Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

နတ်နွယ် - အာဖရိကဧကရီ

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out

(၁)

          သူမ ကိုယ်တိုင်သည်ပင်လျှင် အိပ်ရာထဲတွင် လဲနေလောက်အောင် နာမကျန်းလျက်ရှိပြီး အရှုံးပေး လက်လျှော့လောက်သည့် အခြေအနေတွင် ရှိနေသော်လည်း သူမ၏ အစ်ကိုဖြစ်သော ဘုန်းတော်ကြီး ဆင်မြူရယ် ဆေယာက ပို၍ နာမကျန်းလျက်ရှိကြောင်းကို ရိုစ်ဆယာ တွေ့မြင်နေရပါ သည်။ သူသည် အင်မတိအင်မတန်ကို အားနည်းလျက်ရှိပြီး ဘုရားရှိခိုးရန် ဒူးထောက်လိုက်သည်မှာပင် တမင်ဒူးထောက်ချသည်နှင့် မတူဘဲ အရုပ် ကြိုးပြတ် ပုံလဲကျသွားသည်နှင့် တူတော့သည်။ မြှောက်ချီထားသော သူ၏ လက်များမှာလည်း ငလျင်လှုပ်သလိုပင် တုန်ယင်နေသည်။ ရိုစ်သည် ဘုရား သခင်ကို အာရုံပြုရန် မျက်လုံးများကို မမှိတ်လိုက်မီမှာပင် သူ၏ လက်များ အဘယ်မျှ သေးသွယ်ပါးလျားပြီး ကမ္မဋ္ဌာန်းရုပ်ပေါက်နေသည်ကို တွေ့မြင်ရ ပါသည်။

           သူတို့ ဘုရားဝတ်ပြုနေချိန်မှာပင် ညအချိန်တိုင် ရောက်လာသည်နှင့် အမျှ အာဖရိကတိုက်၏ အပူဒဏ်မှာလည်း လွန်ကဲပြင်းထန်လာတော့သည်။ သူမ၏ ဆုပ်ကိုင်ထားသော လက်နှစ်ဖက်မှာလည်း ရေထဲတွင် နှစ်ထားသကဲ့ သို့ပင် ရွှဲရွှဲစိုနေကြသည်။ သူမ၏ အဝတ်အစားများ အောက်တွင်လည်း ချွေးကြောင်းကြီးများ စီးကျလျက်ရှိသည်။ သူမ၏ ဒူးထောက်ထားသည့် နေရာတွင် ရေအိုင်ငယ်လေးနှစ်ခု ဖြစ်ထွန်းနေသည်။ သည်အခါတွင် သူမ သည် အောက်ခံကိုယ်ကျပ်အင်္ကျီကို မဝတ်လိုတော့သည့်စိတ်များ ပေါ်လာရသည်။ သို့သော် အသက်တစ်ဆယ့်လေးနှစ်အထက် မိန်းကလေးတစ်ယောက် သည် ကိုယ်ကျပ်အင်္ကျီမပါဘဲနှင့် လူပုံထဲတွင် မသွားလာ မနေထိုင်သင့်

ကြောင်း အမြဲတမ်းပင် သူမအနေနှင့် သင်ကြားခြင်း ခံခဲ့ရသည်။ အမှန်အတိုင်း ဆိုလျှင် ဗဟိုအာဖရိကတိုက်တွင် အောက်ခံကိုယ်ကျပ် အင်္ကျီဝတ်ရန် အလုပ် သည် မည်ကဲ့သို့မျှ မဖြစ်နိုင်သော အလုပ်တစ်ခုပင် ဖြစ်သည်။ သို့သော် ရိုစ်သည် ဝတ်ရုံဖြူအောက်တွင် ဘာအဝတ်မျှမဝတ်ဘဲ နေလိုသည့်စိတ်ဆန္ဒကို ပြတ်သားစွာပင် တွန်းလှန်ခဲ့ပါသည်။

          အပူရှိန်က မတရားပြင်းထန်လွန်းသောအခါ ဘုရားဝတ်ပြုနေချိန်မှာ ပင် အဝတ်မဝတ်လိုသော အတွေးက ဝင်ရောက်လာတတ်သည်။ ထိုအတွေး ကို နှိမ်နင်းပြီး ဆင်မြူရယ်၏ တုန်ယင်ချည့်နဲ့သော ဘုရားဝတ်ပြုသံတွင် အာရုံစူးစိုက်သည်။ ဘုရားသခင်က မိမိတို့အား လမ်းညွှန်တော်မူ၍ မိမိတို့၏ အပြစ်များကို ခွင့်လွှတ်တော်မူပါရန် ဆင်မြူရယ် ဆုတောင်းသည်။ ထို့နောက် မိမိတို့၏ သာသနာပြုလုပ်ငန်းအပေါ် ဘုရားသခင်က ကောင်းချီး ပေးပါရန် ပန်ကြားသည်။ သူ့အသံက တိမ်သည်ထက် တိမ်ဝင်နေသည်။ သို့သော် ယခုအခါတွင် ဗွန်ဟန်နီကင်းနှင့် သူ၏တပ်ဖွဲ့များ သူတို့ဒေသသို့ ဝင်ရောက် ကာ တစ်ရွာလုံး ပြုတ်ပြုတ်ပြုန်းစေပြီး ခရစ်ယာန်ဘာသာဝင်များရော၊ ခရစ်ယာန် မဟုတ်သူရော အားလုံး သိမ်းကျုံးပြီး ဂျာမန်ဗဟိုအာဖရိက တပ်မတော်တွင် စစ်သားအဖြစ် အမှုထမ်းစေခြင်း၊ အထမ်းသမားအဖြစ်

ဆောင်ရွက်စေခြင်းတို့ကြောင့် သူတို့၏ သာသနာပြုလုပ်ငန်းသည် မရှိတော့ သလောက်ပင် ဖြစ်တော့သည်။ ကျွဲ၊ နွား၊ ကြက်၊ ငှက်များ၊ ပန်းကန်ခွက်

ယောက်များနှင့် အစားအသောက်များ အားလုံးကိုလည်း ယူဆောင်သွားကြ သည်။ ပြောင်တလင်းခါနေသော ကွက်လပ်အစွန်ဝယ် သူတို့နေထိုင်သော ဘန်ဂလို အဆောက်အအုံတစ်ခုသာလျှင် ကျန်ရစ်သည်။

          ဤအခါတွင် ဆင်မြူရယ်၏ အင်အားနည်းပါးမှု ပျောက်ကွယ်သွား ပြီး ဤကမ္ဘာကြီးအပေါ်သို့ ကျရောက်လာသော ဒုက္ခဆိုးကြီး ပပျောက် ကင်းဝေးစေရန် အားမာန်ဖြင့် ဆုမွန်တောင်းခြင်းပြုသည်။ ဖျက်ဆီးခြင်းများ၊ သတ်ဖြတ်ထားခြင်းများ ဆိတ်သုဉ်းပြီး ရူးသွပ်နေသော လူသားများသည်

စစ်ကို စွန့်ခွာ၍ ထာဝရငြိမ်းချမ်းရေးသို့ ခိုအောင်းကြရန် တောင်းဆိုသည်။ ဤစစ်ကြီးကို ဖန်တီးသော ဘုရားသခင် မရှိသည့် စစ်ဝါဒီများကို ချေမှုန်း တိုက်ခိုက်နေသော အင်္ဂလန်နိုင်ငံ၏ လက်နက်ကိုင် တပ်ဖွဲ့များကို ဘုရား သခင်က ကောင်းချီးပေးပါရန် ပန်ကြားသောအခါ ဆင်မြူရယ်၏ အသံသည် ပို၍ပင်မာကျောလာတော့သည်။ ဒိဋ္ဌိများပေါ် အောင်ပွဲခံနိုင်ရန် ဆုမွန်တောင်း နေသော ဆင်မြူရယ်၏အသံသည် အားမာန်ပြည့်ဝနေတော့သည်။

          “အာမင်... အာမင်... အာမင်”

           ဆုပ်ကိုင်ထားသော လက်နှစ်ဖက်ပေါ်တွင် ဦးခေါင်းကိုငုံ့ကာ ရိုစ် ရွတ်ဆိုလိုက်သည်။

           သူတို့သည် ဆုမွန်တောင်းပြီးနောက် ခဏမျှကြာသည်အထိ ဒူး ထောက်နေကြပြီး မတ်တတ်ရပ်လိုက်ကြသည်။ မျက်နှာဖြူ ဖြူ ဝတ်ရုံဖြူကြီး နှင့် ဆင်မြူရယ် မတ်တတ်ရပ်ရင်း ဒယီးဒယိုင်ဖြစ်နေသည်ကို အလင်းရောင် ဝိုးတဝါးတွင် ရိုစ် တွေ့မြင်နေရသည်။ သူမက မီးအိမ်ကို မထွန်းညှိပါ။ ယခုအခါ ဂျာမန်ဗဟိုအာဖရိကသည် အင်္ဂလန်နိုင်ငံကို စစ်ပြုနေသဖြင့် မည်သည့်အခါကာလကျမှ ရေနံဆီနှင့် မီးခြစ်များ ရရှိနိုင်မည်ကို မည်သူမျှ မပြောနိုင်ပါ။ သူတို့သည် ကမ္ဘာကြီးတစ်ခုလုံးနှင့် အဆက်ပြတ်ပြီး ရန်သူ့ နယ်မြေတွင် ရောက်ရှိနေပေသည်။

