နန္ဒာသိန်းဇံ - တွေးချိန်ချင့်စရာ
တွေးချိန်ချင့်စရာ
‘လျှောက်’
အဲဒီညနေက
လျှောက်လာခဲ့တယ် ..
ဧရာဝတီမြစ်နဒီရဲ့ ကမ်းပေါ်က သစ်ပင်တန်းကို ဖြတ်သန်းတိုး ဝင်လာတဲ့လေပြေထဲမှာ တမာနံ့တွေသင်းပျံ့ပါလာတာကို သတိထား မိပါတယ်။ ပြီးတော့
သူပြောတာကိုလဲ အမှတ်ရလာပါတယ်၊ သူက ကဗျာပညာရှင် ဆိုတော့ ပြောပုံက-----
" သူ "
“ လျှောက်လာခဲ့တယ် --- တဲ့။
ကိုယ်ရောစိတ်ရော နွမ်းနွမ်းကြေကြေနဲ့
အကျွမ်းမဝင်တဲ့ ညနေရီမှာ
နေရောင်ကလဲ စိမ်းနေသလားလို့ထင်ရတယ်၊
ရှေ့ကိုလှမ်းကြည့်တော့
ဖြူရော်ရော်လမ်းကလေး
ဘယ်ကွေ့ရာက ညာကိုကောက်နဲ့ ---
ဪ--- ဘယ်ကိုရောက်ပါလိမ့်၊
ရောက်မှာပါလိမ့် -- လို့ တွေးရင်းတွေးရင်း ၊
“မရေမရာဇဝေဇဝါနဲ့ သွားရမည့်ခရီးရဲ့
မသေချာတဲ့ ဝေဒနာကိုရင်မှာခံစားလာရတယ်” တဲ့။
အဲဒီတုန်းကလဲ သူ့ကို ပြောပါတယ်။
"ဘယ်ရောက်လဲသိအောင်ဆက်လျှောက်” လို့
“ဆက်လျှောက်ကြည့်လိုက်ပါလား၊ --- လို့၊
ဧရာဝတီရဲ့ သောင်စပ်ကို ဆင်းလျှောက်လာခဲ့တယ်--
ကိုယ့်ကို အမြဲလိုလို စီးလိုက်နေတယ်လို့ထင်ရတဲ့ ဖိနပ်ကို ချွတ်ကိုင်ရင်း လှိုင်းတွေပြန်လှည့်ဆင်းသွားတဲ့ သဲသောင်စပ်အတိုင်း လျှောက်တယ်။
နင်းလျှောက်မိတဲ့ သဲကလေးတွေက နူးညံ့ပါတယ်၊ ညက်ညော ပါတယ်။ ပြန်တက်လာတဲ့လှိုင်းကလေးတွေနဲ့ ခြေအချနဲ့ ထိတွေ့တော့ လဲ အေးမြပါတယ်။
လှိုင်းကလေးတွေလာပြီး ခတ်ပေမယ့် သဲသောင်ယံက ဘာမှဖြစ်ပုံမပေါ်ပါဘူး။ လှိုင်းကလေးတွေ လာခတ်တာကသိမ်မွေ့နေလို့ ဖြစ်ပါလိမ့်မယ်။
'ဒါပေမယ့်-သိတယ်ဟုတ်၊ ဘဝခရီးတစ်နေရာရာမှာ-ရင်ထဲမှာ သမုဒယလှိုင်းကလေးတွေ ထိခတ်လာပြီဆိုရင်--အဲဒီသမုဒယလှိုင်း ကလေးတွေက နုနုလှလှ၊ ယုယုယယရှိတယ်လို့ထင်ရပေမယ့်--ဘဝ တစ်ခုလုံး ပြိုဆင်းကြေမွသွားနိုင်တယ်---'ဆိုတဲ့ သူ့စကားကို အမှတ်ရ ပြန်ပါတယ်။ သူ့ကို ခတ်တဲ့လှိုင်းက သမုဒယလှိုင်း - - -
တခြားသူတွေကို ခတ်တဲ့လှိုင်းတွေကတော့ အလိုလောဘ လှိုင်းတွေ၊ ဒေါသအာဃာတလှိုင်းတွေနဲ့ အမျိုးအမည်ခြားနားတဲ့ လှိုင်းတွေ--- အထိအခတ်ပြင်းတဲ့ လှိုင်းမျိုးတွေဖြစ်မှာပေါ့။ ဖြစ် ချင်ဖြစ်မှာပေါ့၊
လျှောက်ရင်းလျှောက်ရင်း နောက်ကိုအမှတ်မထင်လှည့် ကြည့်လိုက်မိတယ်-၊
“ထိတ်ခနဲဖြစ်သွားတယ်၊ ရင်ထဲမှာလှိုင်းတွေ တဖျတ်ဖျတ် ခတ်နေသလို ခံစားလိုက်ရတာတော့အမှန်ပဲ---
“လျှောက်နင်းခဲ့တဲ့ငါ့ခြေရာတွေ တစ်ခုမှမရှိတော့ပါလား၊ လျှောက်ခဲ့တာအဝေးကြီး... - အဝေးကြီးလျှောက်လာခဲ့တာ--" ဆိုတဲ့ အတွေးနဲ့ လျှောက်ခဲ့တဲ့ငါ့ဘဝခရီးက အဝေးကြီး၊ ဒီဘဝခရီးရှည်ကြီး ထဲမှာ ငါ့အတွက် အမှတ်ထင်ထင်မည်မည်ရရဆိုလို့ ဘာမှလဲမရှိ