နိုလှိုင်း - ငြိမ်နေတဲ့လေထဲ
ပြန်ရေတွက်ကြည့်တော့လည်း မိုင်ပေါင်းများစွာ ဝေးကွာသွားခြင်း ပဲ။ အမှောင်ထဲ၊ အလင်းထဲ အသက်မဲ့နေ အသက်ရှိ အခြေအနေများ ခြားနားသွားခြင်းပဲ။ ညထဲ အစွန်းတစ်ဖက်နဲ့ အဆုံးတစ်ဖက်အကြား တိတ်ဆိတ်စွာရပ်နေရခြင်းပဲ။ ရှင်ခြင်းနဲ့ သေခြင်းဟာ အလင်းနဲ့ အမှောင်
ကြား ဆန့်ကျင်ဘက်လို နီးကပ်စွာရှိနေကြမယ်။ နောင်တမှာ နောင်ဘဝ များစွာတိုင် နောက်ထပ် နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံကြလိမ့်ဦးမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပဲ။ မျှော်လင့်ချက်နဲ့ပဲ။
မျှော်လင့်လျက်နဲ့ပဲ နွေထဲ အရိုးထိအောင်အေးခဲ ရူးနေလည်း ညမှာ အရိပ်အယောင်လေးမျှမမြင်ရ၊ မှုန်ဝါးကျန်နေရတဲ့ ဘဝအပိုင်းအစ အဖြစ်မျှ။ အဖေနဲ့ သားဘဝ နောင်ဘဝမှ နောက်တစ်ခါ ပြန်လည် ဆုံတွေ့ခွင့်ရမယ်။ နောက်တစ်ဘဝ နောက်မှ ပြန်လည်ပျော်ရွှင်ရမယ်။ အခုက အရင် အခြေ အနေ ပြန်မြင်ယောင်တိုင်း လွမ်းနေရ ဆွေးနေရတယ်။ အခု ခဏလေး နေရာတင် ရပ်နေရသေးတယ်။ အမှောင်မှာ ဆက်လက်ရပ်နေဖြစ်လည်း အမှောင်ဟာ နောက်ဆုံးတော့လည်း ဆက်လက်မှောင်နေဦးမှာပါပဲ။
အခု အပြင်ဘက်က အမှောင်အတိုင်းဆို ညဟာ အတော်နက်နေပြီ။ ညထဲ လမ်းမီးတိုင်အောက်က မီးရောင်ပျပျကွက်လပ်ထဲ တိတ်ဆိတ်မှု အရိပ် ထင်နေ။ တိတ်ဆိတ်မှုထဲ အတိတ်ပဲမြင်လို့ ။ မြင်နေရတဲ့ လမ်းမီးတိုင်အောက်ဆီ လူကမရောက်ပေမဲ့လည်း စိတ်ကို အလင်းထဲ တတ်နိုင် သလောက် လွှတ်ထားချင်နေမိတယ်။ မလိုအပ်ဘဲ ခပ်လှမ်းလှမ်းမှာ လမ်းမီး တိုင်ဟာ လင်းလွန်းလှစွာ။ လင်းဖို့ လိုအပ်နေခဲ့တာလည်း ဖြစ်ကောင်း ဖြစ်နေနိုင်ပါရဲ့။ မီးရောင်မှာ ပိုးမွှားတွေကစ စိတ်ကွယ်ရာအဆုံး ပျော်ရွှင်
ကျေနပ်သလိုသာ နေသွားနိုင်ကြ၊ အခုမြင်နေရတဲ့ အမှောင်ခြမ်းကနေသာ စိတ်ကူးနဲ့ လှမ်းမျှော်ကြည့်နေရတယ်။ ခြင်တွေ သီးထနေအောင် ခဲနေတယ်။ ခဲနေတဲ့ ခြင်တွေ ပျံဝဲနေတာ ရေးရေးမြင်နေရလည်း မြင်နေရရုံလောက်နဲ့ ခြင်တွေက အဝေးပျံသန်း ထွက်ခွာသွားမှာတော့ မဟုတ်ပါဘူး။
