နိုင်ဝင်းဆွေ - မြစပယ်ရုံ
ဆရာသည် ပန်းချီကားနံဘေး ခုံမြင့်ပေါ်မှ ဆင်းလာခဲ့ပြီး နောက်သို့ ဝေးဝေးဆုတ်သွားကာ ပန်းချီကားကို ပြန်ကြည့်သည်။
ဇာတ်စင် အဝေးကြည့် ပန်းချီကားပေါ်၌ စုတ်ချက်ကြမ်းကြမ်း တင်ထားသည့် ဆေးတုံးဆေးခဲများသည် အဝေးသို့ ဆုတ်ခွာကြည့်မှ တောရိပ် တောင်ရိပ်များ ပီသလာသည်။ ပန်းချီကားအရှေ့ဘက်ပိုင်းသည် တော၌ ရိုးတံပြိုင်းပြိုင်း ဇရာလှိုင်းကြောင့် တည်ငြိမ်နေသည့် ရွက်ကြွေသစ်ပင်များ၊ ကြွေလုရွက်ဝါများဖြင့် ထိန်ထိန်တောက်နေသော သစ်ပင်များ၊ ကြွေဆဲရွက်ဝါနှင့် ပုရစ်ဖူးတံများကြောင့် အဝါနှင့် အစိမ်း ဆေးစုံဖက်နေသည့် သစ်ပင်များ၊ ရွက်စိမ်းနုကလေးချည်း ဝေနေသော သစ်ပင်များ၊ သစ်ပင် အနိမ့်အမြင့် အမျိုးမျိုးအစားစားများ စုပေါင်း ရောမွှေထားသည်။ တောရိပ်နောက်ဘက်၌ ရေတံခွန်တစ်ခု စီးကျနေသော ကျောက်တောင်သည် ငြိမ်သက်နေ၏။
ဆရာသည် ဤပန်းချီကားကို သူ၏ ဝဏ္ဏပဘာ၊ နဂါးရုံ၊ မြတ်ပန်းဝတ်မှုန်နှင့် ကသည်းမလေး၊ အဆောင်းတို့၌ အများဆုံးသုံးရန် ဇာတ်ဝင်ပန်းချီအဖြစ် ရည်ရွယ် သည်။ မြတ်ပန်းဝတ်မှုန်၌ ဤပန်းချီကားသည် အဓိက ဇာတ်ဆောင်တစ်ဦး ဖြစ်လာပေမည်။ “ငွေတောင်ပြည်” အက ဇာတ်၌လည်း ဤပန်းချီကား၏ တောရိပ် တောင်ရိပ်များအပေါ်တွင် ကိန္နရာ ကိန္နရီများ ဝဲကာ ပျံကာ လှုပ်ရှားကြပေမည်။
ပန်းချီကားအပေါ်ပိုင်း ကျောက်တောင်အထက်၌ မာယာစုံသော ကောင်းကင် ကို ဆရာ့စိတ်၌ မှန်းဆဖြည့်စွက် ကြည့်သည်။ စိတ်ကူးထဲမှာ “ပုံမခြား ဂဠုန်နဂါးစုံများလှ ရုပ်ကောင်” ကို ထင်မြင်လာမိသည်။ စုတ်ချက်များ၌ စိတ်ကူး၍ ထင်ဟပ်လာနိုင်ပေမည်။ စုတ်ချက်များပေါ်တွင် ...
