နန္ဒာသိန်းဇံ - မနက်ဖြန်များကိုဖြတ်သန်းနေသောစိတ်ကူးများ
ခရစ်နှစ် ၂၀၀၀ လွန်
ခရစ်နှစ် ၂၀၀၀ အကြောင်းကို ပြောကြတော့ သူက ဘီစီ ၂၀၀၀ က အကြောင်းတွေကို ပြောသည်။ ခရစ်နှစ် ၂၀၀၀ လွန် ၂၁ ရာစု အကြောင်း ပြောတော့လည်း သူက ဘီစီ ၂၀၀၀ အပေါ်က အကြောင်းတွေကို ပြောပြန်သည်။
အာဖရိကတိုက် မြောက်ပိုင်း နိုင်းလ်မြစ်ဝှမ်းဒေသ၊ အာရှ အနောက်ပိုင်း၊ အာရေဗျကျွန်းဆွယ်မြောက်ပိုင်း မေဆိုပိုတေးမီးယား ဒေသက တီးဂရစ် (Tigris)နှင့် ယူဖရေးတီး (Euphrates) မြစ်ဝှမ်း တစ်ဝိုက် အိန္ဒိယပြည်အနောက်မြောက်ပိုင်း၊ အိန္ဒုမြစ်ဝှမ်းဒေသ။ တရုတ်ပြည် ဝိုင်းမြစ်ဝှမ်း Wei-ho၊ မြစ်ဝါမြစ်ဝှမ်းဒေသ............ ထိုထိုဒေသတို့၌ ရှေးရှေးအခါက ယဉ်ကျေးမှုတွေ ထွန်းကားခဲ့ကြ သည်။ ထွန်းကားပြီးတော့လည်း ပျက်သုဉ်းကုန်ကြပြန်သည်။
ဘီစီ ၃၀ ရာစုလောက်မှစ၍ အီဂျစ်က ဘုရင်တိုင်း ပိရမစ် တည်ဆောက်ခဲ့သောကြောင့် ဘီစီ ၂၅ ရာစု အလယ်လောက်ရောက်ချိန်တွင် ပိရမစ်တွေ နိုင်းလ်မြစ်တစ်လျှောက်၌ အမြောက် အမြားရှိနေကြပြီ။ ဂီဇေးအရပ်ရှိ ရှေးအကျဆုံး ပီရမစ်တစ်ခုမှနေ၍တောင်ဘက်သို့ မျှော်ကြည့်လိုက်လျှင် မိုင် ၆၀ လောက်ထိ ပိရမစ် တွေ တန်းစီပြီးတစ်မျှော်တစ်ခေါ်ရှိနေကြသည်။ ထိုပိရမစ်တွေထဲတွင် ဘုရင်ဗိုဆာ၏ အောက်ခြေအနား ၇၅၆ ပေရှည်၍ အမြင့်ပေ ၄၀၀ နီးပါး (မူလက ပေ ၅၀၀)ရှိသည့် ပိရမစ်ကြီးလည်းပါသည်ဟု သူကပြောပြနေသည်။
နိုင်းလ်မြစ်ဝှမ်း ယဉ်ကျေးမှု ခေတ်ကြီးသုံးခေတ်အတွင်း တည်ဆောက်ခဲ့သော အဆောက်အအုံများသည် ခံညားကြီးကျယ်ကြ သည်။ ပီရမစ်တို့ဝန်းကျင်ရှိ သက်ဆိုင်ရာဘုရင်တို့၏ သက်ဆိုင်ရာ မှူးကြီး မတ်ရာ၊ ဆွေတော်မျိုးတော်တို့၏ သင်္ချိုင်းများနှင့် ဘုရားဆောင် အတွင်းရှိ ဆေးရေးပန်းချီများသည်လည်း အံ့ဖွယ်ကောင်းသည်။ တတိယခေတ်အတွင်းက သိဘ် (Thebes)မြို့တော်က ဘုရားကျောင်း တည်ဆောက်ထားပုံမှာ အနုပညာမြောက်လှသည်။ ကားနက် (Karnak)ဘုရားကျောင်းခန်းမဆောင်တွင် တိုင်လုံးကြီးများရှိသည်။ တိုင်လုံးတစ်လုံး၏ ထိပ်သည် လူပေါင်း တစ်ရာစု၍ မတ်တပ်ရပ်နိုင် လောက်အောင် ကျယ်သည်။ ထိုတိုင်လုံးကြီးတို့၌ တန်ဆာဆင်ထား သော ပန်းချီ၊ ပန်းပုတို့ကလည်း အံ့ဖွယ်ကောင်းသည်။ ထိုအံ့ဖွယ်ကောင်းသောအရာတွေ ဖျက်ဆီးသူတို့ကြောင့် ပျက်စီးကုန်ကြပြီ။ ပိရမစ်ကြီးတွေလည်း မရှုမလှ အဖောက်ထွင်းခံခဲ့ကြရသည်။
