နိုင်မွန်အောင်သွင် - နိုင်မွန်အောင်သွင်ကဗျာများ
သစ်တော်သီးလှည်းများ
ခြစ်ရာဖျက်ရာများလွန်းပြီး
ကြိုးစားထားခဲ့ရတဲ့
ကဗျာတစ်ပုဒ်ရဲ့ကံဟာ
ကျွန်တော့်ထံမှာ ရှိကြောင်း၊
အဲဒီကဗျာအတွက်စံဟာ
ပြည်သူတွေမှာရှိကြောင်း၊
ဟောင်းနွမ်းအိုမင်းနေတဲ့
လျှပ်စစ်မဲ့မီးခွက်က
ညနက်နက်မှာ ပြောခဲ့တယ်။
ထင်းရှူးရွက်အချောင်းကလေးတွေ
လေတိုးတဲ့အသံ
တောင်ကမ်းပါးယံဆီသို့ပြေးသွား၊
ကလေးများအိပ်ချိန်၊
ဆိတ်ငြိမ်တဲ့ည၊
(အဲဒီ)လေသံမှတစ်ပါး တခြားဘာမှ မကြားရ။
တောင်ကျချောင်းရေ
ရေသံ သိုဝှက်
ညဘက်ခရီးသွား
ကျွန်တော်များဖြစ်နေမလား။
အမြင့်ပေ လေးထောင်ကျော်
တောင်ပေါ် ညနက်
တလက်လက်နဲ့မီးပွင့်များဟာ
ဒါဟာ မြို့ ပါတဲ့။
ကျွန်တော့်ရဲ့ ရွာကနေ
အနိမ့်ပြကွက်၊
မြင်လျက်။
နာမည်ကြီးတဲ့
အကွေ့နဲ့အကောက်တွေ
မြေနီလှည်းလမ်း
ကတ္တရာကားလမ်း
မီးရထားလမ်း
စိတ်နဲ့မှန်းကြည့်ရတဲ့
ည။
အပျိုလည်ရာကနေ
ကာလသားတချို့
ချို့ငဲ့တဲ့ လရောင်အောက်
ကိုယ်ပျောက် အိမ်ပြန်ကြဆဲ။
ချေ (ဂျီ) ဟောက်သံဟာ
သည်ကဗျာထဲဝင်လာချိန်
မိုးမှိန်မှိန် လင်းစ။
မနေ့ညနေပိုင်းက
ခူးဆွတ်ထားကြပြီးသား
သစ်တော်သီးများ
နွားလှည်းပေါ်တင်
မကြာခင်မှာပဲ
ကဲ ထွက်ကြဟေ့။
ဒီနေ့
ဈေးနေ့။
ရောင်းချကြရမယ့်
အသီးများရဲ့ စံဟာ
ကျွန်တော်တို့ ဝယ်ပြန်ကြရမယ့်
ဆန်အရေအတွက်ကို ပြောလိမ့်မယ်။ ။
စာပေဂျာနယ်၊ အမှတ် ၈၊ ၁၉၈၉။
.