“တိမ်ခိုး မြူခိုး ဝှေ့ကာနှင်၊ ရွှေစင်လေလား ငွေပင်လား၊ ရထား ငွေသား- လေလျင်သွား၊ ထင်မှားမြင်မှား ဇော်ဂီလား၊ သည်မှာ ဟိုမှာ ကြဲဖြန့် ကာပင်၊ သည်အခါမှာခင် ဆည်းဆာအလှရဲ့ ခဏတာအဆောင်တွင်၊ တွယ်တာ ငေးမောလို့ ဇောစိတ်မှာရွှင် ၊
ရောင်စုံယှက်ပြီး အတွေးစိတ်ဝယ်ထင်၊ ရွှင်မလိုနဲ့၊ အို မဲ့မဲ့ လေး.....။ ရိုက်သံပေးလို့ ၊ မလိုလို မာယာပိုလျှင်၊ ငိုလိုက်မှာလား ရယ်မှာလား ....ဟင်၊ ပင်လယ်ပြင်လား- မိုးစင်လား၊ ထင်မှားမြင်မှား မိမှားလို့ ၊ စိတ်ကထွေပြား တွေကစားစဉ်-မာယာပန်းချီက ပြုပြင်”
ဆရာ၏ စိတ်ထဲ၌ သူရေးခဲ့သည့် 'မာယာတိမ်” သီချင်းထဲမှ တစ်ပိုင်း တစ်စကို သတိရလာသည်။ ဆရာသည် သူ့သီချင်းကို သူ့ဘာသာ တီးတိုးဆိုလိုက်မိသည်။ သူ၏ မပွင့်တပွင့်ဆိုသံသည် ပန်းချီကားရှိရာသို့ ဝဲပြန့်သွားကာ ပန်းချီကားကို ထပ်မံဖြည့်စွက်နေသည်ဟု ထင်မိသည်။
သူသည် ပန်းချီကားပေါ်၌ ဖြည့်စွက်ရမည့်နေရာ၊ နုတ်ပယ်ရမည့် နေရာများကို စိတ်ကူး၌ ခံစားကာ ရှာဖွေကြည့်သည်။
အတော်ကြာမှ သီချင်းကို အဆိုရပ်ခဲ့ပြီး ပန်းချီကားကြက်ထားရာ ဗန်ဒါပင် ရိပ်ဘက်သို့ ပြန်လျှောက်လာခဲ့သည်။
ခုံမြင့်ပေါ်၌ တက်ရပ်ပြီး စုတ်ကိုကိုင်ကာ ဆေးချက်များကို ဖြည့်စွက် လိုက်သည်။ ဆရာ၏ စိတ်မှာ အလျင်လိုလာပြန်သည်။ ဤပန်းချီကားသည် အနု သဘင်အတွက် နောက်ဆုံးပန်းချီကား ဖြစ်၏။ အသစ်ထပ်မံ ဖွဲ့စည်းလိုက် သော အနုသဘင်မှာ မကြာမီရက်ပိုင်းအတွင်း၌ပင် ဇာတ်က ထွက်ကြရတော့မည်။
မိုးသည်အတော်ကြာကပင် မြို့သစ်ကလေးကို စွန့်ပြေးကာ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ပေပြီ။ ဆရာသည် ဇာတ်စင် ပန်းချီများကို နေ့စဉ်ရက်ဆက် ကတိုက်ကရိုက် ဆွဲခဲ့ရသဖြင့် လူလည်း အတော် ပင်ပန်းနေသည်။ ပထမနှစ် ဇာတ်ခေါင်းမကွဲမီ ရက်အတော်ကြာကပင် စိတ်ပင်ပန်းနေသည်။
ပြီးခဲ့သည့်နှစ်က ဆရာ၏ အနုသဘင် ဇာတ်ပိုင်ရှင်မှာ သက်ခိုင် ဖြစ်သည်။ ဆရာသည် အလုပ်မှ ထွက်လိုက်ပြီး သူနှင့်အတူ အနုသဘင်ကို ထူထောင် လိုက်၏။ ဆရာနှင့် ဦးသက်ခိုင် အနီနှင့် အဝါလို တူညီသယောင်နှင့်ဆန့်ကျင်ဘက် ကွဲလွဲသည်။ အနီနှင့် အဝါကို ပေါင်းစပ်လိုက်လျှင် အရောင်သစ် (လိမ္မော်)ရောင် ထွက်လာပေသည်။ ဆရာသည် သူ့ပင်ကို အရည်အသွေး အတိုင်းသာ ကျင့်သုံးလိုသည်။ နောက်တော့ ထိုဇာတ်သည် ရှုပ်ထွေးနေရာမှ ကွဲထွက်သွားရတော့သည်။