အီဂျစ်မှ မေဆိုပိုတေးမီးယားဒေသသို့ သူ့ စိတ်အာရုံများက ခရီးဆက်ကြမည်ထင်ပါသည်။ သူက တီးဂရစ်နှင့် ယူဖရီးတီး မြစ်ဝှမ်းနှစ်ခုကြားရှိ မေဆိုပိုတေးမီးယားပြည်သည် ဘူမိဗေဒပညာ ရှင်နှင့် ကျောက်စာပညာရှင်တို့၏သုတေသနပြုချက်အရယဉ်ကျေးမှု၌ရှေးအကျဆုံးဒေသဖြစ်သည်ဟုဆိုပါ
သည်။ မေဆိုပိုတေးမီးယားဒေသရှိ ဆူမေးရီးယန်းလူမျိုးတို့သည်လည်း အံ့သြဖွယ်
ကောင်းသော မြို့ကြီးများကို တည်ဆောက်နေထိုင်ခဲ့ကြသူများ ဖြစ်သည်။ ထိုမြို့ကြီးများအနက် ဦးရ် (Ur) မြို့တော်မှာ ကြီးကျယ် လှသည်။
ဆူမားရီးယန်းတို့တည်ဆောက်ခဲ့သည့် နန်းတော်တွေကလည်း ကြီးကျယ်သည်။ ဘုရားကျောင်းတွေကိုလည်း ခမ်းခမ်းနားနား တည်ဆောက်သည်။ တည်ဆောက်ရာ၌ ဆူမားရီးယန်းတို့ အသုံး ပြုသော အုတ်တစ်ချပ်သည် အလျားပေ ၂၀၀၊ အနံပေ ၁၅၀၊ အမြင့်ပေ ၇၀ ရှိသည်။
ဆူမားရီးယန်းတွေ တည်ဆောက်ခဲ့သည့် မြို့တော်ကြီးတွေ၊ ဘုရားကျောင်းတွေ၊ စာပေအနုပညာတွေကိုလည်း ဖျက်ဆီးသူတွေက ဖျက်ဆီးသောကြောင့် ပျက်စီးခဲ့ပြီ။ ဆူမားရီးယန်းတွေကို ဖျက်ဆီး ခဲ့ကြသောသူတွေကကော ဘာတွေဆက်ပြီး လုပ်ကြလေသနည်း။
အဆီးရီးယန်းလူမျိုးတို့သည် မေဆိုပိုတေးမီးယား တစ်ပြည် လုံးနှင့် အာရှမိုင်းနားကျွန်းဆွယ်တစ်ဝန်းလုံးကိုသိမ်းယူကြသည်။ အဆီးရီးယန်းတို့၏ ရက်စက်မှုက ကမ်းကုန်သည်။ မြို့များကိုသိမ်းရာ၌ အဆီးရီးယန်းတို့က မြို့သူမြို့သားတွေကြောက်ရွံ့ အောင် အမျိုးမျိုးရက်စက်ပြသည်။ တစ်ခါတစ်ရံ မြို့လုံးကျွတ်သတ်ပစ် ကြပြီးလျှင် တစ်ခါတစ်ရံတွင် မြို့သားအချို့ကို အရှင်လတ်လတ် အရေခွံခွာသည်။ မသေမရှင် သံတံကျင်နှင့် လျှိုသည်ဟု သူက သမိုင်းအထောက်အထားတွေနှင့် ပြောနေသည်။ ဤရက်စက်မှုတွေ ပြီးတော့တည်ဆောက်ပြုပြင်မှုတွေ လုပ်ကြပြန်သည်။
ဒုတိယ ဆာရ်ဂွန်ဘုရင်(Sargon II) လက်ထက်တွင် နှင်နီး ဗီးယား (Nineveh) မြို့တော်ကြီးကို တည်ထောင်သည်။ ခမ်းနားလှသည့် နန်းတော်ကြီးကိုတည်ထောင်သည်။ ဆာရ်ဂွန်၏ သားတော် ဆင်နက်ကရစ် (Sannachenb) လက်ထက် နင်နီးဗီးယား မြို့ကြီးက ပို၍ပင်ကျယ်လာသည်။ မြို့တွင်းရှိ လမ်းကျဉ်းကလေး များကို လမ်းကျယ်လမ်းမကြီးတွေဖြစ်အောင် ချဲ့သည်။ အဆောက် အအုံတွေကို ကြီးကျယ်သည်ထက် ကြီးကျယ်အောင် ဆောက်သည်။ ဆင်နုက်ကရစ်ရေးထိုးခဲ့သော ကျောက်စာတစ်ခု၌ “ငါသည် နင်နီး ဗီးယားမြို့တော်ကြီးကို နေရောင်ကဲ့သို့ ဖိတ်ဖိတ်တောက်အောင် မွမ်းမံခဲ့သည်”ဟု ဖော်ပြထားသည်။ ဆင်နက်ကရစ်က တိုင်းပြည်ကို ကျယ်သည်ထက် ကျယ်အောင်လည်း တိုက်ခိုက်ချဲ့ထွင်သည်။