မျှော်လင့်ခြင်းကို တွင်းဆုံးရောက်အောင် ဆွဲချသွားမယ့် အမှောင်ပဲ။ အမှောင်မှာ လခြမ်းပဲ့လို ထွန်းလင်းနေခဲ့ပုံနဲ့။ ငုတ်တိုင်မှာ တည်းတည်း လေးသာ ကျန်နေတော့တဲ့ မီးစာလိုပဲ လူ့အသက်တွေက ကုန်လွယ် ပျောက် လွယ်လွန်းလှပေါ့ ။ မီးတောက်ဟာ အချိန်မရွေး လွင့်ထွက်ပျောက်ကွယ် သွားနိုင်မှုမျိုးနဲ့ တောက်လို့။ အချိန်မရွေး ငြိမ်းသွားနိုင်လောက်တဲ့ မီးတောက် ကလေးကိုပဲ ဘေးက လေငြိမ်ပေးနေရပုံတွေလည်း ဖြစ်လို့။ အခု လေကို ရှူသွင်းပုံ ပိုပိုခက်လာတယ်။ သိပ်(မိုက်)တဲ့ ညတွေပဲ။ သိပ်မိုက်ခဲ့တဲ့ ညတွေပဲ။
(၂)
စီးကရက်မီးခိုးတွေက ငြိမ်နေတဲ့လေထဲ တိုးတက်ကာအသွား အနား မှာ တစ်ယောက်ယောက် ရပ်နေခြင်းဟာ အမှောင်ထဲ စိတ်အနှောင့်အယှက် ဖြစ်စရာတော့ မရှိလည်း မအိပ်သေးဘူးလား အဖေ့ကို လှမ်းမေးနေမိတယ်။ပြောစရာစကားတွေက ရင်ထဲမှာ လေထဲမှာ ဖြစ်လာ၊ ရောက်လာ၊ ပြောဖို့ ကြိုးစားလာ အားယူပြောနေရ။ ညက အတော်နက်နေခဲ့ပြီ။ ဝရန်တာပေါ်က တိတ်ဆိတ်နေမှုကို ချေဖျက်ဖို့ ကြိုးစားနေရတာဟာလည်း စကားလုံးတွေ ပျောက်ပျောက်နေတတ်ပြန်တဲ့ အကြောင်းပဲ။ ဟိုးအဝေးကြီးကို ငေးကြည့်နေလို့မရ၊ ကောင်းကင်ထဲ ကြယ်ကြွေချိန်ခဏ ပြန်လွမ်းနေရ၊ ရှေ့က မြင်နေ ကွယ်နေတဲ့ တိုက်တန်းပေါ် ကျော်ကြည့်လို့ လွမ်းနေ ဆွေးနေရတယ်။ အမှန်က အဝေးက အမှောင်ထဲ ဘယ်တော့မှ ကြယ်မကြွေ၊ ကိုယ်စီ အလွမ်း အဆွေးတွေပဲ မြင်နေ၊ လရောင်သဲ့သဲ့မျှပင်မရှိလည်း အတိတ်ထဲ အရိပ်မြင် နေဦးမလား၊ အဖေ ကြေကွဲ နာကျင်နေမလား တွေးကြည့်နေမိတာ။ နှစ်ယောက်တည်း ထိုင်နေဖြစ်တာကလည်း အဖေ့ကို စကားတွေ ပြောပေးဖို့ ပိုပိုလိုအပ်လာတဲ့အကြောင်းများပဲပေါ့။ အဖေလည်း စိတ်လိုလက်ရ စကား ပြောပြောချင်နေသလိုပါပဲ။
ဒီလိုနဲ့ စကားတစ်လုံး နှစ်လုံး ထပ်ပြီး ထွက်ကျလာတယ်ဆိုရင် လည်း နောက်ထပ် မအိပ်သေးဘူးလား အဖေပဲ ဖြစ်နေဦးမှာပဲ။ အဖေ လည်း နေရာမှာရပ်နေ၊ ဟိုးအဝေးကြီး ရပ်ကြည့်နေတုန်း။ ပြောဖို့ စကားလုံးတွေလည်း ကြိုးစား အားယူနေတုန်း။
ညဘက်ဆို ညနက်တဲ့အထိ မအိပ်ဖြစ်တာလည်း ကြာပြီ။ တိုက်ခန်း ဝရန်တာရှေ့ စီးကရက်မီးခိုး လွှင့်ထုတ်နေတတ်တဲ့ ညများထဲ အဖေဟာ ဝရန်တာရောက်ရောက်လာ၊ စကားလာပြောပြော နေတတ်တယ်။ အိမ် အတွင်းထဲမှာတော့ အမေနဲ့ မိသားစုတွေ ညနက်ထဲ အိပ်နေ၊ တစ်နေ့တာ ပင်ပန်းနွမ်းနယ်နေမှုအကြား အနားယူနေလိမ့်မယ်။ ကိုယ်စီ ဘဝအမောများ အလွမ်းနေ့များ သောကနေ့ များစွာထဲ ဝရန်တာရှေ့ ထွက်ထွက်လာနေကျ အဲဒီနေ့များမှာ အဖေလည်း ညနက်ထဲ အိပ်ရာပေါ် တစ်ကိုယ်တည်း တော်တော်နဲ့ အိပ်မရ၊ ဝရန်တာဘက် စကားလာထွက်ပြောနေရတယ်။ အမှတ်တရ ညများပါပဲ။ အမှတ်တရညများစွာထဲ၊ ဘဝထဲ၊ သောကထဲ ကျန်းမာရေးကိစ္စ လောကဓံကိစ္စ မွန်းကျပ်နေမှုများထဲ ခေတ္တခဏ အနား ယူခွင့်ရတဲ့ ဝရန်တာညများပဲ။ အဖေ့ကိုပြန်အမှတ်ရ၊ ပြန်လွမ်းနေရ၊ မေ့မရ ညများပါပဲ။ အဖေက တစ်ခါတလေလည်း စီးကရက် တောင်းသောက် တတ်တယ်။ တောင်းတဲ့အခါတိုင်းလည်း ကျန်းမာရေးအကြောင်းနဲ့ ချီတုံချတုံ ဆုံးဖြတ်မရလည်း စီးကရက်တောင်းတိုင်း ပေးဖြစ်ခဲ့တာချည်းပဲ။ ပေးလိုက် မိခဲ့တာချည်းပဲ။ အခု ပြန်လွမ်းနေရသေးတယ်။
ဆင်ကြီး ဂဠုန်ချီ သီချင်းနဲ့ ငယ်ဘဝဟာ ဝေးလွန်းနေပါသေး တယ်။
လတ်တလော အဖေဆေးရုံ စတက်ဖြစ်ရတဲ့ ရက်များ အဖေ့သောက နေ့ရက်များမှာ ကိုယ်စီလည်း ဓားသွားပေါ် မွန်းလို့ ။ အဖေဟာ ဆေးရုံပေါ် ရောက်သာလာခဲ့ရတယ်၊ နောက်ဆုံးအခြေအနေအထိလည်း ဆေးရုံမတက် ချင်စိတ်နဲ့ တင်းထားနေခဲ့ပုံပဲ။ ခံစားနေရတဲ့ ဝေဒနာကို တောင့်ခံနေခဲ့ တာကလည်း ဆေးရုံရောက်မှ ပိုပိုဆိုးလာတဲ့ ဒဏ်ရာတွေပဲ။
(၃)
အဖေ ဆေးရုံတက်နေရတယ်ဆိုတဲ့ သတင်းဟာ တယ်လီဖုန်းထဲ အေးစက်စက် ဝင်လာခဲ့တာ။ မိုးတွေ ချက်ချင်းညိတက်လာခဲ့တာပဲ။ တစ်ယောက်နဲ့တစ်ယောက်ကလည်း တစ်မြို့တည်းဆိုပေမဲ့လည်း တစ်နေရာ စီ အစွန်အဖျားမှာချည်းပဲဖြစ်ဖြစ် နေတတ် ရောက်နေတတ်တယ်။ မကောင်း သတင်းဟာ ထစ်ခနဲရှိတာနဲ့ တန်းခနဲရောက်လာတော့တာပဲ။ ပျော်စရာ သာ လူ့ဘဝမှာ ရှားပါးလာ၊ တင်ကူးကာ ပျော်ရွှင်ပြမှရလည်း ဝမ်းနည်း စရာတွေက အချိန်မရွေး ကိုယ့်ထံ အလစ်အငိုက်ဖမ်း ရောက်လာနေတတ် တာ။ ဓာတ်ပုံတွေထဲ စာအုပ်တွေထဲ ရုပ်ရှင်ထဲကအတိုင်း ဘေးပတ်ဝန်း ကျင်မှာလည်း ကြုံနေကျ အဖြစ်အပျက်တွေအတိုင်းပဲ အခုသတင်းက သွေး ဆုပ်ဖြူရော်လို့။ မြင်နေတွေ့နေ ကြားနေတဲ့ အရာတွေအားလုံး စိတ်မှာ ပြာစင်းသွားတယ်။ ဖုန်းခေါ်သံမှာ တကယ့်ဇာတ်လမ်းထဲ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်နေရသလို တိုက်ဆိုင်နေမှုဟာ အချိန်ကိုက်ရောက်လာ ရုပ်ပုံတွေ အစဉ်လိုက် လိုက်လာ အပြင်မှာ ရုပ်ရှင်တကယ်ရိုက်နေရသလို လူ့ဘဝ ရိုက်ကွင်းကြီးထဲရောက်လာ။ ရောက်ရာနေရာက ပြေးလာရတယ် ။ ဆေးရုံ ဘက်ကိုပဲ အာရုံစိုက် အမြန်ပြေးလာခဲ့ရတယ်။ ဆေးရုံ သံခုတင်ရှိရာဆောက်တည်ရာမရတဲ့စိတ်နဲ့ တစ်ခုခုကို မမြင်ရမချင်း သွေးအေးမှာ မဟုတ် တဲ့စိတ်နဲ့။