အနုသဘင်သည် တစ်နှစ်တာရေစီး၌ အခက်အခဲအမျိုးမျိုးကို ဖြတ်သန်း ကျော်လွှားလာခဲ့ရသည်။ ဖြတ်သန်းနေရင်း မခိုင်မာသော အစိတ်အပိုင်းများသည် အနုသဘင်မှ တဖြုတ်ဖြုတ် ပဲ့ကျ ကြွေကျခဲ့ရသည်။ လှကြည်ကြည်လေး၊ စိန်ဝင်းရွှေ၊ ပဒုမ္မ ကြည်ကြည်၊ ခေတ်စန်းကြည်၊ မီးဘက်ဆိုင်ရာ ငွေစန္ဒာ တင်အောင်၊ ဦးသက်ခိုင် (ဇာတ်ပိုင်ရှင်)၊ ကျော်မြလေး (လူရွှင်တော်)။ သူတို့ကား အနုသဘင်၌ မခိုင်မာသော အစိတ်အပိုင်းများ ဖြစ်သဖြင့် ကြွေကျခဲ့သည်။
အသစ်ပြန်ဖွဲ့စည်းသောအခါ ခေါင်းဆောင်မင်းသားနေရာ စိန်ဝင်းရွှေ အစား အောင်မြင့်စိန်ကို သုံးလိုက်သည်။ တိုးမလေးကို ခေါင်းဆောင် တင်လိုက်သည်။ ရွှေမန်းသူ ကြည်ကြည် ကို ပဒုမ္မကြည်ကြည် နေရာ၌အစားသွင်းသည်။ ငွေစန္ဒာတင်အောင်နေရာ၌ မောင်သောင်းလေးကို လဲလှယ်လိုက်သည်။ လှကြည်ကြည်လေး နေရာတွင် စိန်အုန်းကြည်ကို တိုးမြှင့်တင်ပေးလိုက်သည်။ အနုသဘင်၌ အဟောင်းများနေရာတွင် အသစ်များ အစားသွင်းကာ ဆရာ ကိုယ်တိုင် ပြန်လည် ထူထောင်ပေးလိုက်သည်။
ဆရာသည် အဘိုးထံမှ ရသည့် အေးရိပ်ငြိမ်တိုက်နှင့် ခြံကို ရောင်းချလိုက်ပြီး ငွေကို အနုသဘင်အတွက် သုံးစွဲလိုက်သည်။ အနိမ့်ပိုင်း ရပ်ကွက်တွင် ခြံကျဉ်း ကလေးနှင့် အိမ်ငယ်ကလေးတစ်ခုကို ဈေးသက်သက်သာသာဖြင့် ဝယ်ယူကာ အနုသဘင်အတွက် ထိုနေရာမှ အားယူပြီး ခေါင်းထောင်လိုက်ပြန်သည်။
အေးရိပ်ငြိမ်မှ ပြောင်းလာပြီးကတည်းက အေးရိပ်ငြိမ်ဘက်သို့ တစ်ကြိမ် တစ်ခါမှ မသွားတော့ပေ။ ဆရာသည် အေးရိပ်ငြိမ်ကို မကြည့် မမြင်ချင်တော့ပေ။ အဘိုးသည် အေးရိပ်ငြိမ်၌ ငယ်စဉ်ကတည်းက အခြေချနေထိုင်ခဲ့၏။ ဖေဖေ့ကိုလည်း အေးရိပ်ငြိမ်၌ပင် မွေးဖွားခဲ့သည်။ အဘိုးကား ပစ္စည်းဥစ္စာ အတန်အသင့် ကြွယ်ဝသည်။ ဖေဖေ (ဦးဖူးခေါင်)ကို သူ၏ စီးပွားရေးလုပ်ငန်းများ၌ ကိုင်တွယ် စေ့ချင်သည် ။ ဖေဖေက ငယ်စဉ်ကတည်းက စောင်းတီး၊ ပန်းချီရေး၊ ဇာတ်စာရေးဆရာ လုပ်ကာ ရုပ်သေးအဖွဲ့ တစ်ဖွဲ့ နောက် လိုက်ပါသွားသည်။ ထို့နောက် မေမေ (စပယ်ရုံ) နှင့် တွေ့ဆုံကာ စိတ်တူကိုယ်တူဖြင့် (စပယ်ရုံအငြိမ့်)
အဖွဲ့ကြီးကို ဖွဲ့ ကာ ဧရာဝတီ မြစ်ရိုးတစ်လျှောက်တွင် ထက် အောက်စုန်ဆန် ခရီးနှင်နေခဲ့သည်။