           “ကဲ... နားလိုက်ဦးစို့ စစ္စတာ” 

           ဆင်မြူရယ် တိုးဖွစွာ ပြောသည်။

           ရိုစ်က သူ၏ အဝတ်အစားများကို ကူညီပြီး ချွတ်ပေးခြင်းမပြုပါ။ သူတို့က စည်းကမ်းတင်းကျပ်စွာ ဖြင့် ကြီးပြင်းလာကြသော မောင်နှမများ ဖြစ်ကြသည်။ သူ့ကိုယ်သူ ဘယ်လိုမှ မထိန်းသိမ်းနိုင်သော ကာလတွင်သာ သူမအနေနှင့် လုပ်ဆောင်ပေးနိုင်ပေမည်။ သို့ရာတွင် သူ အိပ်ရာဝင်သွားပြီး ခဏအကြာတွင် သူ၏ ခြင်ထောင်ကို သေသေချာချာ ချမချ အမှောင်ထဲတွင် သူမ တိုးဝင်သွားပြီး ကြည့်ရှုစစ်ဆေးပါသည်။

           “ဂွတ်နိုက် စစ္စတာ”

          ဆင်မြူရယ်သည် ဤမျှ ပူအိုက်နေသည့် အချိန်မှာပင် မေးခိုက်ခိုက် ရိုက်နေသည်။

          ရိုစ်လည်း သူမ၏အခန်းသို့သွားရောက်ပြီး ခုတင်ပေါ်တွင် လဲလျောင်း သည်။ ညဝတ်အင်္ကျီ ခပ်ပါးပါးကို ဝတ်ထားသည့်တိုင် အပူဒဏ်က ပြင်း ထန်လှသည်။ အပြင်ဘက်တွင် အာဖရိက၏ ညအသံများကို ကြားနေရ သည်။ မျောက်အူသံများ၊ တောကောင်များ၏အသံများ၊ မြစ်ကမ်းပါး တစ်

လျှောက်မှ မိကျောင်းသံများ စသည့် အသံများနှင့်အတူ ခြင်ထောင်ပတ်ပတ် လည်တွင် တဝီဝီအော်မြည်နေသော ခြင်သံများ။ သူမက ခြင်သံများကို ရိုးနေပြီဖြစ်၍ သတိမပြုမိတော့သလောက်ပင် ရှိသည်။

           သူမသည် အပူထဲတွင် လူးရင်းလှိမ့်ရင်းနှင့် ညသန်းခေါင်အချိန် မတိုင်မီလောက်တွင် အိပ်ပျော်သွားသည်။ သို့ရာတွင် သူမ ပြန်နိုးလာသော အခါ အရုဏ်တက်နေပြီဖြစ်သည်။ ဆင်မြူရယ်က သူမကို လှမ်းခေါ်ဟန် ရှိသည်။ သူမသည် ဖိနပ်မပါဘဲ အခန်းထဲမှ ထွက်သွားသည်။ ဧည့်ခန်းကို ဖြတ်ပြီး ဆင်မြူရယ်၏အခန်းသို့ ဝင်ရောက်သည်။ သို့ရာတွင် ဆင်မြူရယ်ကောင်းကောင်းသတိရပြီး သူမကို ဟစ်ခေါ်သည်ဆိုလျှင်လည်း လောလော ဆယ်တွင်တော့ မဟုတ်တန်ရာ။ ယခုအခါတွင် သူ၏ပါးစပ်မှ ရွတ်ဆိုနေ သည်များမှာ စကားလုံး မကွဲပြားပါ။ မကြာမီ သူ ရောက်ရှိရတော့မည့်

ကောင်းကင်ဘုံ ခုံရုံးတော်တွင် သူ၏ အောင်မြင်မှုများကို ရှင်းပြနေသည့် သဖွယ် ဖြစ်သည်။

          “လုပ်ငန်း မအောင်မြင်ဘူး။ ဂျာမန်တွေကြောင့်ပဲ။ ဂျာမန်တွေ” 