အပြင်မှာ မိုးပိုသည်းလာပုံရတယ်။ အပြင်မှာ မိုးက မစဲသလိုပဲ ရွာနေ သလိုပဲ ဇာတ်လမ်းထဲကအတိုင်းဆို ငိုချပစ်လိုက်ဖို့ပဲ။ အဖေက ဆေးရုံ ခုတင်ထက်မှာ မောနေတယ်။ အောက်ဆီဂျင် ပေးထားပုံလည်းရတယ်။ အားယူနေတဲ့ ရင်ဘတ်အနိမ့်အမြင့်ဟာ ဟိုးအဝေးကြီးက ပြေးလာခဲ့ရတဲ့အဝေးရောက်သားတစ်ယောက်အဖြစ်လို ထင်ရ၊ အပြစ်လို့ထင်ရ၊ မောပန်း မို့မောက်လို့။ နောက်မကျသေးဘူးဆိုတဲ့ အသိက လက်တွေ့မှာ အတော် အတန် စိတ်သက်သာရာ ရနေပေမဲ့ အရေးပေါ်အခန်းထဲ ယောက်ယက်ခတ် လူတွေကြား လိုက်ပါ ယောက်ယက်ခတ်ရ၊ တစ်နေကုန် နောက်ထပ် တစ်နေ့ တစ်ရက်ထိ။ ဆိုပါစို့ စိတ်မှာ..လွှတ်ချပစ်လို့မရတဲ့ ပူပန်နေမှုတွေကို။
(၄)
ဆေးရုံပေါ် ရက်အတော်ကြာတဲ့အထိ အဖေလည်း အားယူပြုံးရွှင် အောင်နေလို့။ ကျန်တဲ့ဘဝအပိုင်းအစ အပြင်လောကမှာ ဖြစ်နေတဲ့ အဆင် မပြေမှုတွေကို ကြိုးစားမေ့လို့။ ငွေကြေးကိစ္စထက် မိသားစုနှလုံးသားတွေ ပွန်းပဲ့ယိုင်နဲ့ မသွားစေဖို့ကိုပဲ အားစိုက်ရ၊ အဖေအားယူနေရတဲ့ ရက်တွေပဲ။
လောကကြီးထဲ ကမ္ဘာထဲ အဖေရှိနေသေးတာကပဲ ကုသိုလ်အကျိုးလို့ ထင်ရ တဲ့အထိ ကျန်တာတွေလည်း အမှုန်အမွှားတွေအဖြစ်သာ မြင်ရတဲ့ ရက်တွေ ပဲ။ ဒီရက်တွေမှာတော့ သေနေ့မစေ့လို့သာ လူကရှိနေရတယ် အဖေရှိနေ သေးတာ စိတ်ကသိနေရလည်း အဖေ့ကျောက်ကပ်က လုံးဝ မကောင်း တော့ဘူးဆိုတာ သေချာသွားတယ်။ ဆေးရုံမှာ အဖေ့အတွက် ကျောက်ကပ် တစ်ခုကလွဲ၊ ကျန်တဲ့အစိတ်အပိုင်းများ ပြန်လည် နာလန်ထူအောင်ကိုပဲ အတော်အားယူကြိုးစားရတဲ့နေ့များ။
စိတ်ထဲ ဆေးရုံကပြန်ဆင်းတဲ့အခါ သယ်ယူသွားရဦးမယ့် အနာဂတ် ထဲ အဖေ့နေ့ရက်များ။ အဖေနဲ့မိသားစု ဆက်လက်ယှဉ်တွဲလျက် လူ့ဘဝ အဖြစ် အမှတ်တရနေ့ရက်များစွာ နေရဖို့ ကြိုးစားတွေးယူနေရတယ်။ မနက် ဖြန်တွေဟာ ကြိုတင်ပြင်ဆင်ရေးသားခွင့်မရလည်း ရောက်လာရတော့မှာ။ နာတာရှည်တော့မယ့် နာလန်ထလူနာတစ်ယောက်အတွက် အကောင်းဆုံး ဆိုတာတွေလည်း စဉ်းစားလို့ အခြားအဆင်ပြေစေမယ့်နည်းလမ်းများလည်း ကြိုးစားကြည့်လို့ အဖေလည်း နေလို့မကောင်းတဲ့ ကြားကနေပဲ မိသားစု အတွက် ကိုယ့်အတွက် အခြေအနေတစ်ခုကို စီစဉ်နေရတယ်။ လူ့အဖြစ် များစွာထဲ လူ့လောက၊ လူ့လောကဓံများကြား လူတိုင်း တွေ့ကြုံခံစားနေ ကြတယ်ဆိုလည်း ကိုယ်တိုင် အစီအစဉ်မကျတဲ့ လူ့ဘဝနဲ့အတွေ့ အနည်းနဲ့