ဆရာ့ကို စပယ်ရုံအငြိမ့်အဖွဲ့ကြီး ခေတ္တရပ်နားရာ ဧရာဝတီ မြစ်ကမ်း မြို့ကလေးတစ်မြို့၌ မွေးဖွားခဲ့သည်။ ဆရာ ဆယ်နှစ်သားလောက်အထိ အငြိမ့် အဖွဲ့ကြီး စုန်ရာ ဆန်ရာ လိုက်ပါခဲ့ရသည်။ ထိုအခါက ဒေါ်စပယ်တင်သည် အကသင် မင်းသမီးကလေးမျှသာ ရှိသေးသည်။ မေမေယဉ် (စပယ်ယဉ်)မှာမူ မေမေ၏လက်ထောက် ထက်မြက်သော မင်းသမီးတစ်လက် ဖြစ်နေခဲ့လေပြီ။ စပယ်ရုံအငြိမ့်အဖွဲ့ကြီးကို ပြန်စဉ်းစားလိုက်လျှင် ဖေဖေ၊ မေမေ၊ စပယ်ယဉ်၊ စပယ်တင် တို့ကို အမှတ်ရလွမ်းဆွတ်လာမိသည်။
ဆရာသည် ဖေဖေ၏ ပတ္တလားခုံ၌ ဝင်ခေါက်နေတတ်၏။ ထံတျာ၊ သီတာ၊ သာယာ၊ ထွေတလာ၊ ခွဲခွဲခြားခြားတို့ကို ဖေဖေပြသည့်အတိုင်း လိုက်ခေါက်နေ သည်ကို သတိရသည်။
“နောက်တော့မှ သား သူတို့တန်ဖိုးကို သိလာမှာပဲ၊ မြန်မာမှု တေးဂီတ တစ်ခုလုံးဟာ ထံတျာနဲ့ ပဲ ပြည့်စုံနေပြီ။ ထံတျာက ပင်မပဲ၊ နောက်တော့ သိလာ မှာပေါ့”
စောင်းကိုမူ ဆရာသည် ဖေဖေ သီချင်းနှစ်ပုဒ်မျှ တက်ပေးသည်ကိုသာ ကြိုးစား ပမ်းစား လိုက်ခဲ့ရပေသည်။ ဖေဖေက လက်ထပ်၍ မသင်ကြားခဲ့သော်လည်း ဖေဖေ၏စောင်းသံသည် နား၌ယဉ်ပါးနေခဲ့သဖြင့် နားဖြင့် သင်ကြားပြီးသား ဖြစ်နေ ခဲ့သည်။
မေမေကဆရာ့အားအခြေခံယိုးဒယားကွက်များစတင်သင်ကြားသောအခါ ဆရာ့ အသက်မှာ ငါးနှစ်မျှပင် မပြည့်သေး။ ပုဆစ်ဒူးချ ထိုင်ပြီး ရင်ကို ကော့ကော့ထားကာ ပေါင်ပေါ်၌ လက်နှစ်ဖက် အမှောက်အလှန် ကျင့်နေရသည်ပင် ရက်ပေါင်းများစွာ ကြာညောင်းခဲ့သည် ထင်ရ၏။ ထို့နောက်မှ လက်နှစ်ချောင်းကို အပြန်အလှန် အထက်ပင့်ယူ၊ အောက်ပြန်ချ လုပ်နေရပြီး ခေါင်းပါ ပါလာရသည်။ နောက်မှ တဖြည်းဖြည်း ထိုင်ရာမှ ထရသည်။ နောက်မှ ကကြိုးကခွင်များကို စတင်ရသည်။
ထိုအခါက ဆရာသည် မေမေ၏ လက်ထောက်မင်းသမီးဖြစ်သူ မေမေယဉ်နှင့် အတူတူ အိပ်ခဲ့ရ၏။ စားလျှင်လည်း သူနှင့်အတူတူ၊ တစ်ခါတစ်ရံ တစ်ခုခုကို တိတ်တိတ်ကလေး ခေါ်ကျွေးပြီး သူ့ကို အမွှေးခိုင်းသည်။ သူသည် မုန့်တစ်ချပ်ကိုပြပြီး ပါးကို ထိုးပေးလိုက်၏။ ဆရာသည် မုန့်တစ်ခု စားချင်တိုင်း တစ်ခါ မွှေး နေရသောအခါ သူသည် နှစ်နှစ်ခြိုက်ခြိုက် ရယ်နေတတ်လေသည်။ သူသည် အလွန့်ရွှင်လန်းစွာ ပြုံးရယ်တတ်၏။ သူပြုံးလျှင် ချစ်စရာကောင်းသော သွားတက် ကလေးတစ်ခု ပေါ်သွားတတ်သည်။
“သားကြီး၊ မင်းဟာ မေမေ့သားကြီး၊ ကဲ .. ခေါ်စမ်း မေမေလို့ ခေါ်လိုက်စမ်း...”