           သူရွတ်ဆိုသည်။

           ထို့နောက် ချက်ချင်းဆိုသလိုပင် သူ ကွယ်လွန်သွားသည်။ ခုတင် ဘေးတွင် ရိုစ် ငိုကြွေးနေစဉ်မှာပင်ဖြစ်သည်။ သူမသည် ပူဆွေးချောက်ချား မှု လွန်မြောက်သွားသောအခါ ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်သည်။ နံနက်ခင်း နေခြည်သည် သစ်တောများနှင့် ဗလာကျင်းနေသော ကွက်လပ် ပေါ်သို့ ကျဆင်းနေပြီး သူမတစ်ယောက်တည်း ရှိနေပါတော့သည်။

          သို့သော် ဝမ်းနည်းပူဆွေးမှုနောက်တွင် ဖြစ်ပေါ်လာသော ထိတ်လန့် ကြောက်ရွံ့မှုသည် သိပ်ပြီးမကြာရှည်ပါ။ သူမသည် အသက်သုံးဆယ့်သုံးနှစ် ကာလအထိနှင့် အာဖရိက တောနက်ကြီးထဲတွင် ဆယ်နှစ်တိတိမျှ နေထိုင် ခဲ့ခြင်းသည် ဘာသာတရားတွင် ယုံကြည်မှု ရှိရုံမျှနှင့်မဟုတ်ဘဲ သူမကိုယ် သူမ ယုံကြည်အားကိုးမှု ရှိသောကြောင့်လည်း ဖြစ်ပါသည်။ သူမသည် ငြိမ်သက် တိတ်ဆိတ်နေသော ဘန်ဂလိုတွင် လူသေတစ်ယောက်နှင့်အတူ မတ်တတ်ထရပ်နေရင်း သူမ၏ ရင်တွင်းသို့ ဂျာမန်လူမျိုးများနှင့် ဂျာမနီ နိုင်ငံအပေါ် နာကြည်းမုန်းတီးစိတ်များ ဝင်ရောက်လာတော့သည်။ ဗွန်ဟန်နီ ကင်း၏ အာဏာနှင့်သိမ်းယူမှုများ မပြုလုပ်ခဲ့လျှင် ဆင်မြူရယ်သည် ယခု ကဲ့သို့ စိတ်ထောင်းကိုယ်ကြေပြီး သေဆုံးရမည်မဟုတ်ဟု သူမကိုယ် သူမပြောမိသည်။ သူတို့၏ ဆယ်နှစ်လုံးလုံး ကြိုးပမ်းလုပ်ဆောင်မှုများ တစ်နာရီ အတွင်း ပျက်သုဉ်းသွားရသည်ကို တွေ့မြင်ရသဖြင့်သာ ဆင်မြူရယ် သေဆုံး ရခြင်းဖြစ်သည်။

          ဂျာမန်များသည် ဆင်မြူရယ်၏ သေဆုံးခြင်းထက်ပင် ဆိုးရွားသည် ဟု ရိုစ် မှတ်ယူသည်။ ၄င်းတို့သည် ဘုရားသခင်၏ လုပ်ငန်းကို ဖျက်ဆီးကြ သည်။ လူတစ်ရာလျှင် ခရစ်ယာန်မဟုတ်သူ ကိုးဆယ့်ကိုးယောက် ပါဝင် သည့် စစ်တပ်ထဲတွင်နေရပြီး တောကြီးမျက်မည်းထဲတွင် တိုက်ပွဲဝင်ကြရ

သော ခရစ်ယာန်များထဲတွင် ဘာသာရေးယုံကြည်မှု အဘယ်မျှ ကျန်ရှိနိုင် မည်ကို ရိုစ် မှန်းဆ၍ ရပါသည်။ ။

သည်တောအကြောင်းကို ရိုစ် သိပါသည်။ စတုရန်းမိုင်တစ်သိန်း လောက်တွင် တိုက်ခိုက်ကြရသော စစ်ပွဲကို သူမ မှန်းဆနိုင်ပါသည်။ မိမိတို့ သာသနာပြုထားသူများသည် အသက်ရှင် ကျန်ရစ်သည့်တိုင် သူတို့ သည် သာသနာပြုအဖွဲ့သို့ ပြန်လာကြတော့မည် မဟုတ်ပါ။ အကယ်၍ သူတို့ ပြန်လာကြသည့်တိုင်လည်း ဆင်မြူရယ် မရှိတော့ပါချေ။

            သာသနာရေးလုပ်ငန်းကို ထိခိုက်ပျက်ပြားအောင် လုပ်ဆောင်ခြင်း သည် ဆင်မြူရယ်ကို သေဆုံးအောင်ပြုလုပ်သည်ထက် ပိုပြီးကြီးကျယ်သော ဒုစရိုက်မှုကြီး ဖြစ်သည်ဟု ရိုစ်က သူမကိုယ်သူမ တရားချသည်။ သို့သော်