ဆင်နက်ကရစ်က လက်အောက်ခံနိုင်ငံတွေနှင့် မြို့ဝန်တွေကို
ထောက်ထားညှာတာခြင်းမပြု။ သူပုန်များကိုဖမ်းမိလျှင် ထိုသူများ၏ ကိုယ်မှအရေကိုဆုတ်သည်။ ခြေ၊ လက်၊ နား၊ နှာခေါင်းတို့ကို ဖြတ်ပစ်သည်။ မျက်စိတို့ကို ထိုးဖောက်ပစ်သည်။ အစုလိုက် အပြုံ
လိုက် မီးလောင်တိုက်သွင်းသည်။ ပုန်ကန်ရဲသူ နည်းသောကြောင့်ဆင်နက်ကရစ်၏လက်ထက်တွင် တိုင်းပြည်ငြိမ်သက်ပါလေ၏။ သို့သော်လည်း ဆင်နက်ကရစ် မရှိသည့်နောက်ပိုင်း၌ ဖျက်ဆီးသူတို့
ကြောင့်ပင် အဆီးရီးယားနိုင်ငံကြီး ပြိုကွဲပြန်သည်။ နင်နီးဗီးယား မြို့တော်ကြီးလည်း မြေပေါ်တွင် ပုံကျပျက်စီးသွားပြန်သည်။
နက်ဘူးကက်နက်ဇာ (Nebuchadnezzar)၆၀၄-၅၆၀ ဘီစီ လက်ထက်၌ ဒုတိယ ဘေဘီလုံနိုင်ငံ(ကော်ဒီယန်နိုင်ငံ)ကို တည်ထောင်ပြန်သည်။ မြို့တော်ကြီးကို ယခင် နစ်နီးဗီးယားမြို့တော်ထက်ပင် ကြီးကျယ်ခမ်းနားအောင် တည်ထောင်သည်။ နန်းတော် ကြီးထဲတွင် အမြင့်ပေ ၃၀၀ ရှိသော မျှော်စင်ကြီးများကို တည်ဆောက်သည်။ သစ်ပင်ပန်းပင်များကိုလည်း မျှော်စင်ကြီးများတွင် စိုက်ပျိုးထားသောကြောင့် ဥယျာဉ်ပျံများသဖွယ် ဖြစ်နေကြသည်။ စတုရန်းမိုင် ၁၂ မိုင်ကျယ်သော မြို့တော်ကြီးကို ကြေးနီအတိ ပြီးသော တံခါးကြီးများဖြင့် မြို့ရိုးကြီးတွေ ပြုလုပ်ထားသည်။ဤမျှကြီးကျယ်လှပတင့်တယ်သော မြို့တော်ကြီးကိုလည်း မီးဒီလူမျိုးနှင့် အီရန်လူမျိုးတို့က ဖျက်ဆီးလိုက်ကြပြန်သည်။
ဖျက်ဆီးပြီးနောက် မိမိတို့စိတ်ထင်ရာရာ တည်ဆောက်မှုတွေ လုပ်ကြပြန် သည်။
ဤသို့လျှင် ဖြစ်ပြန် ပျက်ပြန် လောကဓံတို့ဖြင့် ရွေ့လျား လာခဲ့သော သမိုင်း၏ အတိတ်ဆီကို လှမ်းမျှော်ကြည့်ပါက အီဂျစ်၊ မေဆိုပိုကေးမီးယားတို့ရှိ ကြီးကျယ်ခမ်းနားမှုများ၊ အဆီးရီးယန်း တို့၏ ရက်စက်မှုများ၊ ဘေဘီလုံ၊ မီးဒီးပါရှန်တို့၏ အံ့သြဖွယ် တည်ဆောက်ခဲ့မှုများ၊ တရုတ်၊ အိန္ဒိယ၏ နက်နဲသိမ်မွေ့လှသော ဘာသာတရားများ၊ ဂရိတို့၏ အတွေးအခေါ် အဆောက်အအုံ မြင့်မားခဲ့ခြင်းများ၊ ရောမအင်ပါယာ၏ ထည်ဝါခဲ့ညားမှုများ၊ ရဟူဒီတို့ စိတ်ဓာတ်ကြံ့ခိုင်ပုံများ၊ မဟာမေဒင်တို့ ချီတက်ပုံများ၊ အလယ်ခေတ်မှ ခရစ်ယာန်ကျောင်းတော်၏ သြဇာကြီးမားပုံ၊ မွန်ဂို နှင့် တာတာတို့၏ လွှမ်းမိုးမှုများ၊ အမေရိကန်နှင့် ပြင်သစ်တော်လှန်ရေးများ၊ နပိုလီယန်၏ စစ်ချီလမ်းကြောင်းများ၊ စက်မှုအရေးတော်ပုံ၊ ၁၉ ရာစု အမျိုးသားရေးဝါဒနှင့် နယ်ချဲ့စနစ်တို့အကြောင်းကို တန်းစီ၍ သူက ပြောပြီးနောက် သူကအထက်ကဖြစ်ရပ်တွေးတည်ဆောက်မှုတွေ ခမ်းနားမှုတွေ၊ ကြီးကျယ်ထည်ဝါမှုတွေသည် ယနေ့တွင်မရှိကြတော့။ အတိတ်က ကြီးကျယ်မှုတွေသည် သမိုင်းစာအုပ်၏ စာမျက်နှာများပေါ်တွင်သာ တွေ့နိုင်တော့သည်။ ကြီးကျယ်ပါသည်ဆိုသော အဆောက်အအုံ များသည် အပျက်အစီး အစုအပုံကြီးအဖြစ်ဖြင့်သာ ရှိတော့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၅၅၆၀ အတွင်း စစ်ပွဲပေါင်း ၁၄၅၃၁ မျှ ဖြစ်ခဲ့သည်။ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် စစ်ပွဲနှစ်ပွဲကျော်ဖြစ်ခဲ့သည်။ ၂၀ ရာစုရောက်၍ ပထမကမ္ဘာစစ်ဖြစ်တော့ ကျဆုံးသော စစ်သား ၁၀ သန်း၊ သေပြီဟုယူဆခဲ့သော စစ်သား ၃ သန်း၊ အရပ် သား ၁၃ သန်းသေခဲ့ကြသည်။ ထိခိုက်ဒဏ်ရာရသူ သန်း ၂၀၊ စစ်သုံ့ပန်း ၃ သန်း၊ စစ်ကြောင့် မိဘမဲ့သွားရသောကလေး ၉ သန်း၊ စစ်ကြောင့် မုဆိုးမဖြစ်သွားရသော မိန်းမ ၅ သန်းရှိသည်။ ရာစု တစ်ဝက်မကျိုးခင် ဒုတိယကမ္ဘာစစ်ဖြစ်ပြန်သည်။ ဤဒုတိယကမ္ဘာ စစ်၌ လူပေါင်း ၅၅ သန်းမျှ သေခဲ့သည်။ စာရင်းမရဘဲ သေဆုံး သူတွေလည်း ရှိပေလိမ့်မည်။
လူ့သမိုင်းကိုပြန်ကြည့်လျှင် မပျက်စီးဘဲကျန်နေသည်က လူတွေ၏ လောဘ၊ ဒေါသ၊ မောဟတရားများပင်ဖြစ်သည်။ ဤကမ္ဘာလောကကြီး၌ လူတို့အသက်ရှင်နေထိုင်မှုသည် အစားအစာ ပေါ်တွင် မူတည်နေသည်။ အစားအစာပြတ်လပ်ကြပါလျှင် အားလုံး ပျက်စီးကုန်ကြမည်သာဖြစ်သည်။ ဤကမ္ဘာကြီး၌ လူတို့သည် ခုနစ်ရက်မျှ အညီအညွတ် ငတ်မွတ်နေကြလျှင် တစ်ကမ္ဘာလုံး လူတွေ ပြုန်းတီးသေဆုံးကြမည်သာဖြစ်သည်။ ဤကမ္ဘာကြီး၌ ထိုအစားအစာကိုမရမှု၊ ထိုအစားအစာကို ရယူနိုင်သော ဥစ္စာပစ္စည်း မပြည့်စုံမှုကြောင့် “ခိုးမှု'ဟူသော မကောင်းမှုဒုစရိုက် စတင်ဖြစ်ပေါ် လာသည်ဟု သူက ထေရဝါဒစာပေရှိ 'စက္ကဝတ္တိသုတ္တန်'ကို ကိုးကား