“မေမေ” “တော်...တော်၊ သားကြီးက သိပ်လိမ္မာတာပဲ”
ထိုအခါက မေမေယဉ်မှာ အပျိုစင်ဖြစ်လေသည်။ ဆရာသည် အပျိုစင် မေမေယဉ်၏သား ဖြစ်ခဲ့ရသည်ကို ယခုပြန်၍ အမှတ်ရသောအခါ ပြုံးနေမိသည်။
နောက်ဆုံး ဇာတ်ကပြီးအပြန် အလူးအလဲဖျားကာ ညောင်ဦးတွင် ဖေဖေနှင့် မေမေ ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်သောအခါ ဆရာသည် နေ့တငိုငို၊ ညတငိုငို ဖြစ်နေခဲ့ရသည်။ ဆရာ့၌ သွေးသားတော်စပ်သူ ဆွေမျိုးဟူ၍လည်း မရှိနိုင်၊ စပယ်ရုံ အငြိမ့်ကြီးကား အစိတ်စိတ်အမြွာမြွှာကွဲကာ ဇာတ်သိမ်းသွားခဲ့ရလေပြီ။ ဆရာသည် မေမေယဉ် ရင်ခွင်ထဲတွင် မတိတ်နိုင်အောင် ငိုခဲ့ရသည်။ မေမေယဉ်မှတစ်ပါး အားကိုးဖွယ်ရာလည်း မရှိတော့။ မကြာမီရက်ပိုင်း၌ ဆရာ့အား ဆရာတစ်ခါမျှ မမြင်ဖူးခဲ့သော အဘိုးသည် လာ၍ခေါ်၏။ ဆရာ ငိုရင်း ပတ္တလားတီးနေသည်ကို တွေ့သောအခါ ...
“ဟာ ... လာပြန်ပြီ တစ်ယောက်၊ ဒါလည်း ဖူးခေါင်ကလေးပဲကွ၊ ခွေးလိုနေ လေလွင့်ခွေးလို သေရဦးမယ့် အကောင်ကလေးပဲ၊ “ဖူးခေါင်ကလေး၊ ဖူးခေါင် ကလေး ...”ဟု တဖျစ်ဖျစ် ပြောနေခဲ့သည်ကို သတိရသည်။
ဆရာသည် မေမေယဉ်ကို ခွဲလာခဲ့ရသဖြင့် ငိုကြွေးမိပြန်သည်။ သင်္ဘောကြီး တစ်စင်း၏ အထက်တန်းတွင် အဘိုးနှင့်အတူ လိုက်ပါလာခဲ့ရသည်။
မြို့သစ်ကလေးသို့ ရောက်လာပြီး အေးရိပ်ငြိမ်တွင် နေရသည်တွင် ဆရာ၏ ဘဝမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်။ နေ့စဉ် စည်းကမ်းကျစွာကျောင်းတက်ရသော ကျောင်းသားတစ်ဦးဖြစ်လာသည်။ ဖေဖေ စာသင်ခဲ့သဖြင့် ဒုတိယတန်းမှ စတင်ကာ နေရသော်လည်း အရွယ်နှင့် မလိုက်တော့ပေ။ ဆရာသည် တစ်တန်းပြီးတစ်တန်း လွယ်လွယ်ကူကူကလေးနှင့် အောင်လာကာ တက္ကသိုလ်သို့ ရောက်သွားခဲ့သည်။ ဆရာသည် အဘိုးနှင့် ကင်းဝေးရာသို့ ရောက်သွားရပြန်လျှင်မူလကရှိခဲ့သော သဘင်စိတ်လည်း အလိုလို လွတ်လပ်စွာ နိုးကြွလာပြန်သည်။ စောင်းကိုကိုင်ပြီး အကများကို လေ့လာနေခဲ့၏။ ကျောင်းကပွဲများ၌ ပါဝင် လာသည်။
