟုတ်၊ ခရမ်းသီးတစ်လုံး ဖြစ်ကာနေ၏။ သူ အကြီးအကျယ် မြင်ရမယ်လမင်းထိတ်လန့်တုန်လှုပ်သွားပြီး ဇောချွေးများပြန်ကာ အသည်းတဆတ်ဆတ် တုန်လျက် “
ငါတော့သေပြီ”ဟု တွေးနေချိန်တွင် သူ့ကတုတ်ကျင်းထဲသို့ လူတစ်ယောက် လှိမ့်ဝင်လာ၏။ သူ ကြောက်လန့်တကြား ကြည့်တော့ ဝင်လာသူက အာနိုးကြီးဖြစ်နေသည်။ အာနိုးက လက်ထဲက သူ့မရှင်းဂန်း ကြီးကို မီးပွင့်တွေ ဖြာသွားအောင် ထပစ်ပြီး ကတုတ်ကျင်းထဲ ပြန်ကာ ဝင်ပုနေသည်။ အာနိုးတစ်ကိုယ်လုံးမှာ ချိတ်ထားသော သေနတ်တွေ ကလည်း မနည်း။ သူ ဝမ်းသာအားရနှင့်..
“ဟေ့ကောင် အာနိုး...။ ငါ့ကို သေနတ်တစ်လက် ပေးစမ်းပါကွာ”
“ဘာဖြစ်လို့ ပေးရမှာလဲ”
ကတုတ်ကျင်းရှေ့မှာ ဖွာခနဲဖြစ်သွားသော ကျည်ဆံတွေကို ကွေးကာရှောင်ရင်း အာနိုးက ပြန်အော်သည်။ ဖွာထွက်သွားသော မြေမှုန့် တွေက သူ့မျက်နှာကို စင်သည်။ သူ့ပါးစပ်ထဲသို့ ဝင်သည်။ အော်သံ ဟစ်သံ၊ ပစ်ခတ်သံတွေနှင့်လည်း ပတ်ဝန်းကျင်က ဆူညံကာ နေ၏။ သူ့ပါးစပ်ထဲဝင်သွားသော သဲတွေကို ထွေးထုတ်ကာ ကြုံးအော်နေသည်။
“ဟေ့ကောင် အာနိုး ပေးစမ်းပါကွာ...။ ငါ့သေနတ်က ခရမ်းသီး ဖြစ်နေလို့”
အာနိုးက သူ့အော်သံကို ဂရုမစိုက်ဘဲ ကတုတ်ကျင်းပေါ်တက်ကာ တဘောင်းဘောင်း ပစ်ပြန်သည်။ သူ တိုက်ချင်လှပြီ။ သူလည်း ပစ်ချင်ခတ်ချင်လှပြီ။
“ဟေ့ကောင်...အာနိုး။ ပေးဆို ပေးစမ်းကွာ...။ အားလုံး သေကုန်လိမ့်မယ်ကွ။ သိလား...။ ငါ့ကို သေနတ်တစ်လက်ပေး”
အာနိုးက သူ့ကို စိတ်ပျက်သလိုကြည့်ရင်း သူ့ခါးကြားမှ ပစ္စတို ကို “ဖလောက် ́ခနဲ မြည်အောင်ချွတ်ပြီး လှမ်းပစ်ပေးလိုက်သည်။ Sonmotion ဖြင့် သူ့လက်ထဲကို “ဖတ်”ဆို ရောက်လာသော သေနတ်ကို အားရပါးရဆုပ်ကိုင်ကာ သူ ကျည်ဆံတွေကြားမှ ထရပ်ပြီး ဒရစပ်ပစ် သည်။
သို့သော်... သူ့သေနတ်က အာနိုးတို့သေနတ်လို မီးတွေ ဘာတွေပွင့်ပြီး ထွက်မသွားဘဲ ကျည်ဆံက ငယ်ငယ်တုန်းက ဘောင် ဘောင်ဖောက်သလို “ဖွတ် ́ခနဲ “ဖွတ် ́ခနဲသာထွက်ပြီး သူ့အရှေ့တစ်လံ လောက်မှာ ကျသည်။ စိတ်ထဲမှ အားမရလိုက်လေခြင်း၊ ဒေါသဖြစ် လိုက်လေခြင်း။ ထိုအချိန်မှာပင် သူ့အရှေ့မှာ “ဝုန်း” ခနဲ ဗုံးဆံတစ်ခု ကျသည်။ သူ ထိတ်လန့်စွာ “အား” ခနဲ အော်ကာ လေထဲ အသည်း တအေးအေးနှင့် မြှောက်တက်ကာ သွား၏။
သူ နိုးလာတာ ထို “အား”ခနဲ အော်လိုက်သောအသံကြောင့် ဖြစ်ပါသည်။ သူ ချွေးတွေ ရွှဲကာနေသည်။ ရင်တွေ တဆတ်ဆတ်တုန် ကာနေသည်။ တစ်ကိုယ်လုံး ပျော့ခွေကာ နေသည်။ ပထမ သူ မသေဘူးဆိုတာကို သိလိုက်ရတော့ တော်တော်ဝမ်းသာသွားသည်။ ဒုတိယ ဒါဟာ အိပ်မက်ပဲဆိုတာကို သိရတော့ အားမလိုအားမရ ဖြစ်ရ၏။ ဘာကြောင့် သူ့လက်ထဲက သေနတ်က ခရမ်းသီးဖြစ်နေရသနည်း။ သူပစ်လိုက်သော ကျည်ဆံတွေက ဘောင်ဘောင်ဖောက်သလို ဖြစ်နေရ သနည်း။
အိပ်မက်သိမှ နိုးထသိသို့ ပြောင်းသည့်အချိန်တွင် ဘာမှ မဟုတ် တော့သော အိပ်မက်သိကို သူ မကျေမနပ်ဖြစ်နေခဲ့သည်။ လွန်ခဲ့သော ငါးမိနစ်ခန့်ကသာ ငါဟာ အိပ်မက်မက်နေတာဟု ကြိုသိလျှင် သူသည်
နံဘေးမှ အာနိုးကို ကိုင်ပေါက်ကာ သေနတ်ကို လုယူပြီး လုံးဝကြောက်ရွံ့ ခြင်းမရှိဘဲ ကျည်ဆံတွေကြားထဲကို ပြေးဝင်ကာ ဒရစပ် ပစ်မိမှာ သေချာ သည်။ သို့သော် အိပ်မက်ထဲမှာတုန်းကတော့ သူ ကြောက်နေခဲ့သည်။
ဒါ...အိပ်မက်ပဲ။ ငါမသေနိုင်တော့ဘူးဆိုတာ သိသိချင်း သူ အတင်းပြန်အိပ်ကာ ထိုအိပ်မက်ကို ရအောင်ရှာသည်။ မိအောင်လိုက် သည်။ သို့သော်...မရတော့။ သူ့အာရုံထဲမှာ ငှက်ကလေးတွေအော်သံ ကိုသာ ကြားရသည်။ ရှေ့ကားလမ်းမမှာ ကားတစ်စင်း မောင်းသွားသံကို သာ ကြားရသည်။ အိမ်အောက် မီးဖိုခန်းထဲက အမေ့အသံသဲ့သဲ့နှင့် ဇွန်းသံ၊ ပန်းကန်သံကိုသာ ကြားရလေသည်။