“မင်း...ဟိုမှာ ဖက်ခွက်စား ပြန်လုပ်လာပြီဆို ..”ဟု အဘိုးက ငေါက်ငန်းလျှင် ဆရာသည် ရယ်မောနေခဲ့၏။ “ကောင်းတယ်ကွာ၊ ဖက်ခွက်စားမျိုး၊ အမျိုး မမှန်တဲ့အကောင်၊ ခွေးလို လေလွင့်နေဦးမယ့်အကောင်၊ ဖူးခေါင်ကလေး”
နောက်ပိုင်းနှစ်များ၌ အဘိုး၏လယ်မြေများ ကစဉ့်ကရဲ ဖြစ်လာကာ စီးပွားရေး ကျဆင်းလာသည်။ ဆရာ ကျောင်းထွက်လိုက်ရပြီး မြို့သစ်မြို့ကလေး အမှတ်(၁) အထက်တန်းကျောင်းတွင် အထက်တန်းပြ ဆရာကလေး ဝင်လုပ်နေသည့် အတွင်း ၌ အဘိုး ကွယ်လွန်သွားသည်။ အဘိုး၏ ခြံတစ်ကွက်၊ တိုက်ကလေး တစ်လုံးနှင့် ရွှေတိုရွှေစလေး အနည်းငယ်မျှသာ အမွေအဖြစ် ကျန်ရစ်ခဲ့လေသည်။
ဆရာသည် သူ၏ ကျောင်းဆရာဘဝကို သာယာချမ်းမြေ့ဖွယ် ပန်းချီကား တစ်ချပ်ဟု စိတ်ထဲတွင် ထင်သည်။ ကျောင်းကပွဲများနှင့် ကြုံကြိုက်လာလျှင် သူ၏ သဘင်စိတ်လည်း မြူးကြွလာတတ်ပြန်သည်။ နောက်တော့ သူသည် အလိုလိုပင် ကျောင်းကပွဲများ၌ သီချင်းရေးဆရာ၊ အကသင်ဆရာ၊ ဇာတ်ဆရာ ဖြစ်လာသည်။
ထမင်းဆိုင်တစ်ဆိုင်၌ လစာပေးစား၊ ကျောင်းတက်၊ စာဖတ်၊ ကျောင်း ကပွဲက၊ ပန်းချီရေး၊ ကဗျာရေး။
အေးရိပ်ငြိမ်ဧည့်ခန်းတွင် ဖေဖေ နောက်ဆုံး ရေးဆွဲခဲ့သည့် ပန်းချီကားကြီး သုံးချပ်ကို ချိတ်ဆွဲထားသည်။ ဆရာသည် ဤပန်းချီကားကြီး သုံးချပ်ကို ဖေဖေ၏ အမွေအဖြစ်ဖြင့် မြတ်နိုးနေခဲ့သည်။ မေမေ၊ မေမေယဉ်နှင့် ဒေါ်စပယ်တင် တို့၏ ကနေဟန် ပန်းချီကားကြီးသုံးချပ်၌ ဖေဖေ၏ အတွေး၊ စိတ်ကူးစိတ်သန်း၊ ခံစား တတ်မှုများကို မြင်တွေ့နေနိုင်သည်။
ဖေဖေ၏ စုတ်ချက်များသည် ရဲရင့်၏။ တင်းမာသည်။ ခိုင်မြဲသည်။
ပန်းချီကားထဲ၌ မေမေ၏မျက်လုံးမှာ ကာ ရီဝေနေသည်။ မေမေ၏ ပန်းချီကားပေါ်တွင် ဖေဖေ၏ စွဲမြဲသောမေတ္တာတရားကို မြင်တွေ့ နေရသလိုပင်၊ ဖေဖေ၏ မေတ္တာမှာ နက်ရှိုင်းလှပေသည်။
မေမေယဉ်သည် ကနေရင်း ပြုံးနေ၏။ သူ့အပြုံးမှာ သစ်လွင်တောက်ပ ပေသည်။ သွားတက်ကလေးပေါ်နေသည်။
ဒေါ်စပယ်တင်ကား ချိုးထားသော သူ့လက်ချောင်းကလေးများပေါ်၌